၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည၊ ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင်ပြောကြားသော မိန့်ခွန်း။
ယခု အစည်းအဝေးတွင် ရာထူးအားဖြင့် ကျွန်တော် အကြီးဆုံး ဖြစ်သော်လဲ အသက်အားဖြင့် အငယ်ဆုံး ဖြစ်ပါတယ်။ ကျွန်တော် သည်ကို ရောက်လာတဲ့ ကိစ္စ နားလည်တာ တခု ရှိပါတယ်။ ဘာလဲဆိုလျှင် မြန်မာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ်၊ သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံး လွတ်လပ်တဲ့ ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်။
ယခု နားလည်ထားကြဖို့ အချက်က ယခုခေတ် ကမ္ဘာကြီး၏ အခြေမှာ ဘယ်တိုင်းပြည် မဆို၊ ကိုယ့်တိုင်းပြည် တပြည်တည်း အထီးတည်း နေနိုင်တဲ့ အခြေမျိုး မရနိုင်ဘူး။ တပြည်နှင့်တပြည် ပေါင်းစပ် အမှီသဟဲ ရှိမှ နေနိုင်ကြမည် ဆိုတဲ့ အချက်ပါဘဲ။
လူမျိုးစု အရေးကြီးပုံ
နောက်တချက်က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာမှာလဲ ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလဲ ရှိသေးတယ်။ တခြားနိုင်ငံများကို ကြည့်လိုက်လျှင် ဗမာပြည်မှာလို တိုင်းရင်းသား လူမျိုး အများ ရှိတာကို တွေ့နိုင်ပါတယ်။
တရုပ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလဲ သည်အတိုင်းဘဲ။ အမေရိကန်ပြည်မှာလဲ အင်္ဂလိပ်စကားကို ပြောကြသော်လဲ အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတမျိုးဖြစ်အောင် ထူထောင်ပြီး၊ သူတို့ ကိုယ်ကို အမေရိကန် လို့ ဆိုကြတာဘဲ။ ဒါကြောင့် လူမျိုးရေး အားဖြင့် ကြည့်လျှင် လူမျိုးတမျိုးတည်းကို လိပ်ခဲတင်းလင်း စွဲပြီး ယူဆလို့ မဖြစ်နိုင်ဘူး။
ဘာသာစကား ကွဲပြားကြသော်လဲ
ဘာသာစကားပင် တူသော်လဲ၊ လူမျိုး ခြားနားမှုလဲ ရှိပါတယ်။ ဘာသာပင် မတူသော်လဲ လူမျိုး သီးခြား ဖြစ်နေတာလဲ ရှိပါတယ်။ ဥပမာ အမေရိကန်ကို ကြည့်လျှင် လူအမျိုးမျိုး ဖြစ်သော်လဲ ဘာသာစကား တူပါတယ်။ ရုရှားပြည်မှာဆိုလျှင် ဘာသာစကားအမျိုးပေါင်းများစွာ ကွဲသော်လဲ လူမျိုးကတော့ တမျိုးတည်း ဖြစ်ပါတယ်။
ဘာသာကို စွဲလမ်း ကွဲပြားမှု
သာသနာဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာဘဲ။ ဗမာပြည်မှာ လူအများစုက ဗုဒ္ဓဘာသာ ဖြစ်ပေမဲ့၊ ခရစ်ယန် ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင် ဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာဘဲ။ သည်တော့ ဒါတွေကို စွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။
ညီညီညွတ်ညွတ် လုပ်ကြရန်
စစ်ကြီးအတွင်းက ကျွန်တော် ဝန်ကြီး လုပ်တုန်းမှာ ကရင်အမျိုးသားတပ်ရင်း ဖွဲ့စဉ်တုန်းက ထမင်းစားပွဲ တခုမှာ ကရင်စစ်သားတဦးက လူမျိုးအချင်းချင်း ညီညွတ်ဖို့ အကြောင်း ပြောတဲ့အထဲမှာ (ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှား) ဆိုတာလို အတူတူပါဘဲလို့ ပြောတာကို သတိရပါတယ်။ ကိုယ့်ဒေသအလိုက်၊ ကိုယ် ယုံကြည်တာကို ကိုးကွယ်နေထိုင်ကြပြီး တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကြီးမှာ ညီညီညွတ်ညွတ် လုပ်ကြယင်၊ ဒါဟာ တမျိုးတည်းလို့ ယူဆကြရမယ်။
တမိန့်တည်း သဘောတရား
အချင်းချင်း သဘောကွဲလွဲမှုမျိုး ဆိုတာကတော့ နည်းနည်းပါးပါးတော့ ရှိမှာဘဲ။ ဒါပေမယ့် သူတပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက် စော်ကားလို့ အသက်ကို စွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာဘဲ။ တိုက်ခိုက်ကြတဲ့ အခါမှာ စစ်သေနာပတိဟာ ကရင် ဖြစ်ချင်ယင်လဲ ဖြစ်မယ်၊ ကချင်၊ ချင်း ဖြစ်ချင်ယင်လဲ ဖြစ်မယ်။ ဘယ်သူဖြစ်ဖြစ် တမိန့်တည်း လိုက်နာဆောင်ရွက်ကြရမှာဘဲ။
အဆင်းရဲခံပြီး လုပ်ကြရမယ်
တတိုင်းပြည်လုံး ကြီးပွားစေချင်ယင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး၊ အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုး ခံစားခွင့် ရှိကြမှာဘဲ။ ဗမာက တမျိုး၊ ကရင်က တဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြယင် အကျိုး ရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလဲ အကျိုးရှိကြောင်း သိနိုင်တယ်။ ပဌမ ကျုပ်တို့ အဆင်းရဲ ခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက် အဝတ်အထည်များမှ စ၍ အတော်ချွေတာပြီး အဆင်းရဲ ခံနေကြတယ်။ ဒါ ဘာလဲဆိုယင် တပြည်လုံးအတွက် အကျိုးရှိအောင် လုပ်နေကြခြင်း ဖြစ်တာဘဲ။
သူတို့ လုပ်နည်းက ပဌမ အဆင်းရဲခံပြီး၊နောင် အကောင်အထည် ပေါ်ပြီး အကျိုးရှိမှာ သေချာပေါက် ဖြစ်နေတယ်။
လွတ်လပ်တဲ့ ဘဝမျိုး ဖြစ်လျှင်
ဒီထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက်တခု ထားဖို့ နားလည်စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနှီးရှား စတဲ့ အရှေ့ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက်နိုင်တဲ့ အားဖြစ်တယ်။ အဲဒီ အားမျိုး ရှိယင်တော့ ၊ ကမ္ဘာ့ထိပ်တန်း အခြေ ဆိုက်ရောက်နိုင်မှာဘဲ။ နောက်ဆုံး ကျုပ် ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန် နှင့် သခင်) ဘဝမျိုးတွင် မတည့်နိုင်ကြပေမဲ့၊ လွတ်လပ်တဲ့ ဘဝမျိုး ဖြစ်လျှင် မိတ်ဆွေ အဖြစ်နှင့် သင့်မြတ် ချစ်ခင်ကြလိမ့်မယ်လို့ မြှော်လင့်ပါတယ်။ ။