ဗိုလ်ချုပ် အောင်ဆန်း

မကျေနပ်ယင် ထွက်ပေးမယ်

၁၉၄၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ သတင်းစာဆရာများ အစည်းအဝေးတွင် ပြောကြားချက်။

လွတ်လပ်ရေး ရတဲ့အချိန်ထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ။ လွတ်လပ်ရေး ရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေ လုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်။ ကျုပ် လုပ်နေတဲ့ အချိန်အတွင်းမှာတော့ ကျုပ်ရဲ့ ယုံကြည်ချက်အတိုင်း အနိုင်မခံ အရှုံးမပေးဘဲ နောက်ဆုံး အထိ လုပ်မှာဘဲ။

ပြန်လည် ထူထောင်ရေး

ပြန်လည်ထူထောင်ရေး ကွန်ဖရင့် အစည်းအဝေးကို မကြာမီ ခေါ်ယူပြီး လက်ငင်းချက်ချင်း လုပ်စရာ ရှိသမျှကို အစီအစဉ်များ ရေးဆွဲမယ်။ အစိုးရတို့ ယခု လုပ်နေရပုံမှာ ဆန်စဉ်ရာ ကျည်ပွေ့လိုက် ဆိုသလို ဟိုကဆူယင် ဟိုလိုက်လုပ်၊ ဒီကဆူယင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့ အပြင် အလုပ်ကောင်းကောင်း လုပ်ဖို့လဲ အချိန် မရဘူး။ ဒါကြောင့် ခွေးဟောင်တိုင်း ထမကြည့်နဲ့ ပြောပြန်တော့လဲ မခံချင်ဘူး။

ဝန်ကြီး လခ လျှော့ရေး ကိစ္စ

လက်ရှိ အစိုးရအဖွဲ့ ဝါဒစည်းမျဉ်းအရ လုပ်နေရာ အောင်မြင်တာလဲ ရှိတယ်။ မအောင်မြင်တာလဲ ရှိတယ်။ သို့သော် အစိုးရက မိမိတို့ မူလက ကြေညာခဲ့တဲ့အတိုင်း လုပ်ခဲ့တဲ့ အချက် အမြောက်အများ ရှိတယ်။ အစိုးရမှာ ဘဏ္ဍာရေး အခြေအနေ မကောင်းလှသည့် အကြောင်းကိုလဲ တိုင်းပြည်အား ရှင်းပြပြီးပါပြီ။ ချွေတာရေး နည်းလမ်းအမျိုးမျိုးကိုလဲ ဘိလပ်အစိုးရထံ အကြောင်းကြားပြီး ပြန်လည်ထူထောင်ရေး ကွန်ဖရင့် လုပ်ပြီးတာနဲ့ တပြိုင်နက် အစိုးရ ဌာနများမှ လျှော့တန်တဲ့နေရာ လျှော့၊ ပိုတန်တဲ့နေရာမှာ ပိုလုပ်နိုင်မှာဘဲ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို စံနစ်တကျ လုပ်နိုင်မှ တိုင်းပြည် နာလန်ထူမှာဘဲ။

အားလုံး လုပ်ပေးမယ်

ကျောင်းဆရာ၊ အလုပ်သမား၊ အစိုးရ အမှုထမ်းများ အရေးကို သီးခြား မလုပ်ဘဲ အားလုံး ခြုံပြီး လုပ်ရမှာဘဲ။ ဆိုင်ရာ အသင်းအဖွဲ့များက နည်းလမ်းတကျ တရားသဖြင့် တောင်းဆိုကြမယ်ဆိုလျှင် အစိုးရတို့က သေသေချာချာ စဉ်းစားပြီး ထိုက်သင့်သလို ဆောင်ရွက်ပေးမှာဘဲ။ ဒီလို ပြောလို့လဲ တောင်းသမျှ ပေးမယ်လို့ မဆိုလိုဘူး။ ဘယ်အစိုးရမှလဲ တောင်းတိုင်း ပေးနိုင်မှာ မဟုတ်ဘူး။

ဂျပန်ခေတ် လစာဟောင်း

ဂျပန်ခေတ် အတွက် လစာဟောင်းများ အရေးဟာလဲ ကျုပ်တို့နှင့် မဆိုင်၊ စစ်အတွင်း ဘုရင်ခံ ဒေါ်မန်ဆမစ်က စစ်နိုင်အောင် ဝါဒ ဖြန့်တာသာ ဖြစ်တယ်။ ဒါပေမဲ့ ကျုပ်တို့က တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုပြီး ယခု နဲနဲ ထုတ်ပေးတယ်။ ကျန် ငွေကို စာချုပ် ထုတ်ပေးမယ်လို့ စီစဉ်ထားတယ်။ ထုတ်ပေးမဲ့ စာချုပ်ဟာ ဂျပန်ခေတ်က စာချုပ်မျိုး မဟုတ်ဘူး။ တန်ဖိုးရှိမဲ့ စာချုပ်ပါဘဲ။ အဲဒါကိုဘဲ ကြံဖန် အပြစ်ပြောနေသူက ပြောသေးတယ်။

ပေးချင်ပေတဲ့ မရှိ

လစာပြုပြင်ရေး ကော်မီရှင် ကိစ္စလဲ စဉ်းစားရမယ်။ ခက်တာက အစိုးရမှာ ပေးချင်ပေတဲ့ ပိုက်ဆံက မရှိ။ အစိုးရရဲ့ ဝါဒကတော့ အောက်လူတွေကို တိုးပေးဖို့ မူအားဖြင့် သဘောတူပြီး၊ နိုင်ငံဝန်ထမ်း ပဌမတန်းတွေဆိုယင် အခု မလျော့နိုင်သေးဘူး။ အဲဒီ ဘိလပ်အတွင်းဝန်က တိုက်ရိုက်ခန့်တဲ့ ရာထူးတွေ ဖျက်ပြီးမှ လျှော့နိုင်မယ်။ ဖျက်ဖို့လဲ စီစဉ်နေပြီ။ အဲဒီ လူတွေကို မလျှော့နိုင်ခင် နိုင်ငံဝန်ထမ်း ဒုတိယတန်းများရဲ့ လစာကိုလဲ မလျှော့ချင်သေးဘူး။ အားလုံး ဆွေးနွေးလုပ်မယ်။

အဲဒီလို အခက်အခဲမျိုးတွေ ရှိနေတော့ ပြန်လည် ထူထောင်ရေး ကွန်ဖရင့်မှာ အားလုံးဆွေးနွေး စဉ်းစားပြီး လုပ်မယ်။ ကွန်ဖရင့်ကို တက်ဖို့ အစိုးရဖက်က လူတွေ အသင်းအဖွဲ့များနှင့် ကြားလူများကိုလဲ ဖိတ်ခေါ်ပြီး နေ့စဉ် ရက်ဆက် ဆွေးနွေး တိုင်ပင်ပြီးတာနဲ့ တပြိုင်နက် အဲဒီအစီအစဉ်အတိုင်း ကောက်လုပ်မှာဘဲ။

အလုပ် လုပ်ပါရစေအုံး

အဲဒီလို လုပ်တဲ့အခါမှာ သခွပ်ပင်က မီးတကျည်ကျည် လုပ်တာတော့လဲ မကောင်းဘူး။ မြှောက်ပေးတဲ့အထဲ သတင်းစာတွေလဲ ပါတယ်လို့ ကျွန်တော်က ပြောချင်တယ်။ အဲဒီလို ခင်ဗျားတို့ လုပ်နေယင် ကျုပ်တို့ကလဲ ဝတ်တရားအတိုင်း အရေးယူ လုပ်ရမှာဘဲ။ အဲဒီလို လုပ်နေကြယင် မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေမှာဘဲ။ အဲဒါတွေ ဖယ်ထားပြီး အလုပ်ကလေးလဲ ကောင်းကောင်း လုပ်ပါရစေအုံး။

အစွန်းမထောင်ပါနဲ့

ကျွန်တော်တို့ကို မကြိုက်ဘူးဆိုယင် ထုံးစံအတိုင်း မကြိုက်တဲ့ အကြောင်းကို သေသေချာချာ ပြောကြပါ။ ကျုပ်တို့ ထွက်သွားရုံဘဲ။ ဟိုဘက်က အစွန်းထောင်၊ ဒီဖက်က အစွန်းထောင်အောင်တော့ မလုပ်ကြပါနဲ့။ ဦးစန္တာကို အစက ဖမ်းဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ သူက တရားလက်လွတ် ရှောက်လုပ်နေလို့ ဖမ်းရတာဘဲ။

တိုင်းပြည် နာတယ်

ကျွန်တော်တို့ ယခု အုပ်ချုပ် နေလို့ အခွင့်အရေး သိပ်ယူနေကြတယ်။ အင်္ဂလိပ် ဘုရင်ခံသာ အုပ်ချုပ်နေမယ် ဆိုယင် ဒီလို လုပ်ရဲမှာလဲ မဟုတ်ဘူး။ လုပ်ပြန်ယင်လဲ ဥပဒေအတိုင်း အရေးယူယင် ငြိမ်နေမှာဘဲ။ အခွင့်အရေး ပေးထားတော့ ပါးစပ်ကတော့ နယ်ချဲ့သမား တိုက်တယ်။ လုပ်တော့ ကျွန်တော်တို့ကို တိုက်တာဘဲ။ ကျွန်တော်တို့ကို တိုက်တာက အရေးမကြီးဘူး။ တိုင်းပြည် နာတာက ခက်တယ်။

ထွက်ပေးဖို့ အသင့်

ဝတ်တရားအတိုင်း လုပ်တာကို မကျေနပ်လို့ ရှိလျှင် တိတိလင်းလင်း ပြောကြပါ။ ထွက်ပေးဖို့ အဆင်သင့်ပါဘဲ။ မထိတထိနှင့် ဟိုကပွက် ဒီက ဆူတာနဲ့ ဆိုလျှင် အရေးမယူဘဲ မနေနိုင်ဘူး။ တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ကိုင်နေတဲ့ အချိန်မှာ ငြိမ်ဝပ်ပိပြားရေး ကိစ္စများကို လိုသမျှ စီစဉ် လုပ်ကိုင် ထားရမှာဘဲ။ အဲဒီလိုအခါမှာ မကျေနပ်လျှင် နည်းလမ်း စည်းကမ်း ရှိသမျှ သက်ဆိုင်ရာ ဌာနများမှ တဆင့် ပြောဆို လုပ်နိုင်တယ်။ အဲဒီလို အခွင့်အရေး ပေးတိုင်း၊ တောင်းတိုင်း ပေးမယ် မဟုတ်ဘူး။

နွဲ့ဆိုး ဆိုးနေကြတယ်

ယခု ဘာဖြစ်ဖြစ်၊ ဘာကိစ္စဘဲ ရှိရှိ၊ ဗိုလ်ချုပ်ဆီ ရောက်လာ၊ ဗိုလ်ချုပ်လဲ အကုန်လုံး မတတ်နိုင်ဘူးဆိုတာ ယခု ကြေညာလိုက်ပါတယ်။ ယခု ကျွန်တော့်ထံမှာ ရိုးရိုးသားသား လုပ်မဲ့ လူတွေကို ရွေးထားတယ်။ နောက် ငွေ ကိစ္စနှင့် ပတ်သက်လို့ ကျွန်တော်တို့ စေတနာက ဘယ်လောက် ပေးချင်ပေမဲ့ ငွေ မရှိယင် မဖြစ်တဲ့အတွက် မလုပ်တတ်ဘူး။ အခု ကျွန်တော်တို့ အပေါ်မှာ နွဲ့ဆိုး ဆိုးပြီး စမ်းကြည့်နေကြတယ်။ အဲဒီတော့ ကျွန်တော်တို့ကလဲ နည်းလမ်း စည်းကမ်းအတိုင်း လုပ်ရမှာဘဲ။

ဦးကျော်ငြိမ်းကိစ္စ

နောက်ပြီး ပြည်ထဲရေးဌာနနှင့် ပတ်သက်လို့ ကျွန်တော်တို့က ဦးကျော်ငြိမ်းကို တာဝန် အကုန် လွှဲထားတယ်။ အဲဒီတော့ ဦးကျော်ငြိမ်း လုပ်တာဟာလဲ ကျွန်တော်တို့ လုပ်တာဘဲ။ ဦးကျော်ငြိမ်း လုပ်တာကို မကြိုက်ယင် ကျွန်တော်တို့ လုပ်တာကို မကြိုက်တာနှင့် အတူတူဘဲ။ အခု ဦးကျော်ငြိမ်း လုပ်သမျှဟာ မှန်တယ်လို့ ယူဆတယ်။ မှားတာလဲ နည်းနည်းပါးပါးတော့ ပါတာဘဲ။ ဒါပေမဲ့ ယခု ဦးကျော်ငြိမ်း လုပ်တာဟာ ကျွန်တော့် သဘောဖြင့် ပျော့သေးတယ်။ ဒီထက် မာဖို့ ကောင်းတယ်။ ဘာကြောင့်လဲဆိုလျှင် ကျွန်တော်တို့က ဘယ်သူ ဘာလုပ်မယ်ဆိုတာ ကြိုတင် သိရတဲ့အတွက် အတွင်းရေးတွေ အကုန် ထုတ်ပြောလို့လဲ မသင့်ဘူး။ သိတာတွေမှာလဲ တချို့ကို မသိချင်ယောင် ဆောင်နေရတယ်။ အရေး မယူတဲ့ နေရာမှာလဲ အရေး မယူဘဲ နေခဲ့ရတယ်။ ယခု ဦးကျော်ငြိမ်း ပုလိပ်ကိစ္စကို လုပ်တာ ကျွန်တော်တို့က လုံးဝ သဘောတူတယ်။ ဦးကျော်ငြိမ်းကို ခင်ဗျားတို့ အပြုတ် လုပ်လဲ နောက်ဆုံးဌာန ပြောင်းရုံဘဲ ရှိတယ်။ ဌာန ပြောင်းဖို့ဟာလဲ ကျွန်တော်တို့က စိတ်ထဲမှာ ဒီလူဟာ ဌာနပြောင်းသင့်တယ်လို့ သဘောပေါက်လောက်မှ ပြောင်းမှာဘဲ။ ယခု ဦးကျော်ငြိမ်း လုပ်သမျှကို ကျွန်တော်တို့ လုံးဝ ထောက်ခံတယ်။ အဲဒါကို ခင်ဗျားတို့ ပြောချင်တာပြော၊ ရေးချင်တာရေး၊ ဦးကျော်ငြိမ်း လုပ်တာကိုကျုပ် လုံးဝ ထောက်ခံတယ်။

ကျွန်တော်ကတော့ ယုံကြည်တဲ့အတိုင်း လုပ်မှာဘဲ။ ထိန်းလို့ ရယင်ရ၊ မရယင် ကျွန်တော်ရဲ့ ခေါင်းဆောင်မှု ရှုံးတာဘဲ။ ကျွန်တော်လို လူမျိုးဟာ နိုင်ငံရေးသမားတော့ ဖြစ်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားဆိုတာက ဝမ်းထဲမှာ ဘယ်လောက် စိတ်ဆိုးပေတဲ့ ဖုံးထားနိုင်ရမယ်။ ကျွန်တော်တို့က စိတ်ဆိုးလျှင် ဆိုးတဲ့ အလိုက် ဖုံးလို့ မရဘူး။ ။

 

Google