ဗိုလ်ချုပ် အောင်ဆန်း

တော်လှန်ရေး နှစ်မျိုး

၁၉၄၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက်၊ ရွေးကောက်ပွဲအတွက် လှည့်လည် ဟောပြောရင်း အောင်လံမြို့၌ ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း။

ဒီနယ်ဟာ တော်လှန်ရေး စခဲ့တဲ့နယ် ဖြစ်တယ်။ တော်လှန်တယ်ဆိုတာ အဓိပ္ပာယ် ဘာလဲ။ များသောအားဖြင့် ယူဆနေကြတာက သွေးထွက်သံယို ဖြစ်တဲ့ တော်လှန်ရေးကိုသာ တော်လှန်ရေးလို့ ယူဆနေကြတယ်။ ဒါဟာ လုံးဝ မမှန်ဘူး၊ တော်လှန်ရေးဟာ သွေးထွက်သံယို ရှိတဲ့ တော်လှန်ရေး၊ သွေးထွက်သံယို မရှိတဲ့ တော်လှန်ရေးရယ်လို့ နှစ်မျိုး ရှိတယ်။

ပြောင်းလဲနေသော တော်လှန်ရေး

တော်လှန်ရေးဟာ ယခုမှသာ ဖြစ်တာ မဟုတ်ဘူး၊ စစ်ကြီး မဖြစ်ခင်ကလဲ တော်လှန်ရေး ဖြစ်တဲ့ သဘောတရားတွေ ဖြစ်နေတာဘဲ။ ယခု စစ်ကြီး ဖြစ်ပြီးမှ တော်လှန်ရေးဟာ သိသိသာသာကြီး ပြောင်းလဲနေတယ်။ လူတွေက သတိမထားဘဲ အမှတ်တမဲ့ နေကြလို့ တော်လှန်ရေး သဘောတရားများဟာ အရေအတွက် အသေးစိတ် သဘောက အရည်အချင်း အစိုင်အခဲသဘောသို့ ပြောင်းနေတာကို မမြင်ကြဘူး။

နေ့စဉ်မျက်မြင်သဘော

ခေတ်ကြီး တခေတ်ခြားပြီး အစိုင်အခဲ ဖြစ်ပြီး ဖြစ်ပေါ်လာတော့မှသာ မြင်ကြတယ်။ ဥပမာ ကိုယ့်ရွာမှ လူပျိုပေါက်ကလေးတယောက် ကြီးထွားလာသော်လဲ အမှတ်တမဲ့ နေကြလို့ ကြီးလာတယ် မထင်ကြဘူး။ ဒီလို လူပျိုပေါက်လေးတယောက် ကြီးထွားလာသော် အမှတ်တမဲ့ နေကြလို့ ကြီးလာတယ် မထင်ကြဘူး။ ဒီလို လူပျိုပေါက်ကလေးဟာ အခြားတမြို့တရွာသို့ သွားနေပြီး၊ ရွာပြန်လာတဲ့အခါ တယ်ကြီးပါကလားလို့ ထင်ကြ၊ ပြောကြတယ်၊ ဒီသဘောအတိုင်းဘဲ၊ နေ့စဉ် မျက်မြင်ကို သတိမထားကြဘူး။ အမှန်တော့ တော်လှန်ရေးသဘောတရားများဟာလဲ အကြောင်းအကျိုး ဆက်ပြီး အရေအတွက် အသေးစိတ်သဘောက အရည်အချင်း အစိုင်အခဲသဘောသို့ ပြောင်းလဲနေတာဘဲ။

ရှေး ပြင်သစ် ဥပမာ

တော်လှန်ရေး သဘောအားဖြင့် ကြည့်လျှင် တော်လှန်ရေး သဘောတရားများ အသေးစိတ်သဘောက အစိုင်အခဲသဘောသို့ ပြောင်းလဲပြီး၊ ပေါက်ကွဲလာတာ အမျိုးမျိုး တွေ့ရတယ်။ ဥပမာ ရှေးအခါက ပြင်သစ်ပြည်ကြီးဟာ လယ်ရှင်စံနစ်အရ စီမံပုံ ဆိုးဝါးလွန်းလို့ တိုင်းသူပြည်သားတွေဟာ အမျိုးမျိုး ညှင်းပန်းမှု ခံကြရတယ်။ ဒီအခါမှ တိုင်းသူပြည်သား၏ မကျေနပ်မှု၊ မခံနိုင်မှု အသေးစိတ်သဘောတရားများသည် အစိုင်အခဲ သဘောသို့ ပြောင်းလဲပြီး တော်လှန်ရေး ပေါက်ကွဲလာတယ်။ ရုရှားပြည်မှာလဲ ဇာဘုရင်၏ အုပ်ချုပ်ပုံ စံနစ်ကို အလုပ်သမားတွေရော၊ တောင်သူလယ်သမားတွေရော၊ ပညာတတ်တွေရော နောက်ဆုံး စစ်တပ်ပါ မကျေနပ်မှု အစိုင်အခဲကြီး ဖြစ်လာတဲ့အတွက် အကြီးအကျယ် ပေါက်ကွဲခဲ့တယ်။ ပဌမတော့ သွေးထွက်သံယို မရှိတဲ့ တော်လှန်ရေး ဖြစ်သော်လဲ နောက်ဆုံးတော့ သွေးထွက်သံယို တော်လှန်ရေး ဖြစ်တာတယ်။

ဆီးတားလျှင် ပေါက်ကွဲတတ်တယ်

ဥပမာ စီးဆင်းလျက်ရှိတဲ့ ရေအယဉ်ကို ကန့်တား ပိတ်ဆို့လိုက်တဲ့အခါ ပြန်စီးလာတဲ့ ရေဟာ အတင်းယင်လဲ ထိုးထွက်ရမယ်။ သို့မဟုတ် ပြည့်လျှံ အန်ထွက်ပြီး ဆီးမနိုင် တားမရယင်လဲ ဖြစ်ရမယ်။ တနည်း ရေနွေးငွေ့များကို ထွက်နေကြ မထွက်စေဘဲ ပိတ်ထားလိုက်လျှင် ပေါက်ကွဲသွားရတယ်။ ဒီသဘောအတိုင်း နိုင်ငံရေးအားဖြင့် တော်လှန်ရေးသဘောတရားများဟာ လဲ မပြတ်အစဉ်အဆက် ဖြစ်နေကြတယ်။ ဒီလို အဖြစ်အစဉ်ကို ဟန့်တားလျှင် ပေါက်ကွဲလာမှာဘဲ။ မည်သည့်တိုင်းပြည်မှာမဆို သူ့တိုင်းပြည်မှာ သူ့အကြောင်းနှင့် တော်လှန်ရေး ဖြစ်စဉ်များ ရှိကြတာဘဲ။

အင်္ဂလိပ် တော်လှန်ရေး အဆင့်အတန်း

ယခု ဒုတိယကမ္ဘာစစ်ကြီး ပြီးမှ အင်္ဂလန်ပြည်မှာလဲ တော်လှန်ရေး ဖြစ်ပေါ်လာတယ်။ အင်္ဂလိပ် လူထုက ကွန်ဆာဗေးတစ် အစိုးရကို တော်လှန်လိုက်လို့ လေဘာပါတီ အစိုးရ တက်ဖြစ်လာတယ်။ အဲဒီ တော်လှန်ရေးဟာ သွေးထွက်သံယို မရှိခဲ့ဘူး။ ယခု အင်္ဂလိပ် လူထုရဲ့ တော်လှန်ရေး အဆင့်အတန်းဟာ တဆင့်ထက်တဆင့် မြင့်ပြီး နိုးကြားလာတယ်။ ဒါပေမဲ့ ဗမာပြည်က လိုချင်သလောက် မနိုးကြားဘူး။

လွတ်လပ်ရေး ပေးချင်သူများ

အင်္ဂလန်ပြည်မှာ ကွန်ဆာဗေးတစ်ပါတီထက် လေဘာပါတီက အဆင့်အတန်းမြင့်ပြီး နိုးကြားလာပေမဲ့ အချို့ နယ်ချဲ့စိတ် မကုန်တာတွေလဲ ရှိသေးတယ်။ တချို့ကတော့လဲ ဗြိတိသျှအစိုးရ လက်အောက်ခံ တိုင်းပြည်များကို တာရှည် မအုပ်ချုပ်နိုင်မဲ့အတူတူ လွတ်လပ်ရေး ပေးလိုက်လျှင် ငါတို့တိုင်းပြည်ကို ထိခိုက်လာမလားဆိုပြီး ငြိမ်နေတဲ့ အစားလဲ ရှိတယ်။ ချာချီတို့လို လူတသိုက်က ငါတို့ တိုက်ခိုက် သိမ်းထားတဲ့ နိုင်ငံတွေဟာ ငါတို့ ပိုင်တယ်။ လွတ်လပ်ရေး မပေးရဘူးလို့ ယူဆတယ်။ ဒီ ချာချီတို့ လူသိုက်ကတော့ အား မကြီးတော့ဘူး။

စီးပွားရေး အတွင်းကြေ ကြေပြီ

ဗြိတိသျှ အင်ပါယာရဲ့ အခြေအနေကို ဆန်းစစ်ကြည့်လိုက်လျှင် စစ်နိုင်တိုင်းပြည် ဖြစ်ပေမဲ့ ဒုတ်ပြီး ဓားပြီးသမားတွေ အတွင်းကြေသလို စီးပွားရေးအားဖြင့် အတွင်း ကြေနေတယ်၊ စစ်ကြီး မဖြစ်ခင်က အင်္ဂလိပ်က မြီရှင်၊ အိန္ဒိယက မြီစား၊ စစ်ကြီးပြီးတော့ အိန္ဒိယက မြီရှင် ၊ အင်္ဂလိပ်က မြီစား ဖြစ်လာတယ်။ စစ်ကြီး မဖြစ်ခင်က အီဂျစ်က မြီစား၊ အင်္ဂလိပ်က မြီရှင်၊ စစ်ကြီးပြီးတော့ အီဂျစ်က မြီရှင်၊ အင်္ဂလိပ်က မြီစား ဖြစ်လာရတယ်။ သူတို့ အားနည်းနေတဲ့အခါမှာ ကိုယ်က အားကြီးအောင် လုပ်ရမယ်။ နယ်ချဲ့သမားတွေချင်း ပေါင်းပြီး အာရှတိုက်ကို မနှိမ်နင်းနိုင်အောင် ကြိုးစားကြရမယ်။ သူက အားနည်းပြီး ကိုယ်က အားကြီးတဲ့ အခါမျိုး ဖြစ်လာယင် လွတ်လပ်ရေး လွယ်လွယ်နဲ့ ရနိုင်မယ်။

တော်လှန်ရေး အမတ်တွေ

မြန်မာပြည်မှာ ဖ-ဆ-ပ-လ ကို ယနေ့အထိ တိုင်းပြည်လူထုက ကြည်ညိုခဲ့တယ်။ နယ်ချဲ့သမားတွေက ဖ-ဆ-ပ-လ ကို အမျိုးမျိုး ဖျက်ကြပေမဲ့ မပျက်ဘူး။ ရွက်လှေကြီးမှာ ရွက်ဘေး နည်းနည်းပါးပါး စုတ်ပြတ်တာလောက်ဟာ အရေးမကြီးပါဘူး။ ရှေ့အဖို့မှာ လူထုအင်အား ကောင်းသည်ထက် ကောင်းအောင် ကြိုးစားရမယ်။ လာမည့် တိုင်းပြုပြည်ပြု လွှတ်တော်ထဲမှာလဲ တော်လှန်ရေး အမတ်တွေများနိုင်သမျှ များအောင် ကြိုးစားကြရမယ်။ အတွင်းရော အပြင်ရော အင်အားကြီးကို စုပြီးတော့ တကယ့်လွတ်လပ်ရေး ရအောင် တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ပြီးလျှင် အင်္ဂလိပ်အစိုးရနဲ့ စကားဆိုရမယ်။

လွတ်လပ်ရေးတိုက်ပွဲ မပြီးသေး

လွတ်လပ်ရေး တိုက်ပွဲ မပြီးသေးဘူး။ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ လွတ်လပ်ရေးရဲ့ အစသာ ဖြစ်တယ်။ အင်္ဂလိပ်နဲ့ စာချုပ်စရာတွေ ရှိသေးတယ်။ ဘယ်အထိ စကားများမယ် မသိဘူး။ ဒါကြောင့် တိုင်းပြည် လူထုက ယနေ့က စ၍ (အဇ္ဇတဂ္ဂေပါဏုပေတံ)ဆိုသလို လောကီနိဗ္ဗာန် ရောက်သည်အထိ အင်အားစုကို တောင့်တင်းအောင် လုပ်ပါမည်ဟု အဓိဌာန်ပြုကြပါ။ ။

 

Google