ဗိုလ်ချုပ် အောင်ဆန်း

ဖ-ဆ-ပ-လ အမတ်များအတွက်

၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ တိုင်းပြုပြည်ပြု ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။

မူလက အမတ်တွေ ကျမ်းကျိန်တာ တနေကုန်မယ်လို့ မှတ်တဲ့အတွက် ဥက္ကဌ မိန့်ခွန်းကို နက်ဖြန်မှဘဲ ပြောပါမယ်။ ယနေ့ ကျမ်းမကျိန်ရသေးတဲ့ လူများ နက်ဖြန်မှ ဆက်လက် ကျိန်ပါမယ်။ တိုင်းပြုပြည်ပြု အမတ်တွေကို ကျွန်တော် ပြောချင်တာက ပဏာမညီလာခံ ပြီးတဲ့နောက် အစည်းအဝေး သတ်သတ် ရှိပါအုံးမယ်။ အဲဒီမှာ စည်းကမ်းများအတွက် စဉ်းစားပါမယ်။ ရှေးက လွှတ်တော် အမတ်များမှာ အဖွဲ့အသီးသီး တက်ရောက်လာကြတဲ့အတွက် စည်းကမ်းရယ်လို့ မရှိခဲ့ဘူး။ ကျွန်တော်တို့ ဖ-ဆ-ပ-လ အမတ်တွေတော့ ခေါင်းကျိန်းမယ်သာ ပြင်ကြပေတော့။ အရင်ကလို စည်းမဲ့ကမ်းမဲ့ ပေါက်လွှတ်ပဲစား မထားနိုင်ဘူး။

ဥပမာ အစည်းအဝေး ရှိတဲ့ နေရမှာ အားလုံး တက်ကြရမယ်။ မတက်နိုင်လို့ ရှိယင် ဆိုင်ရာမှ အခွင့်တောင်းရမယ်။ ဒီမှာ ညီလာခံ လုပ်နေတဲ့အချိန်မှာ မြို့ထဲကို လျှောက်လယ်ခွင့် မပေးနိုင်ဘူး။ လယ်နေတာ တွေ့ယင်တော့ ထိုက်သင့်သလို အရေးယူရမှာဘဲ။

ယခု ကျင်းပတဲ့ ညီလာခံမှာ ပဏာမ ပြင်ဆင်မှုသာ ဖြစ်တဲ့အတွက် အခြေခံ သဘောတရားကိုသာ ဆွေးနွေးမယ်။ တိုင်းပြုပြည်ပြု လွှတ်တော်သာ အချုပ်အချာ အာဏာပိုင် ဖြစ်တယ်။ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဘယ်အစိုးရရဲ့ လက်အောက်ခံမှ မဟုတ်ဘဲ သီးခြား လုပ်ရမယ်။

သာမန် ဥပဒေပြု လွှတ်တော်များမှာ ဆိုယင် ကျမ်းသစ္စာ ကျိန်ဆိုကြရပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်မှာ တိုင်းပြည်သစ် တည်ရမှာမို့ မည်သူ့ရဲ့ ကျမ်းသစ္စာကိုမှ ခံရန် မလိုပါဘူး။ ခု ကျမ်းကျိန်ခိုင်းတာကတော့ ဖ-ဆ-ပ-လ အမတ်တွေမို့လို့ပါ။ ဒါပေမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ကျမ်းကိုင်ရတော့မှာ မဟုတ်ပါဘူး။ ခု ကျမ်းကျိန်ပြီး ဖြစ်ယင် ဘာဖြစ်မလဲဆိုယင် ဘာမှ ဖြစ်မှာတော့ မဟုတ်ဘူး။ သို့ပေတဲ့ ကိုယ့်ကိုယ်ကို ကိုယ်ရိုသေတဲ့ လူတွေ ဆိုယင်တော့ သစ္စာ ပျက်မှာ မဟုတ်ဘူး။

ယခု ညီလာခံမှာ စဉ်းစားမဲ့ အခြေခံ သဘောတရားများကို သခင်မြ တင်ပြယင်တော့ သိမှာဘဲ။ ကျွန်တော့် မိန့်ခွန်းထဲမှာလဲ ထည့်ပြီး ရှင်းပြောပါမယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ကျယင် ဖ-ဆ-ပ-လ အမတ်များဟာ ဒီ ညီလာခံမှာ အတည်ပြုတဲ့ မူကို ပြင်နိုင်တဲ့ အခြေအနေ မရှိဘဲ အသေးအဖွဲလောက်သာ ပြင်ခွင့် ရှိပါတယ်။ ဒီတော့ မူကို ဆွေးနွေးတဲ့အခါ စိတ်ပါလက်ပါ ဆွေးနွေးကြစေလိုပါတယ်။

ကျန်တဲ့အချိန်တွေမှာ တိုင်းပြည် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်တဲ့ အကြောင်းအရာများကို နားလည်အောင် ဆွေးနွေးပွဲများ ပြုလုပ်ပါမယ်။ ဆန်စဉ်ရာ ကျည်ပွေ့လိုက် ဆိုတာလို ဒီလိုသာ ဟိုကလုပ် ဒီကလုပ် လုပ်ရမယ်ဆိုယင် ဟန်မကျဘူး။ ဆွေးနွေးပွဲများကိုလဲ ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်တဲ့ လူများ ခေါင်းဆောင်ပါ့မယ်။ အခြေခံများကို ရအောင် စီစဉ်တဲ့ အခါမှာ စံနစ်ကျချင်မှ ကျပေတဲ့ ခု ဦးစီးတဲ့ လူတွေထက် တော်တဲ့ လူတွေတော့ ကျွန်တော်တို့ထဲ မရှိဘူး။ ။

 

Google