၁၉၄၅ ခု၊ မေလ ၁၀ ရက်နေ့ သရက်ခရိုင်၊ ကမ္မမြို့အပိုင်၊ သရက်ချောင်းကျေးရွာ စစ်ဌာနချုပ်စခန်း ၌ အရာရှိ အကြပ်တပ်သားများကို ပြောကြားခဲ့သော မိန့်ခွန်း။
ရဲဘော်တို့
ဒီနေ့ ရဲဘော်တို့ကို ဘာလို့ တန်းစီခိုင်းရသလဲဆိုယင် အားလုံး ရဲဘော်တွေရော ဗိုလ်ကြီးတွေ ဗိုလ်မှူးတွေဆိုတဲ့ ခေါင်းဆောင်ပိုင်းကပါ တာဝန်ယူထမ်းဆောင်ကြတဲ့ နေရာမှာ တော်တော့်ကို ပေါ့ဆဆ လုပ်နေကြတာကို တွေ့ရ မြင်ရ ကြားရလို့ဘဲ။
ပွဲဦးထွက် တော်လှန်ရေး အောင်ပွဲလေး တွေကို ရခဲ့ပြီး၊ အဲ့ဒီ အောင်ပွဲလေးတွေ ဆင်နွှဲခဲ့နိုင်တာ လောက်ကို တကယ့် အောင်ပွဲကြီးတွေလို့ ထင်ပြီး အဲ့ဒီအောင်ပွဲတွေ အပေါ်မှာ မိန်းမောနေတာ တွေ့ရတယ်။ ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးပြီး ဘဝင်မြင့်နေတာ တွေ့ရတယ်။ ရဲဘော်တို့ ဒီလို မိန်းမောနေယင်၊ အထင်ကြီးနေရင် မှားမယ်လို့ ရဲဘော်တို့ကို တိတိကျကျ ပြောရဲတယ်။
တချို့ကလဲ ဒီတော်လှန်ရေး ပြီးယင် ‘ပြီးပြီ’လို့ ထင်တဲ့သူတွေက ထင်သေးတယ်။ ဒါတင် မကသေးဘူး။ အင်္ဂလိပ်စစ်တပ်တို့၊ အင်္ဂလိပ် အုပ်ချုပ်ရေးတို့ လာယင် ဗိုလ်တွေက ဗိုလ်ကြီး၊ ဗိုလ်ကြီးတွေက ဗိုလ်မှူး၊ ဗိုလ်မှူး တွေကလဲ ဗိုလ်မှူးကြီးတွေ ဖြစ်ပြီး၊ ရာထူးတွေ အဆင့်အတန်းတွေ တိုးလာတော့မယ်လို့ ထင်ကြပြီး တယောက်နဲ့တယောက် ခြေရာ တိုင်းနေကြတယ်။ ဒါတွေကို ကျုပ် သိတာ တော်တော် ကြာပြီ။ ဒါပေမဲ့ ကျုပ် မပြောချင်သေးလို့ မသိချင်ယောင် ဆောင်နေခဲ့တယ်။ စောင့်ကြည့်ကြ သေးတာပေါ့။ ရဲဘော်တို့ ထင်သလို အင်္ဂလိပ်လာယင် ရာထူးဘဲ တိုးကြမလား သေနတ်မောင်းဘဲ ထပ်ချိုးကြရမလား ဆိုတာ ဟိုအခါကျတော့ သိ ကြပါလိမ့်မယ်။
ဘယ်လောက်ထိ တာဝန်မဲ့ လုပ်နေသလဲဆိုယင် ဗိုလ်ဇေယျကိုကြည့်။ ကျုပ်က တာဝန်နဲ့ လွှတ်လိုက်တယ်။ ခုအထိ ပြန်မလာသေးဘူး။ သူ့မယားရှိတဲ့ ဆားတွင်း တက်သွားတယ်လို့ ကြားရတယ်။ အဲဒါသာ ကြည့်တော့။ ဟိုတနေ့ကလဲ ဗိုလ်ဝင်းတယောက်ဟာ ရဲဘော်သုံးလေးယောက်နဲ့ အမဲ ထွက်ပစ်တယ်။ သူတို့တတွေဟာ ပျော်ပွဲစားထွက်လာတယ်လို့များ ထင်နေသလား မသိဘူး။ အဲဒါလောက်ထိအောင် ရဲဘော်တွေဟာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပေါ့ပေါ့ဆဆ ဖြစ်လာတာ တွေ့ရတယ်။ ရန်သူကို အထင်မကြီးသော်လဲ အ ထင်မသေးသင့်ဘူး ဆိုတာ အစဉ်သတိချပ်စေချင်တယ်။ အင်္ဂလိပ်အုပ်ချုပ်ရေးကို မြှော်ပြီး အတွေးလွန်မနေကြနဲ့။ နားအလယ်လွယ်ဆုံး ပြောလိုက်မယ်။ အခု ဂျပန်က ကျုပ်တို့တတွေနဲ့ တိုင်းရင်းသား အားလုံးကို (-) သွားပေမဲ့ ဆီဆွတ်လို့ တော်သေးတယ်။ အင်္ဂလိပ်လာယင် ဆီမဆွတ်ဘဲ (-) လိမ့်မယ်။ ဒါဘဲ ကျုပ်ပြောခဲ့မယ်။။