ဗိုလ်ချုပ် အောင်ဆန်း

နှစ်သစ်ကူးမိန့်ခွန်း

၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့၊ မြန်မာနှစ်သစ်ကူး မိန့်ခွန်းကို ဧပြီ ၁၈ ရက်နေ့တွင် မြန်မာ့အသံမှ ကောက်နှုတ်၍ ထပ်မံ အသံလွှင့်ချက်။

ယခု ဆန်းလာတဲ့ နှစ်သစ်ဟာ လွတ်လပ်တဲ့ ဗမာပြည်သစ် ဖန်တီးမယ်လို့ ယုံကြည် ယူဆတယ်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ချောချောမောမော ပြီးသွားပြီ။ ပြီးခဲ့တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်က ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကို စိတ်ရောကိုယ်ပါ ထောက်ခံ အားပေးတာ အထင်အရှား တွေ့ရတယ်။ တတိုင်းတပြည်လုံး အရွေးခံရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်စာရင်း အတိအကျ မသိရသေးပေမဲ့ အမတ်ဦးရေမှာ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်မှ အများဆုံး ရတယ်ဆိုတာ အားလုံး အသိဘဲ ဖြစ်တယ်။

တိုင်းပြည် လူထုနှင့် ဖဆပလ

အမှန်စင်စစ် ယခု ရွေးကောက်ပွဲမှာ ဖဆပလ အဖွဲ့ချုပ်၏ စည်းရုံးရေး လုပ်ငန်းတွေဟာ ကောင်းသင့်သလောက် မကောင်းသေးဘူး။ ချွတ်ယွင်းချက်များ ရှိတယ်။ ဒီထက် စည်းရုံးမှု အတော်အတန် ကောင်းကောင်း လုပ်နိုင်လျှင် အမတ်စာရင်း ၂၁၀ စလုံး ရနိုင်တယ်။ တိုင်းပြည်လူထုက ဖဆပလ ကို ထောက်ခံနေတာဟာ ယခုလို ဘယ်အချိန်အခါတုန်းကမှ မရှိခဲ့ဘူး။

တနှစ်အတွင်း လိုချင်လို့

ဒီလို တိုင်းပြည်က ဖဆပလ ကို ဝိုင်းဝန်း ကူညီ မဲပေးတာဟာ ပုဂ္ဂိုလ်သဘောအနေနှင့် မဟုတ်ဘဲ အဖွဲ့သဘောအနေနှင့် ပေးခြင်းကို ထူးထူးခြားခြား တွေ့ရတယ်။ ဘာကြောင့်လဲဆိုလျှင် အချို့ ဖဆပလ အမတ်လောင်းများတွင် ဖဆပလ အဖွဲ့ချုပ်က မထောက်ခံဘဲ အရွေးခံယင် ဘယ်နည်းနှင့်မှ မရဘူးဆိုတာ တိုင်းပြည်က အသိဘဲ။ ရွေးကောက်ပွဲကို ကြည့်ခြင်းအားဖြင့် ဗမာပြည် နိုင်ငံရေး အဆင့်အတန်းဟာ တိုးတက်မှု ထင်ထင်လင်းလင်း ရှိလာတယ်။ တိုင်းပြည် လူထုက ဖဆပလ အဖွဲ့ချုပ်ကို ထောက်ခံတယ်။ ဘယ်လို သဘောလဲလို့ စီစစ်လိုက်လျှင် ဗမာပြည် လွတ်လပ်ရေး တနှစ်အတွင်း လိုချင်လို့ဘဲ။

ခြေလှမ်း မှန်မှန်သွားမယ်

ဖဆပလမှ သတ်မှတ်ချက် လမ်းစဉ်အတိုင်း လူထုက ထောက်ခံတဲ့ သဘောဘဲ။ တိုင်းပြည်က ဖဆပလ စည်းကမ်းကို ယုံကြည်လိုက်နာတဲ့ သဘောဘဲ။ အဲဒါကို စဉ်းစားလိုက်လျှင် ဖဆပလ အဖွဲ့ချုပ်ဟာ တိုင်းပြည်ကို သစ္စာ မဖောက်ဘူး။ အရမ်း မလုပ်ဘူး။ အမှန်ချည်းတော့လဲ မဟုတ်ဘူး။ အမှားတော့ နည်းနည်း ရှိမယ်။ သို့သော် ခြေလှမ်းမှန်မှန်နှင့် လုပ်ကိုင် သွားမယ်။ ဘယ်သူ ချောက်လို့မှလည်း မကြောက်ဘူး။ ဘယ်သူ မြှောက်လို့မှလဲ မမြောက်ဘူး။ ဘယ်သူ ချော့လို့မှလဲ မပျော့ဘူး။ အရင်ပါတီဟောင်း သဘောမျိုးတွေ မလိုက်ဘူး။ ကွန်မြူနစ်ပါတီ အနီ အဖြူ အချောင်သမားတွေလို ဂမူးရှူးထိုးလဲ မလုပ်ဘူး။

ဒါတွေ လုပ်ကိုင်သွားမယ်

ဖဆပလ လမ်းစဉ် မှန်ကြောင်း၊ ဖဆပလကို တိုင်းပြည်က ထောက်ခံသည့်အတိုင်း ကျုပ်တို့ ဖဆပလကလဲ ဗမာပြည် လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင်လုပ်မယ်။ ဒီအတောအတွင်းမှာ ဗမာပြည် လက်ငင်းပြန်လည်ထူထောင်ရေး လုပ်မယ်။ နောင် ထူထောင်ရေးကိုလဲ လုပ်မယ်။ အချိန်အခါ ကြည့်ပြီး တိုင်းပြုပြည်ပြု လွှတ်တော် လုပ်ငန်း၊ အစိုးရအဖွဲ့လုပ်ငန်းတွေနှင့် ပြင်ဖက် လုပ်ငန်းတွေ၊ တော်လှန်ရေး လုပ်ငန်းတွေကို သင့်တော်သလို လုပ်ကိုင်သွားမယ်။

ဗြိတိသျှ အားနည်းလာပြီ

တိုင်းပြည် နစ်နာမဲ့ အကျိုးမဲ့သည့် လုပ်ငန်းမျိုးကို ဘယ်သူ ဘာပြောပြော မလုပ်နိုင်ဘူး။ ယခု ရရှိနေတဲ့ တိုင်းပြည် လူထု ညီညွတ်ရေး၊ တိုင်းရင်းသားချင်း ညီညွတ်ရေးကို ဆက်လက် လုပ်ကိုင်သွားလျှင် လွတ်လပ်ရေးကို အခက်အခဲ နည်းနည်းနှင့် ရနိုင်မယ်လို့ ယုံကြည်တယ်။ ကမ္ဘာ့အခြေအနေက ပြောစရာ မလိုဘူး။ ဗမာ့နိုင်ငံရေး သူငယ်နှပ်စား ဘဝက နိုးကြားပြီး ကိုယ့်တိုင်းပြည်နှင့် နိုင်ငံခြား ဆက်သွယ်မှုများ ပြုလုပ်လာခဲ့တယ်။ ယခု အခါမှာ ဗြိတိသျှရဲ့ အင်အားလဲ နည်းလာပြီ။

နိုင်ငံခြား စစ်တပ်အရေး

ကျွန်ုပ်တို့ ဗမာပြည်မှ နိုင်ငံခြား စစ်တပ်တွေကို ၁၉၄၇ ခုနှစ် မကုန်မီ ဗမာပြည်မှ ထွက်ခွါသွားဖို့ စီစဉ်နေပြီ။ အခြေအနေ ထောက်၍ လွတ်လပ်ရေးကို တနှစ်အတွင်း အခက်အခဲ မများဘဲ ရနိုင်မယ်လို့ ကျုပ် ယုံကြည်တယ်။ လွတ်လပ်ရေးတွင် နိုင်ငံရေး သဘောအားဖြင့် ဗြိတိသျှ ပြည်ထောင်စု ပြင်ဖက်မှ လုံးဝ လွတ်လပ်စွာ နေဖို့ မခဲယဉ်းဘူး။ စီးပွားရေး လုံးဝ လွတ်လပ်မှုကို ကြိုးစားမှ ခံနိုင်မယ်။ အခု ကျုပ်တို့ လက်ထဲမှာ ငွေ မရှိဘူး။ အဲဒီတော့ နိုင်ငံခြား အကူအညီ ယူရတယ်။ ဗမာပြည်မှာ ဘယ်အစိုးရဘဲ တက်တက် နိုင်ငံခြား အကူအညီ မယူဘဲ မလုပ်နိုင်ဘူး။ နိုင်ငံခြား အကူအညီ ယူရတဲ့ အစိုးရ အဖွဲ့ဟာလဲ မကောင်းဘူး။

အာဏာရအောင် ယူမယ်

ကျုပ်တို့ အခု ဖြေရှင်းရမဲ့ လွတ်လပ်ရေး ပြဿနာဟာ လွတ်လပ်ရေး အာဏာ ကျုပ်တို့လက်ထဲအမြန်ဆုံး ရောက်အောင်၊ ရပြီးတဲ့ လွတ်လပ်ရေး တည်တံ့အောင်၊ လွတ်လပ်ရေး အရသာ ခံစားရအောင် လုပ်ထားမှ လွတ်လပ်ရေး တိုက်ပွဲ တိုက်စရာ ရှိလျှင် တိုက်နိုင်မယ်။ လွတ်လပ်ရေး ရလျှင် လုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ်။ အဲဒီ ကိစ္စတွေ အကြောင်းကြောင်း ထောက်ပြီး ဖဆပလ အဖွဲ့ချုပ်မှ လူထု ညီညွတ်မှု၊ တိုင်းရင်းသား အချင်းချင်း ညီညွတ်မှုတွေ ဆက်လက် ကြိုးစားရမယ်။ လွတ်လပ်ရေး ရံပုံငွေတွေ ဆက်လက် ကောက်ခံရမယ်။ အရှေ့ အာရှ တောင်ပိုင်းရှိ နိုင်ငံအားလုံးနှင့် ပြည်ထောင်စု နိုင်ငံ တနိုင်ငံ ဖြစ်အောင် အရှေ့ အာရှ တောင်ပိုင်း နိုင်ငံရေး သွေးစည်းမှု လုပ်မယ်။ အိန္ဒိယပြည်၊ တရုပ်ပြည် နိုင်ငံကြီး နှစ်နိုင်ငံနှင့် မိတ်ဆွေ ဖြစ်ဖို့ ကြိုးစားရမယ်။ လွတ်လပ်တဲ့ ဗမာပြည်နှင့် လွတ်လပ်ပြီးတဲ့ နိုင်ငံများနှင့် မိတ်ဆွေ ဖြစ်ဖို့ ကြိုးစားရမယ်။ ဗမာပြည်၏ ကာကွယ်ရေး အခြေခံ ဖြစ်တဲ့ ဗမာပြည် စစ်တပ် ပုလိပ်အဖွဲ့၊ ရပ်ရွာ ကာကွယ်ရေး အဖွဲ့များကို ပြုပြင် ဖွဲ့စည်းရမယ်။ စီးပွားရေး အခြေအနေ ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရမယ်။ အဲဒီ လုပ်ငန်းတွေဟာ ဗမာပြည်၏ လွတ်လပ်ရေးနှင့် ကောင်းစားရေးကို ဆောင်နိုင်တယ်။

အားလုံး ဝိုင်းလုပ်ရမယ်

အဲဒီ လုပ်ငန်းတွေကို လုပ်ဖို့ဟာ ဖဆပလ အဖွဲ့ချုပ်ကချည်း လုပ်လို့ မဖြစ်ဘူး။ ဖဆပလ အဖွဲ့ချုပ်၊ ပြည်သူ့ရဲဘော်၊ အစိုးရ အမှုထမ်း၊ သတင်းစာတွေ၊ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်တွေ၊ တိုင်းပြည် လူထုတွေ ဝိုင်းဝန်း ကူညီ လုပ်ရမယ်။ ခင်ဗျားတို့ကို ကျုပ်က မေးချင်တယ်။ တိုင်းပြည်၏ စားနပ်ရိက္ခာ ပျက်အောင်၊ အချင်းချင်း မသင့်အောင် လုပ်ရုံနှင့် ဗမာပြည် လွတ်လပ်ရေး ရမယ် ထင်သလား။ အဲဒါ ပြုပြင်ပြီး အင်အားကြီးမားအောင် လုပ်မှ လွတ်လပ်ရေး ရမလား။ တော်လှန်ရေး လမ်းစဉ်ကို ထိထိရောက်ရောက် မလုပ်တတ်ဘဲ တော်လှန်ရေးစကား များများ ပြောပြီး ဗမာအချင်းချင်း ဆန်လုတာ၊ လယ်သီးစား မပေးနဲ့ ဆိုတဲ့ ကိစ္စတွေကို ကွန်မြူနစ် အချောင်သမားတွေ လုပ်နေတာ တော်လှန်ရေး လုပ်ငန်း ထင်ပြီး လုပ်နေတယ်။ အဲဒါတွေကို ကန့်ကွက်ယင် တော်လှန်ရေး လုပ်ငန်း ဆန့်ကျင်ဖက် လုပ်တယ်ဆိုတာ မသိလို့ မေးချင်တယ်။

အမတော်ကြေး ပြန်မဆပ်တာ

အခွန်တော် မပေးဖို့၊ လယ်သီးစားခ မပေးဖို့ တိုက်တွန်းနေတာဟာ နယ်ချဲ့သမားကို တိုက်တာလား၊ ကျုပ်တို့ ဖဆပလကို တိုက်တာလားလို့ မေးချင်တယ်။ နောက် အမတော်ကြေး ပြန်မပေးနှင့်လို့ ဆိုတယ်။ ဒီအမတော်ကြေးဟာ အစိုးရက ထုတ်ပေးတာ မဟုတ်ဘူး။ တိုင်းပြည် အခွန်တော်က ထုတ်ပေးတာ။ အမတော်ကြေး ပြန်မပေးလျှင် အမတော်ကြေး နည်းလျှင် နည်းသလောက် ငွေ ထုတ်မပေးနိုင်မှာဘဲ။ အမတော်ကြေးဟာ ဘယ်သူ့ ငွေလဲ။ တိုင်းပြည်ငွေ။ ဒါကြောင့် ဒီနည်းဟာ နယ်ချဲ့သမား မထိခိုက်ဘူး။

ငတ်လို့ လုတာ မဟုတ်ဘူး

ဆန်လုတဲ့ကိစ္စဟာ ဗမာပြည်မှာ ဒီနှစ် ဆန် တန်ချိန် တသန်းလောက် ဗမာပြည် စားဖို့ထက် ပိုထွက်မယ် ဆိုတာ ခန့်မှန်းရတယ်။ ဒီလို ခန့်မှန်းရတာဟာ ဗမာပြည်မှာ ဘယ်နည်းနှင့်မှငတ်ဖို့ မရှိဘူး။ အခု ဆန်လုတာဟာ အချောင်သမား၊ ဆန်ပွဲစား၊ ဆန်ကုန်သည်တွေ ကောင်းစားဖို့နှင့် ဆန်တွေ အလဟဿ လစ်ဟင်းဖို့ ဖြစ်တယ်။ အဲဒီလို ဆန် လုတာဟာ တိုင်းပြည် လူထုနှင့် အစိုးရမှာသာ ဆုံးရှုံး နစ်နာတာ။ အခု ဗမာပြည်မှာ ငွေ မရှိဘူး။ ငွေမရှိလျှင် အခြား တိုင်းပြည် အကူအညီ လိုတယ်။ အကူအညီ ရဖို့က တိုင်းပြည် ထူထောင်ရေးအတွက် ပစ္စည်း လိုတယ်။ အခြားတိုင်းပြည်က ပစ္စည်း ရဖို့ရန် ဗမာပြည်ငွေနှင့် ဝယ် မရဘူး။ သူ့ သက်ဆိုင်ရာ နိုင်ငံခြားငွေနှင့်မှ ရတယ်။ အဲဒီငွေ ရဖို့ရာ ထွက်ကုန် ဝင်ကုန် ပစ္စည်းချင်း မျှတအောင် လုပ်ရမယ်။ ဗမာပြည် ထွက်ကုန်တွေမှာ ဆန်ကိုသာ အမြောက်အမြား တင်ပို့နိုင်တယ်။

တိုင်းပြည် လူထုကို

ဆန် အလုခိုင်းတာ၊ အခွန် မဆောင်ခိုင်းတာဟာ ဖ-ဆ-ပ-လ တော်လှန်တာလား၊ နယ်ချဲ့သမား တော်လှန်တာလား၊ ဖ-ဆ-ပ-လ တော်လှန်တယ်ဆိုလျှင် ဖ-ဆ-ပ-လ အစိုးရဟာ တိုင်းပြည် လူထု ထောက်ခံ ထားပြီးတဲ့ အစိုးရဆိုတာ ရွေးကောက်ပွဲမှာ အထင်အရှား တွေ့နိုင်တယ်။ အဲဒီတော့ တိုင်းပြည်နှင့် လူထုကို တော်လှန်တာဘဲ။ နောက် ကျုပ် သတိပေးခဲ့ချင်တယ်။ အတိုက်အခံသမားတွေကို ကျုပ်တို့ ဖ-ဆ-ပ-လ အစိုးရဟာ အရင် အစိုးရအဖွဲ့ထဲမှာ လုပ်ခဲ့တဲ့ နိုင်ငံရေး ပါတီမျိုးလို မဟုတ်ဘူးဆိုတာ ကျုပ် တည့်တည့်လင်းလင်း ပြောချင်တယ်။ အခြား နိုင်ငံရေး ပါတီတွေ အစိုးရ အဖွဲ့ထဲ လုပ်တာလို၊ အတိုက်အခံ နိုင်ငံရေးသမားတွေကို မှားမှား မှန်မှန်၊ တရား တရား၊ မတရား မတရား နှိပ်စက်ညှဉ်းပန်း တာ အထူးအထွေ ပြောဖို့ မလိုဖူး။ ဖ-ဆ-ပ-လ အစိုးရဟာ ဘယ်သူ့ကိုမှ နိုင်ငံရေး အတိုက်အခံ နိုင်ငံရေးသမားတွေကို နှိပ်စက်ညှဉ်းပန်းမှု မလုပ်ဘူး။ စည်းကမ်းမဲ့ တရားလွန် တိုင်းပြည် အကျိုးမဲ့ ဆူပူအောင် လုပ်လျှင် ကြည့်မနေနိုင်ဘူး။ နှိပ်ကွပ်ရမယ်။ အတိုက်အခံသမားတွေကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆူပူခွင့် ပေးမယ်။ တရားသဖြင့် ပေးတာကို အသာယူ၍ မတရားတာ လုပ်မယ်ကြံလျှင် ချမယ်။ အရေးယူမယ်။

အတိုက်အခံသမားများကို ပြောချင်တယ်

အသရေပျက်မှု ဖြစ်စေတဲ့ စကားမျိုးကလွဲလျှင် တရားဥပဒေအတွင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ဆဲချင်တာ ဆဲနိုင်တယ်။ ဝေဖန်ချင်တာ ဝေဖန်နိုင်တယ်။ အသရေ ပျက်မဲ့ စကားမျိုးကို မခံနိုင်ဘူး။ ကျုပ်တို့ ရထားတဲ့ အာဏာတွေကို ခင်ဗျားတို့ လက်ထဲ ရောက်အောင် ဘာပရိယာယ်နှင့် သုံးသုံး၊ သုံးနိုင်တယ်။ တိုင်းပြည်နှင့် လူထုကို ထိခိုက်မဲ့ ပရိယာယ်သုံးလျှင် ချရလိမ့်မယ်။ အတိုက်အခံသမားများကို ပြောချင်တယ်။ ညစ်ပတ်တဲ့ အကြံကလွဲလျှင် တရားသဖြင့် ဘယ်လို နည်းနှင့် ဖြစ်ဖြစ် အာဏာကို လုဖို့တွေး၍ လုပ်နိုင်တယ်။ ဆူပူနိုင်တယ်။ မတရားသဖြင့် ဆူပူ လုပ်ကိုင်ခိုင်းလျှင် သည်းခံနိုင်မယ် မဟုတ်ဘူး။

သတင်းစာတွေလဲ ပြောလိုက်မယ်

သတင်းစာတွေကိုလဲ ပြောလိုက်မယ်။ ဒီအစိုးရလက်ထက်နှင့် အခြားအစိုးရ လက်ထက်သေသေချာချာ နှိုင်းယှဉ် ကြည့်စေချင်တယ်။ ကျုပ်တို့ ဘယ်လို အစိုးရလဲ ဆိုတာ သိစေချင်တယ်။ ကျုပ်တို့ကို ထောက်ခံချင် ထောက်ခံ၊ အားပေးချင်လဲ အားပေး၊ အတိုက်အခံ ဝေဖန်ချင်တဲ့ သတင်းစာကလဲ ဝေဖန်၊ သဘောအတိုင်းဘဲ။ ဆိတ်လစေ့ သတင်းစာလဲ လုပ်ချင် လုပ်ကြ။ သို့သော် အစိုးရကို အကြည်ညို ပျက်စေချင်တဲ့ စကားမျိုး၊ တိုင်းပြည် ဆူပူ လှုပ်ရှားစေမဲ့ စကားမျိုး၊ မဟုတ် မမှန် လိမ်လည် လှည့်ဖြား ရေးတဲ့ဟာမျိုးတွေကို သည်းခံမယ် မဟုတ်ဘူး။

အမှုထမ်းတွေကိုလဲ ပြောချင်တယ်

အစိုးရ အမှုထမ်းတွေကိုလဲ ပြောပြလိုတယ်။ အစိုးရ အမှုထမ်းတွေဟာ တိုင်းပြည်နှင့် လူထု အကျိုးကို ကြည့်၍ ကျုပ်တို့ အစိုးရ အဖွဲ့က ဆုံးဖြတ် ညွှန်ကြားတဲ့အတိုင်း တသွေမတိမ်း လိုက်နာပါ။ အစိုးရ အမှုထမ်းတွေက အခု ဖ-ဆ-ပ-လ အစိုးရ အဖွဲ့ဟာ ဟိုတုန်းက အစိုးရ အဖွဲ့မျိုးလို မဟုတ်ဘူး ဆိုတာ သတိပြုဖို့လိုတယ်။ ဖ-ဆ-ပ-လ အစိုးရ အဖွဲ့ဟာ တိုင်းပြည် လူထုအစိုးရ အဖွဲ့ ဖြစ်တဲ့အတိုင်း တိုင်းပြည်နှင့် လူထုအကျိုးကို ကြည့်၍ ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်ကို တသွေမတိမ်း တာဝန် ကျေပွန်စွာ လုပ်ကိုင် ဆောင်ရွက်လျှင် ဘယ်သူ့မှ ကြောက်စရာ မလိုဘူး။ ဖ-ဆ-ပ-လ အဖွဲ့၊ ပြည်သူ့ရဲဘော် အဖွဲ့က လူတွေလဲ ကြောက်စရာ မလိုဘူး။ ဖ-ဆ-ပ-လ အဖွဲ့ အစိုးရ ဖွဲ့ထားပေမဲ့ ကိုယ့်ဝန်တာ ကိုယ်ကျေပြွန်အောင် လုပ်ပါ။ ဖ-ဆ-ပ-လ အစိုးရ ဆိုပြီး ပြည်သူ့ ရဲဘော်ကိုလဲ အရမ်း ကြောက်စရာ မလိုဘူး။ ဖ-ဆ-ပ-လ အဖွဲ့ဝင်တွေ၊ ပြည်သူ့ရဲဘော်တွေကလဲ ငါတို့အဖွဲ့ အစိုးရဆိုပြီး အစိုးရ အာဏာယူပြီး သုံးဖို့၊ အစိုးရ ကိုယ်စား လုပ်ဖို့လဲ မဟုတ်ဘူး။ အခွင့်အရေးလဲ မရှိဘူးဆိုတာ သတိပြုပါ။ သို့သော် ဖ-ဆ-ပ-လ အဖွဲ့ဝင်နှင့် ပြည်သူ့ရဲဘော်တွေဟာ ဒီပြင်လူတွေထက်တော့ အခွင့်အရေး ပိုရမှာဘဲ။ ပြည်သူ့ရဲဘော်တွေလဲ လုပ်ချင်တာ လုပ်လို့ မရဘူးဆိုတာ သိဖို့ အရေးကြီးတယ်။

ဖ-ဆ-ပ-လ အစိုးရ အောက်မှာ

အခု ဖ-ဆ-ပ-လ အစိုးရအဖွဲ့ အုပ်ချုပ်တဲ့ အချိန်မှာ ဖ-ဆ-ပ-လ အဖွဲ့ချုပ်အား ရိုသေသော အားဖြင့်၎င်း၊ ဖ-ဆ-ပ-လ လုပ်ငန်းစဉ်ကို လေးစားသော အားဖြင့်၎င်း၊ ဖ-ဆ-ပ-လ ဝါဒကို ရိုသေသော အားဖြင့်၎င်း၊ ဖ-ဆ-ပ-လ အဖွဲ့ဝင်နှင့် ပြည်သူ့ရဲဘော်များသည် အခွင့်အရေးများကို အရမ်းမဲ့ မပြုဘဲ စောင့်ထိန်းဖို့ အရေးကြီးတယ်။ အရမ်းမဲ့ လုပ်လျှင် ဖ-ဆ-ပ-လ ရော ပြည်သူ့ရဲဘော်ရော ဖမ်းဆီးရလိမ့်မယ်။ ထို့ကြောင့် ဘယ်နေရာ မဆို စည်းကမ်း သေဝပ်မှုဟာ အဓိက အရေးကြီးတယ်ဆိုတာ သတိပြုဖို့ လိုတယ်။ ဖ-ဆ-ပ-လ အစိုးရ အဖွဲ့၏ လုပ်ငန်းစဉ်ဖြင့် တိုင်းပြည် လူထုနှင့်တကွ ဗမာပြည်၏ အိမ်နီးနားချင်း တိုင်းပြည်များ၊ အရှေ့ဖက်ရှိ တောင်ပိုင်း နိုင်ငံများ ပူးပေါင်းလျက် ဗမာ့လွတ်လပ်ရေးစခန်းသို့ ဆောင်ရွက်ကြရန် လူထုကလဲ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ပြီးပေမဲ့ လွတ်လပ်ရေး တိုက်ပွဲ မပြီးသေးဘူးဆိုတာ မှတ်ထားပြီး ဆက်လက်၍ ညီညွတ်စွာ တောင့်ထားရန် နောက်ဆုံး ပြောလိုပါတယ်။ ။

 

Google