ဗိုလ်ချုပ် အောင်ဆန်း

အမျိုးသား ညီညွတ်ရေး

၁၉၄၆ ခု၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းခဲ့သော ညီညွတ်ရေးအဆို။

ခုနက ပြည်သူ့ရဲဘော် တပ်ဖွဲ့အဆိုနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချတဲ့ အနက်မယ် အချက်လေးချက်ပါတယ်။

ကျွန်တော်တို့က ဒီမှာ ဟိုတုန်းက မဟာမိတ် စစ်သေနာပတိချုပ် လော့(ဒ်)လူဝီ မောင့်ဘက်တန်နဲ့ ကျွန်တော်တို့ သဘောတူညီချက်အရ ပြန်လည် ဖွဲ့စည်းတည်ထောင်တဲ့ မြန်မာတပ်မတော်ဆိုတာထဲကို ပါဝင်နိုင်မယ့် ရဲဘော်တိုင်း ပါဖို့။ ဘာဖြစ်လို့ ပါရမလဲ ဆိုတာက ဗမာပြည်ရဲ့ အကျိုးကို သည်ပိုးရာ ရောက်တယ်လို့ ယူဆလို့ ဖြစ်တယ်။ ခုတော့ တချို့က ထုံးစံအတိုင်း (အစကတည်းက ဒါတွေကို ကြိုတင်ပြီး မြင်ထားပါတယ်) ။ စကတည်းကလဲ ပြောတန်သလောက် ပြောထားပါတယ်။ မလွတ်လပ်တဲ့ အခြေအနေမှာတော့ ရတဲ့ စစ်တပ်ရဲ့ အဆင့်အတန်းဟာ မလွတ်လပ်တဲ့ တိုင်းပြည်ရဲ့ အဆင့်အတန်း၊ လွတ်လပ်တဲ့ လူမျိုးရဲ့ အဆင့်အတန်းမျိုးကိုတော့ မျှော်လင့်လို့ မဖြစ်နိုင်သေးဘူး။ အနည်းအကျဉ်းအားဖြင့် ဖြစ်စေ၊ အများအားဖြင့် ဖြစ်စေ၊ နစ်နာချက်တွေ သဘောမကျစရာတွေ ရှိတန်သလောက် ရှိမယ်။ သို့ပေမဲ့ ခုကတည်းကနေပြီး အချေစပြီး ပျိုးထားမှ တိုင်းပြည်ရဲ့ အကျိုးကို ဆောင်ရွက်နိုင်မယ်။

ဒါကြောင့်မို့လို့ မင်းတို့ ဝင်ကြပါလို့။ အစကတည်းက ရဲဘော်တွေကို ပြောထားတယ်။ အဲဒီလို ပြောထားပေမယ်လို့ကာ နည်းနည်းပါးပါး အောက်ပိုင်းက နည်းနည်းပါးပါး ပုလိပ်ဘက်က ဖြစ်စေ၊ အစိုးရ အရာရှိပိုင်းက ဖြစ်စေ၊ နောက်ပြီးတော့ အောက်လက်ငယ်သားက ဖြစ်စေ အစရှိသည်အားဖြင့် အနှောင့်အရှက် ပေးတာတွေ ရှိတယ်။ ခုနလို အဖမ်းအဆီး ခံရတာ ရှိတယ်။ ခုနလို ဖမ်းတာဆီးတာ ကျွန်တော်တို့ သိတာလဲ ရှိတယ်၊ မသိတာလဲ ရှိတယ်၊ သိတဲ့ကိစ္စဆိုယင် ကျွန်တော်တို့ တတ်နိုင်သမျှ ဆောင်ရွက်တယ်။ အဲဒီလို ဆောင်ရွက်လို့ လွတ်တာလဲ ရှိတယ်။ မလွတ်တာလဲ ရှိတယ်။ အဲတာမျိုးတွေ နည်းနည်းပါးပါး ရှိတယ်။ တချို့က စိတ်ပျက်ပြီး မဝင်ချင်ကြဘဲ ဖြစ်နေတဲ့ စိတ်မျိုး ဖြစ်နေတယ်။ အဲဒီလို မဝင်ချင်ကြတဲ့ စိတ်မျိုး မဖြစ်ဘဲနဲ့ (အမှန်စင်စစ် တိုင်းပြည်ရဲ့ လွတ်လပ်ရေးကိစ္စဆိုတာ ကျွန်တော်တို့ ခဏခဏ ပြောနေကြတဲ့ အတိုင်း အခက်အခဲတွေ အများကြီး ရှိတယ်။ အနှောင့်အရှက်တွေ အများကြီး ရှိတယ်)။ ဒါတွေကို ကျော်လွန်ပြီး လုပ်ရမယ်။ ခု တမဟုတ်ခြင်း ဖြစ်နေတဲ့ အခက်အခဲတွေ အနှောင့်အယှက်တွေကို ကျွန်တော်တို့ သိပ်ပြီး အရေးဂရုမပြုဘဲ တပ်ထဲ ဝင်နိုင်တဲ့ လူတွေ အားလုံး ဝင်ကြပါ။ ကျန်တဲ့ မဝင်နိုင်တဲ့ ရဲဘော်ဟောင်းတွေကို ထောက်ပံ့ဘို့ ကိစ္စတွေကို ကျွန်တော်တို့ ပြည်သူ့ လွှတ်လပ်ရေးအဖွဲ့ကြီးနဲ့ တိုင်းပြည်ကပါ ဝိုင်းဝန်းပြီး အားပေးမဲ့အကြောင်း၊ နောက်ပြီးတော့ကာ ဒီလိုတိုင်းပြည်ရဲ့ လွတ်လပ်ရေး၊ ကမ္ဘာရဲ့ လွတ်လပ်ရေးအတွက် ရဲဘော်-ရဲခေါင် ပြောက်ကျားတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ချီးကျူးတဲ့ အကြောင်း နောက်ပြီးတော့ကာ ဒီလို ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတဲ့ သဘောအားဖြင့် ကျွန်တော်တို့ တိုင်းသူပြည်သားတွေကသော်၎င်း၊ တိုင်းသူပြည်သားတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကြီး ဖြစ်နေတဲ့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကသော်၎င်း၊ ကျွန်တော်တို့ဟာ တိုင်းပြည်နဲ့လူထု လွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့အကြောင်း ပဋိညာဉ် ကတိပေးထားပါတယ်။

အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ခုဒီညီညွတ်ရေး အဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ကာ လွတ်လပ်ရေး လုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ၊ ဒီလို မလုပ်ယင် ညီညွတ်ရေး မရဘူးဆိုလို့ရှိယင် တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ရှိယင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့လူတွေ ကျွန်တော်တို့ ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ရွက်ဆောင်ခြင်း မရှိယင် ခုနတိုင်းပြည်အတွက်၊ လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့လူတွေကို သစ္စာဖောက်ရာ မလေးစားရာ ကျမှာမို့လို့ ဒီညီညွတ်ရေးအဆိုကို ကျွန်တော် တင်သွင်းခြင်း ဖြစ်ပါတယ်။

“မြန်မာပြည်သည် အာဏာပိုင် တိုင်းပြု ပြည်ပြုလွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့် ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် (ဝါ) လွတ်လပ်ရေး ရအောင် အလိုဆုံးသော အရာမှာ ညီညွတ်ရေးပင် ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီသော အကျိုး၊တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည် ဖြစ်ကြောင်း”

ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲ ဆိုလို့ရှိယင် ညီညွတ်ရေး လိုတယ်။ ဘာကြောင့် ညီညွတ်ရေး လိုသလဲ။ ကျွန်တော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြု ပြည်ပြု လွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် (ဝါ) လွတ်လပ်ရေး ရအောင် ကျွန်တော်တို့ ဗမာပြည်သူ ပြည်သားတွေဟာ လွတ်လပ်ရေး ရအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ လွတ်လပ်ရေး ဆိုတော့ကာ ကျွန်တော်တို့ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်မယ်ဆိုယင် တိုင်းပြု ပြည်ပြု လွှတ်တော်ကြီးကို တည်ထောင်ရမယ်။ အဲဒီ တိုင်းပြု ပြည်ပြု လွှတ်တော်ကြီးက လွတ်လပ်တဲ့ တိုင်းနိုင်ငံ တည်ထောင်တဲ့အခါကျယင် ဖွဲ့စည်းပုံ ဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မလဲ၊ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား၊ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ၊ ဘယ်လို တိုင်းပြည်မျိုး ထူထောင်မလဲ၊ ဘယ်လို လုပ်ရမလဲ ဆိုတာ စီစဉ်ရမယ်။ အဲဒီလို စီစဉ်ပြီးတဲ့ အခါကျတော့မှ လွတ်လပ်ရေးလုပ်ငန်းဟာ ပေါ်လာမယ်။

ဂျပန်လက်ထက်တုန်းကဆိုယင် လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ဆိုတာ လူမသိ ဘာမသိ တိတ်တိတ်ပုံး လုပ်လိုက်ပြီး နောက်ဆုံး အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ နိုင်ငံဆိုပြီးတော့ လုပ်လိုက်တယ်။ အဲဒီလိုဟာမျိုး ကျွန်တော်တို့ မလိုချင်ဘူး။ ရှေးအခါက ကျွန်တော်တို့ လိုချင်တာက အာဏာပိုင် တိုင်းပြု ပြည်ပြု လွှတ်တော်မျိုး၊ တတိုင်းတပြည်လုံးက တင်မြှောက်လိုက်တဲ့ လွှတ်တော်၊ အကုန်လုံး ယောက်ျားတိုင်း၊ မိန်းမတိုင်း အရွယ်ရောက်သူတိုင်း မှန်သမျှ မဲပေးနိုင်ပြီးတော့ အဲဒီလူတွေက လွတ်လပ်တဲ့ နိုင်ငံသစ်ကြီး ထူထောင်ဘို့ အာဏာပေးလိုက်တဲ့ အာဏာပိုင် တိုင်းပြု နိုင်ငံပြု လွှတ်တော် ရအောင် ကျွန်တော်တို့က ဘာလုပ်ရမလဲ ဆိုယင် ညီညွတ်ရမယ်၊ မညီညွတ်ယင် မရဘူးလားဆိုတော့ အင်မတန် ကြာမယ်။ ခရီးရှည်မယ်။ ဒီတော့ကာ ညီညွတ်ရေးဟာ အင်္ဂလိပ်လို ပြောရမယ်ဆိုယင်တော့ (Historical necessity) အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံး ဆောင်ရွက်နိုင်မယ့် လက်နက်ကြီး ဖြစ်နေတယ်။ အဲဒီတော့ ညီညွတ်ရေးမျိုး ရအောင် လုပ်ရမယ်။

“ညီညွတ်ရေးအတွက် ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားသည် တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုကာ အလုပ်သမားများ အဖွဲ့များ ဖွဲ့၍ ခိုင်မြဲသော ညီညွတ်ရေးကို တည်ဆောက်ရန် ဗမာပြည်တွင် အလုပ်သမားတို့အတွက် အစည်းအရုံးတခုသာ ရှိရန်နှင့် အလုပ်သမားတိုင်း ညီညွတ်ရန် လိုပေကြောင်း။”

ညီညွတ်ရေး ဆိုတာ ဘာလဲ နားလည်ဘို့ လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့အကြောင်းကို သရုပ်ဖော်ပြထားတယ်။ တူညီသော အကျိုး၊ တူညီသော အလုပ်၊ တူညီသော ရည်ရွယ်ချက် ရှိရမယ်။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ၊ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဘို့ ညီညွတ်ရမလား။ ဒါမှ မဟုတ်ယင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဘို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမလဲ။ အဲဒီတော့ကာ ကျွန်တော် လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့ အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက်။ တူညီတဲ့ အကျိုး၊ တူညီတဲ့ အလုပ်။ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့ အကျိုး၊ တိုင်းသူပြည်သားတွေ ရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့ မဖြစ်ဘူး။ အလုပ်မှာလဲ တူရမယ်။ အကျိုးမှာလဲ တူရမယ်။ ရည်ရွယ်ချက်မှာလဲ တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။ အဲဒီတော့ကာ ညီညွတ်ရေးအဆိုကို ဒီဝါကျမှာ ဖော်ပြထားတယ်။ နောက်ပြီးတော့ကာ အသေးစိတ် ထပ်ပြီး ဖော်ပြထားတယ်။ ဘယ်လို ဖော်ပြထားသလဲ ဆိုတော့ …. ။

“လယ်သီးစား လယ်ကူလီနှင့် လယ်ယာမြေဧက အထိုက်အလျောက် ပိုင်ဆိုင် လုပ်ကိုင်သော တောင်သူလယ်သမားများ အားလုံးသည် တူညီသော အကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များတွင် အခြေပြုကာ လယ်သမားအဖွဲ့များကို တည်ထောင်ကြရန် ဗမာပြည်တွင် တောင်သူလယ်သမားတို့အတွက် တခုတည်းသော အစည်းအရုံးကို တည်ဆောက်ရန်နှင့် တောင်သူလယ်သမားတိုင်း ညီညွတ်ရန် လိုပေကြောင်း။”

ကိုယ်ပိုင်ပစ္စည်း ဖြစ်အောင် မိမိအလုပ် ခွန်အားကလွဲလို့ အလုပ်မလုပ်ယင် ငတ်မယ်ဆိုတဲ့ အခုအခါ ပစ္စည်းမဲ့ အလုပ်သမားများဆိုယင် တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့ အလုပ် အပေါ်မှာ အခြေပြုပြီးတော့ကာ အလုပ်သမားအဖွဲ့ တဖွဲ့တည်း ရှိရမယ်။ အလုပ်သမားအချင်းချင်း ကွဲပြီးတော့ စင်ပြိုင်တွေ မရှိစေရဘူး။ တဖွဲ့တည်းရှိပြီး အလုပ်သမားတွေ အချင်းချင်း ကိုယ်တိုင် ညီညွတ်ဘို့ လိုတယ်။ နောက်ပြီးတော့ကာ တောင်သူလယ်သမားတွေကလဲ အလုပ်သမားတွေရဲ့နည်းတူ တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အလုပ်နဲ့ တူညီတဲ့အကျိုး အခြေပြုပြီးတော့ကာ သူတို့အတွက်နဲ့ ဆိုင်တဲ့ တောင်သူလယ်သမား အဖွဲ့အစည်းကြီး တခုတည်းသာ ရှိပြီးတော့ လယ်သမားတွေက ညီညွတ်ဘို့ လိုတယ်။

“ထို့အတူ စျေးသည်၊ ပွဲစား၊ စာရေးစာချီ၊ ပညာသည်၊ ရှေ့နေ့ စသည်တို့သည်လည်း ဆိုင်ရာဆိုင်ရာ သမဝါယမ အသင်းများနှင့် သမဂ္ဂများကို ဖွဲ့စည်း၍ ညီညွတ်ရေး တည်ဆောက်ကြရန် လိုပေကြောင်း”

ဒါက ကျွန်တော်တို့ ရွှေတိဂုံစေတီတော်ကို တည်ဆောက်တဲ့အခါ အုတ်မြစ်အဆင့်ဆင့် အားဖြင့် တည်ဆောက်သလိုဘဲ၊ သူ့ဆိုင်ရာ ဆိုင်ရာ ဒီ့ပြင်လူပုဂ္ဂိုလ်တွေ တိုင်းသူပြည်သားတွေကလဲ၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေနဲ့ သမဝါယမအသင်းတွေထောင်၊ ဘာတွေထောင်၊ ထောင်ပြီးတော့ကာ တူညီသောအကျိုး၊ တူညီသော ရည်ရွယ်ချက်၊ တူညီသော အလုပ်တွေကို လုပ်ဘို့၊ တညီတညွတ်တည်း လုပ်ဘို့လိုတယ်။ အားလုံး ညီညွတ်ဘို့ လိုတယ်။

“ဗမာနိုင်ငံရှိ တိုင်းရင်းသားများသည်လည်း သက်ဆိုင်ရာ လူမျိုးအလိုက် တခုတည်းသော အစည်းအရုံးကို တည်ထောင်၍ ညီညွတ်ကြရန် လိုပေသည်။”

အဲဒီမှာလည်း တိုင်းရင်းသားတွေ ဖြစ်တဲ့ ကရင်-ရှမ်း-ကချင် အစရှိတဲ့ နယ်တွေကလဲ မိမိတို့ ဆိုင်ရာ တိုင်းရင်းသား အစည်းအရုံးတွေကို တခုစီ တခုစီ ရှိရမယ်။ စင်ပြိုင် မရှိဘို့လဲ ဂရုစိုက်မယ်၊ ကရင်အမျိုးသား အစည်းအရုံး၊ ရှမ်းအမျိုးသား အစည်းအရုံး၊ ကချင်အမျိုးသား အစည်းအရုံး တခုစီ ရှိဘို့ လိုတယ်။ အဲဒါတွေကို တည်ထောင်ပြီးတော့ကာ သူတို့အချင်းချင်း ညီညွတ်ရမယ်။ သူများ မညီညွတ်ခင် ကိုယ့်အချင်းချင်း ညီညွတ်ဘို့က ပဌမဆုံး အရေးကြီးတယ်။ ဥပမာ ဆိုရင် ခုနေအခါမယ် ကျွန်တော်တို့ နယ်ချဲ့စနစ်သမားတွေက တာတွေကို ခွဲဘို့ လုပ်နေတယ်။ ကရင်ဆိုယင် အစည်းအရုံးတခု၊ ကချင်ဆိုယင်လဲ အစည်းအရုံးတခု၊ လယ်သမား အစည်းအရုံး၊ အလုပ်သမားကလဲ ဒီအတိုင်းဘဲ၊ ဒါတွေကို ကွဲအောင် ပြဲအောင် အမျိုးမျိုး ကြိုးစားကြမယ်။ ဒီတော့ကို ဒီလို မလုပ်နိုင်အောင် ပဌမဆုံး ကိုယ့်ဆိုင်ရာ ဆိုင်ရာ အချင်းချင်းတွေက ညီညွတ်ဘို့ လိုတယ်။ နောက်ပြီးတော့ကာ နိုင်ငံရေးပါတီတို့သည်လည်း လုပ်ငန်း လုပ်နည်းနှင့် ဝါဒတူသော ပါတီအချင်းချင်း ပူးပေါင်းခြင်းဖြင့် ပိုမိုခိုင်မြဲအောင် တည်ဆောက်ရန် လိုအပ်ပေကြောင်း။ ပါတီတွေ ဆိုတာကလဲ ကျွန်တော်တို့ ဗမာပြည်မှာ “ဂျီ-စီ-ဘီ-အေ” ခေတ်လို မဟုတ်ဘူး။ ဟိုတုန်းက နိုင်ငံရေးပါတီဆိုတာ မရှိဘူး။ ခုတော့ ရှိနေကြတယ်။ လက်ငုတ်လက်စတွေ ကျန်နေတော့ အစမသိမ်းနိုင်လို့ ရှိယင် ကျွန်တော်တို့ဟာ ဒီဟာတွေကို စနစ်တကျ ဖြစ်တဲ့ ညီညွတ်ရေးကို ရှေးရှုပြီး အလုပ်လုပ်နိုင်အောင် စီမံပေး ဘို့ လိုတယ်။

ဒီတော့ကာ နိုင်ငံရေးပါတီ ဆိုတဲ့ သဘောကို သေသေချာချာ နားလည်ဘို့ လိုတယ်။ ကျွန်တော်တို့ ဗမာပြည်မှာ အရင်တုန်းက ရှိတဲ့ နိုင်ငံရေးပါတီတွေကို သေသေချာချာ စမ်းစစ်ကြည့်မယ် ဆိုယင်၊ ဘယ်သူ့ကိုမှ ပုတ်ခတ်လိုတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ပြောရယင် အမှန်စင်စစ် ပါတီသဘောရယ်လို့ သိပ်မခေါ်နိုင်ဘူး။ နိုင်ငံရေးစကား ပြောမယ်ဆိုလို့ရှိယင် (Personal Groups) တွေဘဲ။ ဘာမှ စနစ်တကျနှင့် ဖွဲ့စည်းထားတာ မဟုတ်ဘူး။

အမှန်ကတော့ ပါတီဆိုတဲ့ သဘောမျိုးကို တခြားနိုင်ငံတွေက ဖြစ်တာတွေကို လိုက်ကြမယ်ဆိုယင် ၊ နိုင်ငံရေး သဘောတရားအတိုင်း လိုက်ကြည့်မယ် ဆိုလို့ရှိယင် ကျွန်တော်တို့ ဥပမာ - ဘိလပ်မှာ လေဘာပါတီဆိုတာ ရှိတယ်။ လေဘာပါတီက ဘယ်သူ့အကျိုးကို အဓိကထားပြီး လုပ်ထားသလဲ ဆိုလို့ရှိယင် အလုပ်သမားတွေရဲ့ အကျိုးကို ပိုပြီး ဆောင်ရွက်တယ်။ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို မဆောင်ရွက်ဘူးလားဆိုတော့ ဆောင်တော့ ဆောင်ရွက်တယ်။ ဆောင်ရွက်ပေမယ်လို့၊ ဘယ်လိုအမြင်မျိုးနဲ့ ကြည့်သလဲ ဆိုယင် အလုပ်သမား အတန်းအစား မြင်တဲ့ အမြင်မျိုးနဲ့ ဆောင်ရွက်တယ်။ ကွန်ဆာဗေးတစ်ပါတီ။ အဲဒီ ပါတီကဆိုလို့ရှိယင် သူတို့ အင်မတန် ရှေးကျတဲ့ အယူဝါဒတွေကို ယူပြီးတော့၊ ဘယ်နေရာမဆို နိုင်ငံရေးဖြစ်ဖြစ် လက်အောက်ခံ တိုင်းနိုင်ငံတွေနဲ့ဖြစ်ဖြစ်၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးဖြစ်ဖြစ်၊ အင်မတန် ခေတ်နောက်ကျပြီးတော့ကာ နောက်ပြန်ဆွဲတဲ့ အယူဝါဒတွေ များတယ်။

ဒီလို အဖွဲ့မျိုးတွေ အထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ကာ စက်ပိုင်ကြီးတွေ၊ အရင်းရှင်ကြီးတွေ၊ လယ်ပိုင်ရှင်ကြီးတွေ။ ဒီလို ဟာမျိုးတွေ ပါတယ်။ နောက်တော့ ဒီလို အလုပ်သမားနဲ့ အဖွဲ့မျိုး ကြားမယ် အလယ်အလတ် မဇ္စိမ ပဋိပဒါ ဆိုတဲ့ စကားအတိုင်း ဆိုပါတော့ (သိပ်တော့ မှန်လှတဲ့ စကားမဟုတ်ဘူး) အဲဒီလို လူတွေက လစ်ဘရယ်ပါတီ ဆိုပြီး ဖွဲ့ထားတယ်။ ဥပမာ အမေရိကန်ပြည်မှာ ကြည့်မယ် ဆိုလို့ရှိယင်၊ ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကင်ပါတီလို့ ခွဲထားတာ ရှိတယ်၊ လုပ်ငန်းစဉ်နဲ့ ကြည့်မယ် ဆိုယင်၊ တူတာတွေ ရှိတဲ့အခါ ရှိတယ်၊ ဒါပေမယ်လို့ တကယ် သူတို့မှာ ကျောထောက် နောက်ခံ ဖြစ်နေတဲ့ လူတတွေကို ကြည့်ယင် အဲဒီလူတွေရဲ့ သဘောကို မှီလို့လဲ ဖြစ်တယ်။ အလုပ်မှာ ကြည့်လိုက်မယ် ဆိုယင် ဒီပါတီတွေဟာ သူတို့လူစု တစုရဲ့ အကျိုးကို ပဌမ ရှေးဦးစွာ ကြည့်ပြီး အလုပ်လုပ်နေတဲ့ အဖွဲ့ ဖြစ်တယ်။ ဒီလို လုပ်တဲ့အခါကျတော့၊ လူတဦးတယောက် အတွက်ကို ရည်ရွယ်တာမဟုတ်ဘူး။ ဥပမာ ကျွန်တော်တို့တိုင်းပြည်က နာမည်တပ်ပြီးတော့၊ ဦးဖြူ- ဦးမဲ အဖွဲ့ ဘယ်သူ့အဖွဲ့ရယ်လို့ ရှိတယ်၊ ဟိုတိုင်းပြည်တွေမှာတော့၊ ဒီမှာလို ဦးဖြူ-ဦးမဲ အဖွဲ့ မရှိဘူး။ အမေရိကန်ပြည်မှာ ဆိုရင် ဒီမိုကရက်တစ်ပါတီ၊ အင်္ဂလိပ်ပြည်မှာ ကွန်ဆာဗေးတစ်ပါတီ၊ လစ်ဘရယ်ပါတီ၊ လေဘာပါတီ၊ အဲဒါမျိုးဟာ ဘာလဲဆိုယင် ပုဂ္ဂိုလ်စွဲ အဖွဲ့တွေ မဟုတ်ဘူး။ ဒီအဖွဲ့တွေမှာ ရာသက်ပန် ခေါင်းဆောင် မရှိဘူး၊ ပါတီဆိုတာကသာ အမြဲတမ်း တည်နေတယ်။ အဲဒီပါတီဆိုတာဟာ သူတို့ဆိုင်ရာ လူတွေရဲ့ အကျိုးကို အဓိကထားပြီး တည်ဆောက်ထားတယ်။ ဗမာပြည်မှာတော့ ဒီလို မဟုတ်ဘူး။ နောက်ဆုံးတနေ့မှာ တမျိုး၊ ကျွန်တော်တို့ ဗမာပြည်မှာ သေသွားတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့ သေသွားပေမယ်လို့ အဲဒီ သေသွားတဲ့ ခေါင်းဆောင်၊ သေသွားတဲ့ ဆရာတော်ရဲ့ နာမည်ကို ယူပြီး အခုထက်ထိ၊ ဒီနာမည် အစွဲပြုပြီး ခေါ်တုန်း ရှိသေးတယ်။

ဗမာပြည်မှာ အဲဒီထိအောင် လွဲနေသေးတယ်။ အရင်တုန်းက နည်းနည်းပါးပါး နာမည် ရဘူးတဲ့ လူတွေရဲ့ နာမည်ကို အသုံးပြုချင်တယ်။ အမှန်စင်စစ် ကတော့ ပါတီသဘောမျိုး သက်ဝင်တဲ့ အဖွဲ့မျိုး မဟုတ်ဘူး။ လူလဲ မရှိဘူး။ ဆိုင်းဘုတ်ဘဲ ရှိတယ်။ နောက်ပြီးတော့ကာ အဲဒါမျိုးတွေ ရှိတယ်။ သေသွားတဲ့ ကရင်အမျိုးသားတယောက်ရဲ့ နာမည်ကို အစွဲပြုပြီးတော့ ဒီလူရဲ့ အဖွဲ့ဆိုပြီး ဖွဲ့ထားတယ်။ ဒီတော့ ဘယ့်နဲ့ ဖြစ်နေသလဲ ဆိုတော့၊ ဒါတွေက သက်သက်နိုင်ငံရေးသဘောတရား ဘာမှ မပါတဲ့ အဖွဲ့မျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က ဗမာပြည်မှာ ဘယ်လို ဖြစ်စေချင်သလဲဆိုလို့ ရှိယင် အစွဲရှိနေတဲ့ အဖွဲ့တွေဟာ လက်ငင်းမဖျက်နိုင်လို့ရှိယင် (နောက်မှ ကျွန်တော် ပြောပြမယ်)။

ကျွန်တော်တို့ ဘယ်လို တည်ဆောက်ရမယ် ဆိုလို့ရှိယင် ကမ္ဘာ့နိုင်ငံရေး အဆင့်အတန်းနှင့် လိုက်လျောညီစွာ ဗမာပြည်မှာ ရှိတဲ့ နိုင်ငံရေးအဆင့်အတန်းကို မြှင့်တင်တဲ့အနေမျိုးဖြစ်အောင် သူ့ ဆိုင်ရာ ဆိုင်ရာ အကျိုးနဲ့၊ လုပ်ငန်းရဲ့သဘောနဲ့၊ ရည်ရွယ်ချက်နဲ့ ဒီလို ရှိပြီးတော့ကာ စနစ်တကျ တည်ထောင်ဖွဲ့စည်းဘို့ လိုတယ်။ အဲဒီလို ဖွဲ့စည်းတဲ့ အခါမှာ မှိုလိုပေါက်တဲ့ အဖွဲ့မျိုး များများ မရှိဘဲ ကိုယ့်အချင်းချင်း စုစုသွားကြလို့ ရှိယင်၊ ဘာဖြစ်သွားမလဲ ဆိုယင် တဖြေးဖြေး ပါတီတွေဟာ နည်းပါးလာမယ်၊ နောက်ဆုံးကျတော့ တခုတည်းသော အဖွဲ့အဖြစ်ကို ရောက်အောင် လုပ်ရမယ်၊ ဒီလို လုပ်တဲ့အခါမှာ ကျွန်တော်တို့က ပါတီသဘောမျိုး နားလည်ပြီးတော့ နိုင်ငံရေးပါတီတွေကို တည်ထောင်ဘို့ လိုတယ်။ ဒီတော့ကာ ပါတီတွေအကြောင်း ကျွန်တော် မပြောသေးခင် ခုနက ဖွဲ့တဲ့ အလုပ်သမားအဖွဲ့တွေ၊ လယ်သမားအဖွဲ့တွေ၊ သမဝါယမအဖွဲ့တွေ ဘာကြောင့် တည်ထောင်ရမလဲဆိုတာ နဲနဲ ပြောပြပါမယ်။ ဒီဟာတွေက ကျွန်တော်တို့ ရှေးတုန်းက ညီညွတ်ရေးဆိုပြီး လုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ အမြောက်အမြား လုပ်ခဲ့တယ်။ နောက် ပျက်စီးသွားကြတယ်။ ဘာကြောင့် ပျက်စီးသွားသလဲ ဆိုလို့ရှိယင်၊ ကျွန်တော်တို့ လိုက်ပြီး စုံစမ်းကြည့်ယင် အကြောင်း အမျိုးမျိုး ရှိတဲ့အနက်က အဓိက အကြောင်းကြီးက ဘာလဲဆိုတော့ ဆိုင်ရာဆိုင်ရာ လူတွေရဲ့ အကျိုးကို အမြဲတမ်းအားဖြင့် ဆောင်ရွက်နေတဲ့ အစည်းအရုံးမျိုး မဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာ လူတွေရဲ့ အကျိုးကို အမြဲတမ်း လုပ်မနေဘူး။ မထားဘူး။ လူတွေအဘို့မှာ လွတ်လပ်ရေးဆိုတဲ့ စကားဟာ မြေမထိ မိုးမထိ ဖြစ်နေတယ်။

အဲဒီတော့ လေဖမ်း ဝရမ်းချည် ဆိုတာလို ဖြစ်နေတယ်။ လေဖမ်းဒါတွေနဲ့ တူလို့၊ အကောင်အထည် မမြင်နိုင်ဘူး။

အကောင်အထည်နဲ့ လွတ်လပ်ရေးဆိုတာ၊ နိုင်ငံရေးဆိုတာ ထင်လာအောင်၊ မြင်လာအောင် ဘယ်လို လုပ်ရမလဲ၊ လယ်သမားဟာ သူနေ့တိုင်း တွေ့နေရတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ အဖွဲ့ ရှိရမယ်၊ ဒီအဖွဲ့ ရှိတဲ့ခါကျတော့ ဒီအဖွဲ့ကြီးမှာ လယ်သမားတွေက အမြဲတမ်း အာရုံစိုက်ပြီး နေလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် သူတို့အကျိုးကို ဆောင်ရွက်နေတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ သူတို့ရဲ့ ပြဿနာတွေကို အမြဲတမ်း လုပ်နေတဲ့ အဖွဲ့ကြီး ဖြစ်တယ်။ သူတို့ရဲ့စိတ်ဝင်စားမှုဟာ လျော့ပါး မသွားနိုင်ဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ မြေမထိ မိုးမထိ အဖွဲ့အစည်းတွေ ဖွဲ့ထားလို့ ရှိယင် တိုင်းသူပြည်သားတွေက ခဏစိတ်ဓာတ် တက်တုန်း လိုက်ပါပြီးတော့ နောက်ဆုံး စိတ်မပါတဲ့ အခါကျတော့မှ အမြဲ လူတွေရဲ့ စိတ်ဆိုတာ အမြဲတမ်း ပါနေမှာ မဟုတ်ဘူး။ အခုတခါ အစည်းအဝေးကြီးတွေ လုပ်တယ်၊ သိပ်ပြီးတော့ စိတ်တက် သွားတယ်၊ တော်တော်ကြာ အိမ်ပြန်ရောက်သွားတော့ လူမှု ဒုက္ခတွေ တွေ့သွားတဲ့ အခါကျတော့ လူတွေဟာ စိတ်ပျက်လာရော၊ ဟိုသတင်းကြား ဒီသတင်းကြား ဆိုယင် စိတ်ပျက်လာမယ်။ ကိုယ့်ဝမ်းစာအတွက် လုပ်ကိုင် စားသောက်ရတဲ့အတွက် နေ့စာနေ့၊ ညစာညကြောင့် မေ့ပျောက်ကုန်မယ်။

အဲဒီလိုစိတ်မျိုး မရောက်အောက် ဆိုင်ရာဆိုင်ရာ လူတွေရဲ့ အကျိုး အမြဲကြည့်ပြီး လုပ်နေတဲ့ အဖွဲ့တွေ အားဖြင့် ကျွန်တော်တို့က ထိန်းထားရမယ်။ နိုင်ငံရေးဆိုတာ ခဏတဖြုတ် လုပ်တဲ့ဟာမျိုး မဟုတ်ဘူး။ အမြဲတမ်း လုပ်ရမယ်။ အမြဲတမ်း ရှိနေတယ်။

နိုင်ငံရေး ဆိုတာ တခါတရံမှ အစည်းအဝေး လုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့လူက ပြော၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာ ရှိတဲ့ တိုင်းသူပြည်သားတွေဟာ၊ မိမိတို့ရဲ့ ဆိုင်ရာ ဆိုင်ရာ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ၊ မိမိတို့ ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန် အတွက် အမြဲတမ်း လုပ်နေတဲ့ ကိစ္စ၊ ဒီတော့ကာ အားလုံး လူတွေရဲ့ အကျိုးကိစ္စ၊ လူတွေရဲ့ နိုင်ငံရေး၊ ဒီတော့ အဲဒီလို ဖြစ်အောင် လုပ်နိုင်ဘို့ ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီး ထိန်းထားမှသာ လူတွေလဲ အမြဲတမ်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်း တပြည်လုံးပေါ်မှာ ရှိတဲ့ လူတွေဟာ နိုင်ငံရေးသမား ဖြစ်လာအောင်၊ နိုင်ငံရေး စိတ်ဝင်စားလာအောင် ဒီလို အဖွဲ့တွေ ရှိရမယ်။

ပါတီတွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ် ဆိုတော့ကာ ဒီပါတီတွေကို ဖျက်ပစ်ရင် မကောင်းဘူးလား လို့ ပြောစရာ ရှိတယ်၊ ဒီပါတီဆိုဒါက ခုနက ပြောခဲ့တဲ့အတိုင်း၊ ကျွန်တော် သရုပ်ဘော်ပြချက်အတိုင်း၊ လူတစုရဲ့ အကျိုးကို အဓိက ထားပြီးတော့ ဆောင်ရွက်တာ ဖြစ်တယ်။ ဘာဖြစ်လို့ဆိုတော့ကာ ကျွန်တော်တို့ တိုင်းပြည်မှာ လူမျိုးမျိုး ရှိတယ်။ အလုပ်သမားတွေ ရှိတယ်။ လယ်သမားတွေ ရှိတယ်။ ဒိပြင် တခြားလူတွေ ရှိတယ်။ နောက်ပြီးတော့ အရင်းရှင်တွေ ဘာတွေ ညာတွေ အစရှိသဖြင့် ရှိတယ်။ တိုင်းပြည်မှာ ဆိုယင် နယ်ချဲ့အရင်းရှင်သမားတွေ ရှိတယ်၊ (ဥပမာ… စတီး၊ ဘုံဘေဘားမား၊ ဘီအိုစီ) ဒီလူတွေဟာ တဦးနှင့်တဦး အကျိုးချင်း မတူညီကြဘူး။ အကျိုး မတူတာတွေကို အကျိုးတူတယ်လို့ သွားပြောယင် အလကားဘဲ၊ အလုပ်သမားနှင့် အလုပ်ရှင်ဟာ အကျိုးချင်း နေရာတကာမှာ မတူဘူး။ အလုပ်သမားက အလုပ်လခကို ပိုရချင်တယ်၊ အလုပ်ရှင်က လျှော့ပေးချင်တယ်၊ အလုပ်ရှင်က ဘာ ကြည့်သလဲဆိုယင် များသောအားဖြင့် အလုပ်ရှင်က အလုပ်သမားတွေရဲ့ လိုလားချက်တို့ ဘာတို့ညာတို့ကို အလုပ်သမားတွေရဲ့ လခကို သိပ်မပေးချင်ဘူး။ လျှော့တန်သလောက် လျှော့ပစ်ချင်တယ်၊ စောစောတုန်းက အလုပ်သမား သပိတ်တွေ- သစ်စက်သပိတ် မှောက်တာနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့ ကြားပီးပီ။ လခ လျှော့ပစ်လို့ စတီး သစ်စက်တွေ သပိတ်မှောက်တယ်ဆိုတာ။ အမှန်က အလုပ်သမားတွေရဲ့ လခဟာ ရှေးတုန်းက ရတဲ့ အခလောက်တောင် မရှိဘူး။ ပြီးတော့ စားကုန် သောက်ကုန် စျေးတွေက အားလုံး သိကြတဲ့အတိုင်း အများကြီး မြင့်နေတယ်၊ ဒီအထဲမှာ ရတာကလေးတောင် ပိုမပေးတဲ့အပြင် လျှော့တောင် ပေးချင်တယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အကျိုး မတူဘူး။ ဒါမျိုးတွေ ရှိတယ်။ လယ်သမားနဲ့ လယ်ပိုင်ရှင်ဟာ ဒီလိုဘဲ။ ဥပမာ လယ်သမားမှာ ကြွေးမြီဟောင်းတွေ တင်နေလို့ အတိုးရော အရင်းပါ ပေးပြီးတဲ့နောက် ကျန်ရှိနေတဲ့ အကြွေးတွေဟာ လယ်သမားမျက်စေ့နဲ့ ကြည့်မယ်ဆိုယင် ဒီကြွေးတွေ ကို လျှော်ပစ်ဘို့ကောင်းတယ်။ သို့သော် အဲဒီအကြွေးတွေကို လယ်ရှင်က တောင်းရတယ်။ လယ်ရှင်ရဲ့ မျက်စေ့နဲ့ ကြည့်မယ် ဆိုယင်၊ လျှော်ပစ်ချင်မှာ မဟုတ်ဘူး။

အဲဒါမျိုး ဖြစ်ပေါ်နေတာတွေကို အဓိက ထားပြီး၊ တည်ထောင်တဲ့အဖွဲ့မျိုးဆိုတာ၊ ဘယ်တိုင်းပြည်မဆို ပေါ်ပေါက်စမြဲ၊ ပေါ်ပေါက်တတ်တယ်။ ရာဇဝင်သဘောအတိုင်း ဖြစ်နေတာ၊ ဒီ ရာဇဝင် သဘောတရားတွေကို လူတွေဟာ မလွှဲဖယ်သာနိုင်ဘူး။ မလွှဲမရှောင်နိုင်တော့ကာ၊ ဒီဟာက အနည်းနဲ့အများ ပေါ်ပေါက်လာတော့ကာ၊ သူ့သဘောတရားနဲ့သူ ဖြစ်လာတာတွေကို ဖျောက်ပစ်ဘို့ နည်းတနည်းက ဒီဗမာပြည်မှာ လူတန်းစား မရှိတဲ့ အခြေအနေရောက်အောင် လုပ်မှ ဖြစ်နိုင်မယ်။ ဒီတော့ကာ လူချင်း အတန်းအစားကွဲဒါမျိုး ရှိနေသမျှ ကာလပတ်လုံး အနည်းနဲ့အများ ပါတီတွေဟာ ပေါ်တန်သလောက် ပေါ်လာမယ်၊ ပေါ်တော့ကာ ဒီလို ပေါ်တဲ့အခါမှာ လွတ်လပ်ရေးကိုလဲ သဘောတွေ၊ အယူအဆတွေ အမျိုးမျိုး ဖြစ်လာမယ်။လွတ်လပ်ရေး ဆိုတဲ့သဘောက အမျိုးမျိုး ရှိတယ်။

ဦးဘဖေကြီး ဟောပြောနေကြဆိုယင် လွတ်လပ်ရေးက လေးမျိုး ရှိတယ်။ အမှန်ကတော့ လေးမျိုး မကဘူး။ ဥပမာ - တိုင်းပြည် လွတ်လပ်တယ် ဆိုတာက နိုင်ငံကတော့ လွတ်လပ်တယ်၊ လူမျိုးကတော့ မလွတ်လပ်ဘူး၊ ပြောချင်တာ မပြောရဘူး။ တရားသဖြင့် သူထင်မြင်တာ မပြောရ၊ ဆိုချင်တာ မဆိုရ၊ ရေးချင်တာ မရေးရ၊ လုပ်ချင်တာ မလုပ်ရ၊ အဲဒါမျိုးဟာ ဂျပန်ခေတ်တုန်းက ခံခဲ့ရတယ်။ အဲဒီလို လွတ်လပ်ရေးမျိုးဟာ ပါးစပ်ပိတ်၊ ကြောက်လန့်ပြီးတော့ အမြဲတမ်းနေရတဲ့ လွတ်လပ်ရေး ဖြစ်တယ်။ ဓါးမိုးထားတဲ့ လွတ်လပ်ရေးပဲ။ တိုင်းသူပြည်သားတွေ မလွတ်လပ်ဘူး။ ရှေးတုန်းက ဗမာမင်းလက်ထက်မှာ ဒီအတိုင်း၊ တိုင်းသူပြည်သားတွေ မလွတ်လပ်မှုတွေ ရှိတန်သလောက် ရှိတယ်။ ဥပမာ- ရနောင်မင်းသား မောင်တုတ်၊ သီပေါမင်း လက်ထက်တုန်းက ရနောင်မင်းသားမောင်တုတ် လုပ်တာမျိုး၊ ရှင်ဘုရင့်ယောက်ဖ လုပ်တာတွေဆိုတော့ မပြောရဲကြဘူး။ ဒီမင်းသား မောင်တုတ်က၊ ဘာလုပ်သလဲ ဆိုယင်၊ ရှင်ဘုရင့် ယောက်ဖဆိုပြီး မြို့ပြင် လေးရပ် ထွက်လယ်၊ ချောချောလှလှ သမီးဆိုယင်၊ ဆိုင်ကန္နား အိမ်တွေ့ပီဆိုမှဖြင့် အိမ်ရှေ့မှာ သူ့လှံစိုက်လိုက်တာဘဲ၊ ဒီတော့ သမီးရှင် အုပ်ထိန်းသူများက ကန့်လန့်ကာတွေ ထောင်ပေးရတယ်။ မောင်တုတ်ကလဲ ကိစ္စပီးတဲ့အခါ သည်ပြင်နေရာတွေမှာလဲ ဒီလိုဘဲ လုပ်တာဘဲ။ အဲဒီတော့ကာ တိုင်းသူပြည်သားတွေက မလွတ်လပ်ဘူး။ တိုင်းပြည်မှာ လွတ်လပ်တယ် ဆိုပေမဲ့၊ ဘယ်သူတွေက တိုင်းပြည်ကို အုပ်ချုပ်မှာလဲ၊ ဘယ်သူတွေက ဘယ်လိုလူတွေ အကျိုးအတွက် လုပ်မလဲဆိုတော့၊ အချို့က ပြောလိမ့်မယ်၊ လွတ်လပ်ရေးဆိုတာ ဘယ်သူ့အတွက်လဲ လူနည်းစုအတွက်လား၊ လူများစုအတွက်လား ဆိုတာ၊ မေးနေစရာ မလိုဘူး လူများစုအတွက်လို့ ပြောမှာဘဲ။

တချို့လူတွေ ပါးစပ်အားဖြင့် ပြောပေမဲ့ လက်တွေ့အားဖြင့် လုပ်တဲ့နေရာမှာ ဒီလို သဘောထားချင်မှ ထားမယ်။ လုပ်တဲ့နေရာမှာ ကွဲသေးတယ်။ လယ်သမားတွေ လယ်မြေရအောင် စီမံ ပေးတဲ့နည်းတွေ အမျိုးမျိုး ရှိတယ်။ ဒီလို အယူအဆတွေ အမျိုးမျိုး ပေါ်နိုင်တယ်။ နောက်ပြီးတော့ကာ လွတ်လပ်ရာ လွတ်လပ်ကြောင်း လုပ်တဲ့အခါမှာ လူများစုရဲ့ လွတ်လပ်ရေး ရအောင် လူများစုရဲ့အားကို ယူပြီး၊ မတည်ပြီး အလုပ်လုပ်မှ ဖြစ်မယ်လို့ ဒီလို အယူအဆတွေ ရှိတယ်။ တချို့က လွတ်လပ်ရေးဆိုတာဟာ ပဌမ ရအောင် လုပ်ရမယ်၊ နောက်ပြီးတော့မှ လွတ်လပ်ရေးရတဲ့အခါကျမှ ဖြူမယ်၊ မဲမယ်ဆိုတာကို နောက်မှ စဉ်းစားတာပေါ့လို့ ပြောကြတယ်၊ ဒါက ဘာလဲ ဆိုတော့ ဝိုးတိုးဝါးတား လုပ်ပြီး လူများစုတွေကို ဘမ်းပြရုံပြပြီး၊ တိုင်းသူပြည်သား လွတ်လပ်ရေး ရအောင် လုပ်ပီး၊ လူများစုကို အငိုက်ဖမ်းပြီး၊ မိမိ တကိုယ်ကောင်း တစုကောင်း လုပ်ချင်တဲ့သဘောပဲ၊ တိုင်းသူပြည်သား လူထုကို ပြပြီးတော့ တနည်းအားဖြင့် ဆိုယင် မျောက်ပြပြီး ဆန်တောင်းတဲ့ နည်းမျိုးဘဲ၊ ဒီလိုနည်းနဲ့ လွတ်လပ်ရေး ရတာလား၊ လူများစု လူထုနဲ့ လွတ်လပ်ရေး မဖြစ်နိုင်ဘူးလို့ ယူဆတဲ့လူတွေလဲ ရှိကြတယ်၊ အဲဒီလို အယူအဆတွေ ရှိတော့ကာ တဦးနှင့်တဦး လူတစုနှင့်တစု သဘော ကွဲပြားလာပြီးတော့၊ ပါတီ ဆိုတာမျိုး ပေါ်ပေါက်လာကြတယ်။

ဒီလိုပေါ်ပေါက်လာတာတွေဟာ ရာဇဝင်အလျောက် ဖြစ်ပေါ်လာတာ ဖြစ်လို့မို့၊ ကျုပ်တို့ အရမ်းတားလို့ မဖြစ်နိုင်ဘူး၊ ဘိုးတော်ဘုရား လက်ထက်၊ ရှင်ဘုရင်ကနေပြီးတော့၊ ဦးပေါ်ဦးကို ဒီရေတက်လာတာ သွားပြီး ကြိမ်နဲ့ အရိုက်ခိုင်းတော့ကာ ဒီလို မဖြစ်နိုင်ဒါ အလုပ်ခိုင်းတော့ ဦးပေါ်ဦးက ပြန်လျှောက်တယ်။ ထိုခေတ်က တိုင်းသူပြည်သားတွေက ရှင်ဘုရင် စိတ်မဆိုးအောင် လျှောက်ရတာကိုး။ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် ပေးအပ်လိုက်တဲ့ ကြိမ်ဒဏ်တော်ကို မခံနိုင်တဲ့အတွက် ဒီရေဟာ ရောင်ရောင် ထလာတယ်ဆိုတဲ့ စကား သွား အမှတ်ရတယ်။ အမှန်စင်စစ်ကတော့ အရှင်ဘုရား လုပ်ခိုင်းတဲ့အတိုင်း မဖြစ်နိုင်ပါလို့ ပရိယာယ်သုံးပြီးတော့ လျှောက်တာဘဲ၊ အဲဒီအတိုင်းဘဲ။ ဒီလို ဖြစ်နေတာတွေက ရာဇဝင်အကြောင်းတရားတွေ၊ ရာဇဝင် သဘောတရားတွေ၊ စေ့ဆော်ပြီး ပေါ်ခဲ့တဲ့ အဖွဲ့အစည်းမျိုး ဆိုယင် တားဆီးဘို့ ခဲယဉ်းမယ်၊ ခဲယဉ်းတော့ ဒီခဲယဉ်းတာကို ကျွန်တော်တို့က ဒီအတိုင်း ကြည့်နေရမလား၊ ဒီအတိုင်း ကြည့်နေဘို့ မလိုဘူး။ ဒီအတိုင်း ကြည့်နေမယ်ဆိုတာ ကျွန်တော်တို့က လူဆိုတဲ့ ကျွန်တော်တို့ သဘောကို သေသေချာချာ နားမလယ်လို့ ဖြစ်မယ်။

လူဆိုတာ ဖန်တီးနိုင်တဲ့ သတ္တိ ရှိတယ်၊ ခွန်အား ရှိတယ်၊ ဘာပဲ ဖြစ်ဖြစ်၊ ကမ္ဘာလောကကြီးမှာ ဖြစ်နေတဲ့ သဘာဝတရားတွေ၊ လူကနောက်ဆုံးမှာ လွှမ်းမိုးရမယ်၊ တောင်ကြီးပေမယ့်လို့ ဖဝါးအောက် ရောက်တယ်၊ အဲဒီလိုဘဲ၊ ဘယ်လောက် အပြန့်ကျယ်တဲ့ သမုဒ္ဒရာကြီးတွေကိုတောင်မှ လူရဲ့ ဥာဏ်နဲ့ ဖန်တီးလိုက်တဲ့ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ ကူးပြီး သွားလာနိုင်အောင် လူတွေဟာ ဖန်တီးလာခဲ့တယ်။

ဘာသာတရားအရ ပြောရမယ်ဆိုယင် လူကမှ ဘုရား ဖြစ်နိုင်တယ်၊ ဒီတော့ကာ လူမှာ ဖန်တီးနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်၊ ရာဇဝင်ကို ဘယ်သူက ဖန်တီးသလဲ၊ လူကမှ ဖန်တီးတယ် မဟုတ်လား၊ လူက ဖန်တီးတယ်ဆိုတာ၊ အကြောင်းမဲ့ အရမ်းဖန်တီးဒါကို ပြောတာ မဟုတ်ဘူး၊ အဲဒီလို အတင်းပြောင်းလို့ မရဘူး။ ကျွန်တော်တို့က ဘာနားလည်ရမလဲ၊ ဖြစ်ပေါ်လာတဲ့ လောကရဲ့ အကြောင်းတွေ၊ ရာဇဝင် သဘောတရားတွေကို နားလည်ပီးတော့ အလုပ် လုပ်ရမယ်။ ဘယ်လို လုပ်ရမလဲ ဆိုတော့ကာ ဥပမာ-ရေတံခွန်ကြီး ဆင်းလာတာကို ကျွန်တော်တို့ အမျိုးမျိုး သုံးနိုင်တယ်၊ ဒီရေတံခွန်ကြီးကို သေသေချာချာ ကျကျနန ဖမ်းလိုက်ပြီး၊ ရေတံခွန်က ပါဝါကို လျှပ်စစ်ဓာတ် ရအောင် လုပ်နိုင်တယ်၊ မဖမ်းတတ် မသုံးတတ်ယင်၊ ရေတံခွန်ဟာ လူတွေရဲ့ အကျိုး ဆုတ်ယုတ်အောင် လုပ်နိုင်တယ်။

ခုနက ကျွန်တော်တို့ တပ်မတော်တွေ၊ ပဲခူးတိုက်ပွဲ၊ စစ်တောင်းတိုက်ပွဲတွေတုန်းက ဂျပန်ရန်ကို စိုးရိမ်ပြီးတော့ အင်မတန် ကြိုးကြိုးစားစား မြစ်ကျိုးရေကာတာကို ကာကွယ်ခဲ့တယ်။ အကယ်၍သာ ရေကာတာကြီးသာ ပျက်စီးသွားမယ်ဆိုယင်၊ အဲဒီအောက်မှာ ရှိတဲ့ အိမ်တွေ၊ အိုးတွေ၊ လယ်တွေ၊ မြေတွေဟာ အင်မတန် ပျက်စီးသွားမယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရံဖန်ရံခါအားဖြင့် ရေလွှမ်းမိုးတာ ဖြစ်တယ် မဟုတ်လား၊ ရေလွှမ်းမိုးတာတွေကို ရေမလွှမ်းမိုးရအောင် စီမံနိုင်တဲ့ နည်းတွေ ရှိတယ်။ ဘာကြောင့် ရေလွှမ်းသလဲ၊ အကြောင်း ရှိတယ်။ ဟိုလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်တုန်းက အခု ဖ-ဆ-ပ-လ အဖွဲ့ကြီးထဲမှာ ပါတဲ့ ဦးဘဖေတို့ကိုယ်တိုင် ဟိုတုန်းက ချယ်ယာမင်လုပ်ပြီး စုံစမ်းရေး ကော်မတီဆိုပြီးတော့ စုံစမ်းခဲ့တယ်။ ဒါတွင် မကသေးဘူး။ ဘာကြောင့် ရေလွှမ်းမိုးတယ်၊ ဘယ်လို စီမံဘို့ ကောင်းတယ်၊ အဲဒါမျိုးတွေ အကြံဥာဏ် ပေးတယ်။ ဒါတွေဟာ နတ် ဖမ်းစားတာနဲ့ မဆိုင်ဘူး။ သိကြားမင်းကလဲ စိတ်ဆိုးလို့ လုပ်တာ မဟုတ်ဘူး၊ သူ့အကြောင်းနဲ့သူ ဖြစ်လာတာ သေသေချာချာ နားလည်ပြီး လုပ်ကိုင်လို့ ရှိယင်၊ လူတွေဟာ ရေမလွှမ်းမိုးအောင် စီမံ ဖန်တီးနိုင်ရမယ်။

ဒီတော့ကာ ရာဇဝင်အကြောင်းတရားတွေနဲ့ စေ့ဆော်လို့ ပေါ်လာတဲ့ အဖွဲ့အစည်းမျိုး ရှိလာလို့ ရှိယင်၊ ဒီလို အဖွဲ့အစည်းမျိုးတွေကို ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ၊ ရာဇဝင် သဘောတရားတွေ၊ အကြောင်းတရားတွေအရ သေသေချာချာ လုပ်ကိုင်ပြီးတော့ကာ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိရာ ရှိကြောင်း လမ်းညွှန်ပြီး သွားနိုင်ရမယ်။ ဒီလိုမှသာ ကျွန်တော်တို့ လိုချင်တဲ့ ရည်ရွယ်ချက်တူ၊ အကျိုးတူ၊ အလုပ်တူ ညီညွတ်ရေးကို ရအောင် လုပ်နိုင်ပြီး၊ တကယ့် ညီညွတ်ရေးဆီကို လှမ်းသွားနိုင်မယ်။

“ယခုအခါ ဗြိတိသျှ နယ်ချဲ့သမားလက်အောက်မှ လွတ်မြောက်ရေး၌ တူညီသော အကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များ ရှိသော အထက်ပါ လူတန်းစား အစည်းအရုံးများ၊ တိုင်းရင်းသား လူစု အဖွဲ့များနှင့် နိုင်ငံရေး ပါတီတိုင်းသည် လွတ်လပ်ရေး အင်အားစုပေါင်းဆုံရာ ဖြစ်သော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးနှင့် တကယ့် အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင် တည်ဆောက်ကာ ဗမာပြည် လွတ်လပ်ရေးကို အရယူရန် ဤ ညီလာခံ သဘင်ကြီးက ဆုံးဖြတ်ကြောင်း’’။

ဒါက ခုနပြောသလို သူ့အလိုလို တူညီတဲ့ အကျိုးတွေနဲ့ ဖွဲ့စည်းပြီးတော့ကာ အားလုံးရဲ့ အကျိုးကို တူညီတဲ့ တမျိုးသားလုံးရဲ့အကျိုးဟာ ဘာလဲ ဆိုယင် ခုနေအခါမှာ လွတ်လပ်ရေးဘဲ။ ဘယ်လို လွတ်လပ်ရေးလဲ၊ မလွတ်လပ်တဲ့ ကုန်သည်တွေဟာ အချုပ်အချယ် အမျိုးမျိုး ခံနေရတယ်၊ မလွတ်လပ်တဲ့ တိုင်းနိုင်ငံမှာ ရှိတဲ့ လယ်သမားတွေလဲ အချုပ်အချယ် ခံနေရတယ်၊ အလုပ်သမားတွေဟာလဲ ဒီအတိုင်းဘဲ ခံနေရတယ်၊ ဒီတော့ကာ အားလုံးဟာ သူ့အလျောက်သူ တူညီတဲ့ အကျိုး ရှိတယ်၊ တူညီတဲ့ ရည်ရွယ်ချက် ရှိတယ်၊ အဲဒီလို တူညီတဲ့ အကျိုး ၊ တူညီတဲ့ ရည်ရွယ်ချက် ရှိတဲ့အတွက် တူညီတဲ့ အလုပ် လုပ်မှသာလျှင် ရမယ်၊ ဒီတော့ ဒီလို ရအောင် အင်အားတွေ စုထားတဲ့ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲမှာ အားလုံး ဝင်ပြီးတော့ ဒီအဖွဲ့ချုပ်ကြီးရဲ့ ခေါင်းဆောင်များ လမ်းညွှန်ရာကို နာခံပြီးတော့ကာ အဖွဲ့အစည်းထဲမှာ မပါတဲ့ တိုင်းသူပြည်သား အများအပြားကလဲ ဒီအဖွဲ့ချုပ်ကြီးမှာ တသီးပုဂ္ဂလများအဖြစ် ပါဝင် ပူပေါင်းပြီးတော့ လွတ်လပ်ရေးကို အရယူဘို့၊ ဒီညီလာခံသဘင်ကြီးက ဆုံးဖြတ်ဖို့ဘဲ၊ ပါတီတွေနဲ့ ပတ်သက်ပြီးတော့ကာ သဘောထားကို ပြောပြီးတဲ့အတိုင်း ဒီညီညွတ်ရေး လုပ်တဲ့ အခါမှာ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးရဲ့ အမျိုးသား စည်းရုံးခြင်းဟာ၊ ဂျီ-စီ-ဘီ-အေ အစည်းအရုံးနဲ့ မတူဘူး၊ အိန္ဒိယပြည်က လူအများ သိနေတဲ့ (Indian National Congress ) ကွန်ဂရက် အစည်းအရုံးနဲ့လဲ မတူနိုင်ဘူး။ နဲနဲ ဆင်တူသလောက် တူတာကို ပြောရယင်၊ ဘိလပ်မှာ ရှိတဲ့ လေဘာပါတီ ဆိုတဲ့ အလုပ်သမားအဖွဲ့မျိုးနဲ့တော့ ဆင်သလောက် ဆင်တယ်၊ အဲဒီ အလုပ်သမား အဖွဲ့က ဘယ်သူတွေ ပါသလဲဆိုတော့ အလုပ်သမား အဖွဲ့၊ အလုပ်သမား သမဂ္ဂအဖွဲ့ (T.U.C) ၊ သမဝါယမအသင်း အဲ့ဒီ အဖွဲ့တွေ ပါတယ်။ ဒီပြင် တသီးပုဂ္ဂလ အားဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့တွေလဲ ပါတယ်၊ နောက်ပြီးတော့ တရုပ်ပြည်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က ဒေါက်တာ ဆွန်ရက်ဆင် ကြီးမှူးပြီးတော့၊ တရုပ်ပြည်ကြီးရဲ့ သမ္မတနိုင်ငံ တည်ထောင်ဘို့အတွက် တော်လှန်ရေး လုပ်တဲ့အခါတုန်းက တည်ထောင်ခဲ့တဲ့ ကူမင်တန် အဖွဲ့အစည်းခေါ်တဲ့ တရုပ်ပြည်က အမျိုးသား အဖွဲ့အစည်းနဲ့လဲ တူသလောက် တူတယ်။

အဲဒီ အခါတုန်းက အဲဒီ အဖွဲ့ထဲမှာ နိုင်ငံရေး ပါတီတချို့ ထည့်ပေးထားတယ်။ ဒေါက်တာ ဆွန်ရက်ဆင်ဟာ တသီးပုဂ္ဂလအားဖြင့်လဲ ဖွဲ့စည်းတယ်၊ အဲဒါမျိုး ရှိတယ်၊ ဒီတော့ လူတွေက ဘဲ့နဲ့ဖြစ်သလဲ ဆိုတော့၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးမှာ အဖွဲ့ အသီးသီးတွေလဲ ပါတယ်။ လူအသီးသီးတွေလဲ ပါတယ် ဆိုတော့ တချို့က ဒီအဖွဲ့တွေ ပါတာကို သဘောမပေါက်နိုင်ဘူး၊ အိန္ဒိယကွန်ဂရက်မှာလဲ အဖွဲ့တွေ မရှိဘူး၊ ဂျီ-စီ-ဘီ-အေ တုန်းကလဲ ဒီလိုဘဲ လုပ်တယ်ထင်ပြီး ပြောနေတယ်၊ ကျွန်တော်တို့က အဲဒါတွေကို သေသေချာချာ သိဘို့ လိုတယ်။

ကွန်ဂရက် အဖွဲ့ကြီး ဆိုလို့ ရှိယင် အမြင်အားဖြင့်၊ ဘန်းပြအားဖြင့် အမျိုးသား အစည်းအရုံးလို့ ထင်မြင် နေပေမယ်လို့၊ အခု အချိန်အခါမှာ အမျိုးသား အစည်းအရုံး မခေါ်နိုင်တော့ဘူး၊ ဘာကြောင့်လဲ ဆိုတော့ အဲဒီနေရာမှာ မူစလင် လူမျိုးတွေရဲ့ အားကို ယူပြီးတော့ ဖွဲ့စည်းထားတဲ့ မူစလင်အစည်းအရုံးက အင်မတန် အင်အား ကြီးတယ်၊ ဘယ်လိုထိအောင် ထင်ရှားနေသလဲလို့ ဆိုတော့ကာ ရွေးကောက်ပွဲ လုပ်တဲ့နေရာမှာ မူစလင်အတွက် လူ ၃၀ နေရာ ရာထားတယ်၊ ဒီနေရာမှာ မူစလင် ၃၀ စလုံးကို မူစလင် အစည်းအရုံး ရသွားတယ်၊ ဒီတော့ကာ အိန္ဒိယပြည်ရဲ့ ကွန်ဂရက်အဖွဲ့ကြီးဟာ ၊ အမျိုးသား အစည်းအရုံး အနေမျိုး မဟုတ်တော့ဘူး။

ပြည်နယ်တွေမှာလဲ ဒေသန္တရ အဖွဲ့တွေ ရှိသေးတယ်၊ ကျွန်တော်တို့ အိန္ဒိယပြည်သွားတုန်းကဆိုယင် အဖွဲ့ပေါင်း အများကြီး တွေ့ရတယ်၊ တွေ့ရုံ မကဘူး။ ကွန်ဂရက်ထဲမှာ ဝါဒသဘောမျိုး လွတ်လပ်ရေးကို သဘော အဓိပ္ပာယ် ခွဲပြီးတော့ လွတ်လပ်ရေး ရအောင် ဘယ်လို လုပ်ဖို့ ကောင်းတယ်ဆိုတဲ့ သဘောတွေ ဒီအဖွဲ့အစည်းထဲမှာ နေပြီးတော့ ညီလာခံ သဘင်တွေ ကျယင် လွတ်လပ်ရေးဆိုတာ ဘယ်လို သဘောမျိုး ဖြစ်ဖို့ ကောင်းတယ်၊ ဒီလွတ်လပ်ရေးကို အမြန်ရအောင် ဘယ်လိုလုပ်ဖို့ ကောင်းတယ် ဆိုပီး သဘောအယူအဆတွေ အများအပြား ကွဲကြတယ်။ အားလုံး သဘောကျပြီးပြီ ဆိုလို့ ရှိယင်၊ အများ သဘောတူ ဆောင်ရွက်ကြတယ်။ ဒါကြောင့် ကွန်ဂရက်မှာလဲ အဲဒီ အဖွဲ့မျိုး ရှိတယ်။ အဲဒီလို အဖွဲ့မျိုး ဆိုတာ ဗမာပြည်မှာ ရှိတဲ့ အဖွဲ့မျိုးကို ပြောတာ မဟုတ်ဘူး။

ဗမာပြည်မှာ လူတယောက်ရဲ့ နာမည်ကို အခြေခံ ပြုပြီး ဖြစ်တဲ့အဖွဲ့ ဝေစား(ဝါးစေ)ရေး အဖွဲ့မျိုး မဟုတ်ဘဲနဲ့ ခုနက ပြောတဲ့ အဖွဲ့ဟာ အနှေးနဲ့အမြန် ပေါ်ပေါက်မယ်။ ပေါ်ပေါက်တဲ့အခါကျတော့ ခုနပြောသလို အမျိုးသား အစည်းအရုံးဖြစ်တဲ့ ဖ-ဆ-ပ-လ အဖွဲ့ချုပ်လိုဟာမျိုးမှာ ဝင်ရောက်ပြီးတော့ကာ၊ ဒီ ဖ-ဆ-ပ-လ အဖွဲ့ကြီးရဲ့ ချုပ်ကိုင်ချက်၊ လမ်းညွှန်ချက် ထိန်းသိမ်းခြင်းကို ခံယူပြီး လုပ်မယ်ဆိုယင် ညီညွတ်ရေးကို မထိခိုက်နိုင်ပါဘူး။ အဖွဲ့ချုပ်ကြီးက ဘယ်လို ချုပ်ကိုင်ရမလဲ ထိန်းရမလဲဆိုယင် ပါတီအချင်းချင်း ပြိုင်ဆိုင်မှု ရှိယင် အကောင်းနည်း ပြိုင် စေရမယ်၊ အဆိုးနည်း မပြိုင်အောင် တားပေးရမယ်။

ဘယ်လို အကောင်းနည်း ပြိုင်ရမလဲ ဆိုယင်၊ တိုင်းပြည်နဲ့ လူမျိုးအတွက်၊ အဖွဲ့ချုပ်ကြီးအတွက် ဘယ်လောက်ထိအောင် စွမ်းဆောင်နိုင်တယ်၊ လုပ်ပြနိုင်တယ်လို့ တဦးနှင့်တဦး ပြိုင်ကြမယ်ဆိုယင် အကောင်းပြိုင်နည်းမျိုးဘဲ။ ဒီလို အကောင်းပြိုင်နည်းမျိုး မဟုတ်ဘဲ၊ တဦးနှင့်တဦး ပျက်စီးရာ ပျက်စီးကြောင်း၊ တိုင်းပြည်နှင့် လူမျိုး အကျိုး၊ အဖွဲ့ချုပ်ကြီးရဲ့ အကျိုးကို ဂရုမမူဘဲ၊ ပြုလုပ်ကြမယ်ဆိုယင်၊ ဒါ အဆိုးပြိုင်နည်းဘဲ။ ဒီလို အဆိုးပြိုင်နည်းမျိုး မရှိအောင် အဖွဲ့ချုပ်ကြီးက တားပေးရမယ်၊ ပြီးတော့ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ညီညွတ်သည်ထက် ညီညွတ်အောင် လုပ်ပေးရမယ်။ နိုင်ငံရေးပါတီ ဆိုဒါမျိုးကို ပါတီသဘောမျိုး ဖွဲ့စည်းတာမျိုး ရှိစေရမယ်။ အဲဒီလိုစည်းကမ်းတွေသတ်မှတ်ပြီး၊ နိုင်ငံရေး အဖွဲ့တွေကို လက်ခံမယ် ဆိုယင်၊ အဖွဲ့ချုပ်ကြီးဟာလဲ တည်တံ့မယ်။ အမျိုးသား ညီညွတ်ရေးဟာလဲ ပျက်စရာ မရှိဘဲ တဆင့်ထက်တဆင့် တိုးပြီး ခိုင်မြဲသွားမယ်။

ဒီ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲမှာ တသီးပုဂ္ဂလတွေလဲ ပါပါတယ်၊ အခု ကွန်ဂရက်ကြီး တက်တဲ့ လူတွေထဲမှာ တသီးပုဂ္ဂလသဘောမျိုးနဲ့ ကိုယ်စားလှယ်တွေဟာ ပါတီကိုယ်စားလှယ်တွေထက် များပါတယ်။ ဒီတော့ တသီးပုဂ္ဂလလုပ်တဲ့ ပုဂ္ဂိုလ်တွေက ပါတီတွေကိုတော့ ဂရုစိုက်ပြီး၊ ဒို့တော့ ဂရုမစိုက်ဘူးလို့ မထင်ပါနဲ့၊ ခင်ဗျားတို့အတွက်လဲ သီးသန့် စည်းမျဉ်းထဲမှာ ထည့်ထားပါတယ်။ အခြေအနေ အလျောက်သာ ပါတီတွေကို လက်ခံရတယ် ဆိုတာ နားလည်စေချင်တယ်။ တသီးပုဂ္ဂလလုပ်တဲ့ လူတွေသာ လုပ်တတ်လို့ ရှိယင် ပါတီတွေဟာ အဖွဲ့ချုပ်ကြီး လုပ်ငန်းကို အမြဲတစေ ထောက်ခံအောင် လုပ်ပေးနိုင်ပါတယ်။ ပါတီတွေက မဟုတ်တာ လုပ်တဲ့အခါ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးကိုသာ ရှေ့ရှုအောင် ရိုက်သွင်းပေး၊ ရိုက်သွင်း မရယင် ဝိုင်းပယ်ပစ်။ လူထုကို အမြဲတမ်း ဖ-ဆ-ပ-လ နောက် ရှိအောင် လုပ်ယင် ပါတီတွေဟာ ကောင်းကောင်းနေမှာဘဲ၊ ဒါ ခင်ဗျားတို့ အပေါ်မှာ တည်ပါတယ်။ ခင်ဗျားတို့ လုပ်ဖို့ ဖြစ်ပါတယ်။

နိဂုံးချုပ်တွင် လူငယ်ခေါင်းဆောင်များကို ကျုပ်လဲ လူငယ်ဖြစ်တဲ့အတိုင်း အထူး မေတ္တာ ရပ်ခံ သွားချင်တယ်။ လူငယ်တွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် ဘယ်လောက် လုပ်တယ်ဆိုတာလဲ လူအများအပြား သိကြတာဘဲ။ လူကြီးတွေ ဆိုတာလဲ ဒီတိုင်းပြည်မှာ အတော်ဘဲ မရှိကြတော့ဘူး။ လူငယ်တွေရဲ့ ခေတ် ရောက်လာပါပြီ၊ ဒီလို မိမိတို့ခေတ် ရောက်လာတဲ့အခါ မိမိတို့ဟာ ရှေးက နိုင်ငံရေးသမားတွေ မှားသလို မမှားကြတော့ဘဲ၊ နည်းသစ်၊ အလုပ်သစ်၊ စိတ်သစ်၊ နိုင်ငံရေးသစ်ကို လုပ်ဖို့ အထူး သတိပြုစေလိုပါတယ်။ တဦးနှင့်တဦးလဲ အယုံအကြည် အရမ်းမကင်းကြပါနှင့်၊ တဦးနှင့်တဦးလဲ ဝေဖန်လွန်း အားမကြီးပါနှင့်၊ ရှေ့ကိုလဲ သိပ်လောမကြီးပါနှင့်၊ သိပ်လောကြီးယင် စစ်ကျွံသလို ဖြစ်မယ်ဆိုတာကို သတိပြုပါ။ စစ်တပ်များဟာ သာမန်စစ်သားရဲ့ ခြေလှမ်းနဲ့ နိုင်းချိန်ပြီး စစ်ချီရသလို တနိုင်ငံလုံး တမျိုးသားလုံး လွတ်လပ်ရေးပန်းတိုင်ကို တပ်လုံးချီတဲ့အခါ ခြေလှမ်း ညီညီညာညာနှင့် တပ်ချင်းပြတ်ပြီး တပ်မကျွံရအောင် ရန်သူက အမှည့်ချွေ၊ ချွေပြီး မတိုက်နိုင်အောင်၊ ရာဇဝင်မှာ မင်းရဲကျော်စွာ စစ်ကျွံသလို မကျွံရအောင် မှန်မှန်ကြီး ခရီးသွားဖို့ အထူးအရေးကြီးပါတယ်။ အဲဒီလို ခြေလှမ်းမှန်မှန်နှင့် တနိုင်ငံလုံး တမျိုးသားလုံးရဲ့ လွတ်လပ်ရေးကို ရှေ့ရှုပြီး ညီညွတ်ရေးကို ဆောင်ရွက်တဲ့အခါ လူငယ်များဟာ တပ်ဦးက ခြေလှမ်းမှန်မှန် လှမ်းကြရန် အရေးကြီးပါတယ်။

ဖ-ဆ-ပ-လ ထဲတွင် အချို့ လူကြီးများကို အချို့က သဘောမကျ ပုတ်ခတ်ကြတယ်။ သူတို့တတွေ ဟန်ပါ့မလား၊ သူတို့နှင့် ပေါင်းလို့ ဖြစ်ပါ့မလားလို့ ပြောကြတယ်။ ဘုရားလက်ထက်မှာတောင် အလဇ္ဇီရဟန်းများ ရှိယင် ကျုပ်တို့ ဖ-ဆ-ပ-လမှာလဲ ကျုပ်တို့ မသိတဲ့ အလဇ္ဇီတွေ ရှိမှာဘဲ။ ဒါပေမဲ့ ဘုရားလက်ထက်က သူဌေးကြီးတဦး လုပ်သလို၊ ဒီလို နိုင်ငံရေး အလဇ္ဇီတွေကိုလဲ ဆက်ဆံစေလိုတယ်။ ဘယ်လိုလဲ ဆိုယင်၊ ဘုရားလက်ထက်က မဟာဒုတ် ဆွမ်းကျွေးတဲ့အခါ အလဇ္ဇီရဟန်းတပါးကို သူဌေးကြီးတဦးက မဲကျတော့ ကောင်းကောင်းမွန်မွန် သူ့ကို ကျွေးမွေးလွှတ်လိုက်တယ်။ ဒီတော့ ရဟန်းတုက ငါတော့ အမဲမိပြီလို့ သဘောရပြီး နောက်တခါ သူဌေးကြီးဆီ လာပြီး တူရွင်းလာငှားတယ်။ ဒီတော့ သူဌေးကြီးက ခြေထောက်နှင့်ထိုးပြီး တူရွင်းကို ပေးလိုက်တယ်၊ ဒါကို ဒီပြင် သူတယောက်က မြင်တော့၊ ခင်ဗျား အရင်ကတမျိုး၊ ခုတမျိုး ဘာလို့ လုပ်သလဲလို့ မေးတဲ့အခါ သူဌေးကြီးက ဒီရဟန်းဟာ အလဇ္ဇီဖြစ်မှန်း ငါ သိတယ်။ အရင်တခါ ငါ့ဆီလာတဲ့အခါ သူဟာ သံဃာရဲ့ ကိုယ်စားလှယ် အဖြစ် လာတယ်၊ သံဃာကို ကြည်ညိုတဲ့ သဘောနဲ့ သူ့ကို ဆွမ်း လုပ်ကျွေးလိုက်တယ်၊ အခုတခါ သူလာတာဟာ ပုဂ္ဂိုလ်အနေနဲ့ဖြစ်တယ် ဒါကြောင့် ဘုရားဟောအတိုင်း၊ ငါမကြည်ညိုချင်ယင် ဖြစ်တယ်လို့ ပြန်ပြောပြတယ်။ အဲဒီအတိုင်းဘဲ၊ ကျုပ်တို့ ဖ-ဆ-ပ-လ ထဲမှာ ပါတဲ့ ခင်ဗျားတို့ သိတဲ့အတိုင်း အလဇ္ဇီတွေ ရှိယင်၊ ဖ-ဆ-ပ-လ ရဲ့ လုပ်ငန်းကို လုပ်တဲ့အခါ ဖ-ဆ-ပ-လ ကို ကြည်ညိုသော အားဖြင့် သူတို့ကို ဆက်ဆံပါ၊ သို့သော် သူတို့ဖာသာသူတို့ လုပ်တဲ့အခါ ဖ-ဆ-ပ-လ မှ စာအထောက်အထား မပါဘဲ၊ သူတို့အကျိုး သူတို့ လုပ်တဲ့အခါ ခင်ဗျားတို့ မထောက်ခံပါနှင့်၊ ခင်ဗျားတို့ သဘောအတိုင်းဘဲ၊ ဒီလိုလူတွေဟာလဲ၊ တဖြေးဖြေးကျယင် ဆန်ပြာသလို ပြာပစ်ရမှာဘဲ၊ ဒီတော့ နောက်ဆုံးကျယင် စင်ကြယ်တဲ့ ညီညွတ်ရေး၊ စင်ကြယ်တဲ့ နိုင်ငံရေး လုပ်မဲ့လူတွေဟာ ၊ ဖ-ဆ-ပ-လ ကြီးမှာ ရှိပြီး ဖ-ဆ-ပ-လ ကြီးကို တိုင်းပြည်က အမြဲ အားပေးယင်၊ ဘယ်နည်းနှင့်မဆို လွတ်လပ်ရေးဟာ မြေကြီးလက်ခတ် မလွဲတန်း ရမှာဘဲ၊ ဒါကြောင့် ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲ အားလုံး တိုင်းသူပြည်သားများဟာ ဝင်ပြီးတော့ စင်ကြယ်တဲ့ ညီညွတ်ရေး ၊ စင်ကြယ်တဲ့ နိုင်ငံရေးကို တည်ဆောက်ကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်။

၎င်းနောက် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါ အဆိုကို တင်သွင်းကြောင်း။

ညီညွတ်ရေး

“ဗမာပြည်သည် အာဏာပိုင် တိုင်းပြု ပြည်ပြု လွှတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် (ဝါ) လွတ်လပ်ရေး ရအောင် အလိုဆုံး အရာမှာ ညီညွတ်ရေးပင် ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီသော အကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည် ဖြစ်ကြောင်း၊ ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားသည် တူညီသော အကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုကာ၊ သမဂ္ဂများ ဖွဲ့၍ ခိုင်မြဲသော ညီညွတ်ရေးကို တည်ဆောက်၍၊ ဗမာပြည်တွင် အလုပ်သမားတို့အတွက် အစည်းအရုံးတခုသာ ရှိရန်နှင့်၊ အလုပ်သမားတိုင်း ညီညွတ်ရန် လိုပေကြောင်း၊ လယ်သီးစား လယ်ကူလီနှင့် လယ်ယာမြေဧက အထိုက်အလျောက် ပိုင်ဆိုင်လုပ်ကိုင်သော တောင်သူလယ်သမားများ အားလုံးသည် တူညီသော အကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များတွင် အခြေပြုကာ လယ်သမား သမဂ္ဂများကို တည်ထောင်ကြရန် ဗမာပြည်တွင် တောင်သူလယ်သမားတို့အတွက် တခုတည်းသော အစည်းအရုံးကို တည်ဆောက်ရန်နှင့် တောင်သူလယ်သမားတိုင်း ညီညွတ်ရန် လိုပေကြောင်း။”

“ထို့အတူ စျေးသည်၊ ပွဲစား ၊ စာရေး၊ စာချီ ၊ ပညာသည်၊ ရှေ့နေ စသည်တို့သည်လည်း ဆိုင်ရာဆိုင်ရာ သမဝါယမအသင်းများနှင့် သမဂ္ဂများကို ဖွဲ့စည်း၍ ညီညွတ်ရေး တည်ဆောက်ကြရန် လိုပေကြောင်း။”

“ဗမာနိုင်ငံရှိ တိုင်းရင်းသားများသည်လည်း သက်ဆိုင်ရာ လူမျိုးအလိုက် တခုတည်းသော အစည်းအရုံးကို တည်ထောင်၍ ညီညွတ်ကြရန် လိုပေသည်။”

“နိုင်ငံရေး ပါတီတို့သည်လည်း လုပ်နည်းနှင့် ဝါဒ တူသော ပါတီအချင်းချင်း ပူးပေါင်းခြင်းဖြင့်၊ ပိုမိုခိုင်မြဲအောင် တည်ဆောက်ရန် လိုအပ်ပေကြောင်း၊ အထက်ပါနည်းအရ လူတန်းစား အစည်းအရုံးများ၊ တိုင်းရင်းသား လူနည်းစုအဖွဲ့များနှင့် နိုင်ငံရေး ပါတီများသည် အမြန်ဆုံး ခိုင်မြဲညီညွတ်စွာ တည်ဆောက်ရမည် ဖြစ်ကြောင်း။”

“ယခုအခါ ဗြိတိသျှ နယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေး၌ တူညီသော အကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များ ရှိသော အထက်ပါ လူတန်းစား အစည်းအရုံးများ၊ တိုင်းရင်းသား လူစုအဖွဲ့များနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေး အင်အားစု ပေါင်းဆုံရာ ဖြစ်သော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးနှင့် တကဲ့ အမျိုးသား ညီညွတ်ရေးကို ခိုင်မြဲအောင် တည်ဆောက်ကာ ဗမာပြည် လွတ်လပ်ရေးကို အရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း။”

အဆိုကို ညီလာခံလူထုက ထောက်ခံ အတည်ပြုလိုက်ကြောင်း။ ။

 

Google