ဗိုလ်ချုပ် အောင်ဆန်း

အရေးကြီးသော စက်မှုလုပ်ငန်းများကို ပြည်သူပိုင်လုပ်ရန်

၁၉၄၇ ခု၊ မတ်လ ၁ ရက်နေ့၊ မြန်မာပြည် အင်္ဂလိပ်ကုန်သည်ကြီးများအသင်းအစည်းအဝေး၌ ပြောကြားခဲ့သော မိန့်ခွန်း။

ကုန်သည်ကြီးအသင်း ဥက္ကဌ စကားထဲ၌ အမျိုးမျိုးသော ကိစ္စတို့ကို ပြောသွားရာ ထိုအချက်တို့ကို သိရသဖြင့် ကျေးဇူးတင်ကြောင်း။ ထိုစကားကို ထောက်ရှုခြင်းအားဖြင့် အင်္ဂလိပ်ကုန်သည်ကြီးအသင်းသည် မြန်မာပြည် စီးပွားရေးဖက်၌ များစွာ စိတ်ဝင်စားသည်ကို ပြလျက်ရှိကြောင်း၊ ပရိုဂျက်များနှင့် ပတ်သက်၍ ဥက္ကဌမှာ ကျွန်ုပ်ထက်ပင် သတင်းစုံစွာ သိရှိကြောင်း၊ (ထို့နောက် ဗိုလ်ချုပ်က မြန်မာပြည်၌ စစ် နှစ်ခါဖြစ်၍ ဗမာ့စီးပွားရေး ပျက်စီးပုံ၊ လယ်များ ပျက်စီးပုံနှင့် ဂျပန်ငွေစက္ကူတန်ဖိုး မရှိဟု ကြေညာသဖြင့် ဂျပန်ငွေစက္ကူများသာ ချမ်းသာသော မြန်မာများ နေ့ချင်းညချင်း ဆင်းရဲရပုံတို့ကို ပြော၍ ထိုအကြောင်းများကြောင့် မြန်မာပြည်မှာ မငြိမ်သက် ဖြစ်ရပုံမှာ အံ့သြစရာ မရှိဟု ပြောဆိုကြောင်း။ ၎င်းနောက် မီးရထားလမ်းနှင့် လျှပ်စစ် ဓာတ်သတ္တုတွင်းများ ပြန်လည် လုပ်ကိုင်ပုံကို ပြောပြလေသည်။)

မြန်မာ့ဆန် အခြေအနေ

ယခုနှစ် နွားနှင့်လယ်ထွန်ကရိယာ မရှိသော်လည်း မြန်မာ လယ်သမားများ စပါးပိုထွက်အောင် လုပ်ကိုင်သဖြင့် အစိုးရနှင့် ဆန်လိုနေသော တိုင်းပြည်မှ လူများက ကျေးဇူးတင်ကြောင်း။ ဆန် တန်ချိန် တသန်း နိုင်ငံခြားသို့ ပို့ရန် ခန့်မှန်းကြောင်း။ စစ် မဖြစ်မီက အဆင့်အတန်းကို မှီသော မြန်မာဆန် ရဖို့ ခဲယဉ်းသည်ဟု ပြောဆိုရာ ၎င်းတို့မှာ လိုအပ်သော ပစ္စည်း လိုနေသောကြောင့် ဖြစ်ကြောင်း။ မြန်မာဆန်သည် စစ်မဖြစ်မီက အခြေသို့ ရောက်လိမ့်မည်ဟု မြှော်လင့်ကြောင်း။

ဝါဂွမ်းနှင့် ဆီကြိတ်ရန် နှမ်းနှင့် ပဲ ထွက်ခြင်းမှာ မကျေနပ်စရာပင် ဖြစ်သည်ဟု ဥက္ကဌက ပြောသွားကြောင်း။ ထိုသို့ ဖြစ်ရခြင်းမှာ ရာသီဥတု မကောင်းသဖြင့် ထိုရာသီဥတု သဘာဝကို ကျုပ်တို့ မထိန်းနိုင်ကြောင်း၊ မြန်မာပြည်က အိန္ဒိယပြည်မှ ပဲဆီ တန်ချိန် ၄၅,၀၀၀ တောင်းကြောင်း၊ ဤသို့ တောင်းဆိုခြင်းမှာ မြန်မာများမှာ ဆီစားသုံး၍ အင်အားရှိရန်အတွက်ပင် ဖြစ်ကြောင်း။

သစ်ကိုလည်း အစိုးရက နိုင်ငံခြားနှင့် ပြည်တွင်းသုံးအတွက် လိုသလောက် ရအောင်နှင့် စစ်မဖြစ်မီက ရောင်းဝယ်ရေး အခြေ ပြန်ရောက်အောင် ကြိုးစားလျက် ရှိကြောင်း။

ပရိုဂျက်ကို မကျေနပ်

ပရိုဂျက်များကို ပျက်စီးသော မြန်မာပြည်ကို ပြန်လည် ထူထောင်ရန် ဆင်မလားမြို့မှ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းပရိုဂျက် ဝါဒများနှင့် ပတ်သက်၍ အစိုးရက ကိုင်တော့မည် ဖြစ်ကြောင်း၊ ပရိုဂျက်များ လုပ်နေပုံကို မကျေနပ်ကြောင်း၊ ထိုပရိုဂျက်ဝါဒ ရည်ရွယ်ချက်မှာ ကောင်းသော်လည်း လုပ်ငန်းစဉ် မကောင်းသဖြင့် မကြိုက်ကြောင်း၊ ပြည်သူ့ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ပရိုဂျက်များမှာ အလကား ငွေဖြုန်းနေကြောင်း၊ ထိုလုပ်ငန်းတွင် စစ်ဆေးခြင်း မရှိဘဲ လုပ်နေသည်ဟု သတင်းရရှိကြောင်း၊ ဤသို့ ဖြစ်မှုကို လျစ်လျူ မရှုနိုင်ကြောင်း။

ကျပ်တည်းစွာ အုပ်ချုပ်မည်

ယခုအခါတွင် ရနိုင်သမျှ ကုတ်ကတ် ရရှိသော ငွေတကျပ်တိုင်း တိုင်းပြည်အကျိုးအတွက် အသုံးပြုရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရက ထို ပရိုဂျက်များကို ကျပ်ကျပ်တည်းတည်း စီမံ အုပ်ချုပ်ရန် ကြံရွယ်ခြင်း ဖြစ်ကြောင်း၊ ပရိုဂျက်တို့ လုပ်ကိုင်ခဲ့ခြင်းများကို အရာရှိ မဟုတ်သော ကိုယ်စားလှယ်များနှင့် ပေါင်း၍ ပြန်လည် ဝေဖန်စီစစ်ရမည် ဖြစ်ကြောင်း။

ပြည်သူပိုင် လုပ်မည်

မြန်မာပြည်၌ အရေးကြီးသော စက်မှု လုပ်ငန်း အရပ်ရပ်ကို ပြည်သူပိုင် လုပ်ရန် ကျွန်ုပ် ကြံရွယ်ကြောင်း၊ ထိုသို့ ပြုလုပ်မှသာ လူတို့ စိတ်ကျေနပ်၍ ပျော်ရွှင်စွာ နေနိုင်သော အဆင့်အတန်းကို ရရှိမည်ဟု ကျွန်ုပ် စွဲမြဲစွာ ယုံကြည်ကြောင်း၊ သို့သော် ပြည်သူပိုင် လုပ်ငန်း လုပ်ခြင်းမှာ စိတ်သဘော ဖြူဖြောင့်စွာနှင့် မှန်ကန်သော အချိန်ရောက်မှ လုပ်ရမည် ဆိုချက်ကို သိရှိကြောင်း။

တိုင်းရင်းသား လုပ်ငန်းများ

ယခုအခါ၌မူ ပရိုဂျက်များသည် ပြည်သူပိုင်လုပ်ငန်းနှင့် တူသလို ရှိသော်လည်း တိုင်းရင်းသား လုပ်ငန်းများကို အားပေးမည့်အစား အသေသတ်နေပုံ ရကြောင်း၊ ကျွန်ုပ်၏ ဝါဒမှာ အများပြည်သူတို့ အကျိုး ပိုရှိလာအောင်သာ ထိုလုပ်ငန်းများကို ပြည်ပိုင် လုပ်ငန်း ဖြစ်စေလိုကြောင်း၊ တိုင်းရင်းသားလုပ်ငန်းဌာန ပျက်စီးအောင် လုပ်ဖို့ကား ကျွန်ုပ် သဘောမတူနိုင်ကြောင်း၊ တိုင်းရင်းသား လုပ်ငန်းတို့ကို အစိုးရက အခြေတည်မြဲရန် အားပေးရန် လိုသည်ဟု ကျွန်ုပ် ထင်မြင်ကြောင်း။

အရင်းရှင် ဝါဒ

အရင်းရှင် ဝါဒသည် အခါခပ်သိမ်း လိုလားအပ်သည်ဟု ကျွန်ုပ် မထင်ကြောင်း၊ အချိန်ကာလ အားဖြင့် ကျွန်ုပ်တို့ပြည်မှာ ရှေ့သို့ တလှမ်းမတက်နိုင်မီ ထိုအရင်းရှင်ဝါဒထဲမှပင် လုပ်ကိုင်သွားရမည် ဖြစ်ကြောင်း၊ သို့သော် အရင်းရှင်စံနစ်ကို အနောက်နိုင်ငံများကဲ့သို့ တရားလွန် ဖွံ့ဖြိုးလာရန် မလုပ်သင့်ကြောင်း ။

နိုင်ငံခြား အကူအညီ

မြန်မာပြည်သည် လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလိုလျှင် နိုင်ငံခြား အကူအညီကို လိုလိမ့်မည် ဖြစ်ကြောင်း၊ တိုးတက်မှုကို အကြောင်းပြု၍ နိုင်ငံခြား အကူအညီကို ဖိတ်ခေါ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ ဖိတ်ခေါ်ရာ၌ ကျွန်ုပ်တို့ စီမံသလို လုပ်နိုင်မှသာ ထိုနိုင်ငံခြား အကူအညီကို လက်ခံနိုင်မည် ဖြစ်ကြောင်း၊ ၎င်းနိုင်ငံခြားအကူအညီကို ဇက်ကြိုး လွှတ်ထားနိုင်လိမ့်မည် မဟုတ်ကြောင်း၊ သို့သော် ထိုက်တန်သော စျေးကိုကား ကျွန်ုပ်တို့ ကြီးပွားသည်အလိုက် ကြည့်၍ ပေးမည် ဖြစ်ကြောင်း။

လွတ်လပ်သင့်သောအခါ

လန်ဒန်စာချုပ်ကို လက်မှတ်ထိုးပြီးသဖြင့် ကျွန်ုပ်တို့၏ အနာဂတ်နိုင်ငံရေးမှာ ကျွန်ုပ်တို့ လွတ်လပ်သင့်သောအခါ လွတ်လပ်သော ပြည် ဖြစ်နိုင်ရန် စဉ်းစားဖို့မှာ ကျွန်ုပ်တို့ပင် ဖြစ်သည်မှာ ပိုမိုသေချာလာကြောင်း၊ ကျွန်ုပ်တို့၏ နိုင်ငံရေးရောဂါမှာ ဆေးချက်မှန်ပြီ ဖြစ်သော်လည်း စီးပွားရေးမှာကား ကုသရန် ကျန်ပေသေးသည်။ စီးပွားရေး မကောင်းသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ မြန်မြန် ဖြစ်စေချင်သော ငြိမ်းချမ်းသာယာရေး မရနိုင်။ ထိုကိစ္စများ ဖြစ်ရန် ကိုယ့်အစိုးရက အထူး ဂရုစိုက် လုပ်ကိုင်နိုင်ကြောင်း။

အလုပ်သမားအရေး

ယခုအခါမူ အလုပ်သမား မငြိမ်သက်မှုများ ရှိလျက် သပိတ်မှောက်နေကြကြောင်း၊ ထိုသို့ သပိတ်မှောက်ခြင်းမှာ အရင်းရှင်ဝါဒ၌ မလွဲမရှောင်သာဘဲ ဖြစ်ပွားရမည်ပင် ဖြစ်ကြောင်း၊ အလုပ်သမားများ၏ တောင်းဆိုချက် အများပင် တရားမျှတကြောင်း၊ မြန်မာပြည်ရှိ အလုပ်သမားအခြေအနေမှာ အခြားတိုးတက်သော တိုင်းပြည်ရှိ အလုပ်သမားအခြေအနေနှင့် နှိုင်းစာလျှင် များစွာ ကျေနပ်ဖွယ် မရှိကြောင်း၊ အလုပ်သမားများမှာ အခြေစိုက်ရန် မရှိ၊ ပင်စင်မရှိ၊ လုံခြုံရေးလဲ မရှိကြောင်း၊ အလုပ်သမားများ နိုးကြားလာပြီ ဖြစ်၍ ၎င်းတို့လိုလားချက်ကို တောင်းရာ ပဌမအကြိမ် ဖြစ်၍ မှားတာ ပိုတာတွေ ရှိမည်ဖြစ်ကြောင်း၊ အလုပ်သမားအရေးကို အပြစ်တင် ရှုတ်ချဖို့ မသင့်ကြောင်း၊ ကူးသန်းရေးဆိုင်ရာ လုပ်ငန်းရှင်များက လက်ရှိ အလုပ်သမားသပိတ် ဖြေရှင်းရာ၌ သဘောတူပြီး အချက်များကို စိတ်ရောကိုယ်ပါ လိုက်လျောသင့်ကြောင်း၊ အစိုးရကလည်း သပိတ်အရေး ပြီးအောင် အစွမ်းကုန် ကြိုးစားနေကြောင်း၊ ဖြေရှင်း သဘောတူပြီး အချက်များနှင့် ပတ်သတ်၍ မလိုက်နာလျှင် စက်မှုစီးပွားလုပ်ငန်း အေးငြိမ်းရန် အစိုးရက ကျပ်တည်းသော အရေးယူမှုကို ပြုလုပ်ရမည် ဖြစ်ကြောင်း။ ။

 

Google