ဗိုလ်ချုပ် အောင်ဆန်း

ကမ္ဘာ့အလုပ်သမားနေ့ မိန့်ခွန်း

၁၉၄၆ ခု၊ မေလ ၁ ရက်နေ့ ရွှေတိဂုံဘုရားခြေရင်း၊ ကန်တော်မင်ပန်းခြံ အတွင်း၌ ကျင်းပခဲ့သော အလုပ်သမားနေ့ (May Day) အခမ်းအနားတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာပတိ မိန့်ခွန်း။

ယနေ့ကဲ့သို့ အလုပ်သမားနေ့မျိုး ကျင်းပသည်မှာ ဗမာပြည်တွင် စစ်ကြီး ဖြစ်ပြီးမှ ယခုအကြိမ်သည် ပဌမဆုံးအကြိမ် ဖြစ်ကြောင်း၊ ဤနေ့မှာ အလုပ်သမားများ သွေးမြေကျအောင် နှိပ်စက်ခံရသော နေ့ဟူ၍ အမေရိကန်မှ စပြီး လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်လောက်က စတင် ပေါ်ပေါက်ခဲ့ကြောင်း။

အလုပ်သမားတို့သည် သူတို့၏ အခွင့်အရေးများကို တောင်းဆိုကြသောအခါ အရင်းရှင်ကြီးများက ကျည်ဆံကို အသုံးပြုပြီး အလုပ်သမားတို့ကို နှိပ်စက်ညှဉ်းပန်းကြကြောင်း၊ အလုပ်သမားများက တနေ့လျှင် အလုပ်ချိန်ကို ရှစ်နာရီ ကန့်သတ်ပေးဖို့၊ အလုပ်သမားများ လူတန်းစေ့ နေနိုင်ဖို့ကို တောင်းဆိုကြသောအခါ အလုပ်ရှင်ကြီးများက သူတို့ရဲ့ သွေးစုတ်ဝါဒကို ထိခိုက်တယ်ဆိုပြီး အစိုးနှင့် ပူးပေါင်းကာ အလုပ်သမားများကို နှိမ်နင်းခဲ့ကြကြောင်း၊ အရင်းရှင်ကြီးများ၏ သွေးစုတ်ဝါဒမှာ သူတို့ ပြည်တွင်းမှာလဲ သွေးစုတ်ကြတာဘဲ။ ကမ္ဘာပေါ်ကိုလည်း ဖြန့်ပြီး နိုင်ငံတကာမှာလဲ သွေးစုတ်နေကြတာဘဲ။ ကမ္ဘာပေါ်မှာ လူအမျိုးမျိုး ရှိနေကြသော်လဲ ထိုလူမျိုးကို အတန်းအစားခွဲလိုက်ယင် နှစ်မျိုးနှစ်စားသာ ရှိတယ်။ တမျိုးက နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ အလုပ်သမားအတန်းအစားနဲ့ တမျိုးက သွေးစုတ်နေတဲ့ အရင်းရှင် လူတန်းစားများသာ ဖြစ်ကြတယ်။

နောက်တော့ အလုပ်သမားတွေရဲ့ အရေးကိစ္စဟာ ဥရောပတိုက်မှာလဲ ဆူဆူပူပူ ဖြစ်လာပြီးတဲ့နောက် ကမ္ဘာ့အလုပ်သမားများ အားလုံး သွေးစည်းကြရန်ဆိုပြီး ဒီမေလ တရက်နေ့ကို ‘မေဒေး’လို့ သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြပါတယ်။ နိုးကြားတဲ့ နိုင်ငံများရှိ စက်ရုံအလုပ်သမားတွေက အရင်းရှင်စံနစ်ကို ဖြိုဖျက်တိုက်ခိုက်ရန် ငါတို့ ကမ္ဘာ့အလုပ်သမားတွေ သွေးစည်းညီညွတ်ကြရမယ်။ ငါတို့ အလုပ်သမားတွေ သွေးစည်းညီညွတ်ကြယင် အရင်းရှင်းတွေက ငါတို့အပေါ်မှာ ဘယ်လို ကြိုးတွေနှင့် ချုပ်နှောင်ထားပေတဲ့၊ သင်းတို့ကြိုးတွေသာ ပြတ်သွားဖို့ ရှိတယ်ဆိုပြီး နှိုးဆော်ကြတယ်။

ဒါကြောင့် ဒီကနေ့ဟာ ကမ္ဘာတခုလုံး အလုပ်သမားတွေ သွေးစည်ဖို့ ကြွေးကြော်ကြတာဘဲ။ အလုပ်သမားတွေဟာ များစွာ အဖိုးတန်တဲ့ လူတန်းစားတွေဘဲ။ ကမ္ဘာပေါ်မှာ သွေးစုတ်ဝါဒတွေကြောင့် အရင်းရှင်ကြီးတွေဟာ ပေါင်းလို့ရတဲ့ နေရာမှာပေါင်း၊ ပေါင်းလို့ မရတဲ့နေရာကျတော့၊ စစ်ဖြစ်အောင် လှုံ့ဆော်ကြတာဘဲ။ ကမ္ဘာ့သတင်းစာကြီးတွေနဲ့ ဆက်သွယ်ပြီး ကမ္ဘာကို စစ်ဖြစ်ဖို့ လှုံ့ဆော်တတ်ကြတယ်။ စစ်ဖြစ်တော့ကာ သူတို့ရဲ့ လက်နက်တွေ ရောင်းကြရတယ်။ ဒီလို အထဲကဘဲ အင်မတန် ဆိုးဝါးတဲ့ ဖက်ဆစ်ဝါဒတွေ တခါပေါ်လာတယ်။ ကမ္ဘာ့အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို့ လုပ်ယင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ့ အင်အား ညီညီညွတ်ညွတ်နဲ့ တောင့်ထားလိုက်နိုင်တယ်။

အလုပ်သမား အားလုံး ကမ္ဘာတဝန်းလုံးမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီးတခုလုံးရဲ့ တကဲ့ငြိမ်းချမ်းရေးအစစ်ကို ရနိုင်မယ်။ ။

ပြည်သူ့အသံ သတင်းစာ

၁-၅-၁၉၄၆

 

Google