ဗိုလ်ချုပ် အောင်ဆန်း

တနှစ်အတွင်း လွတ်လပ်ရေးရအောင် လုပ်ပေးမယ်

၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ဗမာပြည် လွတ်လပ်ရေးကိစ္စအတွက် ဗြိတိသျှအစိုးရနှင့် အောင်မြင်စွာ ဆွေးနွေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့တော် မြူနီစီပယ်အဖွဲ့ဝင် လူကြီးများနှင့် မြို့မိမြို့ဖများက ဂုဏ်ပြု ဧည့်ခံပွဲ၌ ပြောကြားသော မိန့်ခွန်း။

ကျွန်တော် ဘိလပ်က ပြန်လာတော့ ဘာရသလဲ မေးလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ယူနီဖောင်းတစုံ ရလာတယ် (သြဘာသံများ)။ ယနေ့အတွက်တော့ ကျွန်တော်တို့ကို မြူနီစီပယ် ခန်းမကြီးမှာ ရန်ကုန် မြူနီစီပယ် လူကြီးများနှင့် မြို့မိမြို့ဖများက ကြိုဆိုတာဘဲ။ အဲဒီလို ကြိုဆိုပြီး သြဘာစာတွေ ဖတ်ရတာလဲ များပြီ။ တဖြည်းဖြည်း ကြီးကျယ်လာတော့ စဉ်းစားကြည့်တယ်။ ငါ ဒီထက် ကြီးကျယ်အောင် လုပ်ရမယ်ဆိုယင် ကင်းမြီးကောက် ထောင်ပြမှဘဲလို့ အောက်မေ့မိတယ်။

ဘိလပ်သွားတဲ့ကိစ္စနှင့် ပတ်သက်၍ မလိုတဲ့လူတွေက ဟိုပြောဒီပြော ပြောလိမ့်မယ်။ နိုင်ငံရေး လုပ်တဲ့နေရာမယ် တခြားလူမျိုးရဲ့ လက်အောက်ခံနိုင်ငံတိုင်းမှာ လုပ်တဲ့နိုင်ငံရေးဟာ လွတ်လပ်ရေး ရဖို့က အဓိက အချက်ဘဲ။ အုပ်စိုးတဲ့ လူမျိုးခြား အစိုးရကို မယုံကြတာက ထုံးစံဘဲ။ ကျွန်တော်တို့ စစ်မဖြစ်ခင်က ဆိုယင်၊ အင်္ဂလိပ်အစိုးရကို ဆဲလေ တိုင်းပြည်က ကြိုက်လေဘဲ။ ကျွန်တော်တို့လဲ ဆဲကြတာဘဲ။ အဲဒီ အစကနေပြီး အခု အင်္ဂလိပ်ဘုရင်မင်းမြတ်ရဲ့ အစိုးရနှင့် သွားပြီး ဗမာပြည် လွတ်လပ်ရေးကိစ္စအတွက် ပြောဆိုကြတယ် ဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့လူတွေက အမှန်စင်စစ် ဒီကိစ္စမှာ အယူအဆတမျိုး ယူတာ ရှိတယ်။ ဘယ်လိုလဲဆို လွတ်လပ်ရေးဟာ တောင်းလို့ ရတာမဟုတ်ဘူး။ သွားလို့ အပိုဘဲ။ နောက်တခုကတော့ ဟိုသွားပြီး ကျေနပ်ပြီးတော့ လက်ခံပြန်တော့ ဒီလူတွေ အင်္ဂလိပ်လူ ဖြစ်သွားပြီလို့ ဆိုတာ ပြောကြစမြဲဘဲ။

အမြင်ကျယ်ရမယ်

ကျွန်တော်တို့ နိုင်ငံရေး လုပ်ကြတဲ့နေရာမယ် အထူးသဖြင့် ခေါင်းဆောင် လုပ်တဲ့လူဟာ နောက်လိုက်လူတွေထက် ပိုပြီး အမြင်ကျယ်ရမယ်။ စစ်တိုက်တဲ့နေရာမှာ စစ်သားတွေ နေရာတကာ ပြုလုပ်ပေမဲ့ စစ်ဗိုလ်က စစ်သားလုပ်တိုင်း မဖြစ်ဘူး။ ခေါင်းဆောင်ဟာ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ ယောင်ချာချာ လုပ်ယင် ခေါင်းဆောင် မဟုတ်ဘူး (သြဘာသံများ)။

ခေါင်းဆောင် လုပ်တဲ့လူတွေဟာ ကိုယ်ယုံကြည်တဲ့ ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ်။ ရှင်းပြနိုင်ရမယ်၊ အသက် စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ်၊ ပရိယာယ် သုံးသင့်တဲ့နေရာမယ် သုံးရမယ်၊ အချိန်အခါလိုက်ပြီး လုပ်ရမယ်။ အများယောင်လို့ ယောင်ရတယ်၊ အမောင် တောင်မှန်း မြောက်မှန်း မသိ ဆိုယင် ခေါင်းဆောင် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို မယုံတဲ့ လူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။ ကိုယ့်တိုင်းသူပြည်သားကိုလဲ မယုံဘူး။ ကျွန်တော့်အဖို့ ကျွန်တော့်ကိုကိုယ် ကျွန်တော် ယုံတယ်။ ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်၊ ဗမာ့လွတ်လပ်ရေးလဲ ယုံကြည်တယ်။ ဘယ်ကိစ္စမဆို လုပ်ယင် မှားတယ် မှန်တယ်ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ် (သြဘာသံများ)။

ကျွန်တော် လုပ်တာတွေကို ဖာထေးစရာ မလိုဘူး။ ယခု ဘိလပ်က ပြန်လာတာ လွတ်လပ်ရေး ရသလား - မရဘူး။ ဘာကြောင့်လဲ။ တောင်းမှ မတောင်းဘဲ။ လွတ်လပ်ရေးဆိုတာ တောင်းလို့ ရတာ မဟုတ်ဘူး။ ဒါဖြင့် ဘိလပ်ကို ဘာလို့ သွားတာလဲ။ ဘိလပ် ရောက်ချင်တာလဲ ပါတာဘဲ။

ဘိလပ်အစိုးရက ခင်ဗျားတို့ လိုချင်တာ ပေးနိုင်ပါတယ်။ ဘိလပ် အစိုးရကို ကျုပ်တို့ကလဲ ရာဇသံ ပေးထားတော့ ဘိလပ်အစိုးရက ခင်ဗျားတို့ လိုချင်တာ ပေးနိုင်ပါတယ်၊ လာကြပါ၊ စကားပြောဖို့ ဖိတ်တော့ မသွားဘဲ နေယင် ကိုယ့်အဆိုး ဖြစ်မှာမို့ သွားတာ။

လွတ်အောင် လုပ်မှ လွတ်မယ်

သွားကတည်းက လွတ်လပ်ရေး တောင်းယင် မရဘူးဆိုတာ မြင်ပြီးသား။ ကျွန်တော်တို့က ကျွန်တော်တို့နည်းနဲ့ လွတ်လပ်ရေး ရအောင် သွားခြင်းဘဲ။ ကျွန်တော်တို့ မြင်တဲ့အတိုင်း ပြောရယင် အုပ်ချုပ်ရေး ဥပဒေကို တိုင်းပြုပြည်ပြုလွှတ်တော်ကသာ ရေးဆွဲနိုင်တယ်၊ ဆုံးဖြတ်နိုင်တယ်။ အင်္ဂလိပ်အစိုးရ စီမံကိန်း ရှိတယ်။ တိုင်းပြည် အုပ်ချုပ်နေတယ်။ မငြင်းနိုင်ဘူး၊ အရမ်းအော်တိုင်း အင်္ဂလိပ် မရှိမှာ မဟုတ်ဘူး၊ ရှိတဲ့ အင်္ဂလိပ် ထွက်သွားပါ ဆိုယင် ဘယ်တော့မှ ထွက်မသွားဘူး၊ ထွက်သွားအောင် လုပ်မှ ထွက်သွားမယ်(သြဘာသံများ)။

စစ်ကြီးအတွင်းမှာ ပြောတာ

ကမ္ဘာ့စစ်ကြီးအတွင်းမှာ စစ်တိုက်ကြတော့ လူတွေ ကိုယ့်ဖက်ပါအောင် စကားကောင်း ပြောကြတယ်။ စိတ်ထဲက ပါလို့ မဟုတ်ဘူး၊ သူတို့အပြောနဲ့ အဟောနဲ့ ညီညွတ်အောင် နဲနဲပါးပါး လုပ်ပေး၊ စစ်တိုက်တော့ မောတယ်။ ပစ္စည်းကုန်ဆုံး လူမွဲသွားတယ်၊ ကိုယ့်တိုင်းပြည် ကိုယ့်အခြေအနေ ကြည့်ပြီး အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန်တို့က စကားအမျိုးမျိုး ပြောကြတယ်။ စစ်ကြီးပြီးတော့ နယ်ချဲ့သမား အားနည်းလာပြီး လက်အောက်ခံ နိုင်ငံတွေ အားတောင့်လာကြတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေ နိုးကြားလာတယ်။

ရအောင်လုပ်တဲ့ နည်းတွေ

အခြေအနေ ကောင်းလာတော့ ဗမာပြည်နဲ့ အိန္ဒိယပြည်ကို လွတ်လပ်ရေး လိုချင်ယင် ရနိုင်တယ်။ ပြည်ထောင်စုထဲ နေချင်ယင်နေ၊ မနေချင်ယင် ခွဲထွက်နိုင်တယ်။ တိုင်းပြုပြည်ပြု လွှတ်တော် ခင်ဗျားတို့ ဆုံးဖြတ်ဖို့ပါဘဲ။ ပြောတိုင်း ရသလား မဟုတ်ဘူး။ ပြောတိုင်း ရအောင် လုပ်တဲ့နည်းတွေ ရှိတယ်။ အဲတာ ကျွန်တော်တို့ အင်အား ရှိဖို့ဘဲ၊ တိုင်းသူပြည်သား အင်အားက ကျကျနန ကြီးမားယင် ပြောတဲ့ကိစ္စကို ဖြစ်အောင် တကယ် လုပ်နိုင်တယ်။

ပဌမ ဘုရင်ခံမှာ

ယခု ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အဆိပ်တွေ မသုံးဘူး။ ဘာကြောင့်လဲ၊ အင်မတန် ယဉ်ကျေးတဲ့ စိတ် များလို့ မဟုတ်ဘူး၊ တဖက်က သုံးယင် တဖက်က ပြန်သုံးမှာ သိလို့၊ အင်္ဂလိပ်က လွတ်လပ်ရေး ပေးမယ်ပြောတယ်။ တကယ်သိအောင် ဘယ်လို လုပ်မလဲ၊ အင်အား အမြဲတမ်း တောင့်တင်းအောင် လုပ်ရမယ်။ ပဌမဆုံး ဘုရင်ခံ ၁၉၄၅ ခုနှစ်မှာ စက္ကူဖြူစာတမ်းနဲ့ ရောက်လာတယ်။ ဘာပါလာသလဲ။ ၁၉၄၈ ခုနှစ် နောက်ဆုံးထား၍ အဲဒီနှစ်၊ အဲဒီနှစ်ထက် နောက်မကျတဲ့ ၁၉၃၅ ခုနှစ်၊ ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲနဲ့ ၉၁ ဌာန အုပ်ချုပ်ရေးဖြင့် ဗမာပြည် အုပ်ချုပ်ရေး ဥပဒေ ရေးဆွဲဖို့ ပါလာတယ်။

ရခဲ့တဲ့အချက်

ကျွန်တော်တို့က ဒါမလိုချင်ဘူး။ ဘယ်လိုလဲ၊ တိုင်းပြုပြည်ပြု လွှတ်တော် တိုက်ရိုက် ရွေးကောက်ပွဲ လိုချင်တယ်။ အဲဒီ ရွေးကောက်ပွဲမှာ အမျိုးသား မဟုတ်တဲ့ နိုင်ငံခြားသားများ မပါရဘူး။ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်က လွတ်လပ်ရေး မဟုတ်ဘူး။ အဲဒီက ဆုံးဖြတ်ပြီးမှ လွတ်လပ်ရေး ရမှာ။ နည်းလမ်းအဖြစ် သွားတောင်းတာဘဲ။ ရသလား မေးယင် - ရတယ် ဖြေတယ်။

တိုင်းပြည်အင်အားကြောင့်

စကားပြော ချိုလို့၊ ပရိယာယ်ကောင်းလို့ ရတာ မဟုတ်ဘူး။ ကျွန်တော် စကားပြောတာ သိပ် မချိုဘူး။ ဗမာပြည်မှာ အင်အားပြတာတွေကို ခန့်ညား ရိုသေတဲ့အတွက်သာ ရတယ်လို့ ကျွန်တော် ယူဆပါတယ်။ တိုင်းပြုပြည်ပြု လွှတ်တော် တိုက်ရိုက် ရွေးကောက်ပွဲမှာ အမျိုးသား မခေါ်နိုင်တဲ့ လူများ မပါရဘူးလို့ ဖ-ဆ-ပ-လ က အတောင်းခိုင်းတယ်၊ ရသလား မေးယင် ရတယ်လို့ ဖြေမယ်။ အိန္ဒိယမှာတောင် နိုင်ငံခြားသား မပါဘူးဆိုပေမဲ့ နည်းနည်းပါးပါး ပါသေးတယ်။ ကျွန်တော်တို့က လုံးဝ ရပါတယ်။

အာဏာပိုင် အစိုးရ

အမျိုးသား ကြားဖြတ် အစိုးရ ရသလား မေးယင်၊ ဥပဒေနဲ့ ဆိုယင် မရဘူး။ အင်္ဂလိပ်က ဥပဒေလုပ်ယင် ပါလီမန် တင်ရမယ်။ အဲဒီကြားအတွင်းမှ ဥပဒေ လုပ်ပြီးတဲ့အထိ ခုအုပ်ချုပ်ရေးအတိုင်း နေမယ်။ ဘယ်လိုဘဲရရ လက်တွေ့အားဖြင့် တိုင်းပြည်ကို အာဏာပိုင်တဲ့ အစိုးရအဖြစ် အုပ်ချုပ်ချင်တယ်။ ရသလား ဆိုယင် ရတယ် ဖြေမယ်။ ဘယ်လို ရသလဲ ဆိုယင် ထုံးတမ်းစဉ်လာ သဘောအရ ပါးစပ်ပြော မဟုတ်ဘဲ စာနဲ့ ပေနဲ့ ရခဲ့ပါတယ်။ ထုံးတမ်းစဉ်လာဆိုတာ ဥပဒေလောက် အသုံးဝင်ပါတယ်။

ကာကွယ်ရေးဌာန

ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဌာနကို ကျွန်တော်တို့ လုံးဝ အုပ်ချုပ်နိုင်တယ်။ တိုင်းရင်းသား စစ်တပ်များကို ကိုယ်တိုင် အုပ်ချုပ်ပြီး နိုင်ငံခြား စစ်တပ်များကိုလဲ ကျွန်တော်တို့ လက်အောက် သွင်းပေးဖို့ ပြောခဲ့ပါတယ်။

နိုင်ငံခြား သံလွှတ်ရေး

နိုင်ငံခြားကို သံအမတ် လွှတ်ဖို့ ရခဲ့ပါတယ်။ သံအမတ် လွှတ်တယ်ဆိုတာ ဗြိတိသျှ အစိုးရနှင့် မဆိုင်ပါ၊ ကိုယ့်တိုင်းပြည်နှင့် ကိုယ် လွှတ်ချင်တဲ့ တိုင်းပြည်နှစ်ဦး စေ့စပ်ပြီး သဘောတူတဲ့အတိုင်း လွှတ်ရမှာဘဲ။ ဘာမှ အချုတ်အချယ် မရှိပါ။

ဗြူရိုကရက်တွေ ရှုပ်ယင်

ပြည်တွင်း အုပ်ချုပ်ရေးမှာ ဗြူရိုကရက်တွေ ရှုပ်ယင် ဖြုတ်ပစ်မှာဘဲ။ ရှေ့ကို ကျွန်တော်တို့ ဝန်ကြီးအဖွဲ့ဟာ အစိုးရဘဲ။ ကျွန်တော်တို့ အစိုးရက လွဲယင် ဒီပြင် ဘယ်အစိုးရ လာအုပ်ချုပ်တာကိုမှ မကြိုက်ဘူး(သြဘာသံ)။ ရှေ့အဖို့မှာ ဘယ်နိုင်ငံရေးအဖွဲ့ ဘယ်ပါတီမဆို တရားသဖြင့် လုပ်ယင် လွတ်လပ်ခွင့် ရမယ်။ ကျွန်တော်တို့ ပေးတဲ့ လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်ယင် ကျွန်တော်တို့က နှိမ်မယ်။

တိုင်းပြည်က မကြိုက်လျှင်

တိုင်းပြည် လူထုတွေက မကြိုက်ယင် ထွက်ပေးမယ်။ ဘုရင်ခံက ခန့်တာ တိုင်းပြည်က မဖြုတ်နိုင်ဘူး ပြောတယ်။ ဥပဒေအရ မှန်တယ်။ တိုင်းပြည်က ကျွန်တော်တို့ကို မလိုလားတဲ့အကြောင်း ထင်ထင်ရှားရှား ပြယင် ကျုပ်တို့ ထွက်ပေးဖို့ အသင့်ဘဲ။

လူနှစ်ယောက်အကြောင်း

ဘိလပ်သွားတာ ဖ-ဆ-ပ-လ ညွှန်ကြားချက်နဲ့ ဝန်ကြီးအဖွဲ့ကိုယ်စားလှယ် အဖြစ် သွားတာ၊ ကျွန်တော်တို့အထဲ လူနှစ်ယောက် ပါလာတယ်။ ထွက်သွားကတဲက တယောက်က ချန်နေခဲ့တယ်။ တယောက်က နေရာ မရမှာစိုးလို့ လိုက်လာတယ်။ ဘာပြောသလဲ။ ငါတို့ နောက်ထပ် ဝန်ကြီးတနေရာ လိုချင်တယ် (ရှက်ဖွယ်)။ ဒါနဲ့ ကျုပ်က သက်ညှာစွာ စဉ်းစားပေးပါ့မယ်လို့ ပြောလိုက်တယ်။

ဂျောက်ချဖို့ဘဲ

အစကတည်းက တမူးဖိုး ပိုရှူဖို့ လာပြီး တမူးဖိုး ပိုရှူဖို့ နေရာတကာ လုပ်တယ်။ တိုတိုပြောရယင် နောက်ဆုံးအထိ ကျွန်တော်တို့ တင်တဲ့ကိစ္စမှာ အကုန်လုံး ဆွေးနွေးပြီးလို့ လက်ခံပါပြီ ပြောမှ အဲဒီတော့မှ ကျွန်တော်တို့ မပါပါဘူးလို့ ပြောကြတယ်။ ကျွန်တော့်ကို ဂျောက်ချဖို့ဘဲ။ ဒါပေတဲ့ မကြောက်ဘူး။

သူတို့ သဘောကျအောင်

ဒီလို လူတွေ သဘောတူအောင် မလုပ်နိုင်ဘူးလားလို့ မေးကြတယ်။ အကြောင်း သိရက်သားနဲ့ မေးကြသလားလို့ ပြန် မေးချင်ပါတယ်။ (သြဘာသံ)။ ဒီလူတွေ သဘောကျအောင် လုပ်ရမယ်ဆိုလျှင် လာမဲ့ ရွေးကောက်ပွဲမှာ ခင်ဗျားတို့ လူတွေ ပါအောင် လုပ်ပေးမယ်ဆိုယင် သဘောကျမှာဘဲ။ ဖြူယင် မဲလိုတဲ့ လူတွေကို နားလည်အောင်တော့ မပြောနိုင်ပါဘူး။ တိုင်းသူပြည်သားများ နားလည်အောင်တော့ ပြောနိုင်ပါတယ် (သြဘာသံ)။

တနှစ်ဘဲ စောင့်ပါ

သွားတောင်းတာ ရသလားဆိုယင် တရာမှာ တရာတော့ မရဘူး။ လိုချင်သလောက် နီးနီး ရပါတယ်။ ရှေ့ကို လုပ်ချင်တဲ့ လုပ်ငန်းစဉ်အရ လွတ်လပ်ရေးစခန်းကို သွားမဲ့ နေရာမှာ လျင်မြန် အေးချမ်းစွာ သွားနိုင်မယ်လို့ ယူဆတယ်။ များများ မစောင့်ရပါဘူး။ တနှစ်လောက်ဘဲ စောင့်ပါ။ လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင် ဘာဖြစ်လို့ မစောင့်သလဲ မေးကြပါတယ်။ လွတ်လပ်ရေးကို သူတို့ မကြေညာနိုင်ပါ။ ကျွန်တော်တို့ လွတ်လပ်ရေးကို တိုင်းသူပြည်သားများကသာ လွတ်လပ်တဲ့နိုင်ငံလို့ ကြေညာနိုင်မယ်။ ဘယ်အပေါ်မှာ တည်သလဲ ဆိုယင် ကျွန်တော်တို့ ညီညွတ်သွေးစည်းမှု အင်အားပေါ်မှာ တည်တယ်။

တနှစ်အတွင်း ရမယ်

တနှစ်အတွင်း လွတ်လပ်ရေး ရမယ် မရဘူးဆိုတာ ကျွန်တော်တို့ ဖ-ဆ-ပ-လ အဖွဲ့ချုပ် လုပ်ငန်းစဉ်ကို ပြန်၍ စစ်ဆေးကြည့်မယ်ဆိုယင် တဆင့်ထက်တဆင့် ဘယ်လို တက်လာသလဲ။ ဘယ်လို ဣန္ဒြေ ရစွာနဲ့ လုပ်ကိုင်နိုင်တယ်။ တော်လှန်ရေးမှာ လုပ်လာတဲ့လူတွေဆိုတာ သိတန်သလောက် သိကြတယ်။ အဲဒီလို တဆင့်တက်၍ လုပ်ထားကြတယ်ဆိုယင် လူထုက ဘာပြောပြော နားမယောင်ကြဘဲ ဖ-ဆ-ပ-လ အဖွဲ့ချုပ်၏ ညွှန်ကြားလမ်းပြရာသို့ တသွေမတိမ်း လိုက်နာယင် တနှစ်အတွင်း လွတ်လပ်ရေး ရမယ်လို့ ကတိပေးခဲ့မယ်။ ဟုတ်တယ်၊ မဟုတ်ဘူး စောင့်ကြည့်ကြပါ။

တိုက်ပွဲ မပြီးသေးဘူး

ခု ခင်ဗျားတို့ကို နားလည်စေချင်တာက လွတ်လပ်ရေး မရသေးဘူး။ လွတ်လပ်ရေး တိုက်ပွဲ မပြီးသေးဘူး။ တနှစ်အတွင်း ရနိုင်အောင် ခင်ဗျားတို့ ဆက်လက် တောင့်ထားဖို့ လိုတယ်။ လွတ်လပ်ရေး ရပြီးတာတောင် ဆက် တောင့်ထားနိုင်လေ ကောင်းလေပဲ။

ထောက်ခံမလား ဆန့်ကျင်မလား

(ထို့နောက် ဆက်လက်ပြောဆိုသည်မှာ) ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကို ပါတီများက သဘောကျသည်ကို ဂရုမပြုဘဲ (အဓိကမထားဘဲ) တိုင်းသူပြည်သားများ ၊ စည်းလုံးညီညွတ်မှုကိုသာ လိုလားတယ်။ တိုင်းပြည်တွင် ဟိုယိမ်း ဒီယိုင် လူမျိုးများကို တသမတ်တည်း ထောက်ခံမလား၊ ဆန့်ကျင်ဖက် ပြုမလား၊ သဘောအတိုင်းဘဲ။ တိုင်းသူပြည်သားများကသာ ထောက်ခံမယ်ဆိုယင် ကျွန်တော်က တနှစ်အတွင်း ဗမာပြည် လွတ်လပ်ရေး ရအောင် လုပ်ပေးမယ်လို့ ကတိပြုပါတယ် (သြဘာသံ)။ ။

 

Google