ဗိုလ်ချုပ် အောင်ဆန်း

ယူတတ်မှ ရမယ်

၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ည ၇ နာရီ မိနစ် ၃၀၊ အသံလွှင့်ရုံမှ တဆင့် တိုင်းပြည်သို့ ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ ဘိလပ်ပြန် မိန့်ခွန်း။

ကျွန်တော်တို့တော့ဖြင့် ဘိလပ်က ပြန်ရောက်လာကြပြီ။ တိုင်းပြည်ကလဲ ဘာတွေရလို့ ရှေ့ ဘယ်လို စခန်းသွားရဦးမလဲဆိုတာ သိချင်ကြပေလိမ့်မယ်။ အဲဒီအချက်တွေကို တိုင်းပြည်အား ပြောပြဖို့ ဒီနေ့ည အသံလွှင့် စကားပြောရတာဘဲ။ ဒီအကြောင်းတွေနှင့် ပတ်သက်လို့ မပြောခင် ဘိလပ် မသွားမီ ကျုပ်ပြောသွားတဲ့ စကားတချို့ကို ပြန်ပြောပြလိုတယ်။

လွတ်လပ်ရေးဆိုတာ တောင်းလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ သူများ နို့သက်စို့ ခံယူရတဲ့ အခွင့်အရေးမျိုး မဟုတ်ဘူး။ မိုးပေါ်က အလိုအလျောက် ကျ မလာနိုင်ဘူးဆိုတာ ကျုပ်တို့လဲ သိတာပဲ။ နို့ ဒီလို သိလျက်နဲ့ ဘာလို့ ဘိလပ် သွားရသလဲဆိုတာကတော့ ပရိယာယ်ဆိုလဲ ဟုတ်ကဲ့၊ တကယ်ဆိုလဲ ဟုတ်တာဘဲ။ ကျုပ်တို့ ဟိုသွားတာဟာ ကျုပ်တို့ လွှတ်လပ်ရေးကို အေးအေးဆေးဆေးနဲ့ ယူနိုင်တဲ့နည်းလမ်းကို ရှာဖွေတဲ့သဘောဘဲလို့ ကျုပ် ပြောခဲ့တယ်။

ပြီးတော့ “ကျုပ်တို့ရဲ့ လွတ်လပ်ရေးဟာ တိုင်းပြုပြည်ပြုလွှတ်တော်တွေ ရောက်လို့ ကျုပ်တို့ လွတ်လပ်တဲ့ ဗမာပြည်ကို တည်ထောင်ပြီး အင်္ဂလိပ်အစိုးရနဲ့ အပြီးအပိုင် စကားဆိုစရာ ဆိုလို့ ပြီးစီးမှ ကျုပ်တို့ လွတ်လပ်ရေး ရပြီလို့ ဆိုရမှာဘဲ။ အဲဒီလိုကျမှ လွတ်လပ်ရေးစစ်ကြီး ပြီးပြီလို့ ဆိုရမှာဘဲ” ဒီလိုဘဲ ကျုပ် ပြောခဲ့တယ်။

ဒါတင် မကသေးဘူး။ ကျုပ်တို့ အားရှိမှ အခွင့်အရေး ရမယ်။ အားပို ရှိလေလေ၊ အခွင့်အရေး ပို ရလေလေဘဲလို့လဲ ကျုပ် ပြောခဲ့တယ်။

ကောင်းပြီ၊ မူလကတည်းက ကျုပ်တို့ သွားတာဟာ လွတ်လပ်ရေး တောင်းဖို့ သွားတာ မဟုတ်ဘူး။ လွတ်လပ်ရေးကို အေးအေးဆေးဆေးနှင့် ရနိုင်မည့် နည်းလမ်းများ၊ ရှာလို့ ရလိုရငြား သွားတယ်ဆိုတာ ရှင်းတယ် မဟုတ်လား။ ပြီးတော့ လွတ်လပ်ရေး စစ်ပွဲကြီးဟာ တိုင်းပြုပြည်ပြု လွှတ်တော် ရလို့ အဲဒီ လွှတ်တော်က လွတ်လပ်တဲ့ ဗမာပြည် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲပြီး အင်္ဂလိပ်တို့နှင့် အပြီးအပိုင် စကားဆိုလို့ ပြီးတဲ့အထိ မပြီးသေးဘူးလို့ ကျုပ် ရှင်းရှင်း ပြောခဲ့တယ် မဟုတ်လား။ ဒါဖြင့် ကျုပ်တို့ သွားပြီး ရှာတဲ့ လွတ်လပ်ရေးလမ်းကို တွေ့ခဲ့သလားလို့ မေးယင်၊ ကျုပ်တို့ကို ဖ၊ဆ၊ပ၊လ အမှုဆောင်အဖွဲ့က ညွှန်ကြားလိုက်တဲ့အတိုင်း ရှာခဲ့ဆိုတဲ့ လမ်းတွေ ရှာလို့ ရခဲ့တယ်။ ဒါဖြင့် အဲတာတွေဟာ ဘာတွေလဲ၊ နံပတ် ၁။ ကျွန်တော်တို့ တောင်းဆိုချက်ဟာ၊ အခုလာမယ့် ရွေးကောက်ပွဲကို ၉၁ ဌာန အုပ်ချုပ်ရေးအတွက် ပြန်လုပ်ဖို့ ရွေးကောက်ပွဲ မဟုတ်ဘဲနှင့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ လုပ်ရမယ်ဆိုတဲ့ အချက်ဘဲ။ အဲဒါကို လုံးလုံးလျားလျား ရတယ်။ နိုင်ငံခြားသားတွေလဲ မပါဘူး။ အိန္ဒိယပြည်မှာ နိုင်ငံခြားသားများကို လုံးဝ ဖယ်လို့ မရဘူး။

နံပတ် ၂။ အာဏာ ပြည့်စုံတဲ့ ကြားဖြတ် အမျိုးသား အစိုးရကို ကျုပ်တို့ တောင်းတယ်။ ဒါလဲ ရတယ်လို့ ပြောရမှာဘဲ။ သို့ပေမဲ့ ဥပဒေသဘော စစ်စစ်တော့ မဟုတ်ဘူး။ လက်တွေ့အားဖြင့် ပေးမယ် ဆိုတာ ခါတိုင်းလို နှစ်ကိုယ်ကြား စကားမျှ မဟုတ်ဘဲ၊ ထင်ထင်ရှားရှား ဗြိတိသျှ နန်းရင်းဝန်လက်မှတ်ထိုးပြီး သဘောတူလိုက်တယ်။ အဲဒါကို သတိပြုကြရမယ်။ ဒီလို စာကတိနှင့် အာဏာကို လက်တွေ့ ကြားဖြတ် အစိုးရကို လွှဲပေးမယ်ဆိုတာ ဥပဒေလိုဘဲ အသုံးဝင်တာဘဲ။ ဥပဒေတွေဘာတွေ လုပ်နေယင်၊ သံသရာ ရှည်ချင်တိုင်း ရှည်သွားနိုင်တယ်။ ပြီးတော့လဲ ထူးမှာမဟုတ်ပါဘူး။

ဥပဒေနှင့်ဘဲ ရရ၊ စာကတိနှင့် ထုံးတမ်းသဘောမျိုးဘဲ ရရ၊ ရတာလိုရင်းဘဲ၊ ဒီအချက်တွေကို အိန္ဒိယပြည်နှင့် ဘိလပ်မှာ ရှိတဲ့ အိန္ဒိယအမျိုးသား ဥပဒေပါရဂူဆိုတဲ့လူတွေနှင့် ကျုပ်တို့ သေသေချာချာ တိုင်ပင်ခဲ့တယ်။ ပြီးတော့လဲ ဒီကြားဖြတ် အစိုးရကို ထပ်ပြီး ပြုပြင်ပြောင်းလဲစရာ တွေ့ရှိယင် ပြောင်းလွဲနိုင်အောင် ကျုပ်တို့ သဘောတူတဲ့အချက်ထဲမှာ မလွတ်တမ်း ထည့်ထားခဲ့တယ်။ ဒါကြောင့် ကြားဖြတ်အမျိုးသားအစိုးရကိုလဲ ကျုပ်တို့ လိုချင်သလောက်နီးနီး ရခဲ့တယ်လို့ ဆိုနိုင်တယ်။ ယခုဆိုယင် ကျုပ်တို့ ဗမာတိုင်းရင်းသား တပ်တွေကို ကျုပ်တို့ အုပ်ချုပ်နိုင်ပြီ။ နိုင်ငံခြားတွေကိုလဲ သံအမတ် လဲလှယ်နိုင်ခွင့် ရပြီ။ နိုင်ငံခြားရေး ဌာနကိုလဲ ရပြီ။ အမေရိကန်၊ တရုပ်ပြည်၊ ယိုးဒယားပြည်တို့နှင့် သံအမတ် လဲလှယ်ဖို့တောင်မှ စကား ပြောပြီးသလောက် ပြောပြီးပြီ။ ဘဏ္ဍာရေး အာဏာကိုလဲ ရပြီ။

တိုတို ပြောရယင် ယခု ဗမာပြည်အစိုးရဟာ ဒိုမီနီယံ အစိုးရသဘောမျိုး ဥပဒေအားဖြင့် မဟုတ်ပေမဲ့ လက်တွေ့အားဖြင့်တော့ လုပ်နိုင်တယ်။ တခုနှစ်ခုဘဲ ဒိုမီနီယမ် အုပ်ချုပ်ရေးနှင့် ခြားမယ်။ ဥပဒေသဘောမှာ ခြားတယ်။ ကျုပ်တို့ တိုင်းပြည် ကျုပ်တို့ အစိုးရကို ဒိုမီနီယံလို့ မခေါ်နိုင်ဘူး။ တရားရုံး အာဏာမှာ ဘိလပ်က အချုပ်အချာဘဲ ထားရဦးမယ်။ ဒိုမီနီယံ ဆိုယင်တော့ အဲဒီထိ မသွားချင်ဘူး ဆိုယင် သူတို့သဘော လုပ်နိုင်တယ်။ ဒါလောက်ဘဲ ကွာခြားတယ် ဆိုရမှာဘဲ။

တောင်တန်းနယ်များအရေးကိစ္စကတော့ တောင်တန်းနယ်သူနယ်သားများရဲ့ အရေးဘဲ။ သူတို့က ကျုပ်တို့လိုဘဲ တန်းတူအခွင့်အရေး လိုချင်တယ်ဆိုယင် ရမှာဘဲ။ အချို့က ကျုပ်တို့ ရတာတွေနဲ့ ပတ်သက်ပြီး အိန္ဒိယထက် လျော့သလိုလို ပြောချင်ကြတယ်။ အဲဒါ ကျုပ် အတိအလင်း ပြောရဲတယ်။ မလျော့တော့ မလျော့ဘူး၊ သာချင်သာ သာမယ်လို့ ကျုပ် ပြောရဲတယ်။

နောက်ပြီး လွတ်လပ်ရေး တနှစ်အတွင်း ရပါစေမယ်လို့ ကတိ မရဘူးလို့ ပြောကြတယ်။ လွတ်လပ်ရေး တနှစ်အတွင်း ရအောင် လုပ်ရမှာက ကျုပ်တို့ လုပ်ရမှာဘဲ။ ဒီလိုလုပ်ဖြစ်အောင် လမ်းစကို ရသလား၊ မရဘူးလားဆိုတဲ့ မေးခွန်းသာ ရှိတယ်။ ကျုပ်တို့ ယူဆတာက တိုင်းပြုပြည်ပြု လွှတ်တော်ကို ကျုပ်တို့ မေလ၊ သို့မဟုတ် ဇွန်လလောက်မှာ လုပ်နိုင်တယ်။ အဲဒီအခါကျယင် ကျုပ်တို့ မြန်မြန် ဆုံးဖြတ်ယင် ကျုပ်တို့ မြန်မြန် ရနိုင်မှာဘဲ။

ဒါဖြင့် ဒီလွှတ်တော်က ဆုံးဖြတ်တာကို အင်္ဂလိပ်က လက်ခံမလားလို့ မေးယင် သူတို့က သဘောတူထားတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရမယ်လို့ သူတို့ ဆိုထားတော့ သူတို့ လက်ခံရမှာဘဲ။ လက်ခံတယ်ဆိုတဲ့သဘောက သူတို့ ပါလီမန်က ဆုံးဖြတ်ပြီးမှ ကျုပ်တို့ လွှတ်တော်က ဥပဒေကို အတည်ဖြစ်မယ်ဆိုတဲ့ သဘော ပြောတာ မဟုတ်ဘူး။ ကျုပ်တို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာကို သူတို့က အသိအမှတ် ပြုပါတယ်ဆိုတဲ့ သဘောဘဲ။ အဲဒီလို အသိအမှတ်ပြုတဲ့ အချက်ကို သူတို့ဖာသာ သူတို့ ပါလီမန် တင်ချင်တင်၊ မတင်ချင်နေ၊ ကျုပ်တို့နှင့် မဆိုင်ဘူး။ ကျုပ်တို့လဲ သဘောတူတယ် မပြောခဲ့ဘူး။

ကျုပ်တို့ သဘောတူခဲ့တာက တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ကျုပ်တို့ နိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်နိုင်တယ်ဆိုတဲ အချက်ဘဲ။ ၉၁ ဌာန ဥပဒေဟာ ရှိတော့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီ ဥပဒေအရ အုပ်ချုပ်ရေးဟာ မရှိတော့ဘဲ၊ ဒီထက် အာဏာ ရှိတဲ့ အစိုးရ အခုရပြီ။ ၁၉၄၅ ခု စက္ကူဖြူ မရှိတော့ဘူး။ အခု ကျုပ်တို့ ရတာကို စက္ကူဖြူလို့ ခေါ်ကြတာဟာ အဖျားဆွတ် ခေါ်ကြတာဘဲ။

ဘိလပ် ပါလီမန်မှာ တင်တဲ့ ကိစ္စကို ဘာစက္ကူဖြူ၊ ညာစက္ကူဖြူ အစရှိသည်အားဖြင့် ခေါ်လေ့ခေါ်ထ ရှိသည့်အတိုင်း ခေါ်တာဘဲ။ စက္ကူဖြူ ဆိုရုံနှင့် စက္ကူဖြူချင်း မတူဘူးဆိုတာကို သိကြရမယ်။ ကျုပ်တို့ မလိုချင်တာက ၁၉၄၅ ခု စက္ကူဖြူ၊ ခု ကျုပ်တို့ ရတာတွေကို ထည့်ပြီးရေးပေးတဲ့ စက္ကူဖြူက ၁၉၄၇ ခု စက္ကူဖြူ၊ ဒီစက္ကူဖြူဟာ အရင် စက္ကူဖြူနဲ့ အတော် ကွာခြားတယ်ဆိုတာ ကျုပ် ရဲရဲကြီး ပြောရဲတယ်။ စက္ကူဖြူဆိုပြီး အဖျားဆွတ် ပြောတဲ့လူတွေဟာ အမှန်စင်စစ် တိုင်းပြည်ကို ကလေးများလို လှည့်စားပြီး စော်ကားနေတာဘဲ။

ဒါဖြင့် ကျုပ်တို့ လိုချင်တာ အကုန်လုံး ရသလားလို့ မေးလိုကြပေလိမ့်မယ်။ အကုန်လုံးတော့ဖြင့် မရသေးဘူး အကုန်လုံး ချက်ချင်း ရဖို့ ဆိုတာကတော့ တော်လှန်ရေး လုပ်လို့ အောင်မြင်တဲ့အခါမျိုးကျမှ ရမှာဘဲ။ အဲဒါတောင် အင်ဒိုနေးရှားလို ဖြစ်သွားယင် လိုသမျှ ရမှာ မဟုတ်သေးဘူး။ အခု ကျုပ်တို့ လုပ်နေတဲ့နည်းက လူထုရဲ့အင်အားနဲ့ အရေးဆိုတဲ့နည်းဘဲ။

ကျုပ်တို ဒီလောက် ရတယ်ဆိုတာဟာလဲ ဗမာပြည်ရဲ့ လူထုအင်အားဟာ ဗြိတိသျှ အစိုးရတို့က ရိုသေခန့်ညားလောက်အောင် ကြီးမားလို့ ရတာဘဲ။ ဒီထက်ပိုပြီး လူထုအင်အား ကောင်းယင် ဒီထက် ပိုရမှာဘဲ။

အခုအခြေအနေအရ ကျုပ် မြင်တဲ့အတိုင်း ပြောရမယ်ဆိုယင် လူထုရဲ့ ညီညွတ်မှု အင်အားဟာ တဆင့်ထက်တဆင့် တိုးပြီး၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်တဲ့အခါမှာ လူထုရဲ့ အကျိုးကို တကယ်ဆောင်ရွက်တဲ့ လူတွေကို ရွေးကောက် တင်မြှောက်မယ်။ လူထုဟာလဲ အမြဲမပြတ် သတိမလပ်ဘဲ လွတ်လပ်ရေးကို ကိုယ်ထိလက်ရောက် မရမခြင်း လူထုအင်အားနှင့် အဆုံးတိုင် ဘာဘဲလုပ်ရလုပ်ရ လုပ်မယ်ကိုင်မယ်လို့ ဆိုယင်၊ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းနှင့် ရချင်မှာဘဲ၊ ရနိုင်ဖို့ အခြေခံ ပေါ်လာပြီ။

ဒါပေမဲ့ လွတ်လပ်ရေး ရဖို့ အခြေခံ ပေါ်သော်လဲ လူထုရဲ့ စည်းလုံးမှုအင်အား၊ လူထုရဲ့ ပြင်ဆင်မှု လုပ်ငန်းများ ပေ့ါလျော့သွားယင်၊ ရမယ်လုပ်ပြီးမှ မရဘဲ ဖြစ်သွားမှာကို သတိပြုကြရမယ်။ ရတောင်မှ ရှော်ရွှတ်ရွှတ် လွတ်လပ်ရေး ဖြစ်သွားလိမ့်မယ်။ လွတ်လပ်ရေးကိုတော့ဖြင့် ကျုပ်တို့ လိုချင်လဲ ရနိုင်ပြီလို့ အင်္ဂလိပ်က ဆိုပြီဘဲ။ သူတို့ အင်ပိုင်ယာထဲက ထွက်ချင်လဲထွက်နိုင်တယ်လို့ ပြောထားတာဘဲ။ အခု တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ဧပြီလမှာ လုပ်လို့ ပြီးယင်၊ မေလဖြစ်ဖြစ် ဇွန်လဖြစ်ဖြစ် တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်နိုင်မယ်လို့ ယူဆတာဘဲ။

တိုင်းပြုပြည်ပြု လွှတ်တော်က မြန်မာပြည်ကို ဗြိတိသျှ ပြည်ထောင်စုအတွင်းမှာ ရှိတဲ့ ဒိုမီနီယံ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမျိုး လိုချင်သလား၊ ဒီလိုမှ မဟုတ်ဘဲ၊ လုံးဝ လွတ်လပ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုး လိုချင်သလား၊ အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရမှာဘဲ၊ ဒါဖြင့် တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ပြီးယင် ဘယ်လို ဖြစ်မလဲ၊ အင်္ဂလိပ်အစိုးရနဲ့ စာချုပ် ရလိမ့်မယ်။ အဲဒီ စာချုပ် ချုပ်တဲ့အခါမှာ ကျုပ်တို့ လွတ်လပ်ရေး ဘယ်လောက်စစ်မလဲ၊ မစစ်ဘူးလဲဆိုတဲ့ကိစ္စဟာ ကျုပ်တို့ လူထုအင်အားအပေါ်မှာ တည်မှာဘဲ။

ကျုပ်တို့ရဲ့ လွတ်လပ်ရေးကို ဗြိတိသျှက အခု မူအားဖြင့် အသိအမှတ်ပြုထားပေမဲ့ လွတ်လပ်ရေးကို ကျုပ်တို့တိုင်းပြည်က အချုပ်အချာ အာဏာပိုင်သဘောနဲ့ မရသေးဘူး။ တိုင်းပြုပြည်ပြုလွှတ်တော် လုပ်ပြီးလို့ လွတ်လပ်တဲ့ ဗမာပြည် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကို ဆုံးဖြတ်ပြီးတဲ့အခါမှ အဲဒီသဘော ရမယ်၊ မရဘူးဆိုတာ သိရမှာဘဲ။ အဲသလို ရမှာ သေချာအောင် ဆိုယင်တော့ လူထုရဲ့ အင်အားကောင်းမှ သေချာမှာဘဲ။ ဒါကြောင့် လွတ်လပ်ရေးကို ဗြိတိသျှက မူအားဖြင့် အသိအမှတ်ပြုထားပေမဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ အဲဒီအထိ မပြီးသေးဘူးလို့ ဆိုရဦးမှာဘဲ။

ဒါကြောင့် အခုလောလောဆယ်အားဖြင့် ကျုပ်တို့ဟာ လွတ်လပ်ရေးအတွက် လူထုတိုက်ပွဲများကို ဆင်နွှဲရန် မလိုတော့သော်လဲ လွတ်လပ်ရေးအတွက် အင်အား ပြင်ဆင်မှု အရပ်ရပ်ဟာ ဆက်လက်ပြီး လုပ်နေရဦးမှာဘဲ။ တိုင်းပြုပြည်ပြုလွှတ်တော်ဖြင့် ရပြီ၊ လွတ်လပ်ရေး တနှစ်အတွင်း ရမလားဆိုယင် တိုင်းပြုပြည်ပြုလွှတ်တော်အပေါ်မှာ တည်တာဘဲ။ လွတ်လပ်တဲ့ ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ကျုပ်သဘောအရတော့ ခြောက်လလောက်အတောအတွင်း ပြီးအောင် လုပ်နိုင်တာဘဲ။

အဲဒီနောက် အင်္ဂလိပ်အစိုးရနှင့် စာချုပ်စရာရှိယင် အဲဒါဟာ သိပ်ကြာဖို့အကြောင်း မရှိဘူး။ သူတို့က အချိန် ဆွဲချင်တောင် ကျုပ်တို့က မဆွဲနိုင်အောင် လူထုအင်အားပြင်ဆင်မှုများ လုပ်ထားယင် သူတို့ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆတယ်။ အတိုချုံးရမယ်ဆိုယင် ဗမာပြည် တနှစ်အတွင်း လွတ်လပ်ဖို့ အခြေခံရပြီ။ ရအောင် လုပ်နိုင် မလုပ်နိုင်ဆိုတာဟာ ကျုပ်တို့ရဲ့ သတ္တိ၊ ဇွဲ၊ ဥာဏ်၊ ဝိရိယနှင့် အင်အားအပေါ်မှာ တည်တယ်ဆိုတာကို သတိချပ်ကြရမယ်။

လွတ်လပ်ရေးဟာ ပေးလို့ရတဲ့ ကိစ္စမျိုးမဟုတ်။ ယူတတ်မှ၊ ယူနိုင်တဲ့ အင်အားရှိမှ တကယ်ရမှာဘဲ။ ဒါကြောင့် အခုတော့ဖြင့် လက်ငင်းလိုချင်တာတွေ အခြေခံရပြီ။ ရှေ့ဆက်ပြီး လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ဟာ ဗြိတိသျှ အစိုးရရဲ့ လက်ထဲမှာ မရှိဘဲနှင့် ကျုပ်တို့ တိုင်းသူပြည်သားတွေရဲ့ လက်ထဲမှာရှိတယ်။

အခု တိုင်းပြည်ကို အတိအလင်း ကျုပ် ပြောချင်တယ်။ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း ရနိုင်မဲ့ နည်းလမ်း ကျုပ်တို့ ရပြီလို့ ကျုပ် ထင်တယ်။ အေးအေးချမ်းချမ်း ရနိုင်လျက်နဲ့ ဆူဆူပူပူ လုပ်ချင်တယ်ဆိုတဲ့ လူဟာ အရူးတွေဘဲ။ ကျုပ် ပြောတာ မှန် မမှန် တနှစ်သာ စောင့်ကြည့်ပါ။ ကျုပ် အရင်က လုပ်ခဲ့တာတွေကို ထောက်ကြည့်ပါ။ ကျောင်းသားဘဝမှာ ကျုပ်ဟာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကြီးကို တည်ထောင်ရုံ မကဘဲ၊ ခိုင်ခံ့အောင် လုပ်ခဲ့တယ် မဟုတ်လား။ တက္ကသိုလ် ဥပဒေကို ပြင်ခဲ့တယ် မဟုတ်လား။

ပြီးတော့ ဗမာပြည်ကို လူမလေး ခွေးမခန့် ဖြစ်နေတဲ့နေရာက တကမ္ဘာလုံးက ဗမာပြည်အရေးကို ဂရုစိုက်လာရအောင် ကျုပ်ဘဲ ဆွဲတင်ခဲ့ရတယ် မဟုတ်လား။ ဂျပန်ခေတ်မှာ တိုင်းပြည်က အကျိုး ခံစားရသမျှ လွတ်လပ်ရေး ဆိုတာလေးတွေဟာ ကျုပ်ကြောင့် ရတာဘဲ မဟုတ်လား။ ကျုပ် ခေါင်းဆောင်တဲ့ တပ်မတော်ကြောင့် မဟုတ်လား။ ဗမာတွေမှာ စစ်တပ် ရယ်လို့ မရှိတဲ့ အခြေအနေက ဂျပန်ခေတ်မှာရော၊ အခုခေတ်မှာရော ဗမာတပ်တွေ ဖြစ်အောင် လုပ်နိုင်ခဲ့တာ၊ လုပ်နေတာဟာ ကျုပ်ဘဲ မဟုတ်လား။

အခု ကျုပ်တို့ အစိုးရအဖွဲ့ထဲ ဝင်လာတဲ့နေ့က စပြီး တိုင်းပြည်သိ ကျုပ်တို့ တိုင်းပြည်အတွက် လုပ်နေတာတွေကို ခင်ဗျားတို့ အမြင်ဘဲ မဟုတ်လား။ အခုလဲဘဲ တိုင်းပြုပြည်ပြု လွှတ်တော်ကို ရအောင် လုပ်ခဲ့တယ်။ ကြားဖြတ် အစိုးရကိုလဲ အာဏာရအောင် လုပ်ခဲ့တယ်။ တောင်တန်းနယ်များကို ကျုပ်တို့လို တန်းတူအခွင့်အရေး ပေးမယ်ဆိုတဲ့မူကိုလဲ ရခဲ့တယ်။ ဒါတင်မကဘူး။ တိုင်းပြည် လွတ်လပ်ရေးအတွက် အသက် စွန့်စရာ ရှိတဲ့အခါ ကျုပ် စွန့်ခဲ့တယ် မဟုတ်လား။ ရှေ့ကိုလဲ စွန့်စရာ ပေါ်သေးရင် ကျုပ် စွန့်ပြီး လုပ်ရန် အသင့်ပါဘဲ။

ဒါပေမဲ့ ကျုပ်ဟာ တိုင်းပြည်ကို အရမ်းမဲ့ ဗြောင်းဆန်အောင် ကျုပ် မလုပ်လိုဘူး။ ကျုပ်ဟာ နိုင်ငံရေး စတန့်မင်းသား မဟုတ်ဘူး။ ကျုပ်ရဲရဲကြီး အာမခံရဲတယ်။ ကျုပ်ရဲ့ ခေါင်းဆောင်မှုကို ယုံယုံကြည်ကြည်နဲ့ လိုက်ကြပါ။ တနှစ်အတွင်း ဗမာပြည် လွတ်လပ်ရေး ရစေ့မယ်။ ရတဲ့နေရာမှာလဲ အရမ်းမဲ့ အင်အား မကုန်စေရဘဲ၊ အေးအေးဆေးဆေး ဖြစ်နိုင်သမျှ ဖြစ်စေရမယ်။ ကျုပ်ဟာ ကျုပ်ကတိကို မဖျက်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ သိတယ်မဟုတ်လား။

နိဂုံး ချုပ်ရမယ်ဆိုယင် လွတ်လပ်ရေးတိုက်ပွဲ မဆုံးသေးတဲ့အတွက် လွတ်လပ်ရေး ရံပုံငွေကို ဆက်လက် ကောက်ခံသွားကြရမယ်။ လွတ်လပ်ရေး ရံပုံငွေကို ဆက်လက် ထည့်ဝင်ကြရန် မေတ္တာရပ်ခံလိုတယ်။ ဖ၊ဆ၊ပ၊လ မှာ ဖြစ်ဖြစ်၊ ကျုပ် ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့မှာ ဖြစ်ဖြစ်၊ ငွေရေး ကြေးရေးနှင့် ပတ်သက်ပြီး တပြားတချပ်မျှ လိမ်ကောက်တာကို ကျုပ် သိယင် သည်းမခံနိုင်ဘူး။ အဲဒါမျိုးကို ခင်ဗျားတို့ သိယင် ကျုပ်ကို ကျကျနန လာပြောပါ။ ဘယ်လောက် ကြီးတဲ့လူဖြစ်ဖြစ် ၊ ကျုပ် အရေးယူမယ် ဆိုတာကို အတိအလင်း ကျုပ် ပြောလိုတယ်။

နောက် ပြောလိုတာက လာမည့် ရွေ့းကောက်ပွဲမှာ တကယ် တိုင်းပြည်အတွက် ဆောင်ရွက်မဲ့ လူတွေကိုသာ ကျုပ်တို့ အရွေးခံခိုင်းမယ်။ အဲဒီလူတွေကို ခင်ဗျားတို့က ဘယ်သူ ဘယ်လိုပြောပြော ထောက်ခံ တင်မြှောက်ကြဖို့ ကျုပ် ပြောလိုတယ်။

နောက်ဆုံး ကျုပ် ပြောလိုတာက ကျုပ်ဟာ ဗမာပြည် လွတ်လပ်တဲ့အခါ အင်္ဂလိပ်နှင့် မိတ်ဆွေအရင်းအချာသဘော ဖြစ်စေချင်တယ်။ အကြောင်းကြောင်းတွေကို ပြောပြရမယ်ဆိုယင် ရှည်လျားနေမယ်။ တကြောင်းဘဲ ကျုပ် ပြောခဲ့မယ်။ နိုင်ငံချင်း ပေါင်းရတယ်ဆိုတာ ၊ အားသိပ်မကြီးနိုင်ငံနဲ့ ပေါင်းယင်၊ အနိုင်အကျင့် ခံစရာ မရှိဘူး။ တဦးကိုတဦးလဲ အားဖြည့်နိုင်တယ်။ အားသိပ်ကြီးတဲ့ နိုင်ငံနဲ့ ပေါင်းရမယ်ဆိုယင် အနိုင်အကျင့်ခံရသလောက် ခံရမှာဘဲ။ အဲဒါဟာ ကမ္ဘာ့ နိုင်ငံရေးဘဲ။ ဒါကြောင့် ကျုပ်တော့ ခင်ဗျားတို့ ပြောချင်တာပြော၊ လွတ်လပ်တဲ့ ဗမာပြည်ဟာ အင်္ဂလိပ်ပြည်နဲ့ ပေါင်းသင့်တယ်လို့ ကျုပ် အခုကတဲက အတိအလင်း ပြောထားချင်တယ်။ ။

 

Google