ဗိုလ်ချုပ် အောင်ဆန်း

ပြည်သူ့လွတ်လပ်မှု ချုတ်ချယ်ခြင်း ကန့်ကွက်ပွဲ မိန့်ခွန်း

၁၉၄၆ခု၊ ဇွန်လ ၇ ရက်နေ့ ကန်တော်မင်ပန်းခြံ ၌ ကျင်းပသော ထန်းတပင်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း အတွက် လူထု ဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးကြီးတွင် ပြောကြားသော မိန့်ခွန်း။

ဒီနေ့ကျင်းပရတဲ့ ကန့်ကွက်ပွဲဟာ၊ ပြည်သူ့ရဲ့ဘော်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရက ပြည်သူ့လွတ်လပ်မှု ချုတ်ချယ်ခြင်းများကို မကျေနပ်ဖြစ်ကြလို့ အင်းစိန်နယ် ထန်းတပင်မြို့တွင် သွေးချင်း သားချင်း လယ်သမားတွေက ချုတ်ချယ်မှုများကို ကန့်ကွက်ရာမှာ သေနတ်ပစ်ခံရခြင်းနှင့် အကြောင်းကြောင်းများကို ထောက်ပြီး ကန့်ကွက်စည်းဝေးတဲ့ ပွဲကြီးဖြစ်တယ်။ အားလုံးနားလည်ဖို့ အချက်က ဒီကိစ္စဟာ ပြည်သူ့ရဲဘော်အတွက် သက်သက်မဟုတ်ဘူး။ ပြည်သူ့လွတ်လပ်မှုကို အလွန်အကျွံ ချုတ်ချယ်ခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲလို့ မဆိုနိုင်သေးဘူး။ အခုလောလောဆယ် အရေးကြီးနေတဲ့ ပြဿနာဖြစ်ကြတဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းဆရာများ အရေးတွေ၊ အစားအစာ ပြဿနာတွေ၊ အစိုးရလုပ်ပုံ ကိုင်ပုံတွေဟာ သိပ်ပြီး အခြေမလှဘူး။ အစားအသောက်အတွက် တိုင်းပြည်မှာ လုံလောက်နိုင်ပေမဲ့ သူတို့စီစဉ်မှုဟာ တတိုင်းပြည်လုံး ငတ်ကုန်လိမ့်မယ်။ ပဲခူးနယ်မှာဆိုယင် ယခု လောလောဆယ် ငတ်ကုန်ကျပြီ။

မကျေနပ်မှုတွေ ရှိသေးတယ်

ဒါတင်မကသေးဘူး။ အစိုးရ အမှုထမ်း အရာရှိ အရာခံ ပုလိပ်များမှစ၍ နစ်နာမှုတွေ အများကြီး ရှိကြတယ်။ အဲဒီလို အစစ အရာရာ အဖက်ဖက် နစ်နာမှုတွေ ဖြေရှင်းရအောင် ဆွေးနွေးခွင့် မပြုဘဲ၊ အချိန်ဆွဲနေကြတယ်။ ဘုရင်ခံနှင့် တွေ့ပြီး ဆွေးနွေးကြပြန်တော့လဲ အကြောင်းမထူးတော့ ဒါတွေဟာ လောလောဆယ် တိုင်းသူပြည်သားတွေရဲ့ နစ်နာမှု ဖြစ်ရတယ်။ အဲဒီပြဿနာတွေကို အစိုးရက ရှင်းပေးခြင်း မပြုတဲ့ပြင် ပြည်သူ့လွတ်လပ်မှုတွေကို ချုတ်ချယ်ခြင်း၊ သေနတ်နှင့် ပစ်သတ်ခြင်းများကို ပြုလုပ်နေတဲ့အတွက် အခုလို ကန့်ကွက်ပွဲ ကျင်းပရခြင်းဖြစ်တယ်။

ဒါကိုချုတ်ချယ်ထားတာတွေဟာ စင်စစ်မတရားလို့ ကျုပ်တို့က တရားသဖြင့် တောင်းဆိုခြင်း ဖြစ်တော့၊ ဒီကိစ္စမှာ တိုင်းသူ ပြည်သားများဟာ ဆူပူရုံနှင့် မပြီးဘူး။ လိုလားချက်ရအောင် ဆူရသည့် အဓိပ္ပါယ်ကို သိရှိရမယ်။ အခု တိုက်ပွဲတွေဟာလဲ လွတ်လပ်ရေးတိုက်ပွဲ မဟုတ်သေးဘူး။ လောလောဆယ် ပြဿနာ ဖြေရှင်းရန် အတွက်သာ ဖြစ်တယ်။ တမျိုးသားလုံး အတွက်ကိုလဲ ဖ-ဆ-ပ-လ အဖွဲ့ ချုပ်ကြီးက ၁။ အမျိုးသားအစိုးရ၊ ၂။ ၁၈ နှစ် မဲပေးရေး၊ ၃။ တိုင်းပြု ပြည်ပြု လွှတ်တော် တည်ထောင်ရေး တို့ကို တောင်းဆိုထားတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တရားသဖြင့် တောင်းဆိုခြင်းကို လမ်းကုန်အောင် ဆောင်ရွက်ရလိမ့်မယ်။ ယခုလိုတရားသဖြင့် တောင်းဆိုချက်တွေကို မရယင် ဘာလုပ်မယ် ဆိုတာတွေလဲ ဖ-ဆ-ပ-လ ဥက္ကဋ္ဌမိန့်ခွန်းမှာ ဖြေရှင်းပြခဲ့ပြီး ဖြစ်တယ်။ လွတ်လပ်ရေး တိုက်ပွဲအထိ ရောက်ချင်မှ ရောက်လိမ့်မယ်။ သို့ပေမဲ့ ပြင်ဆင် ထားရမယ်။ လွတ်လပ်ရေးဆိုတာဟာ ချက်ချင်း ရချင်မှရတာ။ ကျုပ်တို့လိုလားချက်ဟာ တရားသဖြင့် နည်းနဲ့ ရချင်မှရမယ်လို့ သံသယရှိတယ်။ အဲဒီကိစ္စတွေဟာ တိုင်းပြည်တွင်သာမဟုတ်ဘူး။ ဗြိတိသျှအစိုးရပေါ်မှာလဲ တာဝန်ရှိတယ်။ ဗြိတိသျှ အစိုးရဟာ သူတို့နယ်အတွင်းရှိ တိုင်းပြည်များဆူပူခြင်းကို မလိုဘူးလို့ ဆိုပေမဲ့ သူတို့ဒီလို လုပ်နေယင် မပေါ်သင့်ဘဲနဲ့ ဆူပူမှုတွေ ပေါ်လာလိမ့်မယ်။ ကျုပ်တို့ကလဲ လွတ်လပ်ရေး တိုက်ပွဲမဆင်နွှဲဘဲနဲ့ ပြီးမြောက်သွားလိုပေမဲ့ ကျုပ်တို့ တဖက်ထဲ အပေါ်မှာတည်နေတာ မဟုတ်ဘူး။

တိုင်းသူပြည်သားတွေကိုယုံကြည်ပါတယ်

ပြည်သူ့ လွတ်လပ်မှုတွေ ချုတ်ချယ်မှုကြောင့် ကန့်ကွက်ပွဲတွေ ပြုလုပ်ရခြင်း၊ အစိုးရနဲ့ အရေးဆိုရခြင်းများဖြစ်ပေါ်နေပြီ။ တိုင်းပြည်က နားလည်ထားသင့်တာက တိုက်ပွဲဆိုတာဟာ ပရိယာယ် အကြီး၊ ပရိယာယ် အသေးဆိုတာတွေနဲ့ သူ့နေရာသူ တိုက်ရတယ်။ နောက်ဆုတ်သင့်ဆုတ်၊ ရှေ့တိုးသင့် တိုးပြီး အခြေအနေကိုကြည့်ကာ ပရိယာယ်သုံးသွားရတယ်။ ကျုပ်တို့တိုင်းသူ ပြည်သားများကို ယုံကြည်ပါတယ်။ အခုပြောယင် အခုလုပ်ကြမယ်ဆိုတာသိရပေမဲ့ လွတ်လပ်ရေး တိုက်ပွဲအထိ မရောက်စေဘဲ၊ တိုက်ပွဲကလေးများနဲ့ပင် လိုရာ ရောက်အောင် တိုင်းပြည်အခြေအနေကို ကြည့်ပြီး ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ ၁၃၀၀ ပြည့်နှစ်က ကျောင်းသား၊ အလုပ်သမား ရေနံမြေ သပိတ်တွေမှောက်ပြီး တိုက်ကြတုန်းမှာ ဆေးလိပ်ခုံတွေကပါ ရောပြီး သပိတ်မှောက်ကြတယ်။ အမှန်မှာ နယ်ချဲ့ စံနစ်ထဲက သူလျှိုတွေက သပိတ်တွေများပြီး ထမင်းမကျွေးနိုင်ပဲ ကစဉ့်ကလျား ဖြစ်အောင် လုပ်တဲ့စံနစ်ဘဲ။ ကျုပ်က ဆူကြပါဆိုယင် ဆူကြမှာပဲ ဆိုတာယုံကြည်ပါတယ်။ ဆူတာက လွယ်ပါတယ်။ သို့ပေမဲ့ ဆူတိုင်းလဲ အရာမရောက်နိုင်ဘူး၊ စည်းကမ်းသေသေဝပ်ဝပ် နှင့် အလုပ်လုပ်သွားဖို့က ပိုပြီး အရေးကြီးတယ်။

ဝေဖန်တာနဲ့ဘဲ အချိန်ကုန်နေတယ်

အချို့ လူတွေဟာ ကျုပ်တို့ကို သမရိုးကျ စံနစ်ဖြစ်တဲ့ အာဏာဖီဆန်ရေး စင်ပြိုင် အစိုးရ တည်ထောင် ရေးတွေကိုသာ တိုက်တွန်းချင်ကြတယ်။ တိုင်းပြည် အခြေအနေကိုသာ ကြည့်ပြီး ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ရမဲ့ အချိန်မှာ ခွက်စောင်းခုတ် ဝါဒတွေ ပေါ်လာတာတွေ့ရတယ်။ ဒီဟာက တိုင်းပြည် အားနည်းအောင် လုပ်တဲ့နည်းဖြစ်တဲ့အတွက် တနည်းနည်းနဲ့ ကာကွယ်ရမယ်။ ပရိယာယ် အသေးစိတ် ကို အသုံးပြုပြီး ဗဟိုဌာနက လတ်တလော ပြောင်းလဲသင့်က ပြောင်းလဲရလိမ့်မယ်။ ခေါင်းဆောင်တွေ ဟာ လူတိုင်းကောင်းလိမ့်မယ်လို့ မဆိုနိုင်ဘူး။ အဲဒါကိုဘဲ တဆိတ်ရှိ ဝေဖန်ရတာနဲ့၊ အပြစ်ပြောရတာနဲ့ အချိန်ကုန်နေတာဘဲ။ အရေးကြီးတာက ဒါဟာ ကိုယ်က တကွက်စားပြီး တဖက်လူက နှစ်ကွက်စား မည်ကို သတိပြုရမယ်။

မကျေနပ်လျှင် ဖယ်ပေးမယ်

ကျွန်တော် တယောက်တည်းအတွက် ပြောရမယ်ဆိုယင် လွတ်လပ်ရေးကို သစ္စာရှိရှိနဲ့ အစအဆုံးအထိ ရအောင်လုပ်မှာဘဲ။ ကိုယ့်နောက်လိုက်လာတဲ့ လူကိုထမင်းဝအောင်မကျွေးနိုင်ယင် ဒီခေါင်းဆောင်ဟာ အလကားဘဲ။ သခင်စိုး ဂိုဏ်းသားများဟာလဲ အခု ပိုက်ဆံမရဘဲနဲ့ အစိုးရ ဒလံလို ဖြစ်နေတယ်။ နယ်ချဲ့သမားတွေထံက ပုန်းရှိုး ကွယ်ရှိုး ပိုက်ဆံစားပြီး လုပ်နေတဲ့ သတင်းစာတွေလဲ ရှိသေးတယ်။ ကျုပ်တို့ခေါင်းဆောင်နေတဲ့ အချိန်မှာ ကျုပ်တို့ရဲ့ ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်ကြပါ။ ဒါမှ မကျေနပ်ယင် ခင်ဗျားတို့ သဘောကျသူကိုတင်ပြီး လုပ်ခိုင်းပါ။ ကျုပ်ဖယ်ပေးပါ့မယ်။

မြန်မာ့အလင်းသတင်းစာ

၈-၆-၁၉၄၆

 

Google