ဗိုလ်ချုပ် အောင်ဆန်း

ကျဆုံးသော ရဲဘော်များ ကျောက်တိုင် မိန့်ခွန်း

၁၉၄၆ ခု၊ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ ၌ ပြည်လုံးကျွတ် ဖဆပလ ညီလာခံကြီး မစမီ လွတ်လပ်ရေးတိုက်ပွဲ၊ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲများတွင် ကျဆုံးခဲ့သော အာဇာနည်များအား သတိတရ လေးစားသော အားဖြင့် ယာယီကျောက်တိုင် စိုက်ထူ၍ အလေးပြုသော အခမ်းအနား၌ ပြောကြားသော မိန့်ခွန်း။

ယနေ့ကျင်းပသော ပွဲမှာ ဗမာပြည် လွတ်လပ်ရေးအတွက် တိုက်ခိုက်ရာတွင် ကျဆုံးသော ရဲဘော်များကို ရည်စူး၍ ချီးကျူးသည့် အထိမ်းအမှတ်ပွဲ ဖြစ်ကြောင်း၊ ထိုရဲဘော်များ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြသည်ကို အများသိပြီး ဖြစ်ကြောင်း၊ ဤနေရာတွင် စုရုံး၍ အရိုအသေပြုရုံမျှဖြင့် ကျဆုံးသော ရဲဘော်များကို ချီးကျူးရာ ရောက်မည် မဟုတ်ကြောင်း၊ တကယ်ချီးကျူးရာ ရောက်အောင် ၎င်းရဲဘော်များ သွေးနဲ့ စိုက်ပျိုးထားခဲ့တဲ့ လွတ်လပ်ရေးပန်းပင်ကို ကျွန်တော်တို့က အစဉ်တစိုက် မြေတောင်မြှောက်ပေးပြီး ပေါင်းသင်ပေးရန် လိုကြောင်း၊ ဒီလို ဆက်လက်ပြီး ကြိုးပမ်းလုပ်ကိုင်ကြမှ တကယ်ချီးကျူးရာ ရောက်မည် ဖြစ်ကြောင်း၊ ကျဆုံးသူများကို အမြဲ အမှတ်ရနေပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးရှိမဲ့ အလုပ်ကို လုပ်ကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးကို တညီတညွတ်တည်း ရှေးရှုလုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ ဤကဲ့သို့ မလုပ်နိုင်ကြယင် ကျဆုံးသူရဲဘော်များကို သစ္စာဖောက်ရာ ရောက်နေမည် ဖြစ်ကြောင်း။

ကျဆုံးသူများထဲတွင် ဗိုလ်မှူးဗထူးလည်း အပါအဝင် ဖြစ်ကြောင်း၊ ဗထူး၏ လုပ်ရည်ကိုင်ရည်နဲ့ သူရသတ္တိကို အတွင်းသိသူတိုင်း မချီးကျူးဘဲ မနေနိုင်ကြောင်း၊ သူသာ ယခု ရှိနေလျှင် ဗမာ့တပ်မတော်မှာ ပဌမတန်း စစ်ခေါင်းဆောင် ဖြစ်နိုင်ကြောင်း၊ ဂျပန်များ ရှိစဉ်ကလည်း သူ၏ စွမ်းရည်သတ္တိကို ချီးကျူးကြရကြောင်း၊ တော်လှန်ရေး တိုက်ပွဲများတွင် တွဲဖက်လုပ်ကိုင်ကြသော ဗြိတိသျှစစ်ဗိုလ်များကလည်း သူ့ကို အထူးချီးကျူးကြရကြောင်း၊ ၁၄ နံပတ် တပ်မတော်မှ ဗိုလ်ချုပ် ဆာဝီလျံစလင်း ကိုယ်တိုင် ချီးကျူးသည်ကို ခံရကြောင်း၊ ကျဆုံးသွားသူများတွင် သူနှင့် အလားတူသူ မည်မျှ ပါဝင်သည်ကို မပြောနိုင်ကြောင်း၊ ဒါကြောင့် စစ်ဖြစ်တာဟာ ကမ္ဘာရဲ့ အစို့အညှောက် ဖြစ်တဲ့ လူငယ်များစွာ သေကြရကြောင်း၊ စစ်ပြီး၍ ငြိမ်းချမ်းရေး အစစ်ကို ရအောင် မလုပ်နိုင်ယင် သူရဲကောင်းတွေကို သစ္စာဖောက်ရာသာ ကျမည် ဖြစ်ကြောင်း။ ။

ရဲဘော်စာစောင် အတွဲ (၁) အမှတ် (၁)

၁၉၄၆ - ဖေဖော်ဝါရီလ

 

Google