ဗိုလ်ချုပ် အောင်ဆန်း

ဗမာ့တပ်မတော် တိုင်းမှူးများ အစည်းအဝေး

၁၉၄၅ ခု၊ သြဂုတ်လ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နေ့ ရန်ကုန်မြို့၌ ကျင်းပခဲ့ သော မျိုးချစ်ဗမာ့ တပ်မတော် အကြီးအကဲ ခေါင်းဆောင်များ၏ အစည်းအဝေး မှထုတ်ပြန်လိုက်သော နှိုးဆော်စာ။။

ယခုအခါ ဂျပန် ဖက်ဆစ်များသည် ကျွန်ုပ်တို့ တပ်မတော်နှင့် နိုင်ငံပေါင်းစုံ မဟာမိတ်တပ်မတော်များ၏ ဝိုင်းဝန်းတိုက်ခိုက်သည်ကို ဖက်ပြိုင်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ လက်နက်ချရန် စကားများပင် ကမ်းလှမ်းပြီးလေပြီ။

ကမ္ဘာ့စစ်ကြီးကား ပြီးတော့မည်။ သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံသူ နိုင်ငံသားများ၏ အရေးကား မပြီးသေး။ ကျွန်ုပ်တို့နိုင်ငံ၏ အရေးတခုလုံးသည် ကျွန်ုပ်တို့ တပ်မတော်နှင့် လွတ်လပ်ရေးလိုချင်သူ အားလုံး သက်စွန့်ကြိုးပမ်း ထမ်းဆောင်လာခဲ့ရသည်နှင့်အမျှ ထိရောက်စွာ အောင်မြင်ရန်အတွက် မြန်မာနိုင်ငံရှိ ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားအပေါင်းတို့သည် လူမျိုးမရွေး ဘာသာမရွေး တညီတညွတ်တည်း ဆက်လက်ဆောင်ရွက်ရန် အထူးလိုပေသည်။

ကျွန်ုပ်တို့ တပ်မတော်သား အားလုံးသည်၄င်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် စွန့်စွန့်စားစား ဆောင်ရွက်ခဲ့သူ အပေါင်းတို့သည်၄င်း၊ ဤမျှ အပင်ပန်းခံ အဆင်းရဲအနစ်နာ အသေအကြေခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ လက်တဆုပ်မျှရှိသော လူတစု၏ ကောင်းစားမှုကိုသာ၄င်း၊ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ တိုးတက်မှုကိုသာ၄င်း၊ ရည်ရွယ်မှန်းဆလျက် ဆောင်ရွက် လုပ်ကိုင်ခဲ့ ကြသည်မဟုတ်ဘဲ မြန်မာနိုင်ငံ လူထုအပေါင်း လွတ်လပ်ရေးအတွက် ရည်စူးလျက် လုပ်ကိုင်ခဲ့ကြသည့်အကြောင်းကို ခေါင်းဆောင်မည့်ပုဂ္ဂိုလ်များနှင့် နိုင်ငံသူ နိုင်ငံသားအပေါင်းတို့အား အထူးလေးနက်စွာ ဖော်ပြလိုက်ပေကြောင်း။

ထို့ကြောင့် ကျွန်ုပ်တို့ တပ်မတော် ခေါင်းဆောင်အရာရှိကြီးများ အစည်းအဝေးက မြန်မာနိုင်ငံအတွင်း ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားအပေါင်းတို့သည် စိတ်ဝမ်းကွဲပြားခြင်း အလျဉ်းမရှိဘဲ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်အတွင်းသို့ ထိရောက်စွာ ဝင်ရောက် လုပ်ကိုင်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအရပ်ရပ်ကို တညီတညွတ်တည်း နှောင့်နှေးဆိုင်းငံ့ခြင်း အလျဉ်းမရှိဘဲ ဆောင်ရွက်ကြရန် ပြင်းထန်စွာ တိုက်တွန်းလိုက်ပါကြောင်း။

၁။ ဗိုလ်ချုပ်-အောင်ဆန်း။ စစ်သေနာပတိ။

၂။ ဗိုလ်မှူးကြီး-လက်ျာ။ ဒုတိယစစ်သေနာပတိ။

၃။ ဗိုလ်မှူးကြီး-ဇေယျ။ စစ်ဦးစီးမှူး။

၄။ ဗိုလ်မှူးကြီး-နေဝင်း။ ရှေ့တန်းစစ်ဌာနချုပ်မှူး။

၅။ ဗိုလ်မှူး-မောင်မောင်။ တိုင်းအမှတ်(၁)မှူး။

၆။ ဗိုလ်မှူး-အောင်ကြီး။ မြစ်ဝကျွန်းပေါ် တိုင်းမှူး။

၇။ ဗိုလ်မှူး-ကျော်ဇော။ တိုင်းအမှတ်(၄)မှူး။

၈။ ဗိုလ်မှူး-ရဲထွဋ်။ တိုင်းအမှတ်(၆)မှူး။

၉။ ဗိုလ်မှူး-အောင်။ တိုင်းအမှတ်(၇)မှူး။

၁၀။ ဗိုလ်ကြီး-အာဠာဝက။ အထက်မြန်မာပြည်တိုင်းမှူး။

 

Google