၁၉၄၇ ခု၊ ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၃ မိနစ်အချိန်တွင် တိုင်းပြည်သို့ အသံလွှင့် ပြောကြားသည့် မိန့်ခွန်း။
လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျွန်တော်ထုတ်လိုက်တဲ့ မေတ္တာရပ်ခံလွှာ အစမှာ “ဗမာတွေ လမ်းနှစ်ခွသို့ ရောက်နေပြီ” လို့ ကျွန်တော် ပြောခဲ့တယ်။ ယနေ့ညတော့ ဖ၊ဆ၊ပ၊လ ရဲ့ ရှေ့ဆုံးတန်းက ခေါင်းဆောင်တွေဟာ လမ်းနှစ်ခွကို ရောက်ပြီဆိုတာကို ပြောချင်တယ်။ တလမ်းက တအိမ်လုံးအထိ လောင်စပြုနေတဲ့ မီးကို နိုင်နိုင်နင်းနင်း ငြိမ်းရမည့်လမ်း ဖြစ်တယ်။ တခြား တလမ်းကတော့ အိမ်ကြီးလဲ လောင်ချင်သလို လောင်ပေစေတော့ ဆိုပြီး အိမ်ပေါ်က ဆင်းပေးတဲ့ လမ်းဖြစ်တယ်။
ဒီလမ်း နှစ်ခုအတွက် ဘယ်လမ်းကို ကျွန်တော်တို့ ခေါင်းဆောင်တွေ လိုက်ကြမယ်ဆိုတာ အနှေးနှင့်အမြန် ကျွန်တော်တို့ သန္နိဌာန်ချကြရလိမ့်မယ်။ ယခုလို တပြည်လုံးအထိ ကူးစက်ပြီး မီးဟုန်းဟုန်း တောက်ဖို့ အရှိန်ယူနေတဲ့ အခါမျိုးမှာ တွေဝေမိန်းမောခြင်း၊ ချီတုံချတုံ ဖြစ်ခြင်း၊ မှန်တယ် ထင်ရာကို မလုပ်ရဲခြင်းထက် ပိုပြီးမှားတဲ့ အမှားမျိုးဟာ ရှိနိုင်တော့မယ် မဟုတ်ဘူး။
ခပ်ရှင်းရှင်း ပြောရယင် ယနေ့အထိ ကျွန်တော်တို့တတွေရဲ့ လုပ်ပုံ၊ ကိုင်ပုံတွေဟာ ဘာမှ ကျေနပ်စရာ မရှိသေးဘူး။ အတိအကျ ဆုံးဖြတ်ဖို့ အရေးကြီးနေတဲ့အခါ ကျွန်တော်တို့တတွေ တွေဝေနေကြတယ်။ ပြတ်ပြတ်သားသား လုပ်စရာ ရှိတဲ့အခါ ချီတုံချတုံ ဖြစ်နေကြတယ်။ ဒါတွေထက် ဆိုးဝါးတာက မှန်တယ် ထင်ရာကို မလုပ်ရဲတာဘဲ။ ကိုယ့်စိတ်ထဲက အလုပ်တခုဟာ ဘယ်လောက်ပင် မှန်တယ်လို့ ထင်နေပေစေ။ ဘယ်သူက ဘယ်လို ထင်မလဲ၊ ဘာပြောမလဲ ဆိုတာတွေ တွေးပြီး ယုံတာက တမျိုး၊ လုပ်တာက တမျိုး ဖြစ်နေကြတယ်။ အဲဒါတွေဟာ ခေါင်းဆောင် လုပ်ရမဲ့ လူတွေနဲ့တော့ ပြဒါးတလမ်း သံတလမ်းဘဲ။
ယခုခေတ် ခေါင်းဆောင်မှုဟာ အရင်တုန်းက ခေါင်းဆောင်မှုနဲ့ နဲနဲမှ မတူတော့ဘူးဆိုတာ ကောင်းကောင်း သတိထားကြပါ။ ရှေးတုန်းက ခေါင်းဆောင်မှုဟာ အစည်းအဝေးတက်တာမှာ စပြီး ဆုံးဖြတ်ချက်တွေ ချတာမှာ အဆုံးသတ်တာပဲ။ ယခုခေတ် ခေါင်းဆောင်မှုဟာ ဒါလောက်နဲ့ မဖြစ်တော့ဘူး။ ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနှင့် လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ ဗမာပြည်ကြီးကို အသစ်ပြန်လည် ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှု ဖြစ်ရမယ်။ ဒီလောက် ကြီးလေးတဲ့ ခေါင်းဆောင်မှုကြီးကို ကျွန်တော်တို့တတွေ နိုင်နိုင်နင်းနင်းနဲ့ တာဝန် ယူချင်တယ်ဆိုယင်၊ ခုလို တွေဝေနေလို့ မဖြစ်တော့ဘူး။ ချီတုံချတုံ ဖြစ်နေလို့ မဖြစ်တော့ဘူး။ ကိုယ် ယုံကြည်တာကို မလုပ်ရဲလို့ မဖြစ်တော့ဘူး။
ဒီစကားတွေကို ပမာဏအဖြစ်နဲ့ ပြောရတာကတော့ တခြားကြောင့် မဟုတ်ဘူး။ လက်ငင်းအခြေအနေအရ မပြောမဖြစ်လို့ဘဲ။ အဲဒီတော့ လက်ငင်းအခြေအနေဆိုတာ ဘာလဲလို့ ကျွန်တော်တို့ အထူး သုံးသပ်ဖို့ လိုတယ်။
ယခု ဗမာပြည်မှာ ဖ၊ဆ၊ပ၊လ ရှိတယ်။ ဖ၊ဆ၊ပ၊လ ရဲ့ ဆန့်ကျင်ဖက် ဂိုဏ်းတွေ ရှိတယ်။ ဖ၊ဆ၊ပ၊လ ဟာ ဗမာ့လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင် လုပ်နေတယ်။ ဖ၊ဆ၊ပ၊လ ရဲ့ ဆန့်ကျင်ဘက် ဂိုဏ်းတွေက ဖ၊ဆ၊ပ၊လ ကို ဝိုင်းပြီး ခြေထိုးနေကြတယ်။ လက်ရှိ အခြေအနေရဲ့ အတိုချုပ်ကတော့ ဒါဘဲ။
အဲဒီ အတိုချုပ်ကို ကျွန်တော် နည်းနည်း ထပ်ပြီး ရှင်းပြဦးမယ်။ လွတ်လပ်ရေးဆိုတာ လေသံမကြားရတဲ့ ဘဝက အကောင်အထည်ပေါ်လာတဲ့အထိ ဖ၊ဆ၊ပ၊လ က လုပ်ပေးခဲ့တယ်။ အဲဒီအတိုင်းသာ မှန်မှန် လှမ်းသွားနိုင်ယင်၊ လွတ်လပ်ရေး ကြေညာပြီးတဲ့နောက် ဖ၊ဆ၊ပ၊လ ရဲ့ လက်ထဲကို နိုင်ငံရေး အာဏာ ရောက်လာလိမ့်မယ်။
အဲဒါကို ဖ၊ဆ၊ပ၊လ ရဲ့ ဆန့်ကျင်ဖက် ဂိုဏ်သားတွေ ကောင်းကောင်း သိတယ်။ ဒီဟာကို သိဖို့ကလဲ သိပ်ပြီး ခက်တာ မဟုတ်ပါဘူး။ နိုင်ငံရေး လိုက်စားသူတိုင်း ရှင်းရှင်းကြီး သိနေတဲ့ အချက်ဘဲ။
အဲဒီတော့ ဆန့်ကျင်ဖက် ဂိုဏ်းသားတွေဟာ ဖ၊ဆ၊ပ၊လ နဲ့ ရိုးရိုးတန်းတန်း ယှဉ်ပြိုင်ပြီး နိုင်ငံရေး အာဏာကို လုရအောင်ကလဲ တိုင်းပြည် လူထုကိုယ်တိုင်က ထောက်ခံခြင်း မရှိတော့ ထိထိရောက်ရောက် မလုနိုင်ကြဘူး။ အဲဒီလို ရိုးရိုးတန်းတန်း မလုနိုင်တော့ သူတို့တတွေ ဖ၊ဆ၊ပ၊လကို ဝိုင်းပြီး ခြေထိုးကြတာဘဲ။ နိုင်ငံရေးမှာ မစားရတဲ့အမဲ သဲနဲ့ပက်တယ်ဆိုတာ ဒါဘဲ။ ကောင်းကောင်းသာ မှတ်ထားလိုက်ကြပေတော့။
သူတို့ရဲ့ ခြေထိုးပုံတွေကို တိုင်းပြည်လူထု သိရအောင် ကျွန်တော် နည်းနည်း ရှင်းပြပါဦးမယ်။ အဲဒီလို ရှင်းပြနိုင်အောင် ဆန့်ကျင်ဖက်ဂိုဏ်းသားတွေကို ရှေးဦးစွာ သုံးစု ခွဲပြရမယ်။ ပဌမ အစုထဲမှာ “စော၊ စိန်၊ မော်” * တို့ လူစုတွေ ပါတယ်။ ဒုတိယအစုမှာ သိန်း၊သန်း ကွန်မြူနစ်တွေ** ပါတယ်။ တတိယအစုမှာ အလံနီ ကွန်မြူနစ်တွေ*** ပါတယ်။ သူတို့ရဲ့ ခြေထိုးမှုတွေကို တခုစီ ရှင်းပြချင်တယ်။
လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မရလျှင် ဖ၊ဆ၊ပ၊လ ဝန်ကြီးတွေ ရာထူးက နှုတ်ထွက်ပြီး လူထုတိုက်ပွဲ ဆင်နွှဲမယ်ဆိုတဲ့ ဖ၊ဆ၊ပ၊လရဲ့ ဆုံးဖြတ်ချက်ကို တိုင်းပြည်လူထု သိတယ် မဟုတ်လား။
အဲဒီတုန်းက စော၊ စိန်၊ မော် တို့ရဲ့ ခြေလှမ်းဟာ တခြားဟာ မဟုတ်ဘူး။ ကျွန်တော်တို့ ရာထူးက နှုတ်ထွက်သွားယင် သူတို့ တက်ယူမယ် ဆိုတဲ့ ခြေလှမ်းဘဲ။ အဲဒီတော့ တိုတို ပြောရမယ် ဆိုယင် ဘိလပ်အစိုးရက ဆွေးနွေးပွဲတရပ် ကျင်းပရအောင် ဖိတ်လိုက်တယ်။ အဲဒီထဲမှာ စောနဲ့ စိန်တို့လဲ ပါလာကြတယ်။ သူတို့ရဲ့ အကြံကတော့ နှစ်ခု ရှိတယ်။ ကျွန်တော်တို့ လိုတာတွေ မရလို့လဲ ဆွေးနွေးပွဲ ပျက်နိုင်တယ်။ ကျွန်တော်တို့ လိုတာတွေ ရပေမဲ့ စောနဲ့ စိန်က သဘောမတူဘူးဆိုယင်လဲ ဆွေးနွေးပွဲ ပျက်နိုင်တယ်။ ပဌမနည်းနဲ့ ဆွေးနွေးပွဲ မပျက်ယင် ဘယ်နည်းနဲ့မဆို ဒုတိယနည်းနဲ့ ဆွေးနွေးပွဲကို ပျက်အောင် ဖျက်ဖို့ သူတို့ စီစဉ်ထားကြတယ်။ အဲဒီတော့ သဘောတူညီချက် ရကြလို့ လက်မှတ်ထိုး ဆိုတော့ သူတို့ မထိုးကြတော့ဘူး။ သူတို့ရဲ့ အကြံက သူတို့လက်မှတ်မထိုးယင် ဆွေးနွေးပွဲ ပျက်မယ်။ ဆွေးနွေးပွဲ ပျက်ယင် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျွန်တော်တို့ ရာထူးက နှုတ်ထွက်ကြရမယ်။ ကျွန်တော်တို့ နှုတ်ထွက်မှ သူတို့က တက်ယူမယ်ဆိုတဲ့ အကြံဘဲ။
ဒါပေမဲ့ သူတို့တတွေဟာ မူဆလင်ခေါင်းဆောင် ဂျင်းနားတို့လောက် အားမကောင်းဘူးဆိုတာကို သူတို့ တွက်တဲ့အထဲမှာ ထည့်မတွက်မိကြဘူး။ အဲဒီလို မတွက်မိတဲ့အတွက် သူတို့ ဂွလုပ်ပေမဲ့လဲ ဆွေးနွေးပွဲ ပျက်ပြီး ကျွန်တော် ရာထူးမှ ထွက်ရတာ မဖြစ်ဘဲ သူတို့သာ ထွက်သွားခဲ့ရတာဘဲ။
ယခုလဲ လျှော့မပေးဘဲ လာမည့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ဖြစ်အောင် အသိုင်းအဝိုင်းတွေနဲ့ လုပ်နေကြပြန်ပြီ။ ဒါပေမဲ့ တိုင်းပြည်လူထုကလဲ ဒီစားဖားကြီးတွေရဲ့အကြောင်းကို ကောင်းကောင်း သိပြီး ဖြစ်ကြလို့ ကြောက်စရာတော့ မရှိပါဘူး။ သူတို့ လုပ်နေကြတာ အစွမ်းတကာ့ အစွမ်းဆုံး အကြံကုန် ဂဠုန် ဆားချက်ဆိုတဲ့ အလုပ်မျိုးသာ ဖြစ်မှာဘဲ။
ဒုတိယ ဆန့်ကျင်ရေးအစု ဖြစ်တဲ့ သိန်း-သန်း ကွန်မြူနစ်တွေကိုတော့ ခုတင်က စားဖားကြီးတွေထက် ပိုပြီး ဂရုစိုက်ရမယ်။
ဒီ သိန်း-သန်း ကွန်မြူနစ်တွေဟာ ဖ၊ဆ၊ပ၊လ ထဲမှာ ရှိတုန်းက ဖ၊ဆ၊ပ၊လ တဖွဲ့လုံးကို သူတို့ကသာ ကြိုးကိုင်ချင်တယ်။ ဒီလို ကိုင်လို့ မရတော့ ဖ၊ဆ၊ပ၊လ ဟာ ဒူးထောက်ရေး လမ်းစဉ် လိုက်သလေး၊ စေ့စပ်ရေး လမ်းစဉ် လိုက်သလေးနဲ့ တောင်စဉ် ရေမရ စွပ်စွဲချက်တွေကို အသုံးပြုခဲ့တယ်။ ဒီတောင်စဉ် ရေမရ စွပ်စွဲချက်တွေကြောင့်လဲ သူတို့တတွေကို ဖ၊ဆ၊ပ၊လ ထဲက ထုတ်ပစ်လိုက်ရတာဘဲ။
ထုတ်ပစ်လို့ အပြင်ရောက်တာနဲ့ တပြိုင်နက်ထဲ ဖ၊ဆ၊ပ၊လ ကို ပြုတ်ကရော ဆိုပြီး အလုပ်သမားတွေနဲ့ ဖ၊ဆ၊ပ၊လ ကို ကိုင်ပေါက်တာဘဲ။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလအတွင်း သိန်း-သန်း ကွန်မြူနစ်တွေ မြှောက်ပေးတဲ့ အလုပ်သမားသပိတ်ကို လူထု ကောင်းကောင်း သတိရမှာပေါ့။ အဲဒီ အချိန်တုန်းက ကျွန်တော်တို့ ရာထူးယူတာ လပိုင်းလောက်တောင် မရသေးဘူး။ ရက်ပိုင်းလောက်ဘဲ ရှိသေးတယ်။ ပြီးတော့လဲ ပုလိပ် သပိတ်၊ အမှုထမ်းပေါင်းစုံ သပိတ်တို့ရဲ့ အရေးတွေနဲ့ ကျွန်တော်တို့ ဗျာများနေတုန်း ရှိသေးတယ်။ ဒီ သိန်း- သန်း ကွန်မြူနစ်တွေရဲ့ တွက်ကိန်းကတော့ ကျွန်တော်တို့ကို ဒီလို အရှိုက် ထိုးလိုက်ရယင် ကျွန်တော်တို့ လဲမှာဘဲ လို့ တွက်တာဘဲ။ ဒါပေမဲ့ လူထုဟာ ကျွန်တော်တို့ရဲ့နောက်မှာဘဲ ကြံ့ကြံ့ခိုင်ခိုင် ရပ်နေတာကြောင့် အဲဒီ သပိတ်မှာ ကျွန်တော်တို့ မလဲဘဲ၊ ကျွန်တော်တို့ကို အရှိုက်ထိုးရန် ကြံတဲ့ သိန်း-သန်း ကွန်မြူနစ်တွေဘဲ လိမ့်သွားခဲ့တာဘဲ။ အမှန်အတိုင်း ပြောရမယ် ဆိုယင် အဲဒီ သပိတ် မမှောင်ခင်က ဆိုယင်၊ သိန်း- သန်း ကွန်မြူနစ်တွေရဲ့ အလုပ်သမား အင်အားဟာ ရန်ကုန်မှာ အတောင့်ဆုံးဘဲ။ ဒါပေမဲ့ ကိုယ့် စေတနာနဲ့ ကိုယ့်ပြန်အကျိုးပေးတယ်ဆိုတာလို ဒီ သပိတ်ကို အတင်း အမှောက်ခိုင်းတဲ့ အချိန်က စပြီး ရန်ကုန်မှာ ဆိုယင် သူတို့ရဲ့ အလုပ်သမား အင်အားဟာ အတော်ကြီးကို ကျသွားတယ်။
အလုပ်သမားနဲ့ ကိုင်ပေါက်လို့ မရတော့ ဖ၊ဆ၊ပ၊လ ကို ကျောင်းသားတွေနဲ့ ကိုင်ပေါက်ဖို့ ဒီ သိန်း-သန်း ကွန်မြုနစ်တွေဘဲ ထပ်ပြီး ကြံကြပြန်တယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂရဲ့ အလုပ်အမှုဆောင် အဖွဲ့ထဲမှာ သိန်း-သန်း ကွန်မြုနစ်ရဲ့ သြဇာခံတွေ ပါတယ်။ သိန်း-သန်း ကွန်မြူနစ်တွေဟာ အဲဒီ သြဇာခံတွေက တဆင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ကြိုးကိုင်ကြတယ်။ သူတို့ရဲ့ ပယောဂနှင့်ဘဲ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တနိုင်ငံလုံး ကျောာင်းသားတွေ သပိတ်မှောက်အောင် ဆုံးဖြတ်ချက် ချကြတယ်။ အဲဒီအချိန်မှာလဲ ကျွန်တော်တို့တတွေဟာ ဘိလပ် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အတော်ဘဲ အလုပ်ရှုပ်နေတုန်း ဖြစ်တယ်။
ဒါပေမဲ့ သူတို့ စေတနာနဲ့ သူတို့ကို အကျိုးပေးတယ်ဆိုတဲ့အတိုင်း သူတို့ရဲ့ မသမာတဲ့ ခြေလှမ်းတွေကို ကျောင်းသားလူများစုက မြင်ပြီး ထဆူကြရော။ အဲဒါနဲ့ သူတို့ရဲ့ သြဇာခံ ဖြစ်တဲ့ ကျောင်းသား အလုပ်အမှုဆောင်အဖွဲ့လဲ အယုံအကြည်မရှိ အဆို အသွင်းခံရပြီး ပြုတ်ကျသွားတာပါဘဲ။
သိန်း-သန်း ကွန်မြူနစ်တွေရဲ့ အကြံအစည်ကတော့ ဖ၊ဆ၊ပ၊လ အစိုးရ အဖွဲ့ ဖြစ်တုန်း၊ ဗိုလ်အောင်ကျော်တွေ များများ ပေါ်အောင် လုပ်ပေးဖို့ဘဲ။ ဒီလို ပေါ်တော့မှ ဖ၊ဆ၊ပ၊လ ကို လက်ညှိုးထိုးပြပြီး လူထုနဲ့ ရန်တိုက်ပေးမှာဘဲ။ တော်တော့ကို ပက်စက်တဲ့ အကြံပေါ့။ ဒါပေမဲ့ ကျောင်းသား လူများစုကလဲ အကင်းပါးပြီးသား ဖြစ်နေလို့ ဒီ သိန်း-သန်းတွေရဲ့ ပက်စက်တဲ့ အကြံအစည်တွေဟာ အထ မမြောက်ခဲ့ကြဘူး။
ကျောင်းသားတွေနှင့် ကိုင်ပေါက်လို့ မရပြန်တော့၊ ဒီ သိန်း-သန်း ကွန်မြူနစ်တွေဟာ ဖ၊ဆ၊ပ၊လ ကို လယ်သမားတွေနဲ့ ကိုင်ပေါက်နေပြန်ပြီ။ အခု နယ်တွေမှာ ဆန်တွေကို လုနေကြတာ သူတို့ရဲ့ ဖြူး ညီလာခံ ဆုံးဖြတ်ချက်တွေအတိုင်း လုနေကြတာဘဲ။ ဒီလို ဆန်တွေကို လုတာဟာ တကယ်ဘဲ ငတ်လို့လား၊ ဖ၊ဆ၊ပ၊လ ကို ဂျောက်ချရအောင်လားဆိုတာ ကျွန်တော် အထူး ရှင်းပြဖို့ မလိုဘူး။ ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်းရဲ့ ရှင်းတမ်းတွေထဲမှာ အစုံအလင် ပါပြီးပြီ။
ကဲ- အခု ကျွန်တော် ပြောခဲ့တာတွေကို နားထောင်ပြီး၊ ဒီ သိန်း-သန်း ကွန်မြူနစ်တွေဟာ သူတို့ အာဏာ ရမှုအတွက် အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေကို ဘယ်လို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတာ တိုင်းပြည်လူထုက ကောင်းကောင်း ချင့်ချိန်နိုင်ပြီလို့ ကျွန်တော် ယုံကြည်တယ်။ ဒီ သိန်း-သန်း ကွန်မြူနစ်တွေဟာ တော်လဲ တော်တဲ့လူတွေပါဘဲ။ တရားအတိုင်း မဟုတ်ဘဲ၊ ညစ်ညစ်ပတ်ပတ် နည်းတွေနဲ့ နိုင်ငံရေး အာဏာ လုတဲ့ နေရာမှာ တတိုင်းပြည်လုံးက သူတို့ကို ဆရာတင်ရမှာဘဲ။
အခုလဲ သူတို့ရဲ့ ကုလားဆရာကြီး ဂျိုရှီက ဘာတွေ ဘယ့်နှယ် ညွှန်ကြားလိုက်တယ် မဆိုနိုင်ဘူး။ ဖ၊ဆ၊ပ၊လ နှင့် ညီညွတ်ရေး ဆိုပြီး တွင်တွင်ကြီး အော်နေကြပြန်ပြီ။ မဟုတ်မှ လွဲရော ဖ၊ဆ၊ပ၊လ နှင့် ညီညွတ်ရေး ဆိုတဲ့ ကြွေးကြော်သံဟာ ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့ဝင်တွေရဲ့ မျက်လုံးထဲကို သဲနဲ့ပက်ဖို့အတွက် အသုံးပြုတာဘဲလို့ ကျွန်တော်တော့ တထစ်ချ စွဲထားလိုက်တာဘဲ။ ဘာဖြစ်လို့လဲ ဆိုယင် ဒီလို ညီညွတ်ရေး ကြွေးကြော်သံတွေကို အော်ပြီးတဲ့နောက်မှ သူတို့ ဖက်တော်သားတွေဟာ ကျွန်တော်တို့ဖက်က လူတွေကို ပိုပြီး သတ်သေးတယ်လို့ နယ်က တိုင်ကြားချက်တွေကို ကျွန်တော်တို့ ကြားရတယ်။ သူတို့ရဲ့ ညီညွတ်ရေး ကြွေးကြော်သံကို ကြားရပြီး၊ ကျွန်တော်တို့လူတွေ ထင်ယောင်ထင်မှား ဖြစ်နေတုန်း၊ သူတို့က အငိုက်မှာ ဝင်ပြီး ချတာဘဲ။
အခုလဲ ကြည့်ပါလား။ တဖက်က ညီညွတ်ရေး အသံကောင်းကို လွှင့်ပြီး သူတို့ရဲ့ သြဇာခံ သတင်းစာ ဂျာနယ်တွေမှာတော့ ဖ၊ဆ၊ပ၊လ ကိုဘဲ အပြင်းအထန် သွားပုပ်လေလွှင့် ရေးသားတုန်း ရှိသေးတယ်။ လူထုက ဖ၊ဆ၊ပ၊လ အပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်လာအောင် ကိုယ်လိုရာကိုယ်ဆွဲပြီး ရေးသားထားတဲ့ အရေးအသားမျိုးတွေနဲ့ လှုံ့ဆော်ပေးနေတုန်း ရှိသေးတယ်။ ဖ၊ဆ၊ပ၊လ ရဲ့ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင်၊ ဆန်လုပွဲတွေကို ဒီ သိန်း-သန်း ကွန်မြူနစ်တွေကဘဲ လှုံ့ဆော်ပေးနေတုန်း ရှိသေးတယ်။ အဲဒါတွေကို ကြည့်ပြီးတော့ သူတို့ရဲ့ ညီညွတ်ရေး အသံကောင်း ဟစ်တာဟာ ဘာရည်ရွယ်ချက်နဲ့ ဟစ်နေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးနေပါပြီ။
ဖ၊ဆ၊ပ၊လ ရဲ့ တတိယ ဆန့်ကျင်ဖက် ဂိုဏ်းသားဖြစ်တဲ့ အလံနီတွေအကြောင်းကို ကျွန်တော် နည်းနည်း ပြောချင်တယ်။ အလံနီ နောက်လိုက်တွေကတော့ သနားစရာတွေဘဲ။ တောင်ပို့ကြီးကို ဘုရားမှတ်ပြီး ကိုးကွယ်နေကြတယ်။ သူတို့ရဲ့ ဆရာကြီး သခင်စိုး ဆိုတာကတော့ အစက လူကောင်းတယောက် ဖြစ်ပေမဲ့ စိတ်၏ ဖောက်ပြန်မှု ဒဏ်ကို မခံနိုင်တာနဲ့ အခုတော့ ဂျပိုးတော်လှန်ရေးသမား ဖြစ်နေပြီ။ ဗမာ့လွတ်လပ်ရေးတွေ ဘာတွေကိုတောင် မျက်နှာ ထောက်မနေနိုင်တော့ဘူး။ ဒီလူဟာ ပိုက်ဆံသာ ခပ်များများ ရမယ်ဆိုယင် အကုန်လုံး လိုက်ဖျက်ပေးမှာဘဲ။ ကျွန်တော် ပြောယင် ယုံပါ။ သူ့အကြောင်းကို ဒီလောက်ဘဲ ပြောပါရစေ။
ကျွန်တော်တို့ ဘိလပ်မှာ ဆွေးနွေးပွဲ ကျင်းပနေစဉ်က ကျွန်တော်တို့ဖက်က မဲတင်းပေးတဲ့ အနေနဲ့ နယ်ချဲ့စံနစ် ဆန့်ကျင်ရေးသမားမှန်သမျှ လွတ်လပ်ရေး ဆန္ဒပြပွဲကြီးကို ဗမာတပြည်လုံးမှာ ကျင်းပပေးကြတယ်။ သိန်း-သန်း ကွန်မြူနစ်တွေကတောင် ဒီဆန္ဒပြပွဲမှာ ဝင်ပြီး ဆန္ဒပြကြသေးတယ်။ နယ်ချဲ့သမားတွေကို ဖ၊ဆ၊ပ၊လ က အဲဒီလို အင်အားပြနေရတဲ့ အချိန်အခါမှာ သခင်စိုးတို့ လူစုဟာ ဖ၊ဆ၊ပ၊လ ကို မီးကုန် ယမ်းကုန် ပစ်ပြီး တိုက်တာဘဲ။
အခုလဲ ရွေးကောက်ပွဲ မကျင်းပဖြစ်အောင် ဆိုပြီး၊ သခင်စိုးတို့ လူစုဟာ မီးကုန်ယမ်းကုန် လုပ်နေကြပြန်ပြီ။ အသက်ငင်နေတဲ့ ဗြိတိသျှ နယ်ချဲ့သမားတွေဟာ ဖ၊ဆ၊ပ၊လ ရဲ့ အင်အားကို ဖြိုဖျက်ဖို့နဲ့ ဖ၊ဆ၊ပ၊လ က အပြင်းအထန် ကြိုးပမ်းနေတဲ့ ဗမာ့လွတ်လပ်ရေးကြီးကို ဇာတ်မျောအောင် လုပ်ဖို့အတွက် သုံးစရာ တခြားနည်းတွေ မရှိတော့ဘူး။ ဒီလူတွေကိုဘဲ အသုံးပြုကြရမှာဘဲ။
အဲဒီ ရှင်းပြခဲ့တာတွေဟာ လက်ရှိ အခြေအနေ အတိုချုပ်ဘဲ။ အဲဒီလက်ရှိ အခြေအနေကို ကြည့်ပြီး လမ်းနှစ်ခွသို့ ရောက်နေတဲ့ ကျွန်တော်တို့တတွေဟာ ဘယ်လမ်းကို လိုက်မယ်ဆိုတာ ခပ်မြန်မြန် သန္နိဌာန် ချကြရလိမ့်မယ်။ ဖ၊ဆ၊ပ၊လ နဲ့ ဆန့်ကျင်ဘက် ဂိုဏ်းသားတွေ ရှို့ထားတဲ့ မီးကို နိုင်နိုင်နင်းနင်း ငြိမ်းမလား၊ လောင်ချင်သလို လောင်ပေစေကွ ဆိုပြီး၊ လက်ပိုက် ကြည့်နေကြမလား။ မီးကို ငြိမ်းမယ် ဆိုရင်လဲ နိုင်နိုင်နင်းနင်း ငြိမ်းရမယ်၊ လက်ပိုက် ကြည့်နေရမယ် ဆိုယင်လဲ ကျွန်တော်တို့တတွေ အခုနေရာက ဖယ်ပေးကြရမယ်။ အဲဒါ ခပ်ရှင်းရှင်းဘဲ။ ဒီ ကိစ္စမှာတော့ ကျွန်တော်တို့ ချီတုံချတုံ ဖြစ်နေကြလို့ မဖြစ်တော့ဘူး။ ချီတုံချတုံ ဖြစ်နေကြယင်၊ တွေဝေနေကြယင်၊ မှန်တယ်ထင်တာကို မလုပ်ရဲကြယင်၊ ကျုပ်တို့ကို ယုံကြည်ကိုးစားပြီး ထောက်ခံ အားပေးနေတဲ့ လူထုအပေါ်မှာသာ မတရားရာ ရောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ်ကိုလဲ ကျွန်တော်တို့ မတရားရာ ရောက်လိမ့်မယ်။
တိုင်းပြည် လူထုဟာ နေ့ အသတ်ခံရမလား၊ ညအသတ်ခံရမလား၊ ကျီးလန့်စာစား တထိတ်ထိတ်၊ တလန့်လန့် နေရတဲ့ အဖြစ်ကို မလိုချင်ဘူး။ အေးအေးချမ်းချမ်း၊ စိတ်ချလက်ချ နေရတဲ့ အဖြစ်ကို လိုချင်တယ်။ လူထုဟာ နေ့အတိုက်ခံရမလား၊ ညအတိုက်ခံရမလားဆိုပြီး မသေမချာ မရေမရာတဲ့ အဖြစ်ကို မလိုချင်ဘူး။ လွတ်လွတ်လပ်လပ် သွားလာနေထိုင်ရတဲ့ အဖြစ်ကိုသာ လိုချင်တယ်။
ကျွန်တော်တို့ရဲ့ လက်ထဲကို အာဏာ လုံးဝ မရောက်သေးတဲ့အတွက် လူထုရဲ့ နေရေး၊ ထိုင်ရေးကို ကျွန်တော်တို့ စိတ်ရှိတိုင်း မြှင့်တင် မပေးနိုင်သေးသည့်တိုင်အောင် ၊ လူထုရဲ့ ပြဿနာ အရပ်ရပ်ကို ကျွန်တော်တို့ စိတ်ရှိတိုင်း ဖြေရှင်း မပေးနိုင်သေးသည့်တိုင်အောင် ကျီးလန့်စာစား တထိတ်ထိတ် တလန့်လန့် နေရတဲ့ ဘဝက လွတ်မြောက် ချမ်းသာပြီး၊ လူထုဟာ စိတ်ချလက်ချ နေရတဲ့ ဘဝကို ရောက်အောင် လုပ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ လူထုရဲ့ ခေါင်းဆောင်အဖြစ်ကို ကျွန်တော်တို့ ခံယူထားကြယင် ဒီတာဝန်ကိုလဲ ကျေပြွန်အောင် ထမ်းဖို့ရန် မမေ့သင့်ပေဘူး။
အမှန်အတိုင်း ပြောရယင် ကျွန်တော်တို့ဟာ ဟိုအကြောင်း၊ သည်အကြောင်းကို ထောက်ထားပြီး ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဖက် ဂိုဏ်းသားတွေ အပေါ်မှာ အင်မတန် ညှာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဆန့်ကျင်ဖက် ဂိုဏ်းသားတွေနဲ့ ပက်သက်လာယင် ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ခဲ့တယ်။ ပုဆိန်နဲ့ ခုတ်ရမည့်နေရာမှာ အပ်နဲ့သာ ထွင်ခဲ့တယ်။ အပ်နဲ့ ထွင်ရမယ့် နေရာမှာ လက်ပိုက်ကြည့်နေခဲ့တယ်။ အဲဒါတွေကို တိုင်းပြည်လူထုကိုယ်တိုင် ကောင်းကောင်း သိသားဘဲ။
ဒါပေမဲ့ အဲဒီလို ညှာတာကို ဒီဆန့်ကျင်ဖက် ဂိုဏ်းသားတွေက ကျွန်တော်တို့မှာ အားနည်းလို့ မလုပ်နိုင်ဘူးလို့များ အထင်လွဲနေသလား မသိဘူး။ သူတို့ဟာ တနေ့တခြား အတင့်ပိုရဲလာတယ်။ သူတို့ လုပ်ချင်တာတွေ ရှောက်လုပ်နေတာကိုသာ ယခုအတိုင်း ကျွန်တော်တို့ ကြည့်နေရမယ်ဆိုယင် အကွပ်မရှိတဲ့ ကြမ်းလို တတိုင်းပြည်လုံးမှာ ပရမ်းပတာ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ ဘဝမျိုးကို ဆိုက်သွားမယ်။ ဒီလိုသာ ဆိုယင် ကုလားပြည်လို ဖြစ်ပြီး၊ ဗမာ့ လွတ်လပ်ရေးကြီးဟာ ဇာတ်မျောချင်လဲ မျောနိုင်မယ်။ ဇာတ်မမျောလို့ ဗမာ့လွတ်လပ်ရေးကြီးဟာ၊ ဗမာ့လက်ထဲကို ရောက်လာပြန်ယင်လဲ၊ ဒီအတိုင်းသာ အကွပ်မရှိတဲ့ကြမ်းလို ပရမ်းပတာ ဖြစ်နေကြယင် လွတ်လပ်ရေးဆိုတာ ဘာမှ အဓိပ္ပာယ် ရှိမှာ မဟုတ်ဘူး။
လွတ်လပ်ရေးကို ရအောင် ကျွန်တော်တို့ ကြိုးပမ်းနေကြတာဟာ ဗမာတွေ လွတ်လပ်ပြီဟေ့လို့ ပြောကောင်းရုံကလေးအတွက် ကြိုးပမ်းနေကြတာ မဟုတ်ပါဘူး။ ခပ်တိုတို ပြောရယင်၊ ဗမာတွေ လူတန်းစေ့စေ့ နေနိုင်အောင် လုပ်ပေးဖို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတာ။ အဲဒီတော့ ဗမာတွေ လွတ်လပ်ပြီးတဲ့နောက်၊ လူတန်းစေ့စေ့ နေနိုင်ဖို့ အလုပ်တွေကို မလုပ်ရဘဲ၊ ကဖျက်ယဖျက်သမားတွေရဲ့ နှောင့်ရှက်မှုတွေကို တုံ့ပြန်နေရတာနဲ့သာ အချိန်ကုန်နေကြရမယ်ဆိုယင် လွတ်လပ်ရေး ရတာဟာ အဓိပ္ပာယ်ကို ရှိမှာ မဟုတ်တော့ဘူး။
အဲဒီတော့ ကျုပ်တို့ဟာ လူထုရဲ့ ခေါင်းဆောင် လုပ်မယ်ဆိုယင် လူထုရဲ့ အကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံ အဖြစ်မျိုးကို စွန့်ပစ်ကြရလိမ့်မယ်။ နိုင်ငံရေး ဆောင်ရွက်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ် ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။
ကျွန်တော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသား လုပ်တော့မယ်။ ကျွန်တော်တို့တတွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံ ချတုံ ဖြစ်နေမှုကြောင့် လူထု မနစ်နာစေချင်တော့ဘူး။
ကျွန်တော်တို့ လုပ်သလိုဘဲ အစိုးရ အရာထမ်း အမှုထမ်းတွေဟာ မိမိတို့အပေါ်ကို တရားသဖြင့် ကျရောက်လာတဲ့ တာဝန် ဝတ်တရားတွေကို လူထုနဲ့ တိုင်းပြည်ရဲ့ မျက်နှာကို ထောက်ထားပြီး၊ ပြတ်ပြတ်သားသား ဆောင်ရွက်ကြစေချင်တယ်။ ဒီလိုမှ ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြယင်လဲ၊ ဆောင်ရွက်ဝံ့တဲ့လူတွေကို နေရာ ဖယ်ပေးကြစေချင်တယ်။ အစိုးရ အမှုထမ်း အရာထမ်းဆိုတာ အမှန်စင်စစ်တော့ ကိုယ့်ဝတ်တရား ကိုယ်ကျေပြွန်အောင် ထမ်းဖို့ဘဲ။ ဟိုလူကို ကြောက်သလိုလို ၊ ဒီလူကို ကြောက်သလိုလို၊ ဟိုလူ့ကို မျက်နှာချို သွေးချင်သလိုလို၊ ဒီလူ့ကို မျက်နှာချို သွေးချင်သလိုလို၊ ဒီလို လုပ်လို့ မရဘူး။ ကိုယ့် ဝတ်တရားကိုယ် ကျေပြွန်ယင် ဘယ်သူ့မှလဲ ကြောက်ဖို့ မလိုဘူး။ ဘယ်သူကမှလဲ လက်ဖျားနဲ့မှ မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။
အဲဒီတော့ ကျွန်တော် နိဂုံး မချုပ်ခင် ဆန့်ကျင်ဖက် ဂိုဏ်းသားတွေကို တိတိလင်းလင်း သတိပေးလိုတယ်။ နိုင်ငံရေး အာဏာကို တရားသော နည်းများထဲက မည်သည့်နည်းနှင့်မဆို တရားအတိုင်း လုပ်ကြပါ။ ဒီလို လုပ်တဲ့လူတွေကို တရား ဥပဒေနှင့် လျော်ညီစွာ ကျွန်တော်တို့က အစွမ်းကုန် ကာကွယ်ပေးမည်။ ဒီလိုမှ မဟုတ်ဘဲ မစားရတဲ့အမဲ သဲနှင့်ပက်သည့် အနေမျိုးဖြင့် တိုင်းပြည်ကြီးကို မှောက်အောင် လုပ်ပစ်မယ် ဆိုယင် ၊ လူထုရဲ့ အကျိုးကို မြှော်ကိုးသော အားဖြင့် အဲဒီလို တိုင်းပြည်မှောက်သွားအောင် ကြိုးပမ်းနေတဲ့လူတွေကို ကျွန်တော်တို့က အစွမ်းကုန် ချရမှာဘဲ ဆိုတာ တိတိလင်းလင်း သတိပေးလိုက်ပါတယ်။ ။
* - စော၊ စိန်၊ မော် = ဦးစော၊ သခင်ဗစိန်၊ ဒေါက်တာဘမော်
** - သိန်း၊ သန်း ကွန်မြူနစ် = ကိုသိန်းဖေ(သိန်းဖေမြင့်)၊ သခင်သန်းထွန်းတို့ ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ
*** - အလံနီကွန်မြူနစ် = သခင်စိုး ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ