ဗိုလ်ချုပ် အောင်ဆန်း

ကွန်မြူနစ်တွေကို ဘာ့ကြောင့် ထုတ်ပစ်ရသလဲ

၁၉၄၆ ခု၊ အောက်တိုဘာလ ၂၀ ရက်နေ့ ရွှေတိဂုံဘုရား အနောက်မုခ်၌ ပြောကြားခဲ့သော ကွန်မြူနစ်ပါတီအား ဖဆပလ အဖွဲ့ချုပ် မှ အဘယ်ကြောင့် ထုတ်ပယ်ခဲ့ရကြောင်း ရှင်းလင်းသောမိန့်ခွန်း။

ယနေ့အစည်းအဝေးကတော့ အများသိတဲ့အတိုင်းဘဲ။ ဖ၊ဆ၊ပ၊လ က ကွန်မြူနစ်တွေကို ဘာပြုလို့ ထုတ်ပစ်ရတယ်ဆိုတဲ့ အကြောင်း ရှင်းပြဖို့ပါဘဲ။ ဒီအကြောင်းတွေ ပြောရမယ်ဆိုယင် အများကြီးဘဲ။ ကျုပ်လဲ စီကာစဉ်ကာ ပြောဖို့ အချိန်မရဘူး။ ခင်ဗျားတို့လဲ နေပူမှာ သိပ်ကြာကြာ နေနိုင်မှာ မဟုတ်ဘူး။ နောက်ကြောင်းတွေကိုလဲဘဲ ပြန်ပြောသင့်သလောက် ပြောရမယ်။

ဖ၊ဆ၊ပ၊လ၊ အဖွဲ့ချုပ်ဟာ အားလုံး သိကြပြီး ဖြစ်ကြမှာဘဲ။ ဂျပန်ခေတ်ထဲမှာ တိတ်တိတ်ပုန်း ပေါ်လာတယ်။ ဒီအဖွဲ့ချုပ်ကြီးရဲ့ ဝါဒ လုပ်ငန်းစဉ်အရပ်ရပ်ကို ကျွန်တော်ဘဲ စတင်စီမံပြီး ကျွန်တော်နဲ့ တပ်မတော်ရဲ့ ကောင်းမှုကြောင့် ဂျပန်တွေ ပြန်ချဖို့ ဆိုတဲ့ လုပ်ငန်းဟာ အဲဒီကျမှဘဲ ကျကျနန ဖြစ်လာတော့တယ်။

အစတုန်းကဆိုယင် ကွန်မြူနစ်တွေဆိုတာလဲ မပြောပလောက်ပါဘူး။ အလုပ်လဲဘဲ တကယ် မရှိပါဘူး။ ပြီးတော့ သူတို့ဝါဒကလဲ “အင်္ဂလိပ်လာယင် လက်နက်ချလိုက်”ဆိုတဲ့ ဝါဒလောက်ဘဲ ရှိတယ်။ အဲတာနဲ့ ကျုပ်တို့နဲ့ တွဲမိမှ ဒီလို မဖြစ်နိုင်ဘူး။ ဂျပန်ကို တော်လှန်ဖို့ အပြင်းအထန် စီစဉ်ရမယ်။ လူထု လုပ်ငန်းတွေလဲ ထက်ကြပ် လုပ်နိုင်အောင် စီစဉ်ရမယ်။ ဗမာလူထုတွေ ဖွဲ့စည်းနိုင်သလောက် ဖွဲ့စည်းပြီး လက်နက် ရနိုင်သလောက် လက်နက်စွဲကိုင်ခိုင်းပြီး လုပ်ထားမှ ဂျပန်ကို ချပြီးတဲ့နောက် လွတ်လပ်ရေး အင်အားစု ဖြစ်လာနိုင်မယ်။ ဒီလိုမဟုတ်ယင် ပခုံးပြောင်းတဲ့ အလုပ်လောက်သာ ဖြစ်မယ်လို့ ကျုပ်တို့ ပြောခဲ့တယ်။

အဲဒီတော့မှ သူတို့ လုပ်ငန်းစဉ် နဲနဲမှန်လာတယ်။ ဒါတောင် တကယ့် တကယ် လုပ်ကြတမ်းဆိုတဲ့ အရေးကျတော့ ဆန့်ငင်ဆန့်ငင်နဲ့ မလုပ်ရဲ မကိုင်ရဲ ဖြစ်ပြီး လက်နက်နဲ့ ထကြွပုန်ကန်ဖို့ အပြင်းအထန် စီစဉ်ရမယ်လို့ ကျုပ်ပြောတာကို သခင်သန်းထွန်းနဲ့ ကွန်မြူနစ် ခေါင်းဆောင်အချို့က ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ အနုပဋိလောမဝါဒနဲ့ မကိုက်ဘူးလို့ ပြောကြသေးတယ်။ အဲဒါနဲ့ ကျုပ်တို့ လုပ်ကြတော့မှ ကျုပ်တို့ရဲ့ လူအား၊ ငွေအား၊ လက်နက်အား၊ ဉာဏ်အား တွေနဲ့ ဂျပန် ချမဲ့ လုပ်ငန်း အစီအစဉ်များ တွင်ကျယ်လာတယ်။ ဒီလို ဖြစ်လာတယ်ဆိုယင်ဘဲ နားတောင်းရောင်ကြောင့် ပါးပြောင်ဆိုတာလို ကွန်မြူနစ်တွေလဲ တက်လာကြတာဘဲ။ ကျွန်တော်တို့ကလဲ ကွန်မြုနစ်ဝါဒကို မပစ်ပယ်တော့ သူတို့ ဒီလိုတက်လာတာကိုလဲ ဘာမှ မနာလို မရှိပါဘူး။ သူတို့ချည်း ဟိုဟာဒီဟာတွေ လုပ်သလို အသားယူသွားတာတွေကိုလဲ မချေပပါဘူး။ သူတို့ညစ်တာတွေ၊ ခြေထိုးတာတွေ၊ ကလိန်ကျတာတွေကို အများကြီး မကျေနပ်ပေမဲ့ အချင်းချင်းသာ အတွင်းရေးလောက်ဘဲ ပြောကြတယ်။ အပြင်ကို မထုတ်ပါဘူး။ သူတို့ကတော့ ဒီလို မဟုတ်ဘူး။ ပေးထားတဲ့ ကတိတွေဖျက်၊ အတူတူ ဆုံးဖြတ်တော့ တမျိုး၊ လုပ်တော့တမျိုး၊ ဒါတွင်မကဘူး၊ မဟာမိတ်တွေဆီကို လူလွှတ်ဖို့ဘဲဖြစ်ဖြစ်၊ မဟာမိတ်တွေဆီက ရတဲ့ လက်နက်နဲ့ရွှေငွေ အကူအညီဘဲဖြစ်ဖြစ် သူတို့ချည်း ကျိတ်လုပ်ကြတယ်၊ အဲတာတွင် မပြီးသေးဘဲနဲ့ ကျွန်တော်တို့ကိုဘဲ မျက်ကန်းမျိုးချစ်တွေ၊ သွေဖီရေးသမားတွေ၊ ဖက်ဆစ်သမားတွေ အစရှိသည်ဖြင့် တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ကျုပ်တို့ ကွယ်ရာမှာ ဆဲသေးတယ်။

အထူးသဖြင့် အင်္ဂလိပ်စစ်တပ်တွေ ပြန်ဝင်လာတဲ့အခါ ဆိုရှယ်လစ်တွေက လက်နက်စုတယ်။ တပ်မတော်က ဘာတွေ လုပ်နေတယ်၊ အင်္ဂလိပ်ကို ပြန်ချဖို့ လုပ်နေတယ်လို့ စာရေး ပေးလိုပေး၊ စစ်အုပ်ချုပ်ရေးနဲ့ ပင်းလိုပင်း၊ လုပ်ကြတယ်။ မြစ်ဝကျွန်းပေါ်မှာ ရှိတဲ့ ဗမာ့တပ်မတော် ဆိုလို့ရှိယင် ဖျက်ဖို့ တိုက်တွန်းကြတယ်။ ကျုပ်ဆီမှာ သခင်စိုးက ရေးပြီး သခင်သန်းထွန်း လက်မှတ် ထိုးထားတဲ့ စာတစောင်တောင် ရှိသေးတယ်။ အဲတာတွေလဲ ကျုပ်တို့ အင်မတန် သည်းခံရတယ်။ သူတို့အလို လိုက်ပြီး လက်နက်ချရမယ်ဆိုလို့ လက်နက်တွေ ချခဲ့ရတယ်။ ကျုပ်တို့ ကန္ဒီ သွားတုန်းကဆိုယင် ကိုသိန်းဖေက တပ်မတော်ကိစ္စနှင့် ပတ်သက်ပြီး ခင်ဗျားတို့ လက်နက်အားကိုး မလုပ်စေချင်ဘူး။ အေးအေးချမ်းချမ်း ပြုပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဖို့ လိုတယ်။ လွတ်လပ်ရေးကို အေးချမ်းသာယာစွာဘဲ အရယူဖို့ ပြောသေးတယ်။ အဲဒီလို သူတို့က ဗမာတိုင်းပြည်ကို သစ္စာဖောက်ခဲ့တဲ့ အင်္ဂလိပ်ရဲ့ အလိုတော်ရိလမ်းတွေကို လိုက်ခဲ့လို့ အခုထိ ကျုပ်တို့ လိုက်ပြီး ဗမာပြည်နိုင်ငံရေးကို ဆည်နေရတုန်းဘဲ။ အင်္ဂလိပ်တွေ ဝင်လာစက ကျုပ်သာ လက်နက်ကိုင်ပြီး သူပုန် ထချင်ယင် မခက်ခဲပါဘူးလို့ ဘုရင်ခံဟောင်း ဆာဒေါ်မန်စမစ်က လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ဘိလပ်မှာ ပြောခဲ့တယ်။ ကျုပ်ရဲ့ အကြံအစည်တွေဟာလဲ ဒီတုန်းက ဘယ်လို ရှိတယ်ဆိုတာဟာ စာရွက်စာတန်းတွေ ရှိတန်သလောက် ရှိပါသေးတယ်။ အခုန ဒေါ်မန်စမစ် ပြောသလို လက်နက်နဲ့ ထချဖို့ မခဲယဉ်းဘဲနဲ့ ကျုပ်တို့ ဘာလို့ မလုပ်ရသလဲ ဆိုတာကိုသာ ဒေါ်မန်စမစ် သိခဲ့ယင်၊ သူ့မိန့်ခွန်းထဲမှာ ဗြိတိသျှ အင်ပါယာကြီးက သခင်စိုး၊ သခင်သန်းထွန်း၊ ကိုသိန်းဖေတို့ကို ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ဦးမှာဘဲ။

အဲဒီလို သစ္စာဖောက် လုပ်ငန်းတွေက တဖက်၊ ကျုပ်တို့ အလုပ်လုပ်တဲ့ အချင်းချင်းတွေကို ခြေထိုးတာတွေ၊ ကလိန်ကျတာတွေက တဖက်၊ အဲဒီဟာမျိုးတွေ လုပ်ပြီး သူတို့ပါတီ ကြီးပွားအောင် လက်ဦးယင်ပြီးရော ဆိုပြီး ဟိုဆိုင်းဘုတ်၊ ဒီဆိုင်းဘုတ် တွေတင်၊ သူတို့လူတွေက နေရာတကာမှာ ဝင်ပြီး ကြိုးကိုင်ထား။ ဒိပြင်လူတွေကို ကန်ထုတ်သလို လုပ်။ ဖ၊ဆ၊ပ၊လ တို့ ကျုပ်နာမည်တို့ကို ရောင်တော်ပြန် သုံးပြီး သူတို့ အားစုတာနဲ့ လူထုအစည်းအရုံး စင်ပြိုင်တွေ ပေါ်။ လူထုထဲမှာလဲ ရှုပ်ရှုပ်ထွေးထွေး ဖြစ်၊ ပါတီတွေကလဲ ဟိုကပေါ် ဒီကပေါ်၊ ဖ၊ဆ၊ပ၊လ လုပ်ငန်းဆိုလဲဘဲ ဖ၊ဆ၊ပ၊လ ထဲမှာ သူတို့တတွေ အများအပြား ရာထူး ယူထားပေမဲ့ ဘာမှ မလုပ်ဘူး။ ပစ်ထားတယ်။ သူတို့ ပါတီ လုပ်ငန်းတွေကို လုပ်ကြတယ်။ အဲဒါနဲ့ဘဲ ဖ၊ဆ၊ပ၊လ လုပ်ငန်းတွေဟာ မတွင်ကျယ်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့သာ မှန်တယ်၊ ဒိပြင်လူတွေက မမှန်ဘူးဆိုပြီး နေရာတကာမှာ တင်စီးတင်စား လုပ်တယ်။ အဲဒါနဲ့ ကျုပ် သူတို့ကို မေတ္တာနဲ့ဘဲ အကြိမ်ကြိမ်အခါခါ သတိပေးတယ်။ ခင်ဗျားတို့ ဒါမျိုး လုပ်ယင် ဖ၊ဆ၊ပ၊လ ကြီး ကွဲလို့ ခင်ဗျားတို့ တက်မယ်ထင်လို့လား၊ ခင်ဗျားတို့ကို အင်္ဂလိပ်က စစ်တိုက်တုန်း သုံးပေမဲ့ စစ်ပြီးတဲ့အခါ ဆော်လိမ့်မယ်။ ကျုပ်တို့ အချင်းချင်း မညီညွတ်မဲ့ အလုပ်တွေ မလုပ်ပါနဲ့လို့ ကျုပ် အကြိမ်ကြိမ် ပြောခဲ့တယ်။ မရဘူး။ လုပ်မြဲ လုပ်တာဘဲ။ ဆိုရှယ်လစ်တွေကို ကြံဖန်အပြစ်ရှာ၊ ပြော၊ ရေး၊ လက်ဝဲ ညီညွတ်ရေးကို လုပ်ပြီး ပြန်ဖျက်၊ ဖ၊ဆ၊ပ၊လ ကြီးကို ကွန်မြူနစ်ပါတီအတွက် အလွဲသုံးစားလုပ်၊ တရားသဖြင့် သူတို့ အလုပ်လုပ်လို့ ဖ၊ဆ၊ပ၊လထဲမှာ ကွန်မြူနစ်တွေ တွင်ကျယ်လာတယ် ဆိုယင်လဲ ဟုတ်ပါရဲ့။ ကျုပ်တို့ကလဲ ကြည်ဖြူပါတယ်။

အခုတော့ ဒီလို မဟုတ်ဘူး။ ဖ၊ဆ၊ပ၊လ က ရာထူးတွေကိုတော့ လက်ခံထားတယ်။ ဖ၊ဆ၊ပ၊လ အလုပ်ကိုတော့ ကောင်းကောင်း မလုပ်ဘူး။ နာမည်ရစရာ ရှိပြီဆိုယင် ကွန်မြူနစ်ပါတီ နာမည်နဲ့လုပ်တယ်။ လုပ်လို့ မဟန်ဘူးဆိုယင် ဖ၊ဆ၊ပ၊လ ကို လာထိုးအပ်ပြီ။ အဲဒါမျိုးတွေ ချည်းဘဲ။ ကျုပ်တို့ကလဲ သည်းခံနိုင်သလောက် သည်းခံပြီး လုပ်ပေးတာဘဲ၊ ပဲခူးဘက်မှာ အငတ်ပြဿနာတွေ ဖြေရှင်းကြတယ်။ ပဌမ သူတို့ အသားရမည်ထင်တုန်းက သူတို့ ပါတီနာမည်နဲ့ လုပ်တယ်။ ကိုးရိုးကားရား ဖြစ်တော့မှ ဖ၊ဆ၊ပ၊လ ကို လာအပ်တယ်။

ဖ၊ဆ၊ပ၊လ ဆုံးဖြတ်ပြီး အလုပ်တွေကို ဖ၊ဆ၊ပ၊လ နာမည်နဲ့သာ လုပ်ရမယ်လို့ သူတို့ရော၊ ကျုပ်တို့ရော သဘောတူ စည်းကမ်း သတ်မှတ်ထားတယ်။ ဒါတွေ ဖောက်ဖျက်ပီး သူတို့ လုပ်တာဘဲ။ ဒါနဲ့ သူတို့တတွေ လုပ်ပုံတွေဟာ မူကိုက မမှန်တော့ မှားပြီးရင်း မှားရင်း ဖြစ်လာတယ်။ သူတို့တတွေအမှား ဖြစ်တာနဲ့ဘဲ ကျုပ်တို့ ဖ၊ဆ၊ပ၊လ မှာလဲဘဲ ခဏခဏ ဂယက်ရိုက်တယ်။ သူတို့ဟာက ခုတမျိုး ခုတမျိုးဘဲ၊ ဘကြီးဘဘေ ဆိုလဲ သူတို့ဘဲ။ အင်္ဂလိပ်သူလျှို ဘဘေ ဆိုလဲ သူတို့ဘဲ၊ ငြိမ်းချမ်းသာယာစွာ လွတ်လပ်ရေး ယူရန် ဆိုတာလဲ သူတို့ဘဲ။ ခုချက်ချင်းဘဲ တော်လှန်ရေး လုပ်ရမယ်လို့ ပြောတာလဲ သူတို့ဘဲ။ လုပ်တော့ မလုပ်ပါဘူး။ လက်ဖဝါးလို မှောက်ချည်လှန်ချည် သိပ်နိုင်တဲ့လူတွေဘဲ။ သူတို့ ဒီလို ပြောင်းလဲတာဟာ ဘာမှ ခြေခြေမြစ်မြစ် မရှိဘူး။ တကယ် ချကြဖို့ဆိုလို့ စဉ်းစားတဲ့အခါ တော်ရိရော်ရိ လုပ်သွားတယ်။ ပြီးတော့ ဘေးကျတော့ ကျုပ်တို့တတွေကဘဲ စေ့စပ်ရေးသမားတွေ ဖြစ်သလို၊ သူတို့ကတော့ မဟုတ်သလို၊ အတူတူ သဘောတူ ဆုံးဖြတ်ပြီး လုပ်ကြတာကို သူတို့ သဘောမတူလေဟန်၊ သူတို့ဘဲ သတ္တိရှိလေဟန်၊ မဟုတ်မမှန် ပြောကြသေးတယ်။ ဥပမာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ကိစ္စတွေနှင့် ပတ်သက်ပြီး စီတန်းလမ်းလျှောက်ပွဲ လုပ်တုန်းက အမိန့်ယူဖို့ ဘာဖို့ဆိုတာ ကွန်မြူနစ်တွေကဘဲ အဆိုသွင်းတာဘဲ။ တခြားလူတွေက ထောက်ခံတယ်။

ကျုပ်တို့ကတော့ အတွင်းသိ၊ အစင်းသိတွေ ဖြစ်တော့ သခင်စိုး ဘယ်လောက် သတ္တိရှိတယ်၊ ကိုသိန်းဖေ ဘယ်လောက် သတ္တိရှိတယ်၊ သခင်သန်းထွန်း ဘယ်လောက် သတ္တိရှိတယ်၊ ဒိပြင်လူတွေ ဘယ်လို ဆိုတာတွေ သိလို့ မလွမ်းပါဘူး။ ဗမာပြည်ရဲ့ လွတ်လပ်ရေး လုပ်ငန်းတွေလဲ မပြီးသေးပါဘူး။ ဘယ်စခန်းအထိ လုပ်ရမယ် ဆိုတာလဲ မသိသေးပါဘူး။ ဗမာ့လွတ်လပ်ရေး လုပ်ငန်းကို ဆက်လက်ပြီး အပြီးတိုင် လုပ်ကြတဲ့နေရာမယ်၊ ဘယ်သူ ဘယ်လို သတ္တိရှိလို့ ဘယ်သူက ဘယ်လို ခြေသာတယ် ဆိုတာတွေ ပြီးခဲ့တဲ့အဖြစ်အပျက်တွေကရော၊ နောင်လာမယ့် အဖြစ်အပျက်တွေကရော သက်သေခံပါလိမ့်မယ်။ ကျုပ် ရဲရဲကြီး ပြောရဲပါတယ်။

သတ္တိချင်း စမ်းမယ်ဆိုယင်တော့ ဗမာ့လွတ်လပ်ရေးအတွက် တကယ်တမ်း လုပ်တမ်းဆိုယင် ထွက်ခဲ့ပါ။ မဟိန်းတမ်း၊ မဟောက်တမ်း၊ တကယ်လုပ်တမ်း ပြိုင်ရဲပါတယ်။ ကျုပ်အကြောင်းတွေလဲ ခင်ဗျားတို့ သိတန်သလောက် သိကြမှာဘဲ၊ ဒါပေမဲ့ အကုန်တော့ ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ ကျုပ်ကလဲ မကြွားချင်ပါဘူး။ ကျုပ်နိုင်ငံရေး လုပ်လာတာ ကြွားချင်လို့လဲ လုပ်နေတာ မဟုတ်ဘူး။ ဗမာပြည် လွတ်လပ်ရေး ရစေချင်လို့ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ။ ကျုပ်က နိုင်ငံရေး မလုပ်ရလို့ ထမင်းငတ်သွားမယ့်လူမျိုး မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်တာ ကျုပ်အဖို့မယ် မြတ်တယ်လို့ကို မထင်ဘူး။ အရှုံးကြီးနဲ့ချည်း လုပ်နေရတာဘဲ။

ယခုဝန်ကြီး ဖြစ်ရပေမဲ့ ကျွန်တော့်မှာ ဘာမှ ထူးခြားခြင်း မရှိပါဘူး။ ဂျပန်ခေတ် တခေတ်လုံးကလဲ စစ်ဝန်ကြီးဆိုပြီး ကျွန်တော့်မှာ အဝတ် နှစ်ထည် သုံးထည်ကလွဲပြီး အပို မရှိခဲ့ပါဘူး။ ယခုခေတ် ရောက်ပြန်တော့ ဒါတွေကို ဝတ်နေရတာဘဲ။ ယခု ဝတ်နေတဲ့ ဘောင်းဘီနှင့် အင်္ကျီတောင် ယခု ဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်း အချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခု ဝန်ကြီးအဖြစ်နှင့် လခ ဘယ်လောက် ယူမယ်ဆိုတာ ဖ၊ဆ၊ပ၊လ က ဆုံးဖြတ် မပေးသေးဘူး။ ဘယ်လောက်ဘဲ ဆုံးဖြတ် ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံလောက်က ပိုမှာ မဟုတ်ဘူး။

ပိုက်ဆံ မရလို့ ဂုဏ်ဆိုတာကတော့ ဝန်ကြီး ဖြစ်ရတဲ့အတွက် ဘယ်လောက်များ တက်သွားသလဲလို့ မေးကြစမ်းပါ။ ယခုလို မီးတောင်ကြီးပေါ်မှာ တက်ထိုင်နေရတာနဲ့ တူတဲ့ ဝန်ကြီးရာထူးဆိုတာ ခုနေအခါ ကျုပ်တို့ ယူချင်တာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အကြောင်းကြောင်းတွေ ထောက်ပြီး မျက်စိမှိတ်ပြီး စွန့်ယူရတာဘဲ။ လူထုကြီးက ကျုပ်ကို ပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ကို ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ် ပိုမက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ ကျုပ်စိတ်ထဲမှာဆိုယင် ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ဘဲလို့ ကျုပ် မှတ်ထားပါတယ်။

ဒါကြောင့်လဲ လွန်ခဲ့တဲ့ သပိတ်ကိစ္စကြီးတွေကို ဖြေရှင်းပြီးတာနဲ့ တပြိုင်နက် ကျန်အရေးကြီးတဲ့ အတွင်း လုပ်ငန်းတွေကို တခြားလူတွေနှင့် လွှဲထားပြီး လူထုလုပ်ငန်းကို ထွက်လုပ်ဖို့ ကျုပ် ဝန်ကြီးရာထူးက ထွက်စာတင်ထားတယ်။ ဖ၊ဆ၊ပ၊လ အလုပ်အမှုဆောင်အဖွဲ့က ဆိုင်းထားသေးတဲ့အတွက် ကျုပ် မထွက်ခဲ့ရဘူး။

ကျုပ်တို့ ယခုလို အစိုးရ အဖွဲ့ထဲမှာ ဝင်ပြီးထားတာနဲ့ လူထုလိုချင်တာတွေ အကုန်လုံးကို ကျုပ်တို့ လုပ်ပေးနိုင်မယ်လို့ ကျုပ်တို့ ဘယ်တုန်းကမှ လူထုကို တပတ်မရိုက်ခဲ့ဘူး။ အကုန်လုံး လုပ်ပေးနိုင်ဖို့ ဆိုတာလဲ လွတ်လပ်ရေး ရတောင် ချက်ချင်း လုပ်ပေးနိုင်မယ် မဟုတ်ဘူး။ နေ့ချင်းညချင်းတော့ ပဒေသာပင် ပေါက် မပြနိုင်ဘူး။ ကျုပ်တို့ ဖ၊ဆ၊ပ၊လ က အစိုးရ အဖွဲ့ထဲ ဝင်တဲ့အခါ တိုင်းပြည်ကို ကြေညာတဲ့ ကြေညာချက်ကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ ကျုပ်တို့ ဘာပြောထားတယ် ဆိုတာ တွေ့ရပါလိမ့်မယ်။

ကျုပ်တို့ အစိုးရ အဖွဲ့ထဲ ဝင်လာပေမဲ့ ဒီအစိုးရအဖွဲ့ဟာ အမျိုးသား အစိုးရရဲ့ အရည်အချင်း၊ အခွင့်အရေး အလုံးစုံနဲ့ ညီညွတ်ပြီ၊ ကိုက်ပြီလို့ မယူဆသေးဘူး။ ပြီးတော့ ဒီအစိုးရဟာ လွတ်လပ်တဲ့ နိုင်ငံကို တဖြောင့်ထဲ ပို့ပေးမဲ့ ယာယီအစိုးရလို့လဲ မဆိုနိုင်ဘူး။ ဗမာပြည် လွတ်လပ်ရေးဟာလဲ သေချာပြီ မကြာခင် ရတော့မယ်လို့ မဆိုနိုင်သေးဘူး။ အစိုးရ အမှုထမ်းများနဲ့ အခြား လူအတန်းအစားတို့ရဲ့ လက်ငင်းပြဿနာများကို ဖြေရှင်းနိုင်ဖို့အတွက် တကြောင်း၊ ခြောက်လခန့်တွင် တရားသဖြင့် လွတ်လပ်စွာ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် တကြောင်း၊ အခြား လက်ငင်းပြဿနာတွေကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်ပြီး နေသူရိန် ဆုံးဖြတ်ချက်အတိုင်း အမျိုးသား အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်မယ့် အခြေသို့ တိုးတက်ပြီး လှမ်းသွားနိုင်ကောင်း လှမ်းသွားနိုင်မဲ့ အခြေခံများ ရပြီ ထင်လို့သာ ဝင်လုပ်ကြည့်တာဘဲ။ ဒီလို ကျုပ်တို့ တိတိလင်းလင်း ကြေညာခဲ့တယ်။ အဲဒီလို ရှင်းရှင်း ပြောထားရက်နဲ့ အချို့က နဝေတိမ်တောင် စကားတွေ ပြောကြသေးတယ်။ အဲဒါတွေတော့ အကျယ် ရှင်းနေဖို့ အချိန် မရှိဘူး။ တခုလောက်ဘဲ ပြောပြမယ်။

ကျုပ်တို့ ရတာတွေဟာ အိန္ဒိယလို မဟုတ်ဘူး လို့ ပြောကြတယ်။ ဘယ်လို မဟုတ်တယ်ဆိုတာ ဘယ်သူမှ ကျကျနန သိသေးတာ မဟုတ်ဘူး။ ဥပမာ ‘လန်ဒန်တိုင်း’ လို သတင်းစာ ခေါင်းကြီးပိုင်းကနေပြီး အိန္ဒိယပြည်မှာလို ဗမာပြည်မှာလဲ ကြားဖြတ်အမျိုးသား အစိုးရ သဘောမျိုး ဥပဒေအရ မဟုတ်သေးသော်လဲ လက်တွေ့သဘော ဖြစ်နေပြီလို့ ဆိုတယ်။ ကိုင်း - ဒီဟာကို ဘယ့်နှယ့်ပြောမလဲ၊ “နေရူး”အစိုးရလဲ တကယ်ပြောရမယ်ဆိုယင် ဘုရင်ခံချုပ်ရဲ့ အမှုဆောင်အဖွဲ့ဘဲ၊ လက်တွေ့တော့ ကြားဖြတ် အမျိုးသားအစိုးရသဘောမျိုး လုပ်ရစေမယ်လို့ ဆိုထားတာဘဲ၊ ဘယ်လောက်အထိ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ကျုပ်တို့ ယခု မသိနိုင်သေးဘူး။

တချို့က ပြောကြတယ်။ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဌာနကို ကျုပ်ကို ပေးပေမဲ့ ဘုရင်ခံရဲ့ အတိုင်ပင်ခံသာ ဖြစ်တယ်လို့။ ဘာမှ သေသေချာချာ မသိကြဘဲ ရမ်းပြောနေကြတာဘဲ။ အိန္ဒိယနဲ့ မတူဘူးလို့ ပြောကြတယ်။ အဲဒီဟာ သဘောရော၊ လက်တွေ့ရော တူအောင် ယခု နိုဝင်္ဘာလမှာ စတင်ကျင်းပမည့် ဘိလပ်ပါလီမန် အတွင်းမှာ ဖြစ်အောင် လုပ်မယ်လို့ ကျုပ်တို့ ပြောထားတာဘဲ။ ကျုပ်တို့ဟာ လက်တွေ့ကို ကြည့်ပြီးတော့ ဝေဖန်ရမယ်။ အိန္ဒိယနဲ့ ဗမာပြည် အစရှိသည်အားဖြင့် နှိုင်းယှဉ်တဲ့အခါမယ်၊ တူတဲ့အချက်တွေ၊ မတူတဲ့အချက်တွေ အဲဒါတွေကိုလဲ ကြည့်ဖို့လိုတယ်။ အိန္ဒိယပြည်က ကျုပ်တို့ထက် အဆပေါင်းများစွာ နယ်ကျယ်တယ်၊ လူများတယ်၊ ပစ္စည်းပေါတယ်၊ ကုလား လေတပ်၊ ရေတပ်၊ ကုန်းတပ် အစုံအလင် ရှိတယ်။ ရွေးကောက်ပွဲတွေ လုပ်ပြီးပြီ။ ဒါတွေကိုလဲ ကြည့်ရမယ်။

ကျုပ်တို့ကလဲ ဘယ်ဟာမှလဲ မဖုံးဘူး။ ကျုပ်တို့ရဲ့ မူလဝါဒ လုပ်ငန်းရည်ရွယ်ချက်တွေကိုလဲ ပစ်ပယ်ထားတာ မဟုတ်ဘူး။ ဒါတွေလဲ ဆက်လုပ်မယ်လို့ ဆိုထားတယ်။ အဲဒီလို ပြောဆိုပြီး ရာထူး ယူခဲ့တယ်။ အတူတူချင်း ရာထူးယူတာဘဲ။ ကွန်မြူနစ်တွေက ငပြူးထက် တမူးဖိုး ပိုရှူလိုက်ချင်ကြသေးတယ်။ ကျုပ်တို့ အတွင်းသိတဲ့ လူတွေကတော့၊ ဘာဖြစ်လို့ လုပ်တယ်ဆိုတာ ကျုပ် သိပါတယ်။ ကျုပ် ရှင်းရှင်း ပြောမယ်၊ ကွန်မြူနစ်တွေက ပဌမ ရာထူး နှစ်နေရာ လိုချင်တယ် ပြောတယ်။ သူတို့ အဲဒီတုန်းက ဘာတွေ တောင်းပါ။ အဲဒါတွေ ရမှ ရာထူးလက်ခံပါ။ ဒီလို ပြောတာ မဟုတ်ဘူး။ နှစ်နေရာ မရနိုင်တော့မှ ခြေထိုးတာဘဲ။ ရာထူးယူတော့ ကိုယ့်နောက်လိုက်ငယ်သားတွေ ကျေနပ်အောင် ကျုပ်တို့ ယူချင်လို့ ယူရတာ မဟုတ်ပါဘူး။ ဖ၊ဆ၊ပ၊လ က လူကြီးတွေ ယူချင်လို့ သူတို့ကို ထိန်းဖို့ သိမ်းဖို့ ဝင်ယူရတာပါ။ အဲဒီလို သဘောမျိုးနဲ့ သူတို့ နာမည်ကြီးမှု၊ သူတို့ ခေါင်းဆောင်အဖြစ် တည်တံ့မှု၊ နောက် ရွေးကောက်ပွဲကျယင် သူတို့ အသားယူနိုင်ဖို့၊ ကျုပ်တို့ ဖ၊ဆ၊ပ၊လ ဘာဖြစ်သွားသွား ဆိုတဲ့ သဘောမျိုးနဲ့ လုပ်ကြတာဘဲ။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလံနီ ကွန်မြူနစ်တွေနဲ့ သိန်းသန်း ကွန်မြူနစ်တွေက ပြောင်ချော်ချော် ပြောနေကြတယ်။ အမှန်စင်စစ် ရွေးကောက်ပွဲဆိုတာကို အခြား ဘယ်နည်းမှ မရှိနိုင်တဲ့ လမ်းမှန်ကြီးအနေနဲ့ မယူဆပါဘူး။ ဒါပေမဲ့ ကွန်မြူနစ်တွေ ကြီးကြီးကျယ်ကျယ် ပြောတာ၊ ကျုပ်ကတော့ ရယ်ချင်တယ်။ အိန္ဒိယပြည်က ကွန်မြူနစ် (ဂျိုရှီ) ဟာ လွန်ခဲ့တဲ့ နှစ်လလောက်က ဘာစာ ရေးလိုက်သလဲဆိုလို့ ရှိယင်၊ မင်းတို့ ရွေးကောက်ပွဲ ဝင်ကြ၊ ရွေးကောက်ပွဲ ပြီးလို့ရှိယင် (Major Political Development) နိုင်ငံရေး အခြေအနေ အကြီးအကျယ် ပြောင်းလွဲလာလိမ့်မယ်ဆိုပြီး စာရေးလိုက်တယ်။ ဒါတွေ ကျုပ် သိပြီးပါ။ မပြောချင်လို့ နေတာဘဲ။

ကျုပ်တို့ ရာထူးယူတာလဲ ဘာမှ မကြာသေးပါဘူး။ အရက် ၂၀ လောက် ရှိပါသေးတယ်။ အဲဒီ အရက် ၂၀ ထဲမှာ ပဌမ ငါးရက်၊ ခြောက်ရက်လောက်က ဟိုတုန်းက သပိတ်ကိစ္စတွေ ဖြေရှင်းရတယ်။ ကျုပ်တို့ သပိတ်သမားအများ ကျေနပ်အောင် ဖြေရှင်းခဲ့တယ်။ ဒါ ကျုပ်တို့ ပြောခဲ့တဲ့အတိုင်း လုပ်ခဲ့တာပဲ။ ကွန်မြူနစ် ဝန်ကြီးလဲ သဘောတူခဲ့တာဘဲ။ အဲဒါကိုဘဲ ကျုပ်ကို လူညာဆိုတဲ့ သဘောမျိုး ပြောသေးတယ်။ ပြီးတော့ အဲဒီ သပိတ်တွေကဘဲ ဗမာပြည်ကြီး တော်လှန်ရေး လုပ်ရမလို ပြောကြသေးတယ်။ ယခု “အလံနီ” တို့ ၊ “သိန်း-သန်း”တို့ ဆိုတဲ့ ကွန်မြူနစ် အမည်ခံ ခေါင်းဆောင်တွေဟာ တော်လှန်ရေးသမား ဘယ်လောက် စစ်တယ်ဆိုတာ တဖြည်းဖြည်းတော့ ခင်ဗျားတို့ ကိုယ်တိုင် ပိုသိလာမှာဘဲ။ ကျုပ်တော့ သိပ်ပြီး မပြောလိုဘူး။ သို့ပေမဲ့ နည်းနည်းပါးပါးတော့ ပြောခဲ့မယ်။

ယခု “သိန်း-သန်း” ကွန်မြူနစ်တွေက အင်္ဂလိပ်စစ်တပ်တွေ ချက်ချင်း ထွက်သွားရမယ်၊ ဘာရမယ်၊ ညာရမယ်နဲ့ အသံကောင်း ဟစ်နေကြတယ်။ အော်လို့ ရမှာ မဟုတ်ဘူး၊ လုပ်မှ ရမှာ။ အဲဒီတော့ ကျုပ်က သူတို့ကို မေးချင်တယ်။ အင်္ဂလိပ်တပ်တွေ ချက်ချင်း ထွက်သွားအောင် ဘယ်လို လုပ်မလဲ၊ ပြောပြစမ်းပါ၊ ဖ၊ဆ၊ပ၊လ ကို ခု ဆဲနေကြတဲ့ အချောင်သမား နိုင်ငံရေးသမားကြီးတွေနဲ့ သူတို့ တလေထဲ မှုတ်နေတာသာ တွေ့ရတယ်။ ဒီဟာမျိုးကို သူတို့ ကွန်မြူနစ် စကားမျိုးနဲ့ ပြောရမယ်ဆိုယင် (Revolutionary Phrase Mongering) တော်လှန်ရေး ဗန်းပြ စကားတွေ သုံးပြီး သူတို့ရဲ့ တကကယ့်အချောင်သမားဝါဒကို ဖုံးဖို့၊ ဖိဖို့ လုပ်တာဘဲ။

သပိတ်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ အတွင်းမှာတော့ ကွန်မြူနစ်တွေက သပိတ်သမားတွေ ကြာကြာမခံနိုင်ဘူး။ ထမင်းထုပ်ပေးရတဲ့ လူတွေလဲ ညည်းကုန်ပြီလို့ ပြောတယ်။ အဲဒီလို ပြောတဲ့လူဟာ ကွန်မြူနစ် အမည်ခံ သခင်ချစ်ပါဘဲ။ အထဲမယ်တုန်းက ကျုပ်က မစ္စတာရာဇတ်ကို ဝန်ကြီး တနေရာ ပေးရယင် ဘယ့်နှယ်လဲ မေးတယ်။ သူတို့ကဘဲ မလိုသေးပါဘူးလို့ ပြောတယ်။ ကရင် အမျိုးသားတွေအတွက် ကျုပ်နဲ့ သခင်နု လုပ်ပေးတယ်။ အဲဒါလဲ တချို့ လူတွေဆီ သွားပြီး တမျိုး ပြောလိုက်သေးတယ်။ အဲဒီလောက် ဗလောင်းဗလဲနိုင်တဲ့ လူတွေ။

အဲဒါနဲ့ ကျုပ်တို့ ပဌမ သပိတ်တွေမှ ကောင်းကောင်း မလှန်ကြသေးဘူး။ အောက်တိုဘာလ ၅ ရက်နေ့မှာ ကွန်မြူနစ်တွေ ကြီးစိုးနေတဲ့ အလုပ်သမားသမဂ္ဂက ၁၁ ရက်နေ့ ကျေနပ်အောင် အကြောင်း မပြန်နိုင်ရင် သပိတ်တွေ မှောက်မယ်ဆိုပြီး နို့တစ် ပေးခဲ့တယ်။ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ပါ။ တဖက်ကလဲ ကျုပ်တို့ ပြည်သူ့ လွတ်လပ်ရေး ချုတ်ချယ်တဲ့ ဥပဒေတွေ ဖျက်ဖို့ လုပ်နေတယ်။ ယခု ၉ ရက်၊ ၁၀ ရက် အတွင်းဆိုယင် ဗမာပြည် ကာကွယ်ရေး နည်းဥပဒေတွေ ပယ်ဖျက်နိုင်လိမ့်မယ်။ ခု ဖမ်းထားတဲ့ နိုင်ငံရေးသမားတွေကိုလဲ ယခုဘဲ လွှတ်ဖို့ လုပ်နေပြီ၊ လတ်တလော ဥပဒေတွေကိစ္စ၊ တခြား ဖ၊ဆ၊ပ၊လ က ဆုံးဖြတ်ပေးလိုက်တဲ့ ပြည်သူ့လွတ်လပ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စ အရပ်ရပ်တွေကိုလဲ တပြိုင်နက် လုပ်နေရတယ်၊ ဘဏ္ဍာရေး အာဏာ တင်းပြည့်ရဖို့လဲ တောင်းထားတယ်။

ယခုလာမည့် ပါလီမန်မှာ ဗမာပြည် တိုင်းပြု ပြည်ပြု လွှတ်တော် ခေါ်နိုင်မည့် ရွေးကောက်ပွဲ ဖြစ်အောင်လည်း စီစဉ်နေတယ်။ ယခု အင်္ဂလိပ်တွေကို အစိုးရ အမှုထမ်းထဲ သွင်းနေတဲ့ စနစ်ကို ရပ်ပစ်လိုက်ပြီး “ပရိုဂျက်”စီမံကိန်းတွေကိုလဲ တိုင်းပြည်အကျိုးကို ကြည့်ပြီး ဘယ်လို လုပ်ရ ကောင်းမယ်ဆိုတာ စိစစ်နေလျက်ပါဘဲ၊ နောက် ဗမာပြည် ကာကွယ်ရေးအတွက်လဲ အစီအစဉ်တွေ ဆွဲခိုင်းထားတုန်းဘဲ။ ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီးကိုလဲ ကိုယ်စားလှယ် လွှတ်နိုင်အောင် ကျုပ်တို့ ကြိုးစားမယ်။ အဲဒီလို ကျုပ်တို့ စီမံနေတယ်။ အလုပ်သမားတွေအတွက်ဆိုလဲ အလုပ်သမားတွေနဲ့ ဆိုင်တဲ့ တွဲဖက် အဖွဲ့တွေ၊ အစိုးရ အမှုထမ်း အရာထမ်းတွေလဲ အဲဒီလို အဖွဲ့တွေနဲ့ သူတို့ တရားသဖြင့် လိုချင်တာတွေကို တတ်နိုင်သမျှ ရအောင် ကျုပ်တို့ လုပ်ပေးမှာဘဲ။ လုပ်မပေးဘူးလို့ မပြောဘူး။

ယခု သူတို့ ကွန်မြူနစ်တွေ မြှောက်ပေးတဲ့ အလုပ်သမားသမဂ္ဂက တောင်းဆိုချက်တွေထဲမှာ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က မူအားဖြင့် လက်ခံထားတဲ့ အချက်တွေပါ ပါတယ်။ အဲဒါတွေကို ကျုပ်တို့ ရအောင် ကြိုးစားပေးရမှာဘဲ၊ ကြိုးလဲ ကြိုးစားမှာဘဲ။ ရတဲ့အခါ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်က “မကျေနပ်ဘူး၊ မင်းတို့ ထွက်ခဲ့”ဆိုယင်လဲ ထွက်ဖို့ အဆင်သင့်ဘဲ။ တတိုင်းတပြည်လုံး ရှိတဲ့ အမှုထမ်း၊ အရာထမ်း၊ အလုပ်သမား အစရှိသည်အားဖြင့် လူထုရဲ့ အခြေခံ လခတွေကိုလဲ (သုံးလအတွင်း) ပြောင်းလွဲ စီစဉ်ပေးဖို့ ကျုပ်တို့ လုပ်နေတယ်။ သို့သော် ယခု ရမှ ဖြစ်မယ်ဆိုယင်တော့ ကျုပ်တို့လဲ မတတ်နိုင်ဘူး။ ခင်ဗျားတို့ မကျေနပ်ဘူးဆိုလဲ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ်ကို သွားပြီးတော့ သေသေချာချာ ပြောပြပါ၊ ကျုပ်တို့ ထွက်ပေးဖို့ အဆင်သင့် ရှိပါတယ်။

သုံးလအတွင်းလဲ အမျိုးသား အစိုးရ အခြေအနေမျိုးကို ဥပဒေသဘောရော ကျပ်ပြည့်တင်းပြည့် ဖြစ်နိုင်သမျှ ဖြစ်အောင် ကျုပ်တို့ ကြိုးစားမယ်။ ကျေကျေနပ်နပ် မရဘူးဆိုယင် ကျုပ်တို့ ထွက်မှာဘဲ။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ ဝန်ကြီးအဖွဲ့က မကြာမီ ကြေညာချက်တရပ် ထုတ်ပြန်နိုင်လိမ့်မယ်လို့ မြှော်လင့်ပါတယ်။ ကိုင်း- အဲဒီလို ကျုပ်တို့ ရှင်းရှင်း ပြောထားပြီ၊ ကျုပ်တို့ အဲဒီလို ပြောထားတဲ့အတိုင်း လုပ်သလား၊ မလုပ်ဘူးလားလဲ စောင့်ကြည့်ကြပါ။ အလုပ်သမားတွေအတွက် ကျုပ် ဘာလုပ်ပေးခဲ့တယ်ဆိုတာလဲ နည်းနည်းပါးပါး ပြောရဦးမယ်။ ဒလ၊ ဖူးကား သစ်စက် အစရှိတဲ့ သပိတ်တွေမှာ ကျုပ်တို့ ဖ၊ဆ၊ပ၊လ ဝင် ကူခဲ့လို့ သူတို့ ဇာတ်မျောနေရာက အတော်အတန် ဟန်ကျသွားရတယ် မဟုတ်လား။ အလုပ်သမားတာဝန်ခံ လုပ်နေကြတဲ့ သမဂ္ဂ အစည်းအရုံးက အတွင်းရေးမှုး နှစ်ဦးကိုလဲ ကျုပ် ရာထူးမယူခင်ဘဲ “ကျုပ်ကို အစစအရာရာ အကြံဉာဏ် ပေးပါ။ ခင်ဗျားတို့ ပေးတဲ့ အကြံဉာဏ်ကို အခြေပြုပြီး အလုပ်သမားတွေအတွက် ကြိုးစား လုပ်ပေးမယ်” အဲဒီလို ပြောခဲ့တယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေဖက်က မတိုင်ပင်ဘူး။

ဖ၊ဆ၊ပ၊လ အလုပ်သမား တွဲဖက်ကော်မတီမှာ သူတို့လဲ ပါတယ်။ ဒါကိုလဲ မတိုင်ပင်ဘူး။ ဖြုန်းဆို သပိတ်မှောက်ပစ်မယ် လုပ်တာဘဲ။ အဲဒါ ခင်ဗျားတို့ဘဲ ဘာသဘောလဲဆိုတာ စဉ်းစားကြည့်ကြပေတော့။ ပြီးတော့ သူတို့က “ပရိုဂျက်” တွေ ဖျက်ဖို့ သပိတ်မှောက်ရတာပါ ပြောတယ်။ ပရိုဂျက်တွေဘဲ ပျက်မလား၊ အလုပ်သမားတွေဘဲ နာမလား၊ တိုင်းပြည်ဘဲ နာမလား၊ အဲဒါ စောင့်ကြည့်ကြပေတော့။ ကျုပ်တို့ မြင်တာကတော့ ပရိုဂျက် မပျက်မည့်အပြင် အလုပ်သမားတွေ ပိုနာမယ်။ တိုင်းပြည်လဲ ထိမယ်။ ယခုဘဲ ထိနေပြီ။ အညစ်အကြေး ကူလီတွေ အလုပ်မဆင်းရအောင် တားနေတာဟာ ရန်ကုန်မြို့ကြီးရဲ့ ကျန်းမာရေးကို ထိခိုက်မှာ စိုးရတယ်။

ဓနိတော ဓာတ်ဆီဆိုင်ကို တားလို့ ဓာတ်ဆီမရယင် ဘတ်စ်ကားတွေ မသွားနိုင်ဘူး။ မသွားနိုင်ယင် ကုန်ပစ္စည်းတွေ ရှားကုန်မယ်။ ရှားကုန်ယင် ခင်ဗျားတို့ကိုဘဲ ထိမှာဘဲ။ ပရိုဂျက်တွေ ဘယ်မှာ ထိလို့လဲ။ မသိ နားမလည်တဲ့ နောက်လိုက်တွေကို ဟိုဟာမြှောက်ပေး၊ ဒီဟာမြှောက်ပေးတော့ လုပ်မယ်။ ကိုယ့်ကိုယ်တိုင် ကတော့ အနစ်နာ ခံကြမှာ မဟုတ်ဘူး။ အဲဒီလို ဖြစ်ရက်နဲ့ ဒီကွန်မြူနစ်တွေ ခွတုတ်နေတာကို ခံကြမယ်ဆိုယင်လဲ ဒါ ဆိုင်ရာလူတွေရဲ့ သဘောဘဲ။ ကျုပ်တို့ကတော့ အလုပ်သမားနဲ့ တိုင်းပြည် နာမယ်ဆိုယင်တော့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး၊ အရေးယူရလိမ့်မယ်။ အဲဒါ တိတိလင်းလင်းဘဲ ကျုပ်ပြောတယ်၊ ပုလိပ်တို့ ဘာတို့ မသုံးချင်ပေမဲ့ သုံးလာရလိမ့်မယ်။

ကျုပ်တို့ အလုပ်သမားတွေရဲ့ တရားတဲ့တောင်းဆိုချက်တွေကို မပေးဘူးလို့ မဆိုဘူး။ ပေးရအောင် ချက်ချင်း စဉ်းစားကြစို့၊ အဲဒါကို ပြောတယ်။ ဒါကို အတင်းအကျပ် ဟိုဟာဒီဟာကို ချက်ချင်းပေးမှ ဖြစ်မယ်ဆိုပြီး သပိတ်မှောက်တာဘဲ။ အဲဒါ ခင်ဗျားတို့ သိအောင် ကျုပ် ပြောပြတာဘဲ။ ကျုပ်ကတော့ ခင်ဗျားတို့ကို မလိမ်ဘူး၊ ရှေးကလဲ မလိမ်ဘူး၊ ယခုလဲ မလိမ်ဘူး။ နောက်လဲ မလိမ်ဘူး၊ သခင်စိုးတို့လို ဘုရားငဆောင်းကျင့်နည်း၊ သူများသားပျို သမီးပျိုတွေလဲ မဖျက်ဆီးဘူး၊ ရွှေ၊ငွေ၊စိန်၊ကျောက်တွေလဲ ကျုပ်တို့ ရအောင် မလုပ်ဘူး၊ နိုင်ငံရေးနဲ့ စီးပွားရှာဖို့ မလုပ်ဘူး၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုလဲ ရန်သူ့လက် ဘယ်တော့မှ မအပ်ဘူး။

အဲဒါတွေကို ကွန်မြူနစ်တွေက လုပ်တယ်။ ကွန်မြူနစ်တွေဟာ တိုင်းပြည်အပေါ်၊ အလုပ်လုပ်တဲ့ လူအချင်းချင်းအပေါ်၊ ညီညွတ်ရေး ပျက်ပြားရာ ပျက်ပြားကြောင်း၊ လွတ်လပ်ရေး ကြန့်ကြာရာ ကြန့်ကြာကြောင်း သစ္စာဖောက် လုပ်ခဲ့တယ်။ သဘောတူ ဆုံးဖြတ်ခဲ့တဲ့ အချက်တွေ ဖောက်ဖျက်ပြီး အတွင်း ဆွေးနွေးတာတွေ အပြင် ထုတ်ပြော၊ မဟုတ်မမှန်တာတွေ လုပ်ပြော၊ အချင်းချင်းအပေါ် ပုတ်ခတ်၊ သူတို့ ခေါင်းဆောင်ဖြစ် ပြီးရောဆိုပြီး သူတို့ ပါတီ ကြီးစိုးရေးကိုသာ ပဌမ လုပ်တယ်။ ကျုပ်တို့ ဖ၊ဆ၊ပ၊လ ဟာ ညီညွတ်ရေး အင်အားစုကြီး၊ ဒီအင်အားစုကြီး တည်တံ့မှ၊ တိုးတက်မှ ဗမာပြည် လွတ်လပ်ရေး မြန်မြန်ရမယ်၊ ကောင်းကောင်း ရမယ်၊ အဲဒီလို ကျုပ်တို့ ယူဆတယ်။ သူတို့က အကြိမ်ကြိမ် အဖန်ဖန် သူတို့ရဲ့ အယူအဆတွေကို မလျှော့ဘူး။ ဘာဆုံးဖြတ်ချက် ရှိရှိ၊ ဘယ်လိုဘဲ သူတို့ သဘောတူထားထား သူတို့ လုပ်ချင်ရာ လုပ်တယ်။ အဲဒီတော့ ကျုပ်တို့က သူတို့ကို ထုတ်ပစ်ရုံကလွဲလို့ တခြား ဘာနည်းလမ်းမှ မရှိတော့ဘူး။

အဲဒါနှင့် ခင်ဗျားတို့ မေးချင် မေးကြမယ်၊ ဒီလောက်ဆိုးနေတဲ့လူတွေကို ဘာလို့ ဒီလောက်ကြာကြာ ထားရသလဲဆိုတာ မေးနိုင်တယ်။ ကျုပ်တို့က နယ်ချဲ့သမားတွေကို တိုက်ဖျက်ရာမှာ အင်အား နည်းများသွားမလားလို့ ချိန်ဆနေတာက တကြောင်း၊ သူတို့ အထဲမှာ တချို့ လူတော်တွေကို အားနာနေတာက တကြောင်း၊ မုဆိုးတို့မည်သည် လက်နက်လေးမြှားကောင်းကို ချစ်မြတ်နိုးရမယ်ဆိုတဲ့အတိုင်း လူကောင်းများကို ငဲ့ညှာသောအားဖြင့် သူတို့ပါတီကို ပြုပြင်လျှင် တဖြည်းဖြည်း ရလိမ့်ဦးမယ်လို့၊ ငုံးကလေးများလို တနေ့သော်လဲ အမြီး ပေါက်နိုးနိုးနဲ့ စောင့်ဆိုင်း မြှော်လင့်နေခဲ့တာဘဲ။ အဲဒီအကြောင်းတွေကြောင့် ဒီလောက် ကြာအောင် သည်းခံလာတာဘဲ။ ကျေနပ်လို့တော့ မဟုတ်ဘူး။

ယခုတော့ သူတို့ လုပ်တာတွေဟာ လွန်နေရုံ မကဘူး၊ သူတို့နှင့် လုပ်ယင် မတိုးဘဲ နောက်ပြန်ဆုတ်မှာ စိုးရိမ်ရတဲ့အတွက် သူတို့ကို ထုတ်ပစ်ရတာဘဲ။ တချို့က သူတို့ ထုတ်ပစ်တာ မစောဘူးလား၊ ဦးစီးအဖွဲ့ အစည်းအဝေးထိအောင် မစောင့်နိုင်ဘူးလား ပြောကြတယ်။ ကျုပ်တို့ အရင်တုန်းက စောင့်ခဲ့တော့ ကျုပ်တို့ဘဲ ခံရတာဘဲ။ သူတို့က အင်မတန် အညစ်တန်တဲ့လူတွေ၊ အခုတော့ ကျုပ်တို့ သူတို့အရင် ဦးအောင် ချတာဘဲ။ ဒီလို မချယင် ဒီလူတွေနှင့် မဖြစ်ဘူး။ အတိုချုပ်ရမယ်ဆိုယင် ကျုပ် ဘယ်လိုလူလဲ၊ မိန်းမရေးမှာ ရှုပ်ထွေးသလား၊ တခြားလုပ်ဖော်ကိုင်ဖက်တွေကို ဂျောက်တွန်းခဲ့သလား အစရှိတဲ့ ဒီလို ကိစ္စတွေကို လူထုရဲ့ ရှေ့မှာ ဘယ်အချိန်အခါမဆို တကယ် အစစ်ဆေးခံရန် အသင့်ရှိတယ်။ ကွန်မြူနစ် ခေါင်းဆောင်တွေရော၊ တခြား ဖ၊ဆ၊ပ၊လ ပြင်ဖက်က ခေါင်းဆောင်တွေရော အစစ်ခံဝံ့ရဲ့လားလို့ ကျုပ် နောက်ဆုံးစကား ဆိုလိုက်တယ်။ ။

ဒီးဒုတ်ဂျာနယ်

အတွဲ ၂၀-အမှတ် ၁၆

၂၈-၁၀-၁၉၄၆

 

Google