ဗိုလ်ချုပ် အောင်ဆန်း

မေဒေး ရှေ့ပြေးမိန့်ခွန်း

၁၉၄၆ ဧပြီလ ၂၆ ရက်နေ့ တွင် ပြောကြားသည့် မိန့်ခွန်း။

ကျွန်တော်တို့ ဗမာပြည်မှာ စစ်မဖြစ်ခင်က အစိုးရရဲ့ အခွန်ကောက်ယူရာမှာ ရာခိုင်နှုန်း အများအပြားဟာ ဆင်းရဲသားတွေဆီက များတယ်။ ဆင်းရဲသားဆီက ရတဲ့ အခွန်ဟာ အများဆုံးပဲ။ ဘီအိုစီကုမ္ပဏီ၊ ဘီဘီတီစီ သစ်တောကုမ္ပဏီ၊ ဧရာဝတီ ကုမ္ပဏီတွေက အမြတ်အစွန်းတွေ အများကြီး ရပြီး၊ တိုင်းပြည် အဆီအနှစ်တွေ စုတ်ယူပြီး ရထားတဲ့ အခွန်ကတော့ နဲနဲ၊ တကယ် တရားမျှတတဲ့ နည်းစံနစ်က ဆင်းရဲတဲ့လူတွေကို လုံးဝ လွှတ်ရမယ်။

အခွန်ကောက်နည်း

အခွန်ကောက်တဲ့ နေရာမှာ တဆင့်ထက်တဆင့် ဝင်ငွေများတဲ့လူအပေါ်မှာ ပိုကောက်ရမယ်။ အမြတ်တော်ကြေးသဘောမျိုး ကောက်ရမယ်။ ငွေတထောင်ရှိတဲ့လူ တနှစ်တဆယ်ကောက်ယင် ငွေတသောင်းရှိတဲ့လူ တနှစ် ငါးရာ ကောက်ရမယ်။ အချိုးအစားအတိုင်းဆို တရာသာ ကောက်ရမယ်။ သို့သော် တသောင်းမှာ တထောင် ရော့သွားရင် ကိုးထောင်တော့ ကျန်သေးတယ်။ ငွေတရာ ရှိတဲ့လူ တဆယ်ကောက်လိုက်ယင် သိပ်များတယ်။ ဒါကြောင့် တကယ်တိုးတက်တဲ့ အစိုးရဝါဒဆိုယင် အဲဒီလိုလူတွေကို ဥပမာဆိုပါတော့ တသိန်းချမ်းသာတဲ့လူကို လေး-ငါးသောင်းလောက် ကောက်ရမယ်။

အစိုးရ အုပ်ချုပ်ရမယ်

ကျွန်တော်တို့တိုင်းပြည်မှာ ရှိတဲ့ ဘဏ်တိုက်တွေ၊ မီးရထားကုမ္ပဏီတွေ၊ ရေနံတွင်း ကုမ္ပဏီတွေ အစိုးရက အုပ်ချုပ်ပေးရမယ်။ အုပ်ချုပ်ပြီးတဲ့အခါမှာ အဲဒီကရတဲ့ အမြတ်အစွန်းတွေကို တိုင်းသူပြည်သား လူအများအတွက် သုံးရမယ်။ ပဌမဆုံး ကာကွယ်ရေးဌာနနှင့် စစ်တပ်တွေအတွက် သုံးရမယ်၊ နောက်ပြီး - ကျန်းမာရေး ပညာရေး စတဲ့ လုပ်ငန်းတွေ စီစဉ်ပေးရမယ်။ တိုင်းသူပြည်သား ဆင်းရဲသားဆီက အခွန်တွေ မကောက်ဘဲ အဲဒီလို ကုမ္ပဏီကြီးတွေ အုပ်ချုပ်လို့ ရတယ်ဆိုတော့ ပို၍ များတယ်။ နိုင်ငံခြား ဆက်သွယ်တဲ့အခါမှာ အစိုးရကဘဲ တိုက်ရိုက်ဆက်သွယ် ကုန်ကူးရမယ်။

အလုပ်ချိန်များ

ရုရှားပြည်မှာ အလုပ် လုပ်ရတာ တနေ့ကို ခုနှစ်နာရီ လုပ်ရတယ်။ ကျောက်မီးသွေးတွင်းမှာ အလုပ် လုပ်ရတာက အသက်အန္တရာယ်များတယ်။ ကျန်းမာရေး ထိခိုက်စရာ များတယ်။ အဲဒီနေရာတွေမှာ ခြောက်နာရီ လုပ်ရတယ်။ နားရက်တွေ ရတယ်။ နောက်ပြီး ဗမာပြည်မှာလို သူဌေးသူကြွယ်တွေ မေမြို့၊ မြစ်ကြီးနား၊ ထားဝယ်၊ မောင်းမကန်တို့ကို အနားယူ သွားသလို သူတို့ဆီမှာ အလုပ်သမားတွေ နှစ်စဉ် အနားယူဖို့နေရာတွေ အမျိုးမျိုး အခွင့်အရေး ရတယ်။ ဗမာပြည်မှာ မရဘူး။

တဆင့်တဆင့်

ဗမာပြည်ဟာ လွတ်လပ်ရေး ရလျှင်ရခြင်း ရုရှားပြည်ရဲ့ အဆင့်အတန်းကို မမှီနိုင်ဘူး။ သို့သော် ကျွန်တော်ကတို့က ခြေလှမ်းကျဲကျဲနဲ့ သွားရမယ်။ အာဏာဟာ တိုင်းသူပြည်သား လူထုရဲ့ ကိုယ်စားလှယ်လက်ထဲမှာ ရှိမှ ဖြစ်မယ်။ မရှိယင် ခရီး ရောက်မယ် မဟုတ်ဘူး။ တကယ် တိုးတက်တဲ့ ဝါဒနဲ့ တိုင်းသူပြည်သား လက်ထဲ အာဏာရယင် လယ်သမားတွေအတွက် လယ်လုပ်တဲ့နေရာမှာ အသီးအနှံအထွက်များအောင် လယ်ယာစိုက်ပျိုးရေး စံနစ်အမျိုးမျိုး လုပ်၊ စက်တွေနဲ့ လယ်ထွန်တဲ့ နည်းတွေ ထွင်ပြီး ရုရှားပြည်မှာလို လုပ်နိုင်မယ်။ အဲဒီအခါမှ အထွက်များမယ်။ အဲဒါမျိုး လုပ်တော့ လူတွေဟာ ဝင်ငွေနေရာတိုင်း မြင့်လာမယ်။ အခုတော့ အင်မတန် နိမ့်ကျနေသေးတယ်။ အလုပ်သမား လယ်သမားတွေဟာ တကယ့်တကယ် တိုင်းပြည်လွတ်လပ်ရေး လုပ်တဲ့နေရာမှာ အရေးပါ အရာရောက်ပြီး တကယ် လုပ်စရာ ရှိယင် တကယ်လုပ်မဲ့ လူစားမျိုး ဖြစ်တယ်။ မြို့မှာ နေတဲ့ အလုပ်သမားတွေနဲ့ အဲဒီလို တောနေ လယ်သမား လူထုတွေ ပူးပေါင်းပြီး တကမ္ဘာလုံး ခေတ်ပြောင်းအောင် လုပ်နိုင်တဲ့နေ့မှာ တကယ် တိုးတက်တဲ့ ဝါဒနဲ့ အစိုးရတွေ ဖြစ်လာမယ်။ ဒီလို ဖြစ်နိုင်အောင် ကြိုးစားရမယ်။ လူထု ကိုယ်စားလှယ် အစစ်ဖြစ်တဲ့ လူတွေ နေရာတကာ ပေါ်ပေါက်လာပြီး ကမ္ဘာတခုလုံးမှာ ရှိယင် စစ်ဆိုတာလဲ ရှိမှာ မဟုတ်ဘူး။ တယောက်နှင့်တယောက် တဦးနှင့်တဦး တနိုင်ငံနှင့်တနိုင်ငံ ပူးပေါင်းပြီး ကိုယ့်နိုင်ငံ မရှိတာ သူ့နိုင်ငံကဝယ်၊ သူ့နိုင်ငံ မရှိတာ ကိုယ့်နိုင်ငံက ဝယ်… စသဖြင့် ပေါင်းသင်းဆက်ဆံရေး ဖြစ်လာနိုင်တယ်။

စီးပွားရေးသတင်းစာ

၂၇-၄-၁၉၄၆

 

Google