၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်း။
ကျွန်တော် မနှစ်ကဘဲ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီး၏ ညီလာခံသဘင်ကို ဖိတ်ကြားသဖြင့် လာရောက် စကားပြောကြားခဲ့ပါပြီ။ ဒီနှစ်လဲ လာရောက် စကားပြောပါဆိုလို့ လာရောက် ပြောဆိုရခြင်း ဖြစ်ပါတယ်။ ယခု စကားလာပြောတဲ့အခါမှာ မီးသတ်အစည်းအရုံးကြီးက အစိုးရထံမှာ တောင်းဆိုထားတာ တွေ တွေ့ရှိတယ်။ အဲဒါကို အစိုးရက မလိုက်လျောသေးဘူးလို့ တွေ့တယ်။ အဲဒီကိစ္စကို ဆိုင်ရာ တာဝန်ခံကြီးနှင့် သွားပြောဖို့ လိုတယ်။ ဗိုလ်ချုပ်လဲ နေရာတကာ ဝင်မစွက်တော့ဘူး။ ဗိုလ်ချုပ်လဲ မတတ်နိုင်တော့ဘူး။
လူထုနှင့် လုပ်မှ ရမယ်
ယခုခေတ်မှာ ပြန်လည် ထူထောင်ရေး လုပ်လုပ်၊ တိုင်းပြည် ကာကွယ်ရေး လုပ်လုပ်၊ ကျွန်တော်တို့ဟာ သူ့ဆိုင်ရာ အဖွဲ့၊ သူ့ဆိုင်ရာ လူတွေလောက်နှင့် လုပ်လို့ မပြီးနိုင်ဘူး။ အဓိပ္ပာယ်က မီးသတ်ကိစ္စကို မီးသတ်အဖွဲ့ထဲ ရှိတဲ့ လူတွေနှင့် လုံလောက်တဲ့ခေတ် မဟုတ်ဘူး။ တိုင်းပြည် ကာကွယ်ရေးမှာ စစ်တပ်က လူတွေနှင့် လုံလောက်အောင် ကာကွယ်နိုင်တဲ့ခေတ် မဟုတ်ဘူး။ တိုင်းပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာလဲ အစိုးရဖက်က လူတွေနှင့် မလုံလောက်ဘူး။ ယခုခေတ်မယ် ဘယ်ဟာဘဲ ဖြစ်ဖြစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းမှာဘဲ ဖြစ်ဖြစ်၊ ကာကွယ်ရေး လုပ်ငန်းမှာဘဲ ဖြစ်ဖြစ်၊ လုပ်တဲ့အခါမယ်၊ တိုင်းပြည် လူထုနှင့် ယှဉ်၍ ကိုယ်ထိလက်ရောက် ပါဝင် ကူညီဖို့ သဘောတရား တနေ့တခြား ပိုမို ထင်ရှားလာတယ်။
တိုင်းပြည် ကာကွယ်ရေး
တိုင်းပြည် ကာကွယ်ရေးကိစ္စ စီစဉ်ရလျှင် အကြမ်းအားဖြင့် ကျွန်တော်တို့ ဗမာပြည်မှာ ဒီလို ကာကွယ်ရေး လုပ်ငန်း ပေါ်ပေါက်လာလျှင်၊ အစိုးရကနေ၍ ဖွဲ့စည်းတည်ထောင်ထားတဲ့ စစ်တပ်တွေနဲ့ ဘယ်နည်းနှင့်မှ လုံလုံလောက်လောက် မကာကွယ်နိုင်ဘူးလို့ ယူဆတယ်။ ထိထိရောက်ရောက် ကာကွယ်နိုင်သလောက် ကာကွယ်နိုင်ဖို့၊ အခြားနိုင်ငံတွေနှင့် မဟာမိတ် ဖွဲ့ပြီး ပေါင်းတိုက်မှ ဖြစ်မယ်။ ၎င်းအပြင် အရေးကြုံယင် သက်လုံကောင်းမှ ဖြစ်မဲ့အတွက် ကိုယ့်အားကိုယ် ယုံကြည်ဖို့လဲ လိုတယ်။
လူ ၁၇ သန်းနှင့် ဗမာပြည်
ဗမာပြည်မှာ လူဦးရေ ၁၇ သန်း ရှိတဲ့အနက်မှ ၁၇ သန်း စလုံးမှ လူကြီးကစ ကလေးအထိ လုပ်ကိုင်တတ်ဖို့ လိုတယ်။ အချိန် အရွယ်လိုက် ဝင်လုပ်တတ်ဖို့ စီစဉ်ထားရမယ်။ အဲဒီအတိုင်းဘဲ မီးသတ်ဟာလဲ အဲဒီလို ဝင်လုပ်နိုင်ဖို့ စဉ်းစားထားဖို့ လိုတယ်။ ပြန်လည် ထူထောင်ရေးမှာ သဘာဝအလျောက် ဖြစ်စေ၊ ဂရုမစိုက်လို့ ဖြစ်စေ၊ ရှို့လို့ဖြစ်စေ၊ မီးဘေးကိစ္စများ ပေါ်ပေါက်နိုင်တယ်။ သို့သော် စစ်ဖြစ်လာတဲ့အခါမှာ မီးသတ်ကိစ္စဟာ အင်မတန် အရေးကြီးလာတယ်။ ဒီမီးသတ် အဖွဲ့မှာ ရှိတဲ့ လူနှင့် မလုံလောက်နိုင်ဘူး။ ယခု ခေတ်က မြန်မြန် လုပ်နိုင်ဖို့ အရေးကြီးတယ်။ အချိန်ကလဲ အရေးကြီးတယ်။ ရှေးအခါ ဗမာပြည်မှာ မီးလောင်စာတွေ မရှိဘူး။ မြို့ရွာမှာလဲ အိမ်ခြေနည်းတယ်။ တဦးနှင့်တဦးမှာလဲ ကူညီ ဝိုင်းဝန်းမှု ရှိတယ်။ တအိမ် မီးလောင်လျှင် တရွာလုံးက မိမိ၏ တာဝန်ကို သိရှိတယ်။
လောင်စာတွေ ပေါတယ်
ယခုခေတ်မှာ လောင်စာဖြစ်တဲ့ ဓာတ်ဆီ ရေနံတွေ ပေါတယ်။ မြို့ရွာ အိမ်တွေ ပြည့်ကျပ်လာတယ်။ လူတွေ ပိုမို များပြားလာတယ်။ သို့သော် အိမ်နားနီးချင်းပင် အသိမိတ်ဆွေ မမှတ်သူတွေ အမြောက်အများ ရှိလာကြတယ်။ ဗမာပြည်ဟာ ရှေ့ရှောက်ပြီး ဒီအတိုင်း ဖြစ်သွားမှာဘဲ။ အဲဒီတော့ တဦးနှင့်တဦး ဝိုင်းဝန်းကူညီမှု မရှိဘူး။ မီးလောင်လျှင် မီးသတ်သမားများဟာ လျင်မြန်စွာ ရောက်နိုင်ဖို့ အရေးကြီးတယ်။ လောင်စာများလာလို့ မီးသတ် အစည်းအရုံးတွေ များများ လိုလာမယ်။ ရှေးက ဗမာ့စံနစ်ကို ပြန်လည် ရရှိဖို့ ကြိုးစားရမယ်။ နှိုးဆော်ပေးရမယ်။ ယခုခေတ်ဟာ အချိန်နဲ့ လိုက်၍ လုပ်ရမယ်။ စစ်တိုက်တဲ့အတွင်းမှာလဲ သူ့အချိန်နဲ့သူ ဖြစ်လာတာနှင့် မြန်မြန် ထက်ထက် လုပ်ဖို့ အရေးကြီးတယ်။
မီးသတ်ပညာ သင်ပါ
မီးသတ်လုပ်ငန်း မြန်မြန်ထက်ထက်နှင့် ရဲရဲဝံ့ဝံ့ လုပ်ရတဲ့ လုပ်ငန်း ဖြစ်သဖြင့် သူရဲကောင်းများ၏ လုပ်ငန်းတရပ်လို့ ယူဆတယ်။ သူများ ကောင်းကျိုးအတွက် ကူညီဆောင်ရွက်တဲ့ စေတနာ့ဝန်ထမ်း လုပ်ငန်းများဖြင့် ဒီ သူရဲကောင်းစိတ်တွေ မွေးပြီး ကူညီ ဝိုင်းဝန်းဖို့ လုပ်ရမယ်။ မီးသတ်သမားများကို မီးမလောင်ခင်က ကိရိယာ တန်ဆာပလာ အပြည့်အစုံ ရှိဖို့နှင့် မီးလောင်လျှင် အမြန်ဆုံး သွားရောက် ငြိမ်းသတ်နိုင်ဖို့ ပညာတွေ သင်ကြားထားရမယ်။ ။