Aung San of Burma

ဂျပန်ကို ချသလို ချမယ်

၁၉၄၇ ခု၊ မတ်လ ၁၇ ရက်နေ့၊ ညနေ ၄နာရီ၊ မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ ဟောပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

ဒီဇင်ဘာလတုန်းက ကျွန်တော် မော်လမြိုင်ကို တခေါက် ရောက်ခဲ့တယ်။ ဟိုတုန်းက လာတာ အင်္ဂလိပ်ကို ရာဇသံ ပေးထားတဲ့ အချိန်၊ လွတ်လပ်ရေးတိုက်ပွဲကို ချက်ချင်းဘဲ ချရတော့မလို လူတိုင်းကလဲ ထင်နေတယ်။ ကျုပ်ကိုယ်တိုင်ကလဲ လုပ်ငန်းစဉ်တွေကို ဖွင့်ပြောသွားတာဘဲ။ ဒါပေမဲ့ ဇွန်လမှာ ပြီးခဲ့တဲ့ စာချုပ်အရ လမ်းခရီးဟာ ချောမောလာခဲ့တယ်။ ပြင်းထန်မယ် ထင်တဲ့ တိုက်ပွဲဟာလဲ လူထုကြီးရဲ့ စည်းကမ်းသေဝပ်မှုကြောင့် ငြိမ်သက်ခဲ့တယ်။ ကျုပ်တို့ ရာဇသံ ပေးတော့ ကျုပ်တို့ကို ဖိတ်ပြီး စေ့စပ် စာချုပ်တယ်။ ကျုပ်တို့ လိုလားချက်တွေ ပါပြီး လွတ်လပ်ရေး လမ်းကို ရှေးရှုမဲ့ အချက်တွေနဲ့ ပြည့်တယ်။

အဲဒီ စာချုပ်အရ ရှေ့ကို ကျုပ်တို့ တိုက်ပွဲ နှစ်ပွဲ ဆင်နွှဲရမယ်။ ပဌမအဆင့်မှာ လူထုကြီးက ကျုပ်တို့ကို ရှေးကလို ထောက်ခံ အားပေး၊ ကျုပ်တို့ လူများ ပါဝင်တဲ့ လွှတ်တော်က လွတ်လပ်ရေး လိုချင်တယ်လို့ တသံတည်း မြည်ပြီး ဆုံးဖြတ်ရမယ်။ ဒုတိယအဆင့်မှာတော့ လွှတ်တော်က ဆုံးဖြတ်ပြီးတာကို ဗမာပြည် လွတ်လပ်ရေး အုပ်ချုပ်ရေး စည်းမျဉ်း ရေးဆွဲဖို့ဘဲ။ ရေးဆွဲလို့ ပြီးယင် အင်္ဂလိပ်ကို အာဏာ လွှဲအပ်ဖို့ ပြော၊ မလွှဲယင် ကိုယ့်ဟာကိုယ် လွတ်လပ်ရေး ကြေညာ၊ အဲဒါ အစီအစဉ်ဘဲ။ လက်တွေ့ကျတော့ တကယ့် ကြိုးပမ်းမှု၊ စွန့်စားမှု၊ စည်းကမ်းရှိမှုတွေ လိုတယ်။

အဲဒီလို ကျုပ်တို့ စီစဉ်ထားတာကို နယ်ချဲ့သမားကလဲ နည်းအမျိုးမျိုးနဲ့ ဖျက်မှာဘဲ၊ ပဌမ သူတို့ ရွေးကောက်ပွဲကို ရက်ရွှေ့၊ ဒါမှ မရွှေ့ယင် သူတို့ မြှောက်လို့ ၊ ချောက်လို့ ၊ ခြေထိုးလို့ ရတဲ့လူတွေ လွှတ်တော်ထဲ ပါအောင် ကြိုးစားမယ်။ ဒါမှ မအောင်မြင်ယင် လွှတ်တော်ထဲ ရောက်မှ မူဆလင်နဲ့ ကွန်ဂရက် ကွဲသလို ကွဲအောင် လုပ်မှာဘဲ။ ဒါပေမဲ့ လွှတ်တော်ထဲ ရောက်ပြီး၊ အမတ်တွေက တသံတည်း မြည်ပြီးတော့၊ လွတ်လပ်ရေး လိုချင်ပြီ ဆိုမှဖြင့် အင်္ဂလိပ်နဲ့ ကျုပ်တို့ လွတ်လပ်ရေး ရက်ကန့်သတ်ဖို့ စာချုပ် - ချုပ်ဆိုရမှာဘဲ၊ ဒီလို ကျုပ်တို့ တဆင့်ထက်တဆင့် အောင်မြင်ပြီးတော့ ကျုပ်တို့ကို ပေးမဲ့ လွတ်လပ်ရေးက ဘယ်လိုလဲ ဆိုတာ ကြည့်ရမယ်၊ ဝေဖန်ရမယ်။ မကြာခင်ကဘဲ ထရန်ဂျော်ဒန် တိုင်းပြည်ကို လွတ်လပ်ရေး ပေးတယ်။ စာချုပ်ရဲ့ ပဌမအပိုဒ်က အချုပ်အချာ အာဏာပိုင် လွတ်လပ်ရေးအဖြစ် အသိအမှတ် ပြုသည်ဆိုပြီး နောက်အပိုဒ်တွေမယ်တော့ စီးပွားရေး၊ နိုင်ငံရေး၊ ပြည်ပဆက်သွယ်ရေးအကုန် သူတို့လက်ထဲ ထားပြီး အနှစ်မရှိတဲ့ ဂျပန်ပေးလွတ်လပ်ရေးမျိုး ဖြစ်နေတယ်။ လူထုကြီးဟာ ညီပြီး တောင့်ခံထားမယ် ဆိုယင် ဒီကောင်တွေနဲ့ ကျုပ်တို့ စေ့စပ်လို့ မရတဲ့ နေ့မှာ တခြားလမ်းတော့ မရှိဘူး။ ဂျပန်ကို ချသလို ချရုံဘဲ ရှိတော့တယ်။

အင်္ဂလိပ်က ကမ္ဘာ့အခြေအနေ သူတို့ရဲ့ စီးပွားရေး အခြေအနေအရ၊ ဗမာပြည်ကို လက်လွှတ်ရတော့မှာဘဲ၊ အင်္ဂလန်က အင်္ဂလိပ်တွေထဲမှာ လူကောင်းလဲ ရှိတယ်၊ အင်ပိုင်ယာကို လက်မလွှတ်ဘဲ ဖက်ထားချင်တဲ့ လူလဲ ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါပေမဲ့ အခြေအနေက ပြောင်းနေပြီ။ တချက်က သူတို့ စီးပွားရေး ပျက်ပြားနေတယ်။ အုပ်ချုပ်နိုင်တဲ့အခြေအနေ မရှိဘူး။ နောက်တချက်က ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ကမ္ဘာဟာ နိုင်ငံချဲ့စံနစ်ကို မကြိုက်တော့ဘူး၊ ဒီတော့ အင်္ဂလိပ်နဲ့ ကျုပ်တို့ စေ့စပ်ထားတာကလဲ ကမ္ဘာကို ကြေညာပြီးသား ဖြစ်လို့ အင်္ဂလိပ်ဟာ ကမ္ဘာ့ အကြည်အညို အပျက်မခံနိုင်ဘူး။ အင်္ဂလိပ်ကလဲ ပေးရမဲ့ အခြေ၊ ကျုပ်တို့ကလဲ မပေးယင် တော်လှန် ယူနိုင်အောင် သွေးစည်းထားမယ် ဆိုယင် လွတ်လပ်ရေးဟာ တနှစ်အတွင်း သေချာနိုင်တယ်။

ဒီတော့ ခုလာမဲ့ ရွေးကောက်ပွဲမှာ သစ္စာ ရှိတဲ့လူ အများကြီး လိုတယ်။ အမတ်တွေရဲ့ စာရင်းကို ရွေးကောက်ပွဲ ပြီးယင် နှစ်ပတ်အတွင်း ကြေညာမယ်၊ မေလမှာ လွှတ်တော် အသင့်ပြင်ပြီး ဇွန်-ဇူလိုင်-သြဂုတ်မှာ ဥပဒေ စည်းမျဉ်း ဆွဲထားမယ်၊ ဒီ ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်က သဘောကျ ရေးဆွဲပြီးတဲ့ ဥပဒေကို စက်တင်ဘာ၊ အောက်တိုဘာမှာ ဘိလပ်မှာ လုပ်မဲ့ ပါလီမံအစည်းအဝေးကို တင်ပြမယ်။ အဲဒီအခါမှာ လွတ်လပ်ရေး ရက်ကို ကန့်သတ်ဖို့ မကြေညာယင် ကျုပ်တို့ကလဲ လူထုအင်အားနဲ့ တိုက်ပွဲ ဆင်ရမှာဘဲ။

အခု လာမယ့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲအတွက် အမတ်ဖြစ်ချင်တဲ့လူ ၂,၀၀၀ ကျော်မှာ လက်ရွေးစင် ၁၈၂ ယောက် ရွေးခဲ့တယ်။ အဲဒီ ၁၈၂ ယောက်မှာ ၆၀ ကျော်ဟာ မလိမ် မညာတတ်သေးတဲ့ ပြည်သူ့ရဲဘော် လူငယ်တွေချည်းဘဲ၊ ကျန်တဲ့ လူတွေဟာလဲ တကယ် တနေ့ကျလို့ အင်္ဂလိပ်ကို ခံချရမယ်ဆိုယင် သူကုန်အဖြစ် အကြေညာခံနိုင်ရဲတဲ့ လူတွေချည်းဘဲလို့ ကျုပ် ယူဆတယ်။

ဒါပေမဲ့ ဗုံးကြဲတဲ့နေရာမှာ မဆီမဆိုင်တဲ့ အရပ်သူ အရပ်သားတွေ ထိသွားသလို အချောင်သမား တယောက်တလေ ပါချင် ပါလိမ့်မယ်။ ဒီလောက် တိုတောင်းတဲ့ ရက်မှာ ဒီလောက်ဘဲ စီစစ်ပြီးတော့ ရွေးနိုင်မယ်။ ကျုပ်တို့ ရွေးလိုက်တဲ့ လူထဲမှာ သစ္စာဖောက်မဲ့သူ နည်းတယ်။ ဖောက်ယင်လဲ ကျုပ်တို့က တာဝန် ယူတယ်။ နောက်တခု ကျုပ် ပြောပြခဲ့ချင်သေးတယ်။ တပြည်လုံးအတွက် အမတ် ၁၈၂ ယောက်မှာ လူမျိုးစုံလဲ ပါတယ်။ ခင်ဗျားတို့ မော်လမြိုင် ရှစ်နေရာမှာတောင် ကရင်၊ ဗမာ၊ မူဆလင်၊ မွန် လူမျိုးစုံ ပါအောင် ကျုပ်တို့ ရွေးခဲ့တယ်။ ကျုပ်တို့ ရွေးလိုက်တဲ့ လူတွေထက် တော်တဲ့လူလဲ ကျန်နေလိမ့်မယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို ကျုပ် မလိုချင်ဘူး။ ဖ၊ဆ၊ပ၊လ အဖွဲ့ကြီးနဲ့ ကျုပ်ကို ရှေးက ယုံကြည်ခဲ့သလို ၊ အားပေးခဲ့သလို အခုရော - နောင်ကိုရော ယုံကြည် အားပေးမယ် ဆိုယင်၊ ကျုပ်တို့ ရွေးလိုက်တဲ့ အမတ်လောင်းများကို တယောက်မကျန် မဲပေးစေချင်တယ်။ မဲ ပေးရမယ်။ မဲ မပေးတဲ့လူကိုတော့ ကျုပ် မကျေနပ်နိုင်ဘူး။ လူထုကြီးက တညီတညွတ်တည်း မထောက်ခံလို့ ရှိယင် ဗမာနိုင်ငံရေး ဇာတ်ကြီးဟာ မျောနေမှာဘဲ။ ကျုပ်တို့ကို အားမပေးလို့ ဗမာပြည်ကြီး မလွတ်လပ်ယင်တော့ ကံဘဲ။ ကျုပ် ဒီကိုလာတာ မဲလာဆွယ်နေတာ မဟုတ်ဘူး။ ဗြောင် မဲထည့်ခိုင်းတာ။ ဂျီ-စီ-ဘီ-အေ အစရှိတဲ့ ရှေးက နိုင်ငံရေး လုပ်ငန်းတွေနဲ့ ယှဉ်ကြည့်ပါ။ ဖ-ဆ-ပ-လ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကိုလဲ ဝေဖန်ပါ။ လူမျိုးအချင်းချင်း ပဋိပက္ခ ဖြစ်မှုများကို တတ်နိုင်သရွေ့ အေးငြိမ်းအောင် လုပ်ခဲ့တယ်။ ကရင်နီနယ်မှာ ငတ်နေတုန်းက ဆန် ဆား ဆီ တို့ကို ကျုပ်တို့ အစိုးရအဖွဲ့ထဲ မရောက်ခင်ကဘဲ အားတက်သရော ပို့ခဲ့တယ်၊ ကချင် - ဂျင်းဖောတို့ကိုလဲ လူတန်းစေ့ နေနိုင်ဖို့ အစိုးရအဖွဲ့ထဲ ရောက်လာအောင် ဆောင်ရွက် ပေးခဲ့တယ်။ တရုပ်၊ ကုလား လူနဲစုတွေရဲ့ အရေးကိုလဲ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တယ်။ အရင်က ကျုပ်တို့ကို အားပေးခဲ့သလို အခုရော ရှေ့ကိုရော ဗမာပြည် လွတ်လပ်ချင်ယင် တခဲနက် ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖွဲ့က ရွေးလိုက်တဲ့ အမတ်လောင်းတွေကို အားပေးကြပါလို့ ကျုပ် ပြောခဲ့တယ်။ ရှင်းရှင်း ပြောမယ်ဆိုယင် ဖ-ဆ-ပ-လ မှ ထွက်ပြီး တသီးပုဂ္ဂလလုပ်တဲ့ လူတွေကို အားမပေးဖို့ဘဲ၊ ရှေ့ကို တခုခု ဖြစ်မယ်ဆိုယင် ကျုပ် တာဝန် မခံနိုင်ဘူး။ ။

ပြည်သူ့ရဲဘော် ဂျာနယ်

အတွဲ ၁-အမှတ် ၄၇

၂-၄-၄၇။

 

Google