Aung San of Burma

စိတ်ချရမဲ့ အမတ်များ လိုတယ်

၁၉၄၇ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ မုံရွာမြို့တွင် ဟောပြောချက်။

ကျွန်တော် လာခဲ့တဲ့အကြောင်းကတော့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး လာရခြင်းပါဘဲ။ လာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ရေးကောက်ပွဲဟာ အရင်က ရွေးကောက်ပွဲနှင့် မတူဘူးဆိုတာကို သတိပြုစေချင်ပါတယ်။ အရင်ကလို တရားဟော မဲဆွယ်ပြီး လေပျော့နှင့် အော်နေလို့ ဖြစ်မှာ မဟုတ်ဘူး။ အရင်က ခင်ဗျားတို့ တင်မြှောက်လိုက်တဲ့ အမတ်မျိုးတွေကို မလိုချင်ဘူး။

အင်္ဂလိပ် မအုပ်နိုင်

ယခု လွှတ်တော်ဟာ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ဆုံးဖြတ်မဲ့ လွှတ်တော် ဖြစ်ရမယ်။ စစ်ပြီးတဲ့နောက် အင်္ဂလိပ်အစိုးရဟာ ဗမာပြည်နဲ့ အိန္ဒိယပြည်ကို အုပ်ချုပ်နိုင်တဲ့ အခြေမရှိတော့ဘူး။ အရေးကြီးတဲ့ အချက်တခုကတော့ စစ်ပြီးတဲ့ ဘယ်အစိုးရမဆို ကမ္ဘာ့မေတ္တာပျက်ကို မခံနိုင်ဘူး။ အင်္ဂလန်ဟာ အမေရိကန်ရဲ့ ငွေနဲ့ လူလုပ်နေရတာ၊ အဲဒါကြောင့် သူဟာ အမေရိကန်ကို မုန်းအောင် မလုပ်ဝံ့ဘူး။

အမေရိကန် ရှိတယ်

အမေရိကန်ဟာလဲ အရှေ့အာရှနှင့် ပစိဖိတ်မှာ ရှိတဲ့ကိစ္စကို အများကြီး ဂရုစိုက်နေတယ်။ ကမ္ဘာမှာ တခုခု ဖြစ်တယ်ဆိုလျှင် အမေရိကန်က ကြည့်နေမှာ မဟုတ်ဘူး။ အမေရိကန်ဟာ တရုပ်ပြည်ကိုလဲ အေးအေး ဖြစ်စေချင်တယ်။ ဗမာပြည်ကိုလဲ အတူတူဘဲ။ ဒီတော့ အမေရိကန်ဟာ အာရှ ပစိဖိတ်မှာ ဖြစ်တဲ့ကိစ္စတွေကို ဂရုမပြုဘဲ မနေနိုင်ဘူး။

အတွင်းကြေ ကြေနေပြီ

အင်္ဂလိပ်ဟာ အတွင်းကြေ ကြေနေပြီ၊ အဲဒါကြောင့်မို့ အခု သူဟာ လူလိမ္မာစကား ပြောနေရတယ်။ ကျုပ်တို့ကို လွတ်လပ်ရေး လိုချင်သလား၊ မင်းတို့ကိုယ်တိုင် ကြေညာပါလို့ ပြောတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ လွတ်လပ်ရေးမျိုးကို မကြိုက်ဘူး။ အခု ကျုပ်တို့ဟာ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ထိထိရောက်ရောက် ဆောင်ရွက်မဲ့သူတွေကို လိုချင်တယ်၊ အင်္ဂလိပ်နဲ့ စာချုပ် ချုပ်ဆိုတဲ့အခါမှာ ကျေနပ်ယင် ကျေနပ်၊ မကျေနပ်ယင် ယခုအမတ်တွေဟာ သူပုန်အမတ်တွေ ဖြစ်ရမယ်။

သူပုန်လွှတ်တော်ကြီး

လွှတ်တော်ဟာလဲ သူပုန်လွှတ်တော်ကြီး ဖြစ်ရမှာဘဲ။ ပြီးတော့ အခု လွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူးဆိုတာကို ခင်ဗျားတို့ စိတ်ထဲမှာ စွဲထားဖို့ လိုပါတယ်။ ကျုပ်တို့မှာ လုပ်ဖို့တာဝန်တွေ အများကြီး ရှိသေးတယ်။ အင်္ဂလိပ်ဟာ ကျုပ်တို့ကို လွတ်လပ်ရေး ပေးဖို့အတွက် ကျုပ်တို့မှာ စိတ်ချရမဲ့ အမတ်များများ လိုတယ်။ အဲဒီတော့ကာ ကျုပ်တို့ ရွေးလိုက်တဲ့ လက်ရွေးစင် အမတ်တွေကို ခင်ဗျားတို့က မဲပေးဖို့ဘဲ ရှိတယ်။ အဲဒီလို ခင်ဗျားတို့က ဝိုင်းပြီး ကူညီကြမှ ကျုပ်ပြောတဲ့ တနှစ်အတွင်းမှာ လွတ်လပ်ရေး ကြေညာနိုင်မှာ။ အဲဒါမှ မဟုတ်ယင် ဇာတ် မျောအုံးမှာဘဲ။ ဒီတော့ ခင်ဗျားတို့သဘောဘဲ။ ပေးချင်ပေး၊ မပေးချင်နေ။

စာတတ်တဲ့လူတွေ

ယခု လွှတ်တော်အမတ်တွေဟာ စာတတ်ဖို့ မလိုသေးပါဘူး။ တိုက်စရာရှိ တိုက်မယ်ဆိုတဲ့ လူကိုဘဲ လိုတယ်။ နောင်အခါကျမှ ကြည့်ပြီး စာတတ်တွေနှင့် စီမံရမှာဘဲ။ အခု စာတတ်တွေ ရွေးလိုက်ယင် စကားများနေကြမှာဘဲ၊ လွတ်လပ်ရေးစခန်းကို ရောက်နိုင်မှာ မဟုတ်ဘူး။ ။

 

Google