၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ မိနစ် ၄၀ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း။
နှစ်ဟောင်းတခုကုန်လို့ နှစ်သစ်တဖုံ ပြောင်းခဲ့ပြန်ပြီ။ ဒီနေ့ဒီရက်မှာ ကျွန်တော်လဲ နက်ဖြန် အိန္ဒိယနှင့် အင်္ဂလန်ပြည် ထွက်သွားတော့မှာမို့ ဗမာပြည်သူ ပြည်သားတို့ကို မှာချင်တာတွေ မှာသွားပါရစေ။ ကျွန်တော် အိန္ဒိယပြည် သွားမယ် ဆိုတာကတော့ အိန္ဒိယခေါင်းဆောင်များနှင့် အကျိုးချင်းတူရာ ကိစ္စများကို ဆွေးနွေးဖို့ပါဘဲ။ ပြီးတော့ ဘိလပ်ကို ဆက်သွားပြီး ဗမာပြည်ရဲ့ လွတ်လပ်ရေးကိစ္စနှင့် ပတ်သက်ပြီး ဘိလပ်အစိုးရနှင့် စကားကမ်းလှမ်းပြောဆိုဖို့ပါဘဲ။ အားလုံး မှတ်မိကြပါလိမ့်မယ်။ ကျွန်တော်တို့ ယခုလို သွားရတာဟာ ကျွန်တော်တို့ကလွန်ခဲ့တဲ့ တလကျော်က ဗြိတိသျှ အစိုးရကို လွတ်လပ်ရေးနှင့် ပတ်သက်ပြီး အရေးဆိုခဲ့တယ်။ အဲဒီလို အရေးဆိုတဲ့အခါ ဗြိတိသျှ အစိုးရက ခင်ဗျားတို့ အရေးဆိုတဲ့ အချက်တွေ စဉ်းစားရအောင် ကျုပ်တို့ဆီ လာပါ ပြောတော့၊ ကျုပ်တို့က ဒီလိုနှင့် ကျုပ်တို့ ခင်ဗျားတို့ဆီ မလာနိုင်၊ ကျုပ်တို့ ခင်ဗျားတို့ဆီ လာလို့ လာကျိုးနပ်လိမ့်မယ်လို့ ထင်ရအောင် ခင်ဗျားတို့က ဘာတခွန်းမှ မဟဘဲနှင့် ဘယ့်နှယ်လုပ်ပြီး ကျုပ်တို့ ချင့်ချိန်လို့ရမလဲ။ ဒါကြောင့် ဗမာပြည်လွတ်လပ်ရေးနှင့် ပတ်သက်၍ ဘယ်လို စကားခင်းပေးမှ ကျုပ်တို့ ခင်ဗျားတို့ဆီ လာဖို့ လိုမယ်လို့ ဆုံးဖြတ်လို့ ရမယ်လို့ ပြန်ပြောတာနှင့် တနေ့က ဘိလပ်နန်းရင်းဝန်က ကြေညာချက် ထုတ်ပြန်လိုက်တယ်။ အဲဒီ ကြေညာချက်ဟာ ကျေနပ်စရာ ကောင်းတာ၊ မကောင်းတာကို အပထားလို့၊ အဲဒီကြေညာချက်ကို မြင်တော့ ကျုပ်တို့သဘောမှာ ဘိလပ်သွားပြီး ကျုပ်တို့လိုချင်တာတွေ ဆက်ဆွေးနွေးလိုက်ရယင်ဖြင့် ကောင်းတန်ရဲ့လို့ သဘောပိုက် ထားတာနဲ့ ယခု ကျုပ်တို့ လန်ဒန်သွားကြမှာဘဲ။ ကျုပ်တို့ ဒီလို ဘိလပ်အစိုးရ ဖိတ်တာကို လက်ခံပြီး ဟို သွားခြင်းဟာ ဘိလပ်နန်းရင်းဝန်ရဲ့ ကြေညာချက်ကို ကျေနပ်လို့ သွားတာ မဟုတ်ဘူး။ လက်ခံမယ် ဆိုပြီး သွားတာ မဟုတ်ဘူး။ သူ့ကြေညာချက်ကို အခြေခံထားပြီး ကျုပ်တို့ လိုချင်တာတွေ ရအောင် ပြောဖို့ သွားတာဘဲ။
လွတ်လပ်ရေးဆိုတာ တောင်းလို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ သူများ နို့သက်စို့ ခံယူရတဲ့ အခွင့်အရေးမျိုး မဟုတ်ဘူး။ မိုးပေါ်က အလိုအလျောက် ကျမလာနိုင်ဘူးဆိုတာ ကျုပ်တို့လဲ သိတာဘဲ။ နို့ ဒီလို သိလျက်နှင့် ဘာလို့ ဘိလပ် သွားရသလဲ ဆိုတာကတော့ ပရိယာယ်ဆိုလဲ ဟုတ်ကဲ့၊ တကယ်ဆိုလဲ ဟုတ်တာဘဲ။ ကျုပ်တို့ ဟို သွားတာဟာ ကျုပ်တို့ လွတ်လပ်ရေးကို အေးအေးဆေးဆေးနှင့် ယူနိုင်တဲ့နည်းလမ်းကို ရှာဖွေတဲ့ သဘောဘဲ။ ဒီလို အစွမ်းကုန် အေးဆေးစွာ လွတ်လပ်ရေး ရတဲ့နည်း ရှာလို့ မရလို့၊ တခြားနည်းတွေ သုံးရမယ်ဆိုတဲ့အခါ ကျုပ်တို့ဟာ ကမ္ဘာ့ မေတ္တာနှင့် လုပ်နိုင်မယ် မဟုတ်လား။ အကယ်၍ ကျုပ်တို့ လွတ်လပ်ရေးကို အေးအေးဆေးဆေးနှင့် ရယင်လဲ ကောင်းတာဘဲ မဟုတ်လား၊ အေးအေးဆေးဆေးနှင့် ရမယ်ဆိုယင် ဘယ်သူ မလိုချင်ဘဲ ရှိမလဲ။ မလိုချင်ဘူးဆိုတဲ့သူဟာ အရူးဘဲ။ ၁၉၄၆ ခု မေလထဲမှာ ကျင်းပခဲ့တဲ့ ဖ၊ဆ၊ပ၊လ နှစ်ကြိမ်မြောက် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ဗမာ့ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး အောက်ပါအတိုင်း ကျုပ်ပြောခဲ့တယ်။
“ကျုပ်တို့ အတိအလင်း ကြေညာထားတဲ့ ရည်ရွယ်ချက်တွေကို တရားနည်းလမ်း စည်းကမ်းများအရ ရယူနိုင်မည့် အခွင့်အရေးများ ရှိယင်၊ အဲဒီ အခွင့်အရေးများကို ပဌမရှေးဦးစွာ ကုန်အောင် အသုံးပြုရမယ်။ ဒီလိုဆိုခြင်းဖြင့် ကျုပ်တို့ဟာ တခြားပြင်ဆင်မှု လုပ်ငန်းများကို မလုပ်ရဘူးလို့ မဆိုလိုဘူး။ ဘာပြုလို့လဲ ဆိုယင် ယခုတော့ ကျုပ်တို့ပြည်မှာ ဖြစ်ပျက်ခဲ့တာကို ကြည့်ပြီးတဲ့နောက်၊ ကျုပ်တို့ဟာ ကျုပ်တို့ မျှော်မှန်းရာ ပန်းတိုင်ကို တရားသဖြင့်နည်းနှင့် ရောက်ချင်မှ ရောက်မှာလို့ စိတ်ရောက်မိတယ်။ ဒါကြောင့် လိုယင် လိုသလို တရားဥပဒေပြင်ပ လွတ်လပ်ရေးတိုက်ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်စရာ ရှိတာ ပြင်ထားရမယ်။ ဒီလို ဆိုပြန်တာနှင့်လဲ ဒီလွတ်လပ်ရေးတိုက်ပွဲဟာ မလွှဲမရှောင် ဖြစ်မယ်လို့ မဆိုလိုဘူး။ အင်္ဂလိပ်အစိုးရဟာ ဗမာပြည်မှာ ဒီလို လွတ်လပ်ရေးတိုက်ပွဲမျိုး ထပ်မြင်ချင်သေးသလား၊ မမြင်ချင်ဘူးလားဆိုတဲ့ မေးခွန်း အပေါ်မှာ တည်တယ်။ လွတ်လပ်ရေး တိုက်ပွဲ ဖြစ်ရေး၊ မဖြစ်ရေးဟာ ကျပ်တို့ လက်ထဲမှာ မရှိဘဲနှင့် သူတို့လက်ထဲမှာ ရှိတယ်။”အဲဒီလို ကျုပ် ပြောခဲ့တယ်။ ဒါကြောင့် ဒီစကားနှင့်အညီဘဲ၊ ကျုပ် ခု ဘိလပ်ကို သွားမယ်ဆိုတာ အေးအေးချမ်းချမ်းနှင့် လွတ်လပ်ရေး ရနိုင်မည့် နည်းလမ်း ရှာတဲ့သဘော သွားတာဘဲ။ လွတ်လပ်ရေးဟာ တောင်းလို့ရနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပေမဲ့ ကျုပ်တို့ပြည်ကို အင်္ဂလိပ်က ယခုအုပ်စိုးနေတော့ သူတို့လက်က အာဏာကို ကျုပ်တို့လက်ကို လွှဲပြောင်းယူနိုင်မှ လွတ်လပ်ရေး ရနိုင်တာဘဲ။ အဲဒီလို အာဏာ လွှဲပြောင်းတာဟာ အေးအေးဆေးဆေးနဲ့လဲ လုပ်ချင် လုပ်နိုင်တာဘဲ။ ဒီလိုမှ မဟုတ် အကြမ်းပတမ်းဖက်ပြီးလဲ လုပ်ချင် လုပ်ရမှာဘဲ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အာဏာ လွှဲပြောင်းတာ မရှိဘဲနှင့် လွတ်လပ်ရေး မရနိုင်ဘူး။
ဒီတော့ အခု ကျုပ်တို့ ဘိလပ်သွားတာ၊ ဗမာတိုင်းသူ ပြည်သားတွေရဲ့လက်ကို အာဏာ လွှဲပြောင်းပေးဖို့ ပြောဖို့ဘဲ၊ နို့ ရမယ်ကော ထင်ရဲ့လား မေးလို့ရှိယင် ရနိုင်ကောင်းတန်ရဲ့လို့ ကျုပ်တို့ ဖြေရမှာဘဲ။ ဘာပြုလို့လဲ ဆိုယင် ဒီစစ်ကြီး ပြီးတော့ ကမ္ဘာကြီးဟာ အကြီးအကျယ် ပြောင်းလဲခဲ့တယ်။ ဒီစစ်ကြီးအပြီး ခေတ်ဟောင်း စံနစ်ဟောင်းတွေ ဖယ်ရှားပြီး ခေတ်သစ်ထောင်တဲ့ နိုင်ငံတွေဟာ အများကြီးဘဲ။ ရှင်ဘုရင်တွေ ဖြုတ်ချပြီး သမ္မတတွေ မြှောက်တဲ့ နိုင်ငံတွေ ပေါ်ခဲ့ပြီ မဟုတ်လား။ ဥရောပ အရှေ့ပိုင်း တခုလုံးလောက် ကွန်မြူနစ်လောကနည်းပါး ဖြစ်သွားပြီ မဟုတ်လား၊ နယ်ချဲ့ စံနစ်ဟာလဲ နေရာတကာမှာ အင်အားနည်းလာပြီဆိုတာ အထင်အရှားဘဲ။ ဒီဟာတွေဟာ အားလုံး အေးအေးဆေးဆေးနှင့် ကျုပ်တို့ရှေ့မှောက်မယ် ဖြစ်နေတယ် မဟုတ်လား။ ကျုပ်တို့ရှေ့မှာ ကမ္ဘာကြီးဟာ အေးဆေးငြိမ်သက်စွာ တော်လှန်ပြောင်းလွဲနေလို့ ကျုပ်တို့ဟာ ဒီလို ပြောင်းလွှဲနေမှန်း မသိသလို ရှိနေတာဘဲ။ ယခု ကမ္ဘာကြီးမယ် ဒီမိုကရေစီ အင်အားစုများဟာ အောင်မြင်စွာ ချီတက်လျက် ရှိကြတယ်။ အဲဒီလို ကမ္ဘာကြီးရဲ့ အဆင့်ကို မြင်ပြီး၊ အင်္ဂလိပ်အစိုးရဟာ ဗမာပြည်ကို သိမ်းပိုက်ထားလို့ မဖြစ်တော့ဘူးဆိုတာ မြင်မှာဘဲလို့ ယူဆတယ်။ အဲဒီလို မြင်လို့ အကြည်အသာနှင့် အာဏာ လွှဲပြောင်းနိုင်ကြတယ်ဆိုယင် နှစ်ပြည့်တပြည် ရွှေလမ်းငွေလမ်း ဖောက်နိုင်မှာမို့ သူတို့အတွက် ကောင်းတောင် ကောင်းသေးတယ်။ ဒါကြောင့် သူတို့လဲ အကြည်အသာနှင့် ကျုပ်တို့ လက်ကို အာဏာ လွှဲအပ် ကောင်းတန်ရဲ့လို့ အောက်မေ့ရတာဘဲ။ သူတို့ကလဲ ယခုတော့ ၊ ကျုပ်တို့ အင်ပိုင်ယာနှင့် ကွန်မွန်ဝဲလ် နိုင်ငံစုထဲမှာ မနေချင်တဲ့ ဘယ်လူမျိုးမဆို အတင်း ဆက်ထားဖို့ မရည်ရွယ်ပါဘူးလို့ ပြောထားတယ်။ ဒီပြောဆိုချက်ဟာ ဘာမှ မဟုတ်ဘူးလို့ ဆိုချင်လဲ ဆိုနိုင်တာဘဲ။ တကယ် လက်တွေ့ကျတော့ လက်နှင့်ရေး ခြေနှင့်ဖျက်သလို လုပ်မှာဘဲလို့ တွေးထင်နိုင်တာဘဲ။ ဒါမျိုး ဖြစ်နိုင်တယ်ဆိုတာလဲ ကျုပ်တို့ မသိ မဟုတ်ပါဘူး။ နောက်ပြီးတော့ ဘိလပ် နန်းရင်းဝန်ရဲ့ ပြောဆိုချက်များအနက် ဒီအချက်က လွဲယင် တခြားအရေးကြီးတဲ့ အချက်တွေမှာ မပြောဘဲ ထားတဲ့ အချက်တွေနှင့် ပြောလဲဘဲ ဝေ့လယ်လယ် လုပ်တာတွေ ကျုပ်တို့ သိပါတယ်။ ဒါပေမဲ့ သူ့ပြောစကားအတိုင်း နင်းလိုက်ပြီး ကျုပ်တို့က လိုချင်တာ ရအောင် ပြောမှာဘဲ။
ကျုပ်တို့ဟာ တော်လှန်ရေးသမားဘဲ။ ဒါကိုလဲ ခင်ဗျားတို့ အားလုံး သိတာဘဲ။ ဒါပေမဲ့ ကျုပ်တို့ဟာ ရည်ရွယ်မှန်းထားချက် မရှိဘဲ၊ မျက်ကန်းလို လုပ်တဲ့ တော်လှန်ရေးမျိုးကိုတော့ မကြိုက်ဘူး။ အမှန်စင်စစ် တော်လှန်ရေးဆိုတာ ဘာလဲ။ ကျုပ် အမြင် ပြောရမယ်ဆိုယင် တော်လှန်ရေးဆိုတာ အကြမ်းပတမ်း တိုက်ခိုက်တဲ့ ကိစ္စကိုမှ တော်လှန်ရေးလို့ ဆိုလိုတာ မဟုတ်ဘူး။ လက်ရှိ စံနစ်ဟောင်းကို တော်လှန်ပြီး စံနစ်သစ် ဘွားခနဲ ပေါ်ပေါက်လာတာကို ဆိုတာဘဲ။ အဲဒီတော့ တော်လှန်ရေးဆိုတာ တစပ်ထဲ ဖြစ်နေတာဘဲ။ တချက်တချက်ကျမှ ဘွားခနဲ ၊ ဘွားခနဲ အရေအတွက်ကနေပြီး အရည်အချင်း ပြောင်းလွှဲမှုကြီးတွေ ဖြစ်တာကို တော်လှန်ရေးလို့ ဆိုတာဘဲ။ ဆူတာ၊ ပူတာ ၊ သောင်းကျန်းတာ၊ တိုက်တာ ၊ခိုက်တာတွေဆိုတာ မလုပ် မဖြစ်မှ လုပ်ရတာမျိုးဘဲ။ ဘာပဲဖြစ်ဖြစ်၊ စတိုက်ခိုက်ချင်တယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး။ ပြီးတော့ ကိုယ်လိုချင်ရာကို အေးအေးနဲ့ရမယ်ဆိုယင် ဘယ်သူမလိုချင် ရှိပါ့မလဲ။ မလိုချင်တဲ့လူဟာ အရူးဘဲ။ ပြီးတော့ အဲဒီ ကိုယ်လိုချင်ရာကို အေးအေးဆေးဆေးနှင့် ရအောင်လဲ ဘယ်သူမဆို ဉာဏ်ရှိတဲ့လူ မှန်ယင် ကြိုးစားချင် တာဘဲ။ မရနိုင်မှ တခြားနည်း လုပ်ရမှာပေါ့။
ကိုင်း … ကောင်းပြီ၊ ဒီလို ပြောနေတော့ ကျုပ်တို့ လွတ်လပ်ရေးကို အေးအေးဆေးဆေးနှင့် ရနိုင် မရနိုင် ထပ် စဉ်းစားဖို့ လိုတယ်။ အဲဒီလို စဉ်းစားလို့တော့ ရာဇဝင်ရဲ့ သင်ခန်းစာတွေကို ကြည့်ရမယ်။ ရုရှားပြည်မယ် လူထုကြီးဟာ ဇာဘုရင်လက်ထဲက အာဏာကို သူတို့လက်ရောက်အောင် အမျိုးမျိုး ကြိုးစားကြတယ်။ သူပုန်တွေ ထခဲ့တယ်။ သပိတ်တွေ မှောက်ခဲ့တယ်။ ဘင်္ဂလား သူပုန်တွေလို လုပ်ခဲ့တယ်။ ပဌမ တော်လှန်ရေးကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဒုတိယအကြိမ် တော်လှန်ရေး ဖြစ်တော့ ဇာဘုရင်က အလိုလို နန်းစွန့်ပြီး ထွက်ပြေးခဲ့တယ်။ ဒီအတိုင်းဘဲ နောက်ဆုံးကျတော့ စပိန်ပြည်မှာလဲ ပြောင်းလွဲခဲ့ ဘူးတာဘဲ။ ဒီအတိုင်းဘဲ အိုင်ယာလန်မယ် ဖြစ်ခဲ့တယ်။ ဒီအတိုင်းဘဲ တူရကီမယ် ဖြစ်ခဲ့တယ်။ အဲဒီတော့ နောက်ဆုံးကျယင် အာဏာလွှဲပြောင်းရေးဟာ အေးအေးဆေးဆေးနဲ့ ဖြစ်နိုင်တယ်ဆိုတာ၊ ရာဇဝင်က သက်သေပြခဲ့တယ်။ နောက်ဆုံးကျတော့ ဆိုတဲ့ စကားကို ကျုပ်ရှင်းပြမယ်။ အစိုးရ အာဏာရအောင် ကြိုးပမ်းမှုတွေ လုပ်ကြသမျှမှာ ပဌမတော့ အတိုက်အခံ အကျိတ်အနယ် လုပ်ရပေမဲ့ နောက်ဆုံးကျတော့ ဆေးအေးဆေးဆေး ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဘဲ။ ကျုပ်တို့ ဗမာပြည်ဟာ လွတ်လပ်ရေးအတွက် အင်္ဂလိပ်နှင့် ဗမာ ပဌမ စစ်ပြီးကတည်းက ကြိုးစားခဲ့တာဘဲ။ အကြမ်းနှင့်လဲ လုပ်ခဲ့တယ်၊ အနုနှင့်လဲ လုပ်ခဲ့တယ်။ သူပုန် အကြိမ်ကြိမ် ထခဲ့တယ်။ ဒီ ပြီးခဲ့တဲ့ စစ်ကြီးအတွင်းမှာ ကျုပ်တို့ လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကို တကြိမ်၊ ဂျပန်ကို တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ကျုပ်တို့ တိုက်ခဲ့တယ်။ အစိုးရ အာဏာ ရခဲ့တယ်။ အဲဒီလို ဆောင်ရွက်ခဲ့တာတွေဟာ အချည်းနှီး ဖြစ်သလားဆိုယင် မဖြစ်ဘူး။ အခုဆိုယင် ကျုပ်တို့ရဲ့ လွတ်လပ်ရေးစစ်ကြီးဟာ နောက်ဆုံးစခန်း ရောက်လာပြီ။ ဒီနောက်ဆုံးစခန်း ရောက်တဲ့အခါ ဒီမိုကရေစီ စံနစ် လွှမ်းမိုးအောင်မြင်ဆဲ ဖြစ်နေတဲ့ ဒီကမ္ဘာသစ်ကြီးမှာ ဗမာပြည်ဟာ အေးအေးဆေးဆေး လွတ်လပ်ရေး ရနိုင်တယ်ဆိုတာဟာ မမှန်ဘူးလို့ ဆိုနိုင်မလား။ ဒီတော့ ရချင်လဲ ရမှာဘဲ။ ဒါပေမဲ့ ကျုပ်ပြောနေကျအတိုင်းဘဲ ရနိုင်တိုင်းလဲ မရဘူး။ ဖြစ်နိုင်တိုင်းလဲ ဖြစ်မယ် မဆိုလိုဘူး။ ဘယ်နည်းနှင့်မဆို၊ ဘယ်ကိစ္စ မဆို အလိုအလျောက် ဖြစ်မလာနိုင်ဘူး။ အဲဒီတော့ ကျုပ်တို့ ပြင်စရာ၊ အသင့်လုပ်ထားစရာတွေ လုပ်ထားရမှာဘဲ။ ကျုပ်တို့ရဲ့ လွတ်လပ်ရေးဟာ တိုင်းပြု ပြည်ပြု လွှတ်တော်တွေ ရောက်လို့၊ ကျုပ်တို့ လွတ်လပ်တဲ့ ဗမာပြည်ကို တည်ပြီး၊ အင်္ဂလိပ်အစိုးရနဲ့ အပြီးအပိုင် စကားဆိုစရာ ဆိုလို့ ပြီးစီးမှ၊ ကျုပ်တို့ လွတ်လပ်ရေး ရပြီလို့ ဆိုရမှာဘဲ။ အဲဒီလိုကျမှ လွတ်လပ်ရေးစစ်ကြီး ပြီးပြီလို့ ဆိုရမှာဘဲ။ ဒီတော့ ဆင်ပြောင်ကြီး အမြီးကျမှ တစ်လစ် မဖြစ်အောင် ကြိုးစားဖို့ လိုတယ်။ သတိထားဖို့ လိုတယ်။ ကျုပ်တို့ အားရှိမှ အခွင့်အရေး ရမယ်။ အားပို ရှိလေလေ ပိုအခွင့်အရေး ရလေလေဘဲ။
အဲဒီတော့ ဖ၊ဆ၊ပ၊လ က လွတ်လပ်ရေး တိုက်ပွဲအတွက် ဆက်လုပ်စရာ ရှိယင် လုပ်ဖို့ လွတ်လပ်ရေး ရံပုံငွေ ကောက်ခံတာကအစ ပြင်ဆင်တဲ့ လုပ်ငန်း အရပ်ရပ်ကို တိုင်းပြည်က စိတ်ရောကိုယ်ပါ ဝိုင်းဝန်း အားပေးဖို့ လိုတယ်။ တိုင်းသူပြည်သား လူအများဟာ ဥမကွဲသိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျ ရှိဖို့ လိုတယ်။ မလိုတဲ့ လူတွေက ဘယ်လို တိုက်တိုက်၊ ရှို့ရှို့၊ စစ၊ မိမိတို့ အဓိက ပန်းတိုင်ကို မျက်ချေပြတ် မခံဘဲ၊ လမ်းမလွဲအောင် ကြိုးစားဖို့ လိုတယ်။ နယ်ချဲ့သမားကို တကယ်တိုက်မယ်ဆိုတဲ့ လူအချင်းချင်းဟာ အချင်းချင်း တိုက်ခိုက်နေဖို့ မလိုဘူး။ တဦးနှင့်တဦး ဘယ်လိုဘဲ သဘောကွဲလွဲပေမဲ့ နယ်ချဲ့သမား တိုက်ခိုက်တဲ့ တပ်ဦး ဟိုဘက်လွန်ပြီး ၊ နယ်ချဲ့သမားထောက်ခံတဲ့ လမ်းတွေကို မလိုက်ရန် သတိပြုဖို့ လိုတယ်။ ကွန်မြူနစ် အလံနီ၊ အလံဖြူတို့ဟာ နယ်ချဲ့သမားတွေကို ထိထိရောက်ရောက် တိုက်ခိုက်ရမဲ့အစား၊ အချင်းချင်းကို ခြိမ်းချောက် အကြမ်းပတမ်း ကိုင်နေတာဟာ အင်မတန်ဘဲ ဝမ်းနည်းစရာ ကောင်းတယ်။ သူတို့ ဒီလို လုပ်ပေမဲ့ ငါတို့အား တိုက်ရိုက် ကျူးကျော် စော်ကားလာမဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်သော အားဖြင့် ပြန်လှန်ခုခံသည့် အခါမှတပါး ငါတို့အားလုံးဟာ သူတို့ရဲ့ လမ်းမှားကို ငါတို့က စပြီး လိုက်နာဖို့ မလိုဘူး။ ဒါကြောင့် ငါတို့ ဗမာပြည်မှာ မရှိတုန်းကို တိုင်းသူပြည်သား အားလုံးဟာ အရေးရှိက အဆင်သင့်ဖြစ်အောင် စီစဉ်ထားပြီး၊ ကျုပ်တို့အပြန်ကို ငံ့လင့်ကြပါလို့ ယနေ့ နှစ်သစ်ကူးနေ့မှာ စကား ပါးခဲ့ချင်ပါတယ်။
ဒီနှစ်သစ်ဟာ ဗမာပြည်အတွက်သော်၎င်း၊ ကမ္ဘာကြီးအတွက်သော်၎င်း အေးချမ်းသာယာ ပျော်ရွှင်ဘွယ်နှစ် ဖြစ်ပါစေ၊ ဖြစ်အောင် ကြိုးစားကြပါစို့။ ။