Aung San of Burma

ငါတို့သွေး အနီပြိုင်ခဲ့သောနေ့

၁၉၄၆ ခု၊ မတ်လ ၂၇ ရက် ကန်တော်မင် ပန်းခြံ တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်း။

အတ္တလန်တိတ်ချာတာ အရ နိုင်ငံကလေးတွေ လွတ်လပ်ရေး ပေးဖို့ ကြေညာခဲ့တယ်။ ကျွန်တော်တို့ ဗမာပြည်နဲ့ အိန္ဒိယပြည်ကို မပါဘူးလို့ နန်းရင်းဝန် မစ္စတာချာချီက ပြောခဲ့တယ်။ ဒီကိစ္စကို အမေရိကန်ကတော့ တကမ္ဘာလုံးနဲ့ ဆိုင်တယ်လို့ ပြောခဲ့တယ်။

ဗမာကို မကာကွယ်ဘူး

အဲဒီလို ဖြစ်တဲ့ အချိန်မှာ ဗမာပြည် ကာကွယ်ရေးဌာနကို ကျကျနန ဖြစ်အောင် မလုပ်ဘူး။ ငွေကုန်အောင်ဘဲ သုံးနေတယ်။ ဒီလို ဖြစ်တော့ ဗမာပြည် အခြေအနေဟာ တိုင်းသူပြည်သားများ အလိုကျ မဖြစ်ဘဲနဲ့ သူများရဲ့ ကျူးကျော် စော်ကားခြင်း ခံရမလို ဖြစ်နေတယ်။ ဒီလို ဖြစ်တဲ့အတွက် လွတ်လပ်ရေး ရရာ ရကြောင်းကို တတ်နိုင်တဲ့နည်းတွေနဲ့ လုပ်ခဲ့ရတယ်။

ဒီလို လုပ်ခဲ့တယ်

ဘယ်လိုလဲ ဆိုယင် ဖက်ဆစ်ဂျပန်ကိုဘဲ ဒီအခါတုန်းက ကျွန်တော်တို့ တိုင်းပြည်နဲ့ ဆက်သွယ်ဖို့ ကြိုးစားလို့ ဂျပန်တွေနဲ့ အဆက်အသွယ် ရခဲ့တယ်။ ဒီလို ရှေ့ဆောင်တဲ့သဘောက မြန်မာပြည် လွတ်လပ်ရေး ရဖို့ အလုပ်မှာ ဘယ်သူ့ဆီက အကူအညီရရ လုပ်ရမယ်ဆိုတဲ့ သဘော ဖြစ်တယ်။ ဂျပန်တွေ မြန်မာပြည်ကို လာစေချင်လို့ မဟုတ်ပါဘူး။

အင်္ဂလိပ် ရှုံးယင်

ဟိုအခါတုန်းက စစ်ကြီးရဲ့ အခြေအနေကို ကြည့်တော့ ဂျပန်တွေဟာ ဗမာပြည် လာတိုက်ချင် တိုက်မှာကို မြင်ခဲ့တယ်။ ဂျပန်လာယင် အင်္ဂလိပ်အစိုးရက ဗမာပြည်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး ဆိုဒါသိခဲ့လို့ အင်္ဂလိပ် ရှုံးယင် ဗမာတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာတွေကို စဉ်းစားကြည့်တဲ့အခါ လူထုအင်အားနဲ့ အင်္ဂလိပ်အစိုးရကို အာဏာဖီဆန်ရေးတွေ လုပ်မယ်၊ စစ်သဘောအားဖြင့် လက်နက် ခဲယမ်း မီးကျောက် လိုလာတယ်။ ဒီအခါမှာ တခြားက အကူအညီ ရမှ ဖြစ်မယ်ဆိုပြီး ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာ ကိုယ့်ဖာသာ ဖန်တီးတဲ့သဘောနဲ့ ဖြစ်သလို စီစဉ်ခဲ့ရတာဘဲ။ အင်္ဂလိပ်အစိုးရက အရေးပါ အရာရောက်တဲ့ နိုင်ငံရေးသမားတွေကို ထောင်ထဲ သွင်းထားလို့ လွတ်လပ်ရေးအတွက် ရှိတဲ့ လုပ်ငန်းမှာ လူအင်အား မလုံမလောက် ဖြစ်ခဲ့ရတယ်။

ဂျပန် ရည်ရွယ်ချက်

ဂျပန်ကလဲ ပေးသလောက် ပေးခဲ့တယ်။ သူတို့ရဲ့ အလိုအလျောက်လဲ ဝင် တိုက်ခိုက်ခဲ့ကြတယ်။ အမှန်စင်စစ်ကတော့ မူလကတည်းက ဂျပန်တွေမှာ ရည်ရွယ်ချက် ရှိခဲ့တယ်။ တရုပ်ပြည်မှာ စစ်တိုက်နေကတည်းက ဂျပန်မှူးမတ်တယောက်က ဂျပန် ရှင်ဘုရင့်ထံ တင်သွင်းတဲ့စာမှာ ကြည့်တော့ သိရပါတယ်။ ဂျပန်စစ်ဗိုလ် အီချီးဒါး ရေးတဲ့ စာထဲမှာ ကြည့်ယင်လဲ သိရပါတယ်။ သူတို့က တရုပ်ပြည်ကြီး တိုက်တဲ့နေရာမှာ ဒိပြင်နိုင်ငံကလေးတွေကို တိုက်မှ ဖြစ်မယ်ဆိုတဲ့ သဘောနှင့် အခြား နိုင်ငံတွေ တိုက်ဖို့၊ သိမ်းဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်။

သူတို့ အကူအညီ

သူတို့ကတော့ မဟုတ်ဘူးလို့ ငြင်းခဲ့တယ်။ ဒါပေမဲ့ လုပ်တဲ့နေရာမှာ ဒီအတိုင်း ဖြစ်တယ်။ သူတို့က နောက်ဆုံး ဝင်တိုက်လာတယ်။ သဘောတူတူ၊ မတူတူ မဆိုင်ဘူး၊ ကျွန်တော်တို့ ဗမာပြည်တွင် တိုက်တဲ့နေရာမှာ အဲဒီအခါတုန်းက သူတို့ရဲ့ အကူအညီ လက်နက်ခဲယမ်း မီးကျောက်ရအောင် ယူခဲ့ရတယ်။ ဗမာပြည်ကို လွတ်လပ်ရေး ပေးမယ်ဆိုတဲ့ သဘောမျိုး ကူညီခဲ့တယ်။ အမှန်ကတော့ မျောက်ပြ ဆန်တောင်းဆိုတာ ဟိုတုန်းကတဲက သိခဲ့ပါတယ်။

အင်္ဂလိပ်ဖက်ကို

အင်္ဂလိပ်အစိုးရက တိုင်းသူပြည်သားများကို ကျေနပ်အောင် ကြေညာစာတမ်းတခုမှ ထုတ်မပေးနိုင်ဘူး။ ဒီလို ဖြစ်တော့ သူတို့ဘက်က ဘယ်သူမှ မပါနိုင်ဘူး။ ဂျပန်က လွတ်လပ်ရေး ပေးမယ်ဆိုတော့ တိုင်းသူပြည်သားတွေက အင်္ဂလိပ်ကို မုန်းနေရင်းစွဲ ရှိတော့ ဂျပန်ကို တမျိုးတမည် လိုလားနေတယ်၊ တချက်က လက်နက် ခဲယမ်းမီးကျောက် အကူအညီ ယူနေတဲ့အတွက် ဂျပန် သိမ်းပိုက်မှုကို ခံရတယ်။

သူတို့ မပြင်ဆင်ခဲ့

ဘယ်လို ဖြစ်ဖြစ် ထိုအခါက အင်္ဂလိပ် ရှုံးမှာ အမှန်ဘဲ၊ ဘာကြောင့်ဆိုယင် ဗမာပြည်မှာ ဗမာတိုင်းသူပြည်သားတွေက ထကြွလို့ အင်္ဂလိပ် ပြေးရတယ်။ ဖိလိပိုင်ကျွန်းမှာ အမေရိကန်တွေ ပြေးခဲ့ရတယ်။ ပရင်းအော့ဝေး(လ်) စတဲ့ သင်္ဘောတွေ၊ ရီပါ့(စ်) သင်္ဘောတွေ အမြှုပ်ခံခဲ့ရတာတွေဟာ ဒီမိုကရေစီဝါဒ လက်ကိုင်ထားတဲ့ နိုင်ငံတွေဟာ ဘာမျှ စစ်ပြင်ဆင်ရေး မရှိခဲ့ဘူး။ ကာကွယ်ရေး တောင့်တင်းအောင် မလုပ်ဘူး။

ဝိုင်းချတာပေါ့

ဒီလို ဖြစ်တဲ့အတွက် အင်္ဂလိပ်ဟာ အနည်းနဲ့အများ ရှုံးမှာဘဲ။ ဂျပန် ကြေညာတာထက် အင်္ဂလိပ်ကို ဝိုင်းချလိုက်တာက များနေတယ်။ အင်္ဂလိပ် အပြေးမြန်တာ ဗမာတွေ ဝိုင်းချတာ များလို့၊ ဂျပန်ကို ကြိုက်တဲ့သဘောက ဂျပန်လာစေချင်လို့ မဟုတ်ဘူး။ လွတ်လပ်ရေး ပေးမယ်ဆိုတဲ့ သဘောမျိုးနှင့် ဖြစ်တယ်။ ကြိုဆိုစဉ်က ဂျပန်က သူ့ရဲ့ သဘောတွေကို ထင်ထင်ရှားရှား ခင်းပြလိုက်တယ်။

ပါးနားရိုက်

နောက်ချက်ချင်း သူ့ဝါဒတွေနှင့် ပါးရိုက် ညှဉ်းပန်းခဲ့တာတွေ၊ အမျိုးသမီးတွေ ဖျက်ဆီးတာတွေ တွေ့ရတယ်။ သို့အတွက် တိုင်းပြည်က ဂျပန်ကို ရွံရှာ မုန်းတီးလာကြတယ်။ အဲဒီအခါက ဂျပန်ဆီက လက်နက် ရအောင် လုပ်တဲ့လူတွေဟာ ဂျပန်အလိုတော်ရိသာဆိုယင် ဂျပန်နှင့် ဘာဘဲဖြစ်ဖြစ် ပေါင်းပြီး အလုပ်လုပ်ဖို့ဘဲ ရှိတယ်။

ဂျပန်အလိုတော်ရိလား

သို့သော် အားလုံး တိုင်းသူပြည်သားတွေ သိတဲ့အတိုင်းဘဲ ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းပြီး ဂျပန်တွေနဲ့ ဘယ်လို အလုပ် လုပ်လိုက်တယ်ဆိုတာ တိုင်းသူပြည်သားတွေ သိတဲ့အတိုင်းဘဲ။ အဲဒီလို ကိစ္စကို ထောက်ခြင်းအားဖြင့် ဂျပန်အလိုတော်ရိ ဖြစ် မဖြစ်ဆိုတာ အသိဘဲ။ တိုင်းသူပြည်သားတွေကို တတ်နိုင်သမျှ ကူညီကာကွယ် ပေးခဲ့တယ်။ မတတ်နိုင်တာတွေလဲ ရှိတာဘဲ။ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ကျန်ရစ်ခဲ့တဲ့ တချို့ဟာ တိုင်းပြည် အုပ်ချုပ်ရေးမှာ တိုင်းပြည်သားများကို ကူညီရာ မရောက်ဘဲ နှိပ်စက်ကလူ ပြုရာ ရောက်နေ၍ ဝမ်းနည်းစရာတွေလဲ အများကြီး ရှိတယ်။

ဖျက်ဖို့ကြံတယ်

“ဘီ-အိုင်-အေ” အုပ်ချုပ်ရေး ပြုလုပ်စဉ်က ကိစ္စတွေနှင့် ဘာမဆိုင် ညာမဆိုင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းဖို့ ကြံတယ်။ ဖျက်သိမ်းလို့ မရတော့ ဗမာ့ ကာကွယ်ရေး တပ်မတော် ဆိုပြီး စစ်သားနဲနဲနှင့် ဖွဲ့စည်းပေးခဲ့တယ်။ ဒီ တပ်မတော် ဖွဲ့စည်းမှ ယခု တတိုင်းတပြည်လုံး သိနေတဲ့ စကားတလုံး ထွင်ခဲ့တယ်။ ဂျပန်ကို ဂျပန်လို့ ခေါ်ယင် ရိပ်မိမှာ စိုးလို့ “မူတူး” လို့ ခေါ်ခဲ့ကြတာ သိတဲ့အတိုင်းဘဲ၊ မူတူးကို ပြန်တိုက်ဖို့ လုပ်ကြတယ်။

တိုက်ဖို့ ကြံဒါ တွေ

အဲဒီလို မလုပ်ခင် ဗမာတပြည်လုံး တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ဗမာပြည်လွတ်လပ်ရေး မပေးခင်တကြိမ်၊ ၁၉၄၃ ခု၊ ဒီဇင်ဘာလ မဟာမိတ်တွေနှင့် အဆက်ရတော့တကြိမ် တိုက်ဖို့ကြံတယ်။ ၁၉၄၄ ခုနှစ်မှာ ထကြွဖို့ ကြံတော့ မဟာမိတ်တွေက စောစောစီးစီး မထစေချင်တဲ့အကြောင်းတွေ ပြောပါတယ်။ ကန္ဒီမှာ သွားရောက် ဆွေးနွေးတော့ မောင့်ဘက်တန်က အမိန့်ကို သူထုတ်လိုက်ပါတယ်လို့ ပြောလိုက်ပါတယ်။

တားမြစ်တယ်

နောက်ဆုံးမှာ ထကြွတော်လှန်တော့ ခင်ဗျားတို့ ဂျပန်ကို မတော်လှန်စေချင်ဘူးလို့ပင် ပြောပါတယ်။ ဒါကြောင့် အင်္ဂလိပ် နိုင်ခါနီးမှ တော်လှန်တယ်ဆိုတဲ့စကားဟာ မဟုတ်ပါဘူးဆိုတာ သိစေချင်ပါတယ်။ ဒါကြောင့် ယခု ရွေးကောက်ပွဲ နီးလာတော့ ဖြစ်ပေါ်ရမယ့် အကြောင်းတွေကို အာထဗ္ဗဏဗေဒင် ဟောလိုက်မယ်။

ဖမ်းချင်ဖမ်းမယ်

၁။ မင်းသားတယောက်ယောက်ကို ချောင်ကြိုချောင်ကြားမှ ဆွဲထုတ်ချင် ဆွဲထုတ်လာလိမ့်မယ်။

၂။ ဘာသာရေး တရားနှင့် ပတ်သက်ပြီး ဂျပန်လက်ထက်ကစပြီး ဗမာပြည်လွတ်လပ်ရေးအတွက် ပုတီးစိတ် သင်္ဂြိုလ်တွေ လေ့လာနေတယ်လို့ ပြောချင်လဲ ပြောလိမ့်မယ်။

၃။ ထထကြွကြွ ရှိတဲ့ လူတွေကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖမ်းချင်ဖမ်းထားလိမ့်မယ်ဆိုတာ မှတ်ထားကြ။ ကျုပ်တို့ကို တကမ္ဘာလုံးက အင်္ဂလိပ်ကို မလိုလားဘူးဆိုတာ သိတယ်။

အင်္ဂလိပ်ဟာ စီးပွားရေး ဖက်ဆစ်ဝါဒသဘောမျိုးနှင့် ဗမာပြည်ကို ပြန်လာတယ်။ ဒိုမေနီယံကို သူတို့ ပေးမှ ရမဲ့ သဘောမျိုး မလိုချင်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ်ကြိုက်သလို ကြည့်လုပ်ချင်တယ်။ အင်္ဂလိပ်ကို မိတ်ဆွေသဘော လုပ်ချင်ယင် လုပ်မယ်။ သူတို့ဖက်က ကျူးကျော်ယင် မလုပ်ဘူး။

သူတို့ထက် သာတယ်

ဖိလိပိုင်၊ ကိုရီးယားတိုင်းပြည်တွေတောင် လွတ်လပ်ရေး ရနိုင်ယင် သူတို့ထက်သာတဲ့ ဗမာပြည် ဘာကြောင့် မရနိုင်ရမှာလဲ။ ဒီအထဲ ကျွန်တော် ရခိုင်ပြည် သွားနေတုန်း ရန်ကုန်မှာ လူကြီး ၁၁ ဦး ‘ဘူတစ်’ ပါတီအနေနဲ့ ကြေညာစာတမ်းတခုရေးတယ်။ အဲဒီထဲက နှစ်ယောက် ထွက်တော့ ‘ကောက်ရိုး ပါတီ’ ဖြစ်သွားတယ်။ သူတို့က ဒိုမီနီယံ လွတ်လပ်ရေးလောက်တောင် မထိုက်သေးဘူးလို့ ပြောသံ ကြားရတယ်။ မုံ့ဆီကြော် မစားဘူးလို့ ပြောသံကြားရတာ၊ “မုံ့ဆီကြော် မစားရသေးဘူး နှုတ်ခမ်းနာနှင့် တဲ့ပါ့မလား” ဆိုသလို ဖြစ်နေပါတယ်။ ဒီလိုလူမျိုးတွေ ဗမာပြည်မှာ တွေ့နေရသေးတာ ကမ္ဘာက သိမှာ အင်မတန် ရှက်စရာ ကောင်းပါတယ်။ မနေ့ညကဘဲ ပဏ္ဍစ်ဂျာဝါးလာနေရူးကို အင်္ဂလိပ်အစိုးရက ဗမာပြည် မလာရဘူးဆိုပေမဲ့ မနေ့ညက ၁၀ နာရီလောက်မှာ တွေ့ဆုံရခဲ့ပြီးပါပြီ။

ရွေးကောက်ပွဲ လုပ်ပေးသော်လဲ တိုင်းပြု ပြည်ပြု လွှတ်တော်အဖြစ် မလုပ်ပေးခဲ့။ တိုင်းပြုပြည်ပြု လွှတ်တော်ဖြစ်အောင် အမတ် ၁၃၂ ယောက်အနက်မှာ တိုင်းပြည် အများဆန္ဒနှင့် ဝင်ရောက် ထောက်ခံတဲ့အမတ် ၉၀ လောက် ပါအောင် ထောက်ခံလိုက်ယင် နောက်ဆုံး လုံးဝ လွတ်လပ်ရေး ရဖို့ ဆောင်ရွက်ရန် အရွေးခံရမယ်။

အတင်း ကြေညာမယ်

အဲဒီအခါ အင်္ဂလိပ်က မပေးယင် တိုင်းပြည်ကို လုံးဝ လွတ်လပ်ရေး ရပြီ လို့ ကြေညာပြီး လုပ်သွားမှာဘဲ (သြဘာသံ)။ အဲဒါကြောင့် လူထုက သတိပြုပြီး ထောက်ခံစာ သွင်း ဖို့ဘဲ ကျုပ်တို့ကလဲ လုံးဝ လွတ်လပ်ရေး မရမချင်း၊ မနေမနား ဆောင်ရွက်သွားမဲ့အတွက် (လုံးဝ လွတ်လပ်ရေး) ကို ထပ်မံ အတည်ပြုရန် တင်ပြခဲ့ပါတယ်။

စီပွားရေး သတင်းစာ

၂၈-၃-၁၉၄၆

 

Google