Aung San of Burma

ပြန်လည်ထူထောင်ရေး

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ “ဆိုရန်တိုဗီလာ” (ပြည်လမ်း စာပေဗိမာန် အဆောက်အဦ) ၌ ကျင်းပ သော ပြန်လည် ထူထောင်ရေး လုပ်ငန်း ကွန်ဖရင့် တွင် ပြောကြားခဲ့သော မိန့်ခွန်း။

ကြွရောက်လာကြသော လူကြီးမင်းများ ခင်ဗျား။

လူကြီးမင်းများကို ဤအစည်းအဝေးကြီးသို့ ဖိတ်ခေါ်ရခြင်းမှာ အမျိုးသားရေးတွင် ပဌမတန်းအရေးကြီးလှသော လုပ်ငန်းတခုကို လုပ်ကိုင်ဆောင်ရွက်ဖို့ ဖြစ်ပါသည်။ အဘယ်ကြောင့် ကျွန်တော်တို့တတွေ ဆွေးနွေးပွဲကြီးတခု ပြုလုပ်ရန် လိုသလဲဆိုသည့်အကြောင်းကိုလည်း လူကြီးမင်းတို့ထံ ဖိတ်စာများနှင့်အတူ ပို့လိုက်သည့် စာတမ်းမှာ အကျဉ်းချုပ် ဖော်ပြထားပြီး ဖြစ်ပါသည်။ လူကြီးမင်းတို့၊ ကျွန်တော်တို့ တတွေဟာ တိုင်းပြည်အတွက် ကျွန်တော်တို့ရဲ့ ကိုယ်တွေ့ ဗဟုသုတတွေ၊ အရည်အခြင်းတွေ၊ အလုပ်လုပ်ဖို့ အသင့်ရှိတဲ့ ဇောစေတနာတွေကို စုပေါင်းကြဖို့ များစွာပင် အရေးကြီးပါသည်။ တမျိုးသားလုံးကို ပြန်လည် ထူထောင်ရေး အလုပ်အတွက် လုပ်ငန်းစဉ် ရေးဆွဲရမည့်နေရာမှာ လူကြီးမင်းတို့ ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ရခြင်းမှာလည်း လူကြီးမင်းတို့၏ ဥာဏ်ပညာ၊ လူကြီးမင်းတို့၏ အတွေ့အကြုံ ဗဟုသုတအမျိုးမျိုးတွေမှ အကျိုးရှိရာ ရှိကြောင်းများကို ရရှိဖို့ရန် ရည်မှန်းပြီး ဖိတ်ခေါ်ရခြင်း ဖြစ်ပါသည်။

ကျွန်တော့်စာတွင် ပါရှိသည့်အတိုင်း အဆိုပါ လုပ်ငန်းစဉ်သည် မည်သို့သော လုပ်ငန်းစဉ်မျိုး ဖြစ်ရမလဲဆိုလျှင် ချက်ချင်း လုပ်လို့ ဖြစ်မည့် လုပ်ငန်းစဉ်မျိုး၊ လတ်တလော အကျိုးပေးနိုင်မည့် လုပ်ငန်းစဉ်မျိုး ဖြစ်ရပါလိမ့်မည်။ ယခု ကျွန်တော်တို့ အချိန်အတော်ကြာမှ အကျိုးရှိမည့် ပြန်လည်ထူထောင်ရေး စီမံကိန်းတွေနှင့် များစွာ မပတ်သက်သေးပါဘူး။ ကျွန်တော်တို့ ဘာကို လိုချင်သလဲလို့ ဆိုလျှင် နှစ်ရှည်လများ ဆိုင်းမနေရဘဲ အကျိုးခံစားရမည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တရပ်ကို ဖန်တီးရေးဆွဲဖို့ လိုပါသည်။ ဤကဲ့သို့သော လုပ်ငန်းစဉ်မျိုးကို အထူးလိုအပ်သည် ဆိုသည့် အကြောင်းကို ကိုယ့်ပတ်ဝန်းကျင်ကို လှည့်ကြည့်လျှင် သိပါလိမ့်မည်။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း တွေ့ကြုံခံစားနေရသည့် များလှစွာသော အချက်များမှာ ပတ်ပတ်လည် ဝိုင်းနေသည့် ပြဿနာအမျိုးမျိုးနှင့် ပတ်သက်ပြီး အားလျှော့စိတ် ပေါက်နေဆဲပင် ဖြစ်ပါသည်။ ဤကဲ့သို့ ဖြစ်နေကြရသည်မှာ တိုင်းသူပြည်သားများသည် မိမိတို့ ကြီးပွားရေး တိုးတက်ရေး လမ်းစကို တီထွင်ဖို့ ပျင်းနေကြလို့၊ စိတ်မပါကြလို့ မဟုတ်ပါဘူး။ ဤကဲ့သို့ ဖြစ်နေရခြင်းမှာ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ရာထားချက်များကို ရှေ့ဆောင်ပြီး လုပ်ဖို့ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်ဟု လူတိုင်းလိုလို သဘောပိုက်တတ်ကြသည့်အတွက် ဖြစ်ပါသည်။ ဤကိစ္စအတွက် ရာထားချက် ဖန်တီးဖို့က လူကြီးမင်းများ၏ တာဝန် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အမျိုးသား၊ ကျွန်တော်တို့ တိုင်းပြည်အတွက် ချက်ချင်းလက်ငင်း အကျိုး ဖြစ်ထွန်းဖို့ အလုပ်တွေကို ခင်ဗျားတို့ တတ်နိုင်သလောက် အစွမ်းကုန် အကောင်းဆုံး ဖြစ်နိုင်အောင် လုပ်ဖို့ အခွင့်အရေးတွေ လူကြီးမင်းများ လက်တွင်းမှာ များစွာ ရောက်ရှိနေတယ်ဆိုတာကို သိကြပါလိမ့်မယ်။

ဤကဲ့သို့သော စီမံကိန်းတခုကို ရေးဆွဲရန်မှာ လွယ်ကူသော အလုပ်မဟုတ်ကြောင်းကို သိရှိပါသည်။ အချို့ကလည်း ဤကဲ့သို့သော စီမံကိန်းများ ရေးဆွဲရန် ပညာဗဟုသုတ အထူး လိုလိမ့်မယ်လို့ ထင်မြင် ယူဆကြပါလိမ့်မည်။ ဤထင်မြင်ချက်ကို ကျွန်တော် သဘောတူတန်သလောက် တူပါသည်။ လူကြီးမင်းတို့ အထဲ၌ မိမိထက်သန်ရာဖက်တွင် တတ်ကျွမ်းနားလည်သည့် ပုဂ္ဂိုလ်များ ရှိပါသည်။ ထိုပုဂ္ဂိုလ်များ၏ အကူအညီသည် အလွန်ပင် အဖိုးတန်ပါလိမ့်မည်။ သို့သော် အလုပ်ကို ရာထားသည့် စည်းမျဉ်းအတိုင်း လုပ်ရန် လိုပါလိမ့်မည်။ ဘေးပန်း အလုပ်ကို လျှောက်လုပ်နေမိကြလျှင် ကျွန်တော်တို့ ကြံရွယ်ချက်များ တန်ခိုးအာနိသင် ပျောက်ပြယ်၍ ကောင်းစွာ အထမမြောက် ဖြစ်နေပါလိမ့်မည်။

ထို့ကြောင့် ဆွေးနွေးပွဲကို မည်ကဲ့သို့ စတင် ပြုလုပ် ဆောင်ရွက်သွားသင့်သည့် အကြောင်းများကို ကျွန်တော် ထင်မြင်ချက်အရ အမြွက်စကား ပြောပြလိုပါသည်။ ပဌမ အချက်မှာ ကျွန်တော်တို့သည် တိုင်းပြည်အတွက် လုပ်ငန်းကြီးတခုကို ပြုလုပ်မည်ဟု အဓိဌာန် ပြုခဲ့လျှင် ကျွန်တော်တို့၌ လက္ခဏာအချို့ ပြည့်စုံရန် လိုပါသည်။ လက်ငင်းချက်ချင်း အမျိုးသား ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် အစစပြည့်စုံ အကျုံးဝင်သော လုပ်ငန်းစဉ်တရပ် ဖြစ်မြောက်အောင် ရေးဆွဲမည်ဟု သန္နိဌာန် ချရန် လိုပါသည်။ ထို့ကြောင့် လုပ်ငန်း မပြီးမချင်း စွဲမြဲစွာ ဆက်လက် လုပ်ကိုင်သွားရပါလိမ့်မည်။ ကျွန်တော်တို့အဖို့ အားလပ်ချိန်၊ နားချိန်နှင့် အလုပ်ပိတ်ရက်များ ရှိချင်မှ ရှိလိမ့်မည်။ ရှေ့လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း၌ ကျွန်တော်တို့မှာ အားလပ်ချိန် မရလောက်အောင် အလုပ်များမည်ဖြစ်၍ လူကြီးမင်းတို့သည် တိုင်းပြည်၏ အကျိုးအတွက် ဖြစ်သည့်အတိုင်း အလုပ်မပြီးမချင်း အားလပ်ချိန် ယူသည့်အရေးကို ရက်ရွှေ့ဆိုင်း၍ နောင်အလုပ်ပြီးမှ အားလပ်ချိန် ယူရန် ကျွန်တော်က တိုက်တွန်းလိုပါသည်။

ကျွန်တော်တို့ ရည်ရွယ်ထားသော ချက်ချင်းလက်ငင်း အမျိုးသား ပြန်လည် ထူထောင်ရေး လုပ်ငန်းတခုတည်းကိုသာ ကျွန်တော်တို့ အားလုံး အားကြိုးမာန်တက် ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ဒုတိယ အချက်မှာ အမျိုးသားပြန်လည် ထူထောင်ရေးလုပ်ငန်း ပြုလုပ်သည် ဆိုရာ၌ ကျွန်တော်တို့သည် လုပ်ငန်းနှင့် ပတ်သက်၍ စိတ်ဒွိဟ မရှိစေဘဲ လုပ်ငန်း၏ လိုရင်းအချက်ကား အမျိုးသား စီးပွားရေးကို အမြန်ဆုံးနည်းနှင့် နဂိုအခြေသို့ ပြန်လည် ရောက်ရှိအောင် ထူထောင်ရမည် ဆိုသည်ကို သိရှိ နားလည်ရပါမည်။

ဤသို့ နဂိုအခြေသို့ ရောက်အောင် ပြန်လည် ထူထောင်ရေးသည် အထူးအရေးကြီးလှသည့် ကိစ္စ ဖြစ်ကြောင်းကို ကျွန်တော်တို့ ကောင်းစွာ သဘောပိုက်ကြရန် လိုပါသည်။ ရှေ့လျှောက်၍ ဖင့်နွှဲ့ကြန့်ကြာနေ၍ မဖြစ်သောကိစ္စ ဖြစ်ပါသည်။ ထို့ကြောင့် လူကြီးမင်းတို့ ရွက်ဆောင်ရအံ့သော ကိစ္စသည် တိုင်းပြည်၏ သေရေးရှင်ရေး ဖြစ်နေသည်ကို သိရှိပါလိမ့်မည်။ တတိယ အချက်မှာ လူကြီးမင်းတို့ ရေးဆွဲ ပြုလုပ်မည့် အစီအစဉ်သည် လွန်မင်းစွာ ကျပ်တည်းခြင်းသော်၎င်း၊ လှေနံဓါးထစ်သော်၎င်း မဖြစ်စေရ၊ ဖြစ်ပေါ်လာသော အကြောင်းတရား အားလျော်စွာ ပြုပြင် ပြောင်းလဲ၍ ရနိုင်သော အစီအစဉ် ဖြစ်ရပါမည်။ လှေနံဓါးထစ် အစီအစဉ်မျိုးမှာ များသောအားဖြင့် ကောင်းသော အစီအစဉ်မျိုး မဟုတ်။ တိုင်းပြည်၏ ပေါ်ပေါက်ဆဲ ပေါ်ပေါက်လတ္တံ့သော အကြောင်းတရား အမျိုးမျိုးနှင့် သင့်လျော်ပြေပြစ်အောင် ရေးဆွဲသော အစီအစဉ်မျိုးသာလျှင် ကျေနပ်လောက်သော အစီအစဉ် ဖြစ်ပါသည်။ ၎င်းပြင် လူကြီးမင်းတို့ ရှေ့မှောက်သို့ ရောက်လတ္တံ့သော ပြဿနာ အရပ်ရပ်တို့ကို ကျွမ်းကျင်သူ အနေမျိုး မဟုတ်ဘဲ သာမန်လူစားအနေမျိုးဖြင့် စစ်ဆေး စောကြောစေလိုပါသည်။ ကျွမ်းကျင်သူ၏ ထင်မြင်ချက်ဆိုလျှင် လူအများမှာ မလွန်ဆန်ဝံ့ ဖြစ်နေတတ်ကြပါသည်။ လုပ်ငန်းအမျိုးမျိုး ဆိုင်ရာဖက်က ကျွမ်းကျင်သူများစွာကို ကျွန်တော် တွေ့ဘူးပါသည်။ ထိုပုဂ္ဂိုလ်များဟာ များစွာဘဲ အသုံးကျပါသည်။ တိုင်ပင်လည်း တိုင်ပင်ထိုက်သည့် ပုဂ္ဂိုလ်တွေ ဖြစ်ပါသည်။ သို့သော်လည်း လူကြီးမင်းတို့ကို သတိပေးလိုသည်မှာ ထိုပုဂ္ဂိုလ်တွေရဲ့ ထင်မြင် ယူဆချက်ဟာ အမှား မရှိနိုင်ဘူးဟု မထင်ကြစေရန် ဖြစ်ပါသည်။ လူထုကို စကားပြောတိုင်း ပြောတိုင်း ကျွန်တော် ဤကဲ့သို့ သတိပေးဘူးပါသည်။ ယခုလည်း ထပ်မံ သတိပေးရန် လိုပါသည်။ ထိုပုဂ္ဂိုလ်များဟာလဲ သာမန် လူပုဂ္ဂိုလ်တွေပါဘဲ။ ထို့ကြောင့် သူတို့ ထင်မြင် ယူဆချက်တွေဟာ အမှားဖြစ်ချင် ဖြစ်မှာဘဲ။ အမှန်ကတော့ အဆိုးအကောင်း ဝေခွဲတတ်သော သာမန်လူစားတို့၏ အတွေ့အကြုံ၊ အကြံဥာဏ်၊ ဗဟုသုတများလဲ ကျွန်တော်တို့ လုပ်ရမည့် အမှုကိစ္စတွေအတွက် အရေးကြီးပါသည်။

နောက်တရပ် ကျွန်တော်တို့ သတိထားရမည့် အချက်မှာ ကျွန်တော်တို့ဟာ အကြောင်းတခုကို စာရင်း အင်းနှင့် အမြင်အားဖြင့် အခိုင်အမာသဘော သက်ရောက်အောင် ပြောလာပြီဆိုယင် ယုံလွယ်တတ်ကြသည့် အန္တရာယ် ဖြစ်ပါသည်။ စာရင်းအင်းများကို ကျွန်တော်များစွာ လေ့လာခဲ့ဘူးသည့် ကိုယ်တွေ့ ဗဟုသုတအရ ပြောရမည်ဆိုလျှင် ၎င်းတို့ကို ကြည့်၍ များစွာ နားလည် အကူအညီ ရသော်လည်း ပဌမက ထင်မြင် စိတ်ကူးထားချက်တွေ အခိုင်အမာ ဖြစ်အောင် စုဆောင်း ပြုလုပ်ထားသည့် စာရင်းအင်းမျိုးနှင့် တွေ့ကြုံနေကြရမည့် အချက်ကို သတိပြုထားကြဖို့ လိုပါသည်။ လီနင်ရဲ့ အထ္ထုပ္ပတ္တိကို ဖတ်ဘူးသူများ သိပါလိမ့်မည်။ လီနင်သည် စာရင်းအင်းကို ကောင်းစွာ ကျွမ်းကျင်တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတယောက် ဖြစ်ပါသည်။ သို့သော် လီနင်သည် အသက်ရှင်စဉ်က ပြောဘူးသည်မှာ သူသည် စာရင်းအင်း ဂဏန်းသင်္ချာတွေ ပါရှိတဲ့ စာအုပ်များမှတပါး အခြား စာအုပ်များကို ဖတ်လေ့ဖတ်ထ မရှိဟု ပြောပါသည်။ သို့သော် လီနင်သည် စာရင်းအင်း အထောက်အထား ရှိတိုင်း အမှန်ဟူ၍ အရမ်းကာရော လက်မခံဖို့ မပြတ် သတိပေးစကား ပြောကြားခဲ့ပါသည်။ အထက်က ကျွန်တော် ပြောခဲ့သည့်အတိုင်း စာရင်းအင်း အထောက်အထားနှင့် ပြောဆိုခြင်းဟာ အကျိုးရှိသည့် အလေ့အထမျိုး ဖြစ်သော်လည်း ထိုစာရင်းအင်း အထောက်အထား ပြုလုပ်ထားသည့် ရည်ရွယ်ချက် သဘောလက္ခဏာများကို စောကြောစစ်ဆေးဖို့ရန် အလွန် အရေးကြီးပါသည်။ သို့သော်လည်း အရေးအကြီးဆုံးကတော့ ကျွန်တော်တို့သည် ၎င်းတို့ကို အထောက်အထားပြု၍ လမ်းမှန်အတိုင်း ထင်မြင် ယူဆနိုင်ဖို့ရန် အရေးကြီးပါသည်။

နောက်တချက် ပြောလိုသည်မှာ ရှေးဦး လုပ်သင့်သည့် လုပ်ငန်းကို ရှေးဦး လုပ်ကိုင်သွားသော နည်းစံနစ်ကို လိုက်နာရန် အကြောင်းပင် ဖြစ်ပါသည်။ ကိစ္စ အမြောက်အများကို တကြိမ်တည်း စဉ်းစားဆွေးနွေးသည့် အလုပ်ကို မပြုမလုပ်ရန် သတိထားရပါလိမ့်မည်။ အရေးမကြီးလှသော ကိစ္စများကို အရေးကြီးသော ကိစ္စများအလျင် တင်ကူး၍ ဆောင်ရွက်ခြင်း မပြုအပ်ပါ။ မိမိကိုယ်တိုင် တင်ကူးနှစ်ခြိုက်လျက် ရှိနေသော အကြောင်းခြင်းရာများကို ပဌမဦးစွာ အရေးယူလိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာတတ်ပါသည်။ သို့ရာတွင် ဤသို့ မဖြစ်စေရန် သတိမူရန် လိုပါသည်။ မည်သည့် ကိစ္စသည် ပဌမဦးဆုံး ဆောင်ရွက်အပ်သည့်ကိစ္စ ဖြစ်သည်ကို သဘောတူညီချက် ရယူပြီးလျှင် ထိုကိစ္စများကို ဆောင်ရွက်သွားရပေလိမ့်မည်။

အရိုးအစဉ် လုပ်နည်း ကိုင်နည်း၊ အရိုးအစဉ် ယူနည်း ဆနည်းတို့ကို လိုက်နာလိုသော စိတ်များကိုလည်း ပယ်ဖျောက် ပစ်ကြစေလိုပါသည်။ တနေရာရာတွင် သုံးရန် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း စည်းကမ်းချက်မျိုးမှာ လုံးဝ ခေတ်နောက်ကျနေသေးသော လုပ်ထုံးလုပ်နည်း ဖြစ်နေတတ်ပါသည်။ လုပ်ရိုးလုပ်စဉ် သတ်မှတ်ရခြင်းမှာ အလုပ်ကို လျင်မြန် တွင်ကျယ်စေရန် ဖြစ်ပါသည်။ သို့ဖြစ်ငြားသော်လည်း လုပ်ထုံးလုပ်နည်းသည် အကျိုးကျေးဇူး မဖြစ်ရုံမက အလုပ် မတွင်ကျယ်ဘဲ အလုပ်ကို လေးလံ နှောင့်နှေးစေမည် ဖြစ်လျှင် ထိုထုံးနည်းကို ဖျက်ပယ်ပစ်ရန်သာ သင့်တော်ပါသည်။ အချို့သော အစိုးရဌာနများ၊ ရုံးများနှင့် ပတ်သက်၍လည်း ဤနည်းပင် ပြောရပေလိမ်မည်။ အချို့အချို့သော အစိုးရဌာနတို့မှာ ရှေးအခါက အသုံးဝင်ခဲ့သည် ဖြစ်သော်လည်း ယခုအခါတွင် အသုံးဝင်ချင်မှ ဝင်ပေတော့မည်။ ၎င်းဌာနများသည် တိုင်းပြည် အုပ်ချုပ်ရာတွင် ဖင့်နှေးစေမည် ဖြစ်ပါက၊ ၎င်းတို့ကို လုံးဝ ဖျက်သိမ်းရန်အတွက် အကြံပေးပါက ထိုသို့ အကြံပေးချက်မှာ သင့်မြတ်သည်ဟု ဆိုရပေမည်။ အစိုးရဌာန၊ အစိုးရရုံး ရှိနေသည်ဟူသော အကြောင်းမျှဖြင့် ထိုဌာနများမှ ထင်မြင်ချက်များ၊ စီမံကိန်းများကို လက်ခံရန် မလိုပေ။ စိတ်ကူးရာတွင် အတူတူ၊ လုပ်ဆောင်ရာတွင် အတူတူ၊ ပြောဆိုရာတွင် အတူတူ ဆိုသော အလေ့အထမျိုးကို ဂရုဓမ္မ စိုက်ထုတ်၍ ရှောင်ရှားရမည်။ ဆွေးနွေး ကြံဆကြရာ၌ တမျိုးတည်း တနည်းတည်း ကြံဆ လုပ်ကိုင်နေမည်ဆိုယင် အဟောသိကံ မဖြစ်သင့်ဘဲ ဖြစ်ရခြင်းများ ပေါ်ပေါက်လာမည်ကို တွေ့ရတတ်ပါသည်။

ယခု လုပ်ဆောင်ရမည့် လုပ်ငန်းနှင့် စပ်လျဉ်း၍ ပြောကြားလိုသော အခြားအကြောင်းတရပ်မှာ တကြိမ်လျှင် ကိစ္စတခုကိုသာ ဆောင်ရွက်၍ ထိုသို့ ဆောင်ရွက်ရာ၌လည်း မကြောက်မရွံ့ ရဲဝံ့စွာဖြင့် လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါသည်။ ပြန်လည် ထူထောင်ရေး လုပ်ငန်းကို ရေးဆွဲရာ၌ အရှုပ်အထွေးမရှိ လုပ်ကိုင်၍ ဖြစ်နိုင်သော စီမံချက်တို့ကို ပြုလုပ်ရန် လိုပါသည်။ သို့ရာတွင် တကယ် ဖြစ်ထွန်းမည်ကို ရှေးရှု မြော်မြင်နိုင်သော စိတ်ကူးဥာဏ် ရှိရပေလိမ့်မည်။ အရေးကြီးသော ကိစ္စများတွင် တတ်စွမ်းနိုင်သမျှ တခုပြီးမှတခု လုပ်ရပေလိမ့်မည်။ တပြိုင်နက် အကြံအစည်များလွန်းက ဘေးဥပဒ် အန္တရာယ် ဆိုက်ရောက်တတ်ပါသည်။ မိမိတို့ တိုင်းပြည်အတွင်း အစွမ်းကုန် ဆောင်ရွက်လိုသော စိတ်ဆန္ဒ ထက်သန်ခြင်းကြောင့် စီမံချက်များ ပြုလုပ်ရာတွင် လိုဘကြီးလွန်းသော စီမံကိန်းများ မပြုလုပ်မိရန်အတွက် ဂရုပြုရပေလိမ့်မည်။ အစီအမံ ကောင်းသူမှန်လျှင် တစခန်းပြီးမှ တစခန်းသို့ တက်လှန်းကြမြဲ ဖြစ်သည်။ ဆိုလိုသော အချက်မှာ တကြိမ်တခါတည်းတွင် တလှမ်းတည်းသာ လှမ်းရမည်ဟူ၍ မဟုတ်ပါ။ လိုအပ်၍ ဖြစ်နိုင်လျှင် တကြိမ်တည်း တလှမ်းတွင်မက နှစ်လှမ်း၊ သုံးလှမ်း၊ တက်လှမ်းရန် အသင့် ရှိရမည့်ပြင် သို့ပြုလုပ်ရန် အရည်အချင်းလည်း ရှိရပေလိမ့်မည်။

လူကြီးများ မည်သို့ ဆောင်ရွက်သင့်သည်ဆိုသည့် အချက်များနှင့် ပတ်သက်၍ ကျွန်တော် အကြံပေးစကား ဤမျှဘဲ ပြောကြားလိုပါသည်။ ထို့နောက် တိုင်းပြည်အတွင်းမှာ ယခုမည်ကဲ့သို့ ဖြစ်ပျက်နေသည်၊ ထိုအဖြစ်အပျက် အကြောင်းကိစ္စများကို မည်သို့ ပြုပြင်ပေးသင့်သည် ဆိုသည်များကို အနည်းငယ် ဆက်လက် ပြောကြားလိုပါသည်။ ကျွန်တော့်စာတမ်းမှာလည်း ဤကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော် ဖော်ပြပြီး ဖြစ်သည်ကိုလည်း လူကြီးမင်းများ တွေ့ရှိပါလိမ့်မည်။ ဤကိစ္စမှာ အလွန် ရှုပ်ထွေး ခက်ခဲသည် ဖြစ်သောကြောင့် ပေါ်ပေါက်သည့် ပြဿနာများကို သေသေချာချာ ဝေဖန်ရှင်းလင်း ကြည့်ရှုပြီး၊ ထိုပြဿနာများကို ဖြေရှင်းရေးအတွက် မည်သို့သော နည်းများဖြင့် ပြုပြင်အပ်သည်ကို သေသေချာချာ ဝေဖန် သတ်မှတ်ပေးရန် လိုပါလိမ့်မည်။ စစ်ကြီးကြောင့် တိုင်းပြည် စီးပွားရေး မည်မျှ ပျက်စီးသွားသည် ဆိုသည်ကို ကျွန်တော်က အထူးပြောပြနေရန် မလိုပါ။ ကျွန်တော်တို့ ဘာကိုဘဲ လုပ်လုပ်၊ စီးပွားရေး ပျက်စီးနေသည့် တစ္ဆေသဘက်ကြီးနှင့် မျက်နှာချင်းဆိုင်တွေ့၍သာ နေရပါသည်။ ကျွန်တော်တို့ ဗမာတပြည်လုံးအပျက်အစီး လွတ်သည့်နေရာဟူ၍ မရှိပါဘူး။ ဗမာပြည်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများထက် ပိုမို ပျက်စီး ဆုံးရှုံးခြင်း ခံရသည်မှာ ယုံမှားစရာ မရှိပါ။ ကျွန်တော်က လူကြီးများ စိတ်ပျက်ဖွယ် ဖြစ်အောင် ဤစကားကို ပြောရခြင်း မဟုတ်ပါဘူး။ လူကြီးမင်းများ ဆောင်ရွက်ရမည့် ကိစ္စသည် များစွာပင် ခဲခဲယဉ်းယဉ်း ဆောင်ရွက်ရမည့် ကိစ္စကြီး ဖြစ်သည်။ ကိုယ့်တိုင်းပြည် အကျိုးကို ကိုယ် ဆောင်ရွက်ရန် ရှေးက ကျွန်တော်တို့ အမျိုးသားများ မရခဲ့ဘူးသော အခွင့်အရေးမျိုးကို လူကြီးမင်းများ ရရှိကြသည်ဆိုသည့် အချက်များကို လူကြီးမင်းများ သေသေချာချာ သိရှိကြဖို့ ကျွန်တော် ပြောရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ပဌမဦး လိုအပ်သည့်အချက်က စီးပွားရေးဖက်မှ အခြေခံ ကောင်းကောင်းနှင့် ပြန်လည် ထူထောင်ရေးအတွက် လုပ်ငန်းစဉ် ရေးဆွဲထားဖို့ ဖြစ်ပါသည်။ အချို့က စီးပွားရေး အခြေခံ ကောင်းကောင်း ပြန်လည် ထူထောင်သလို နိုင်ငံရေးဖက်ကလည်း အခြေခံကောင်းကောင်းနှင့် ပြန်လည်ထူထောင်ရန် လိုသည်ဟု ဆိုကောင်း ဆိုကြပါလိမ့်မည်။ စီးပွားရေးနှင့် နိုင်ငံရေးဆိုသည်မှာ အချင်းချင်း အညမည ဆက်သွယ်နေသည့်အတွက် တခုနှင့်တခု သီးခြားစီ ခွဲခြားထား၍ မရနိုင်ပါဘူး။ ယခု အစည်းအဝေးမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး ကျွန်တော် ပြောဖို့ မကြံရွယ်ပါဘူး။ သို့သော် လူကြီးများ ရွက်ဆောင်ရမည့် ကိစ္စ တာဝန်နှင့် တမျိုးတမည် သက်ဆိုင်နေသည့် အချက်တချက်ကိုတော့ ပြောပြလိုပါသည်။

ထိုအချက်မှာ ယခုလို အခြေအနေမှာ (Imperialism) နိုင်ငံချဲ့ဝါဒကို တိုက်ခိုက်တွန်းလှန်တဲ့ အလုပ်ကိုလုပ်ယင်ကျွန်တော်တို့မှာရှိတဲ့ အချိန်နှင့် အားအင်ကို အလဟဿ ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည် ဆိုသည့်အချက်ပါဘဲ။ ရှေးကဆိုလျှင် တိုင်းပြည်မှာ တစုံတရာမကောင်း ဖြစ်လျှင် နိုင်ငံချဲ့စံနစ်ကြောင့် ဖြစ်သည်ဟု ဝိုင်းပြီး အပြစ်တင်လေ့ ပြုခဲ့ကြပါသည်။ ကျွန်တော့်အတွက်ဆိုလျှင် ထိုကဲ့သို့ နိုင်ငံချဲ့စံနစ်ကို အပြစ်တင်ခြင်းသည် မှန်သည့်အခါက မှန်ခဲ့ပါသည်။ အခြား တတိုင်းတနိုင်ငံက နိုင်ငံချဲ့စံနစ်နှင့် လွှမ်းမိုးခြင်း ခံရလျှင် မည်သည့်နိုင်ငံမျိုးမှ အဟုတ်တကယ် မကြီးပွားနိုင်ပါဘူး။ မည်သည့် လူမျိုးမှလည်း ကိုယ့်ဒူးကိုယ်ချွန်ဘဝမျိုးကို မရနိုင်ပါဘူး။ သို့သော် ဤဗမာနိုင်ငံမှာဆိုလျှင် ခေတ်ကြီး ပြောင်းလဲခဲ့ပါပြီ။ ကျွန်တော်တို့ အမျိုးသားများလက်သို့ အာဏာ ပြန်၍ ရောက်ရမည်မှာ ဧကန်ဖြစ်နေပါသည်။ အိန္ဒိယပြည်မှာ ယခု ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ကြည့်လျှင် ဗြိတိသျှ အစိုးရက အိန္ဒိယပြည်နှင့် မြန်မာပြည်တွင် အိန္ဒိယတိုင်းသားနှင့် မြန်မာလူမျိုးများလက်သို့ အာဏာကို လွှဲပြောင်း ပေးအပ်ရတော့မည်မှာ မကြာတော့ဘူးဆိုသည်ကို ကျွန်တော် သဘောရသလို လူကြီးမင်းများလည်း သဘောရကြပါလိမ့်မည်။ ဤအစည်းအဝေးမှာ ဤကိစ္စကို ကျွန်တော်က အကျယ်ချဲ့ပြီး ပြောရမည့် အခါ မဟုတ်ပါဘူး။ ရာဇဝင် အစဉ်အလာကိုလည်း ကျွန်တော် သိတန်သရွေ့ သိပါသည်။ လက်တွေ့ နိုင်ငံရေးကိုလည်း လုပ်ခဲ့ဘူးပါသည်။ တရပ်တကျေးမှ ဖြစ်သော နိုင်ငံချဲ့စံနစ်သည် ဖြူးဖြူးဖြောင့်ဖြောင့် သာသာယာယာနှင့် အာဏာကို လက်လွှတ်မည်၊ မလွှတ်မည်ဆိုသည်ကို ကျွန်တော်က ဤနေရာတွင် ပြောနေရန် မလိုပါ။ ထိုကဲ့သို့ သာသာယာယာဖြင့် လက်လွှတ်မည်၊ မလွှတ်ဘူးဆိုသည်ကို နောက်မှပင် သိရမည့် အရာဖြစ်ကောင်း ဖြစ်လိမ့်မည်။ ယခု ကျွန်တော် ပြောလိုသည်မှာကား ကျွန်တော်သည် လှေနံဓားထစ်ဝါဒမျိုး ရှိသူ မဟုတ်ကြောင်း ဖြစ်ပါသည်။

ဤအကြောင်းနှင့် ပတ်သက်၍ ပြောရာ၌ ကျွန်တော်ဆိုလိုချက်မှာ စစ်ကြီး မဖြစ်မီက နိုင်ငံနယ်ချဲ့ဝါဒသည် တွန်းလှန်တိုက်ဖျက်ရမည့် အရာမည်မျှ မှန်သော်လည်း ယခုမူကား အသစ်ပေါ်ပေါက်သော အကြောင်းခြင်းရာများကို ထောက်ချင့်၍ အခြေအနေကို ဝေဖန်ရပါလိမ့်မည်။ ယခုခေတ်တွင် တကယ့် အချုပ်အချာ အာဏာသည် တိုင်းသူပြည်သား လူအများတို့လက်တွင် တည်ရှိသည်ဆိုသည့် အချက်ကို နေရာတကာတွင် ယူဆထားကြပြီ ဖြစ်ပါသည်။ ယခု ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ လက်ငင်း ပြဿနာများနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှာ ပေါ်ပေါက်နေသည့် ပြဿနာများကို ထောက်ရှု၍ ဆိုရလျှင် ကျွန်တော်တို့ ချက်ချင်းလက်ငင်း ဖြေရှင်းရေး ရှာကြံရမည့် ကိစ္စကြီး ရှစ်ရပ် ရှိသည်ဟု ဆိုနိုင်ပါသည်။

ထိုကိစ္စများမှာ …

၁။ နေထိုင်ရေးစရိတ် လျှော့ပေါ့ရန်၊ တိုင်းသူပြည်သားများ၏ နေထိုင်ရေးစရိတ်ကို နဂိုအခြေသို့ ပြန်ရောက်အောင် ပြုပြင်ပေးရန်၊

၂။ အလုပ်လက်မဲ့များ လျော့သွားအောင် တတ်နိုင်လျှင် အလုပ်လက်မဲ့ လုံးဝ ပပျောက်သွားအောင် ပြုပြင်ပေးရန်၊

၃။ လမ်းပန်း အဆက်အသွယ်များကို ပြန်လည် ထူထောင်၍ တိုးချဲ့ပေးရန်၊

၄။ အိုးခြေ အိမ်ခြေ ထူထောင်နိုင်အောင် စီစဉ်ပေးရန်၊

၅။ ပညာရေး ပြန်လည် ထူထောင်ရန်၊

၆။ ပြည်သူ လူအများ ကျန်းမာရေးအတွက် စီစဉ်ပေးရန်၊

၇။ နိုင်ငံ အုပ်ချုပ်ရေးကို စေတနာ ကောင်းစွာနှင့် သန့်ရှင်းကျေပြွန်စွာ ထမ်းရွက်ခြင်းရှိအောင် ပြုပြင်ပေးရန်၊

၈။ နိုင်ငံ ငြိမ်းချမ်းသာယာလာအောင် ရွက်ဆောင်ပေးရန်။

အထက်ပါ ပြဿနာကြီးများကို ချက်ချင်းလက်ငင်း ရှင်းလင်းရေး အတွက် ကျွန်တော်တို့ လက်ဦးပဌမ အားသွန်ကြိုးပမ်း ရွက်ဆောင်ကြရန် အဓိက ဖြစ်သည်ဟု ထင်မြင်ပါသည်။

ဤကဲ့သို့ ကျွန်တော်တို့ ရွက်ဆောင်စရာ ရှိသည့် အချက်များ ထမြောက်အောင်မြင်စေရန် ကျွန်တော်တို့ ဘယ်အချက်အလက်များကို ဆောင်ရွက်သင့်သည်ဆိုသည်ကို ယခု စဉ်းစားကြဖို့ လိုပါသည်။ နေထိုင်ရေး စရိတ်စက လျော့ကျဖို့ ကိစ္စနှင့် ပတ်သက်၍ ဆိုလျှင် ယခုကဲ့သို့ စရိတ် ကြီးမြင့်နေရသည့် အကြောင်းရင်း ပဌမ အချက်မှာ အရေးမကြီး၊ မရှိလည်း ဖြစ်နိုင်သော ကုန်စည်များကို စျေးကြီးကြီး ပေး၍ ဝယ်နေရခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့ အရေးမကြီးလှသော ကုန်စည်များကို နိုင်ငံခြားမှ အတင်အသွင်း လျှော့ရန်၊ သို့မဟုတ် လုံးဝ ရပ်စဲပစ်ရန် လိုပါသည်။ နိုင်ငံခြားမှ အဆိုပါ ကုန်စည် ပစ္စည်းတွေကို ဝယ်ယူနေရသည်မှာ နိုင်ငံ၏ ငွေကြေး ဘဏ္ဍာ မကုန်သင့်ဘဲ အလဟဿ ကုန်နေရပါသည်။ ဤကဲ့သို့ စီးပွားရေးဖက်က ကျွန်တော်တို့ နစ်နာ ဆုံးရှုံး ဖြုန်းတီးနေသည့် အချက်ကို ရပ်စဲ ဖြတ်တောက်ပစ်ရန် နည်းလမ်းများ ရှာကြံရပါလိမ့်မည်။ ကျွန်တော်တို့ ငွေတွေ ကျွန်တော်တို့ တိုင်းပြည် အပြင်ကို ထွက်နေရပါသည်။ ဤကဲ့သို့ ထွက်နေခြင်းကို ကျွန်တော်တို့ စစ်ဆေး ကြည့်ရှုရပါလိမ့်မည်။ နေထိုင်ရေး စရိတ် လျှော့ပေါ့သွားစေလိုလျှင် တိုင်းပြည် အုပ်ချုပ်ရေးဖက်တွင် တတ်နိုင်သမျှ ခြိုးခြံချွေတာရန် လိုပါလိမ့်မည်။ ယခု လက်ရှိ အုပ်ချုပ်ရေးမှာ တိုင်းပြည်က စရိတ် မတတ်နိုင်လောက်သော အုပ်ချုပ်ရေး ဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်တော်တို့က ချက်ချင်းလက်ငင်းပင် အသုံးစရိတ်ကို လျှော့ပစ်ရပါသည်။ ထို့နောက် နေထိုင်ရေး လျှော့ပေါ့ သက်သာလာစေအောင် ရာရှင်ပေးနည်းကို သုံးသင့်၊ မသုံးသင့် စဉ်းစားရပေလိမ့်မည်။ ယခု ကမ္ဘာစစ်ကြီး ပြီးငြိမ်းသည်မှာ နှစ်နှစ်မျှပင် လွန်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံပေါင်း များစွာတို့မှာ ရာရှင်ပေးနည်း စံနစ်ကို အသုံးပြုနေရတုန်းပင် ဖြစ်ပါသည်။

ထို့ပြင် အရေးကြီးသော ကုန်စည်များ ဝေငှရေးစံနစ်ကိုလည်း ကောင်းသည်ထက် ကောင်းလာအောင် စီမံပေးရန် လိုပါသည်။ ဖြုန်းတီးမှုများနှင့် တံစိုးလက်ဆောင် စားမှုများကိုလည်း နှိပ်ကွပ်ပစ်ရပါလိမ့်မည်။ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာဘဲ အရေးကြီးသည့် ကုန်စည်များကို စိုက်ပျိုး လုပ်ကိုင်ရန် စီမံကိန်း တရပ်လည်း ပြုလုပ်ရပါလိမ့်မည်။ ကျွန်တော်တို့ စီးပွားရေးအတွက် နိုင်ငံခြားများနှင့် ဆက်ဆံမှုနှင့် ပတ်သက်၍ ဆိုလျှင် ကျွန်တော်တို့ ထွက်ကုန်ဖက်က ငွေ ပိုရအောင် အားထုတ် ကြိုးပမ်းကြရပါလိမ့်မည်။ နိုင်ငံ ငြိမ်သက်သာယာရေး ကိစ္စကလည်း ရှိပါသေးသည်။ နေထိုင်ရေးစရိတ် လျှော့ပေါ့ သက်သာရေး ကိစ္စကြီးကို ရွက်ဆောင်ကြရာ၌ ဆောင်ရွက်သင့် ဆောင်ရွက်ဖွယ်ဖြစ်သော အခြားကိစ္စများလည်း ဧကန်ပင် ပေါ်ပေါက်လာပါလိမ့်မည်။ နေထိုင်ရေး စရိတ် လျှော့ပေါ့ သက်သာရေး ကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်း ပြောပြခဲ့ပြီး ဖြစ်သော အဆိုပါကိစ္စများကို ကျွန်တော် အကျယ်ချဲ့၍ ပြောရမည်ဆိုလျှင် အရေးမကြီး မရှိလည်း ဖြစ်နိုင်သော ကုန်စည်များ သွင်းယူမှုဆိုလျှင် ကျွန်တော်တို့မှာ မရှိမဖြစ် အရေးကြီးသည့် ကုန်တွေ အကြီးအကျယ် ရှားပါးနေသည့်အခါတွင် စည်းစိမ်ခံကုန်၊ အရေးမကြီးသည့်ကုန်များကို သွင်းယူ စည်းစိမ်ခံနေကြရန် မလိုဘူးဆိုသည့် အချက်ပင် ဖြစ်ပါသည်။ တိုင်းသူပြည်သားများမှာ မရှိမဖြစ် အရင်းခံ လိုအပ်သည့် ကုန်ပစ္စည်းများ ပြည့်စုံမှု လိုပါသည်။ အဆိုပါ ကုန်ပစ္စည်းမျိုးကိုသာ ကျွန်တော်တို့က ရအောင် စီမံပေး၍ စည်းစိမ်ခံ ကုန်များကို လုံးဝ ထုတ်ပစ်ဖို့ လိုပါသည်။

အစိုးရဌာနများနှင့် ပတ်သက်၍မူကား ကျွန်တော် ပြောခဲ့သည့်အတိုင်း အချို့ဌာနများမှာ အမှုထမ်းများ အဆမတန် ပိုနေပါသည်။ ကျွန်တော်တို့က တဌာနစီ၊ တဌာနစီ ခွဲ၍ ဌာနအသီးသီးမှာ ရှိသည့် ရာထူးတွေ၊ အမှုထမ်းတွေဟာ တကယ်ဘဲ လိုသည်၊ မလိုသည်ကို စစ်ဆေး ကြည့်ရှုရပါလိမ့်မည်။ ရာထူးများရှိ အမှုထမ်းများ လုပ်ကိုင်နေသည့် အလုပ်များကို စစ်ဆေးကြည့်၍ ထိုအလုပ်များသည် တိုင်းပြည်၏ စီးပွားရေးနှင့် အခြား အရေးများအတွက် မည်မျှလောက် အကျိုး ဖြစ်ထွန်းစေသည့် အလုပ် ဖြစ်သည်ကို ဝေဖန် ကြည့်ရပါလိမ့်မည်။

ရာရှင်ပေးရေးစံနစ်နှင့် ပတ်သက်၍ ဆိုလျှင် ရာရှင်ပေးရေးကို လူအများ မနှစ်မသက် ဖြစ်နေသည်မှာ အထူးအားဖြင့် စစ်အတွင်း တိုင်းပြည်အပေါ်တွင် အသားယူ၍ မတရား ချမ်းသာလိုသူတို့က သူခိုးစျေး ဖွင့်ခြင်း၊ အဆမတန် အမြတ်ယူခြင်း၊ မတရားမှုများကို ပြုလုပ်ခြင်းကြောင့်ပင် ဖြစ်သည်ကို လူကြီးများလည်း သိရှိပါလိမ့်မည်။ ထို့ပြင် ကျွန်တော်တို့ တိုင်းပြည်အတွင်း အကြီးအကျယ် ဖြုန်းတီးမှုများကို လူကြီးမင်းများ ကိုယ်တွေ့ မျက်မြင် ဖြစ်ပါလိမ့်မည်။ ရာရှင်စံနစ်ကို အသုံးပြုနေသည့် အခြားအခြားသော တိုင်းပြည်များမှာ ဆိုခဲ့သည့် ဖြုန်းတီးမှုများ၊ အဟောသိကံ ဖြစ်မှုများ မရှိပါ။ ရာရှင်ပေးမှု၏ ရည်ရွယ်ချက်တရပ်မှာ တိုင်းသူပြည်သား အားလုံး ညီညီမျှမျှ ရကြစေရန် ဖြစ်ပါသည်။ ရာရှင်ပေးခြင်း အားဖြင့် နိုင်ငံခြားသို့ တင်ပို့ ရောင်းချရန် အတွက် အဖိုးတန် ပစ္စည်းများ ကုန်ခန်းခြင်းမှလည်း သက်သာစေပါသည်။ ကျွန်တော်တို့တိုင်းပြည် နဂိုအခြေအနေသို့ ပြန်လည် ရောက်ရှိစေရေးအတွက် တိုင်းပြည်၏ ဓနအင်အား၊ စီးပွားရေးအင်အား ပြန်လည် ဖြည့်တင်းစေရန်မှာ ထွက်ကုန်တခုသာလျှင် ရှိပါသည်။ စီးပွားရေး အခြေအနေမှာ မြန်မာပြည်ထက် များစွာ ကောင်းမွန်တောင့်တင်းသော တိုင်းပြည်ကြီးများစွာတို့မှာ ရာရှင်စံနစ်ကို သုံးနေဆဲပင် ဖြစ်ပါသည်။ ထိုတိုင်းပြည်ကြီးများမှာ ခြိုးခြံချွေတာ ရတုန်းပင် ဖြစ်ပါသည်။

ကျွန်တော်တို့ တိုင်းပြည်မှာကား ခြိုးခြံခြင်း မရှိသလောက် ဖြစ်ရာ စီးပွားရေး တောင့်တင်းမှုအတွက် အနည်းငယ်မျှ ခြိုးခြံမှုကို မပြုနိုင်ရန် အကြောင်း မရှိပါ။ စုပေါင်း ရောင်းဝယ်ရေး အဖွဲ့များလည်း ဖြစ်နိုင်သည့် နေရာတိုင်းမှာ ဖွဲ့စည်းထားရန် လိုပါသည်။ ရှေးက မြန်မာပြည်မှာ စုပေါင်းရောင်းဝယ်ရေး အသင်းများ ပျက်ပြားခဲ့ရသည်မှာ ထိုအဖွဲ့အသင်းများကို တိုင်းသူပြည်သားတို့က စေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် ခိုင်မြဲအောင် မပြုခဲ့ကြခြင်းကြောင့် ဖြစ်ပါသည်။ တိုင်းသူပြည်သားတို့က ထိုအဖွဲ့များ၏ အကျိုးသည် ငါတို့၏ အကျိုးပင် ဖြစ်ပါတကားဟု သဘောပိုက်ကြသည့် အရပ်များတွင်ကား ထိုအဖွဲ့များမှာ စည်ပင် ဖွံ့ဖြိုးလျက် ရှိကြပါသည်။

ကျွန်တော်တို့ တိုင်းပြည်မှာ ဆိုလျှင် စုပေါင်း ရောင်းဝယ်ရေး မရှိသည့် အရပ်များ၌ ကုန်စည်များ ဝေငှရေးကို စီမံပေးမှုအတွက် အစည်းအရုံး အမျိုးမျိုး ပါဝင်သည့် ပြည်သူပြည်သား ကော်မတီများ ဖွဲ့စည်းထားရန် ဖြစ်နိုင်မည့် အရေးကို စဉ်းစားကြရန် လိုပါသည်။ စုပေါင်း ရောင်းဝယ်ရေး အဖွဲ့များအတွက် စစ်ဆေး ကြည့်ရှုရေး အဖွဲ့များ လိုမည်ဖြစ်ရာ ထိုအဖွဲ့မျိုး ထားရှိရေး ကိစ္စကိုလည်း စုံစမ်းကြည့်ရန် လိုပါသည်။ အချင်းချင်း စုပေါင်းပြီး သတင်း အပြန်အလှန် ရယူရေးနှင့် စုံစမ်း ရှာဖွေရေးသည်လည်း လိုပါသည်။ ဤ ကိစ္စအတွက် အသင်းအဖွဲ့များက လိုသော သတင်းများကို ပေးနိုင်ပါလိမ့်မည်။ ငွေရင်း နိုင်ငံပြင်ဖက်သို့ ထွက်မသွားစေရန် အချို့သော နိုင်ငံများ၌ တတ်နိုင်သမျှ ကာကွယ်ရန် ကြိုးစားထားကြပါသည်။ ငွေရင်း နိုင်ငံ ပြင်ပသို့ ထွက်သွားလျှင် ကျွန်တော်တို့၏ ဝယ်အားကို စွှန့်ပစ်လိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ နိုင်ငံခြားမှ ငွေချေးယူရခြင်းကို တတ်နိုင်သမျှ လျှော့ပေါ့ သက်သာသွားအောင် ငွေစုရေးကို အားပေးရပေလိမ့်မည်။ ဆီ၊ ငရုတ်၊ ကြက်သွန် အစရှိသည်တို့ကို ဝယ်ယူ သုံးစွဲရသဖြင့် ကျွန်တော်တို့ ငွေအလွန် ကုန်ကျနေပါသည်။ ၎င်းကုန်ပစ္စည်းများမှာ မိမိတို့တိုင်းပြည်၌ မိမိတို့ စိုက်ပျိုးနိုင်ပါလျက်နှင့် ဤကဲ့သို့ အခြားနိုင်ငံမှ မှာယူ သုံးစွဲရသည်ဆိုသည်မှာ ကျွန်တော်တို့ ငြင်းဆိုခြင်း မပြုနိုင်သည့် စွပ်စွဲချက် ဖြစ်၍ များစွာ ရှက်ဖွယ်ကောင်းလှ၏။ ထိုနည်းတူစွာ လူတို့၏ အရေးကြီးလှသော အသုံးအဆောင် ဖြစ်သည့် နွားနို့ကိုလည်း သွင်းယူလျက် ရှိ၏။ ကျွန်တော်တို့ လုံ့လ ပြုလျှင် ထိုပစ္စည်းကိုလည်း နိုင်ငံတွင်းမှာပင် လိုသလောက် ရနိုင်ပါသည်။ ယခင်က စီးပွားရေး အခြေအနေကို ပြန်လည် ရရှိစေရန်အတွက် ကျွန်တော်တို့သည် ဤကဲ့သို့ ကြက်သွန်၊ ငရုတ်၊ ဆီ အစရှိသော ပစ္စည်းများ တန်ချိန်မည်၍ မည်မျှသာ ဝင်လာစေသင့်သည်ကို ကြီးကြပ် အုပ်ချုပ်ရန် လို မလိုကို စဉ်းစားရန် လိုပေသည်။ ၎င်းကုန်များ ဝယ်ယူသုံးစွဲခြင်းကို မရပ်ဆိုင်းဘဲ နေခဲ့ပါက ကျွန်တော်တို့သည် ၎င်း အသီးအနှံများကို လိုသလောက် ရအောင် စိုက်ပျိုးဖြစ်ကြတော့မည် မဟုတ်ပါ။

ထို့နောက် ငြိမ်ဝပ်ပိပြားရေးကို ပြောပြလိုပါသည်။ အဓိက ပြဿနာများတွင် ငြိမ်ဝပ်ပိပြားရေး အကြောင်းကို နောက်ဆုံးမှ ပြောရန် စီစဉ်ထားပါသည်။ ဤကဲ့သို့ နောက်ဆုံး ထည့်ထားရာ၌ ငြိမ်ဝပ်ပိပြားရေးသည် အရေးမကြီးသော ကိစ္စ မဟုတ်ဟု မဆိုလို၊ ကျွန်တော်၏ ရည်ရွယ်ချက်မှာ ငြိမ်ဝပ်ပိပြားရေး၏ အခြေခံ အကြောင်းကား၊ အားလုံးသော ကိစ္စ အဝဝနှင့် သက်ဆိုင်သည့် အရင်းခံ အကြောင်းကိစ္စ ဖြစ်သဖြင့်၊ ဤကဲ့သို့ နောက်ဆုံးမှ ပြောဆိုရန် စီစဉ်ခြင်း ဖြစ်ပါသည်။ သာမန် အချိန်မျိုးတွင် နိုင်ငံ ငြိမ်ဝပ်သာယာမှုသည် စီးပွားရေးအတွက် မည်မျှလောက် အရေးကြီးသည်ကို ကောင်းစွာ မထင်ရှားလှသော်လည်း ယခုကဲ့သို့ ရိုးရိုး မဟုတ်သော အချိန်မျိုးတွင်မူကား မည်မျှလောက် အရေးတကြီး သက်ဆိုင်နေသည်မှာ ထင်ရှားလှသောကြောင့် ပြောနေရန်ပင် မလိုပါ။

ဥပမာဆိုလျှင် တိုင်းပြည် မငြိမ်မဝပ် ဖြစ်သည့်အတွက် ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ စက်မှု လက်မှု လုပ်ကိုင်ရေးတို့ကို ကျနစွာ မဆောင်ရွက်နိုင်သည့်ပြင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့တွင် လုံခြုံမှုများစွာ ချွတ်ယွင်းလျက် ရှိနေပေသည်။ နယ်များတွင် မငြိမ်မသက် ဖြစ်သဖြင့် မြို့များတွင် လာရောက် နေထိုင်၍ လူတွေ ပြည့်ကျပ်လျက် ရှိနေခြင်း ဖြစ်ရပါသည်။ အစိုးရကလည်း ဓားပြ လူဆိုးရန်ကို နှိမ်နင်းနိုင်စေရန် လက်နက်ကိုင် ပုလိပ်နှင့် အပိုပုလိပ်အမှုထမ်းများကို ယခင်က အမှုထမ်းဦးရေထက် များစွာချဲ့ထွင် ခန့်ထားခြင်းဖြင့် နှိမ်နင်းနေရပါသည်။ အားလုံးတခုနှင့်တခု ဆက်စပ်နေပါသည်။ သို့သော် ဤကဲ့သို့ ငြိမ်ဝပ်ပိပြားရေးကို စီမံဆောင်ရွက်ရာ၌ လူကြီးမင်းတို့သည် ဤငြိမ်ဝပ်သာယာရေး ကိစ္စကို အခြားကိစ္စများနှင့် ခွဲ၍ စီမံခြင်း မပြုမိကြရန် ကျွန်တော်က တိုက်တွန်းလိုပါသည်။ နည်းမှန် လမ်းမှန်မှာ ဤကိစ္စကို အခြား ပြဿနာများနှင့် ပူးတွဲ စီမံရန် ဖြစ်ပါသည်။

အလုပ်လက်မဲ့ ပြဿနာနှင့် ပတ်သက်၍ဆိုလျှင် ယခုလို စီးပွားရေး၏ အလိုက်အထိုက် အခြေအနေများအတိုင်း ဆိုပါက အလုပ်လက်မဲ့ ပြဿနာ ပြေရှင်းသွားလိမ့်မည်ဟု ကျွန်တော်တို့ မြင်နိုင်ရန် အကြောင်းမရှိ။ တိုင်းပြည်နှင့် အစိုးရက ကူညီရပေလိမ့်မည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းသည် တိုင်းပြည်အတွက် အကြီးဆုံး ကံဆိုးမိုးမှောင် ဖြစ်လျက် စက်မှု၊ လက်မှု လုပ်ငန်းနှင့်တကွ တိုင်းပြည်တွင် မကောင်းကျိုး ဖြစ်ပေါ်စေတတ်သည်။ အလုပ်လက်မဲ့ ဖြစ်ခြင်းကြောင့် လုပ်သားများ၏ ကျွမ်းကျင်မှုကို ယုတ်လျော့စေပြီး ၎င်းတို့၏ နေရေးထိုင်ရေး အဆင့်အတန်းကို ညံ့ဖျင်းစေသည်။ အလုပ်လက်မဲ့ ပြဿနာသည် အမျိုးသားအတွက် ဂြိုဟ်ဆိုး ဖြစ်သည့်အလျောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို စီမံ ပြုလုပ်ရာ၌ ကျွန်တော်တို့သည် သေချာ ကျနစွာ ပြုလုပ်မှသာလျှင် အခြေအနေ တိုးတက်လာပြီး အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းသွားနိုင်လိမ့်မည်။ လူတဦးတယောက်အတွက်သော်၎င်း၊ အိမ်ထောင်စုတွင် ပါဝင်သော သူများအတွက်သော်၎င်း၊ အလုပ်ရနိုင်စေရန် ကျွန်တော်တို့ နည်းလမ်းများကို ရှာဖွေရပေလိမ့်မည်။ ထိုသို့ ပြုလုပ်ရာ၌ ကျွန်တော်တို့သည် အချို့သော သူများကို အလုပ်မှ ရပ်စဲရန် လိုလျှင် ရပ်စဲရလိမ့်မည်။ ပြဿနာကို ဖြေရှင်းသွားနိုင်စေရန် နည်းလမ်းကောင်းမှာ နိုင်ငံတော် အစိုးရသည် အရေးပါ၍ အပြောကျယ်သော လုပ်ငန်းများကိုသာ လက်ထဲ၌ အဆင်သင့် ရှိစေရမည်။ ထိုအလုပ်များမှာလည်း လုပ်သားပေါင်း အရေအတွက်ကို လိုက်၍ မြန်လိုက မြန်နိုင်သော၊ နှေးလိုက နှေးနိုင်သော အလုပ်မျိုး ဖြစ်စေရမည်။

လမ်းပန်းဆက်သွယ် ချဲ့ထွင်ရေး ကိစ္စမှာ ဆိုလျှင် မြန်မာပြည်သည် စစ်မဖြစ်မီကပင် သယ်ယူပို့ဆောင်ရေးများစွာ မရှိခဲ့ချေ။ ယခုအခါ မည်သည့် နေရာမဆို လူများ အသုံးပြုနိုင်သည့် လမ်းပန်းဆက်သွယ်မှုများမှာ နည်းပါးဆိုးဝါးသည် ဟုသာ ဆိုနိုင်သည်။ ယခု တိုင်းပြည်တွင်း၌ ရင်ဆိုင်တွေ့နေရသော ပြဿနာ အရပ်ရပ်တို့တွင် သယ်ယူပို့ဆောင်ရေး လုံလောက်စွာ မရှိမှုလည်း ပါဝင်နေလေသည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည် ထူထောင်ရန် လိုနေသည့် ကိစ္စကို အထူးဖော်ပြရန် မလို။ ရခိုင်ပြည်နှင့်တကွ နယ်ခြားဒေသများနှင့်သော်၎င်း၊ ထိုအရပ်များ၌သော်၎င်း ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ ချဲ့ထွင်ရန် သို့မဟုတ် ပြုပြင်ရန် ကိစ္စတို့သည်လည်း ပဌမ စဉ်းစားစရာ အချက်များတွင် ပါဝင်ပေသည်။

ယခု အိမ်ယာပြဿနာနှင့် ပတ်သက်ပြီး ပြောလိုပါသည်။ အရိပ် အာဝါသ ရဖို့ လိုနေသည့် လူတွေ ကိုယ်ပိုင်အိမ် မဆောက်နိုင်သည့် လူတွေကို ကျွန်တော်တို့က ခိုကိုးနေထိုင်စရာ ပေးရမည်။ ပြီးတော့ အုပ်ချုပ်ရေး ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ အစရှိသဖြင့် ဤကဲ့သို့ ရုံးတွေအတွက်လဲဘဲ အဆောက်အဦတွေ ရှာဖွေပေးရဦးမည်။ လိုအပ်တဲ့ ကိစ္စတွေကို ဖြည့်စွမ်းပြီးမှသာ အိမ်ရာတွေ ဆောက်ဖို့ ကိစ္စအတွက် လှမ်းနိုင်မည်။ အရေးကြီးသည်မှာ လတ်တလော လိုအပ်တဲ့ အရာများအတွက် စီမံရမည်။ စီမံတဲ့အခါမှာလဲ ယာယီ စီမံ ရာထားချက်များ ပြုလုပ်ဖို့ လိုလိမ့်မည်။ သို့သော်လည်း ရန်ကုန်မှာ တွေ့ရသည့်အတိုင်း ဆိုလျှင် အိမ်ရာ ဆောက်လုပ်ရေး ကိစ္စမှာ ယာယီ ရာထားချက်များမှာ များသော အားဖြင့် ကျေနပ်ဖွယ်ရာ မရှိကြပါဘူး။ ထို့ကြောင့် အဲဒါတွေကို တတ်နိုင်သလောက် ရှောင်ရလိမ့်မည်။ ပြန်လည်ထူထောင်ဖို့ ကိစ္စမှာ ပညာရေးဖက်မှာ အလိုအပ်ဆုံး ဖြစ်သည်။

ယခုအခါမှာ မသင်မနေရ ပညာ၊ ကောလိပ်ကျောင်းတွေ အများကြီး ဖွင့်ဖို့ ကိစ္စကို စိတ်ကူးထည့်ရန် အချိန်မကျသေးဘူး။ စစ်မဖြစ်မီက ကျောင်းဦးရေ၊ ကောလိပ်ဦးရေတွေကိုတောင် မှီအောင် မလုပ်နိုင်သေးဘူး။ အဲဒီ အရေအတွက်တွေကို မှီအောင် ဖြစ်လာဖို့ ရည်ရွယ်ရင်း ရှိရမည်။ သို့သော် ကျွန်တော်တို့ လက်မှု ပညာသင်ကျောင်းတွေ များလာအောင် ပိုပြီး ကြိုးစားရလိမ့်မည်။ အသက်မွေးဝမ်းကျောင်းပညာ၊ အထွေထွေ လက်မှုပညာတွေကို ပိုပြီး အားပေးရမည်။ စာအုပ်တွေ ထုတ်တဲ့နေရာမှာလဲ လူအများအတွက် အရေးတကြီး လိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို ဘာသာပြန်ပြီး ပုံနှိပ်ထုတ်ဝေဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာန ကြီးကြီး တခုကို ဖွင့်ရမည်။ နိုင်ငံခြားကို ပညာသင်တွေ လွှတ်ရမည်။ သို့သော်လည်း ၎င်းတို့ ပြန်လာလျှင် တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် လုပ်နိုင်ကိုင်နိုင်အောင် အသုံးကျတဲ့ ပညာမျိုးတွေကို ကျကျနန ယူလာနိုင်အောင် လုပ်ရမည်။ အဆိုပါ ပညာတော်သင်တွေအတွက် သင်ကြားဖို့ရာ ပညာရပ်တွေ ရွေးချယ်သည့်နေရာမှာ တိုင်းပြည် ပြန်လည်ထူထောင်ရေး အသုံးကို ကြည့်ပြီး ရွေးချယ်ရမည်။ အသုံးကျမည် မဟုတ်သော ပညာရပ်တွေကို ယခုအခါမှာ ချန်ပစ်ခဲ့ရလိမ့်မည်။ တိုင်းပြည်တိုင်း၊ တိုင်းပြည်တိုင်း နိုင်ငံခြားကို ပညာတော်သင် လွှတ်ကြသည်မှာ ကျောင်းသားတွေ ရှေ့ဆက် ပညာ ဆည်းပူးကြဖို့၊ ရှာမှီးကြဖို့ ဖြစ်ပါသည်။ ကျွန်တော်တို့လည်း ငွေရေးကြေးရေးကို ကြည့်ပြီး ဒီနည်းအတိုင်း လုပ်ကြရမှာဘဲ။ သို့သော်လည်း အရွေးအချယ် ခံရမည့် ကျောင်းသားတွေဟာ အရည်အခြင်းကျကျနန ပြည့်စုံရမည့် ကျောင်းသားတွေ ဖြစ်ရမည်။ သူတို့ ပညာတော်သင်ပြီး ပြန်လာတဲ့ အခါမှာ အလုပ်ရဖို့ အာမခံ ထားနိုင်ဖို့ သင့်သည်။ ပြီးတော့ ကျကျနန သင်ကြားရမည့် ပညာရပ်တွေကို သူတို့ ကောင်းကောင်းမွန်မွန် သင်ကြဖို့၊ ကျွန်တော်တို့က အရေးယူရလိမ့်မည်။

လူထုကျန်းမာရေး ကိစ္စအကြောင်းကို ပြောရတော့မည်။ မီးကို မလောင်ခင်က တားရမည်ဆိုတဲ့ စကားသည် ဆိုရိုးဆိုမြဲ စကားပါပဲ။ သို့သော်လည်း ကျွန်တော်တို့၏ နေ့စဉ် အရေးတွေထဲမှာ ဒီစကားရဲ့ မှန်ကန်ချက်ကို မမြင်ခဲ့ကြသည်မှာ များပါသည်။ ကာယဗလ ဖွံ့ဖြိုးရေး၊ သန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ရေးတွေအတွက် စီမံကိန်းတွေ ထုတ်ရမည်။ ဆရာဝန်၊ သူနာပြုဆရာမ၊ ကိုယ်လက် လှုပ်ရှားရေး ဆရာများ သင်တန်း ဖွင့်ဖို့ကိုလည်း ဆောင်ရွက်ရလိမ့်မည်။

ယခုလက်ရှိ အုပ်ချုပ်ရေးကို လူကြိုက်များလာအောင် ဗြူရိုကရက်စံနစ်က အများကြိုက်စံနစ် ပြောင်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောရမည် ဆိုလျှင် အစိုးရက နောက်ဆုံး ဒိစတြိတ်နှင့် မြို့နယ်ဆိုင်ရာ အကြံပေး အဖွဲ့တွေ ဖွဲ့ဖို့ တင်သွင်းထားသည်။ ဤကဲ့သို့သော အဖွဲ့မျိုးတွေကို ဖွဲ့ခြင်းအားဖြင့် အုပ်ချုပ်ရေးမှာ ပိုမို ရှင်းလင်းလာရမည်။ ပိုမိုကောင်းမွန်လာရမည်။ အုပ်ချုပ်ရေးကို အခြေခံ ကျယ်ဝန်းစွာ ဖွဲ့စည်းထား၍ တိုင်းသူပြည်သားများ ပါဝင်သည့် အဖွဲ့တွေကို အာဏာတွေ ဖြန့်ဝေ လွှဲအပ်ပြီး တနေရာထဲမှာ အာဏာ စုနေခြင်းကို ဖျက်ရမည်။ နောက်ပြီး တဦးနှင့်တဦး ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခြင်း၊ ဆွေးနွေးပွဲတွေ ခေါ်ခြင်းများဖြင့် အုပ်ချုပ်မှုသည် ပိုပြီးကောင်းလာမည်။ အကုန်အကျလည်း သက်သာလာလိမ့်မည်ဟု မြှော်လင့်ရသည်။ ထို့ပြင် အစိုးရရုံးတွေမှာ ကြိုးနီစံနစ် ပျောက်ပြီး အဟုတ်တကယ် ကျကျနန မျက်ဝါးထင်ထင် ပြဿနာ အရပ်ရပ်တွေကို ရှင်းကြ၊ လင်းကြ၊ လုပ်ကြ၊ ကိုင်ကြ ဖြစ်လာကြမယ်လို့လဲ မြှော်လင့်ရသည်။

ယခု စီမံကိန်းမှာ ငြိမ်ဝပ်ပိပြားရေး အရေးကြီးကြောင်း ပြောခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် ယခု ပြောခဲ့ပြီးဖြစ်သည့် ကိစ္စရပ်များအပြင် ကုန်ပစ္စည်း ပိုမို ထွက်ရှိမှုနှင့် စက်မှုလက်မှု ထူထောင်ရေး ကိစ္စများကို လူကြီးမင်းများက အဓိက ထား၍ စဉ်းစားကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့ တိုင်းပြည်၏ အခြေခံ ထွက်ကုန်သည် ဆန်စပါးပင် ဖြစ်ပါသည်။ ရှေးဦးစွာ လယ်ယာ ကိုင်းကျွန်း ဆန်စပါး စိုက်ပျိုးမှုတွင် စက်ကိရိယာ အသုံးပြုရေး တီထွင်ရမည်၊ ထိုကိစ္စအတွက် စုပေါင်း ဆောင်ရွက်ရေး စံနစ်ကို သုံးရန်လိုလျှင် သုံးရလိမ့်မည်။ အဆိုပါ နည်းများကို အသုံးပြုရန်မှာ ယခု လက်ရှိ စိုက်ပျိုးရေး အခြေအနေ ပိုမိုကောင်းမွန်လာမှုအတွက် လိုသလောက်အထိ သုံးရပေလိမ့်မည်။ ကုန်ထွက် တိုးတက်လာအောင် ပြုလုပ်ခြင်းသည် ဆင်းရဲခြင်းအတွက် မလွဲနိုင်သော ဆေးမျိုး မဟုတ်သည်ကို ကျွန်တော် သိပါသည်။ မလိုသည့် ကုန်ထွက်ပစ္စည်းများကို တိုးတက် ထွက်အောင် လုပ်ခြင်းသည် အရေးကြီးသော ပစ္စည်းများ လိုနေသူများအတွက် အကျိုး မများသည့်ပြင် အဆိုးဖြစ်တတ်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ အများအပြား ထွက်အောင် လုပ်သည့် ပစ္စည်းသည် ကောင်းမွန်ဖို့လည်း အရေးကြီးပါသည်။ အခြားတနည်းဆိုသော် လယ်ယာ စိုက်ပျိုးရေးကို သင့်မြတ်စွာ ထွက်ရှိမှု သဘောဖြင့် စီမံသင့်ပါသည်။ လယ်ယာ စိုက်ပျိုးမှု တိုးတက် ဖွံ့ဖြိုးရေးအဖြစ်ဖြင့် လယ်သမားများ ကြွေးမြီ ပြဿနာနှင့် အတိုးနှုန်း သက်သာစွာနှင့် လယ်ယာ လုပ်ကိုင်ရေးအတွက် ငွေ ချေးငှားခြင်း နည်းစံနစ် စသည်တို့ကို စဉ်းစားရပါလိမ့်မည်။ စက်မှုလက်မှု လုပ်ငန်း ပြဿနာများနှင့် ပတ်သက်၍ ဆိုလျှင်လည်း စစ်မဖြစ်မီက အခြေအနေသို့ အဆောတလျင် မည်ကဲ့သို့ ရောက်နိုင်ရန်နှင့် အိမ်တွင်း လက်မှုပညာကို လက်တွေ့သဘောထား အားဖြင့် မည်ကဲ့သို့ အားပေးရန် စသည်တို့ကို စဉ်းစားရပါလိမ့်မည်။ နောက်ဆုံး အချက်မှာ ၎င်းရာထားချက်တို့ကို အကောင်အထည် ဖြစ်အောင် လုပ်ရန် ငွေကို မည်ကဲ့သို့ ရအောင် ရှာရမည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။ ယခုကဲ့သို့ ကိစ္စမျိုးမှာ ကျွန်တော်တို့ အားလုံးပင် အမြင်မှန် မြင်ပြီး ကိုယ်ပိုင်ဥာဏ်ကို အသုံးပြုခြင်းအားဖြင့် အလုပ်သဘောကို ကောင်းစွာ သိရှိရပါမည်။ ကျွန်တော်တို့ စီမံကိန်း အားလုံးအတွက် လိုသလောက် ငွေကြေးကို ရနိုင်မည် မဟုတ်ပါ။ သို့အတွက် ကျွန်တော်တို့ လုပ်ရမည်မှာ ရာထားချက်တွေကို လုပ်၊ နည်းလမ်းတွေရှာ၊ ငွေကြေးကို စီမံကိန်းများအတွက် နေရာတကျ ခွဲဝေပေးဖို့ပင် ဖြစ်ပါသည်။ ငွေများများ သုံးဖို့လိုလျှင် များများ သုံးစွဲရန်နှင့် နည်းနည်း သုံးဖို့ လိုလျှင် နည်းနည်း သုံးဖို့ရန် ဖြစ်ပါသည်။ မလိုသည့် သုံးစွဲခြင်းအားဖြင့် ငွေကို အလဟဿ ဖြစ်စေမည် မဟုတ်ပါ။

ယခု ဆွေးနွေးပွဲကြီးကို တက်ရောက်ကြသည့်အတွက် လူကြီးမင်းတို့ အားလုံးကို ကျေးဇူးတင်ပါသည်။ အစည်းအဝေး မရုပ်သိမ်းသေးမီ ယခင်က ကျွန်တော် ပြောခဲ့သည့် အချက်တွေကို လူကြီးမင်းတို့ ရှေ့အဖို့ လုပ်ရမဲ့ လုပ်ငန်းများကို လုပ်သည့်အခါမှာ မမေ့ကြဖို့ သတိပေးလိုပါသည်။ ယခု အဖွဲ့ခွဲများကို ဖွဲ့ကြပါတော့။ လူကြီးမင်းတို့ ရှေ့အဖို့ လုပ်ရမဲ့ လုပ်ငန်းများကို ထားသင့် ရှိသင့်သည့် အင်အား၊ စိတ်ဓါတ်များနှင့် ကြိုးပမ်းဆောင်ရွက် သွားကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

Google