Aung San of Burma

ရခိုင်ပြည် အခြေအနေ

၁၉၄၆ ခု၊ မတ်လ ၂၆ ရက်နေ့ သတင်းစာ ကွန်ဖရင့် တွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရခိုင်ပြည် ခရီးစဉ် အကြောင်း ရှင်းလင်း ပြောပြချက်

တောင်ကုတ်သို့ မရောက်ခင် တရက်တွင် ဘုန်းကြီး နှစ်ပါးသည် ဖဆပလ ဆန့်ကျင်ရေး ဝါဒကို လက်သိပ်ထိုး ဖြန့်နေသည်ဟု သိရကြောင်း၊ သို့သော် မတ်လ ၂ ရက်နေ့ တရားဟောပွဲ ကျင်းပလိုက်သည့်အခါ လူအတော် စည်ကားပြီး ရှင်းလင်းသွားကြောင်း၊ ထို့နောက် ခရီးစဉ်နှင့် ဟောပြောခဲ့သည်များကို ရှင်းပြပြီး ရခိုင်ပြည်၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတို့ကို ပြောပြကြောင်း၊ နိုင်ငံရေးမှာ ရခိုင်တပြည်လုံးသည် ဖဆပလ ဖက် သို့ စိတ်အားထက်သန် နေကြသည်ကို သိခဲ့ရကြောင်း၊ ရောက်သည့်နေရာတိုင်းမှာပင် အစိုးရပိုင်းမှ အနှောင့်အရှက် မတွေ့ရဘဲ အချို့ ကိစ္စများတွင် ကူညီသည်ကိုပင် တွေ့ရကြောင်းနှင့် ပြောပြကြောင်း။

ရခိုင်ပြည်တွင် အဖမ်းအဆီး ကိစ္စနှင့် စပ်လျဉ်း၍ လူအချို့ကို ကာကွယ်ရေး ဥပဒေနှင့် ဖမ်းဆီးထားကြောင်း၊ ‘ဘီအိုင်အေ’ လက်ထက်က အမှုများနှင့် ဖမ်းသည်ဟု သိခဲ့ရကြောင်း၊ အချို့ကို ဓားပြမှုနှင့် ဖမ်းကြောင်း၊ စင်စစ်မှာ အချို့သည် ဓားပြမှုနှင့် လုံးဝ မပတ်သက်ဟု သိရကြောင်း။ ဖဆပလ မှ လူ ၁၂ ယောက်ခန့် ဖမ်းဆီးထားရာ ထိုကဲ့သို့ ဖမ်းဆီးထားခြင်းသည် ရခိုင်ပြည်လုံးဆိုင်ရာ ညီလာခံသဘင် ပျက်ပြားစေရန် အမှုရှာသည်နှင့် တူနေကြောင်းနှင့် ပြောဆိုကြောင်း။

ကြေညာချက် ထုတ်မည်

သတင်းစာဆရာများက သခင်ထွန်းအုပ်၏ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ… ဗိုလ်ချုပ်အောင်ဆန်းက ထိုကိစ္စနှင့် စပ်လျဉ်း၍ မကြာမီ ကြေညာချက်တရပ် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ မိမိသည် မည်သူ့အားမျှ စစ်ရာဇဝတ်ကောင် ဖြစ်အောင် မစွပ်စွဲခဲ့ကြောင်း၊ ဖဆပလ သည် စစ်ရာဇဝတ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် အဆိုကို သုံးကြိမ်တိုင်တိုင် ဆုံးဖြတ် အတည်ပြုခဲ့ကြောင်း၊ အစိုးရ လုပ်ပုံမှာ အပြောနှင့် မညီညွတ်၍သာ ပြောနေရခြင်း ဖြစ် ကြောင်း။

အားလုံး အရေးယူပါလား

‘ဘီအိုင်အေ’လက်ထက်က လုပ်သည့် ကိစ္စများနှင့် စပ်လျဉ်း၍ အချို့ ကို လျစ်လျူရှု၊ အချို့ကို ရာထူးပေး၊ အချို့ကို ဖမ်းလားဆီးလားနှင့် အရေးယူနေခြင်း စသည်ဖြင့် မညီမညွတ် လုပ်နေသည့်အတွက် အစိုးရတို့အား အရေးယူမည်ဆိုကလည်း အားလုံးကို အရေးယူပါ။ လျစ်လျူရှုမည် ဆိုကလည်း တယောက်မကျန် တသဘောတည်း ထားပါဟု ပြောနေရခြင်း ဖြစ်ကြောင်း၊ ရာထူး မယူယင်ဘဲ ဖမ်းတော့မလိုလို လေသံလွှင့်ခဲ့ လို့ ဂွတိုက်သည့် အနေဖြင့် ရာထူးမယူဘဲ နေခဲ့ပါသည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ရှင်းပြကြောင်း၊ မောင့်ဘက်တန်က စစ်ဖက်တွင် ရာထူးပေးပုံနှင့်တကွ ကန္ဒီစာချုပ် အကြောင်းနှင့် ပတ်သက်၍ အချို့အချက်များကို ရှင်းလင်း ပြောပြကြောင်း။

စီးပွားရေး သတင်းစာ

၂၇-၃-၁၉၄၆

 

Google