Aung San of Burma

ပြည်သူ့ လွတ်လပ်ရေး

၁၉၄၅ ခု၊ သြဂုတ်လ ၁၉ ရက်နေ့ ကန်တော်ကြီး နေသူရိန် ကပွဲရုံတွင် ကျင်းပသော မြို့လုံးကျွတ် လူထုအစည်းအဝေးကြီး၌ ပြောကြားခဲ့သော မိန့်ခွန်း။

ကနေ့ မြို့လုံးကျွတ် အစည်း အဝေးခေါ်ရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ ဗမာ့တပ်မတော် အပါအဝင် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး အကြောင်းကို မြို့သူ မြို့သားများနှင့် တိုင်းသူ ပြည်သားများအား ရှင်းလင်း ပြောပြချင်လို့ဘဲ။ ပဌမဆုံး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် ပတ်သက်ပြီး ရှင်းလင်းချင်တဲ့ အချက်ကတော့ ဒီအဖွဲ့ချုပ်ဟာ သခင်အဖွဲ့လို့ အများသိနေတဲ့ တို့ဗမာအစည်းအရုံးနှင့်လဲ မတူဘူး။ တို့ဗမာအစည်းအရုံးက တို့ဗမာအစည်းအရုံး သတ်သတ် အရင်တုန်းက တို့ဗမာအစည်းအရုံးထဲ ကျွန်တော်တို့ ပါခဲ့ပါတယ်။ အခု အကြောင်းကြောင်းတွေကြောင့် ကျွန်တော်တို့ မပါတော့ဘူး။

ဒုတိယ ကျွန်တော် ရှင်းပြချင်တဲ့ အကြောင်းကတော့၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးဟာ ကွန်မြူနစ် ပါတီလဲ မဟုတ်ဘူး။ ကွန်မြူနစ် ပါတီက လူတွေဟာ ဒီအဖွဲ့ချုပ်ကြီးမှာ ဝင်လုပ်နေတာ မှန်တယ်။ ဒါပေမဲ့ သူတို့ပိုင် အဖွဲ့မဟုတ်ဘူး။ ဒီအဖွဲ့ချုပ်ကြီးကို ဂျပန်လက်ထက်မှာ ဂျပန်တွေက တိုင်းသူပြည်သားတွေ အပေါ် အမျိုးမျိုး စော်ကား၊ အမျိုးမျိုး နှိပ်စက်ပြီး ဘာမှအဆီအသား မရှိတဲ့လွတ်လပ်ရေး ဗန်းပြသွေးစုတ်နေတော့ ကျုပ်တို့တကယ် လွတ်လပ်ရေးကို ရအောင် တကယ်တိုက်ချင်တဲ့ လူတွေကို ပါတီမရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး တတိုင်းတပြည်လုံး သွေးစည်းပြီး လုပ်မယ် ဆိုတဲ့ရည်ရွယ်ချက်နှင့် ၁၉၄၄ ခု၊ သြဂုတ်လ အစလောက်မှာ တည်ထောင်လာခဲ့တယ်။ အဲဒီလို အဖွဲ့ချုပ်ကြီး မဖွဲ့ခင်ကတော့ ဟိုတစု ဒီတစု ကျုပ်တို့က ကျုပ်တို့ချည်း၊ ကွန်မြူနစ်တွေက ကွန်မြူနစ်တွေချည်း၊ ပြည်သူ့ တော်လှန်ရေးအဖွဲ့က ပြည်သူ့ တော်လှန်ရေးအဖွဲ့ ချည်း သတ်သတ် ဆောင်ရွက်နေကြလို့ ကျုပ်ကစတင်ပြီး အကြံပေးတဲ့ အတိုင်း အားလုံး စည်းရုံးပြီး ဂျပန်ကို တိုက်ကြရအောင်လို့ နှိုးဆော်လို့ ဒီအဖွဲ့ကြီး ဖြစ်ပေါ်လာခဲ့တယ်။ ဒီအဖွဲ့ချုပ်ကြီးကို ဘယ်လိုဖွဲ့စည်းရမယ်။ ဘာရည်ရွယ်ချက်တွေနှင့် ဖွဲ့စည်းရမယ် ဆိုတဲ့ အချက်တွေကို ကျုပ်ကဘဲ စတင်စီမံပေးခဲ့တာဘဲ။ အဲသလို အဖွဲ့ချုပ်ကြီးကို လုပ်တဲ့အခါ ဘယ်အဖွဲ့ ဘယ်ပါတီရဲ့မူပိုင်သဘောမျိုး အဖြစ်နှင့်မှ ဖွဲ့ခဲ့တာမဟုတ်ဘူး။ တတိုင်းတပြည်လုံးရဲ့ လွတ်လပ်ရေးကို အဓိကထားပြီး သွေးစည်းဖို့အတွက် ဖွဲ့စည်းခဲ့တာဘဲ။ သို့ပေမဲ့ တခုတော့ ရှိတယ်။ ကွန်မြူနစ် ဖြစ်ဖြစ်၊ ဘယ်သူ ဖြစ်ဖြစ် အလုပ်လုပ်ယင် အလုပ်လုပ်တဲ့လူ တွင်ကျယ်မယ် ဆိုတာကိုတော့ အားလုံးနားလည်ဖို့လိုတယ်။

ဒါဖြင့် ဒီအဖွဲ့ချုပ်ကြီးဟာ ဘာလုပ်ခဲ့သလဲ၊ အိန္ဒိယပြည်၊ တရုပ်ပြည်မှာ ရှိတဲ့ တချို့ မျိုးချစ် လူငယ်တွေနဲ့ ကျွန်တော်တို့အဆက်ရပြီး မဟာမိတ်တွေနှင့် အဆက်ရနိုင်သမျှ ရအောင်လုပ်တယ်။ ပြီးတော့ ဘာနိုင်ငံခြား အဆက်မှ မရရ ရရ ဂျပန်ဖက်ဆစ်များကို အမြန်ဆုံး တိုက်နိုင်အောင် စီမံစိုင်းပြင်းခဲ့တယ်။ နောက်ဆုံး မတ်လ ၂၇ ရက်နေ့က စပြီး တပြည်လုံးမှာ ကျုပ်တို့တပ်မတော်က ကြီးမှူးပြီး ဂျပန်ကို တော်လှန်ခဲ့တယ်။ အဲဒီ အရင်ကလဲ ရခိုင်ပြည်မှာ ရှိတဲ့ အရင် ၁၉၃၆ ခု၊ ကျောင်းသား သပိတ်တုန်းက သပိတ်မှောက် အဖွဲ့ချုပ် လူကြီးတဦး ဖြစ်ခဲ့တဲ့ ကိုညိုထွန်းက ကမကထလုပ်လို့ ဦးပညာသီဟက ခေါင်းဆောင်ပြီး၊ ရခိုင်ပြည် အမျိုးသားများက မဟာမိတ်များပေးတဲ့ လက်နက်များနဲ့ ဂျပန်ကို ပုန်ကန်ခဲ့ကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသားများ ဖြစ်တဲ့ ကချင်တို့၊ ချင်းတို့ကလဲ ဂျပန်ကို တိုက်ခဲ့တယ်။ ကရင် အမျိုးသားများလဲ ဒီကိစ္စမှာ စိုင်းပြင်းခဲ့တယ်။ နောက်ဆုံး သူတို့ဟာ တောင်ငူနယ်မှာ အထူးသဖြင့် အောင်အောင်မြင်မြင်နှင့် ဂျပန်ကို တိုက်ခိုက်ခဲ့ကြတယ်။ ကျွန်တော်တို့ တပ်မတော်မှာ ရှိတဲ့ ကရင်တပ်ရင်းကလဲ မြစ်ဝကျွန်းပေါ် အနောက်ပိုင်းကို တာဝန်ယူတိုက်ခဲ့တယ်။

နောက် အထက်ဗမာပြည် မန္တလေး တဝိုက်မှာ ကွယ်လွန်သွားတဲ့ ဗိုလ်မှူးကြီး ဗထူး ကြီးမှူးပြီး၊ ကျုပ်တို့ တပ်မတော်က ဂျပန်ကို တိုက်ခိုက်ခဲ့တယ်။ ဗိုလ်မှူးကြီး ဗထူး တိုက်ပေးတဲ့အတွက် မန္တလေး တိုက်ပွဲဟာ လျင်မြန်စွာ အောင်မြင်ရတယ် ဆိုတာကို ဟိုတုန်းက ဗမာပြည် တိုက်ခိုက်ရေးကို ကြီးမှူး အုပ်ချုပ်ရတဲ့ မဟာမိတ် တပ်မတော် အမှတ် ၁၄ တပ်မှူး လက်ဖတင်နင်ဂျင်နရယ် ဆာဝီလီယန်ဆလင်း ကိုယ်တိုင် ရေဒီယိုက ချီးကျူး ပြောခဲ့တယ်။ နောက်ကိုလဲ ဗိုလ်မှူးကြီး ဗထူးဟာ မြို့တွေ ရွာတွေ အမြောက်အမြား သိမ်းပြီး ရှမ်းပြည်ဖက် တက်တိုက်ခဲ့တယ်။ ဗိုလ်မှူးကြီး ဗထူးကို မဟာမိတ် ဒီဝီဇံ တပ်မမှူးတိုင်းလိုလို သိကြတယ်။ ချီးကျူးတယ်။ ၄ နံပတ် တပ်မမှူးဖြစ်တဲ့ လက်ဖတင်နင် ဂျင်နရယ်မက်ဇာဗီက ဗိုလ်မှူးကြီး ဗထူးရဲ့အကြောင်းကို (Despatches) လန်ဒန်ဂေဇက် (ဘိလပ်အစိုးရဂေဇက်) ထဲမှာ ထဲ့ပြီး ကြေညာမယ်လို့ ပြောခဲ့တယ်။ နောက် မိတ္ထီလာမှာ ရှိခဲ့တဲ့ တပ်ရင်း ၅ ကလဲ ဂျပန်ကို တိုက်ခဲ့တယ်။ တပြည်လုံးမှာတော့ မတ်လ ၂၈ရက်နေ့ကစပြီး တိုက်ခဲ့တယ်။ အဲဒီလို တိုက်ခဲ့တဲ့အခါ တောင်ငူဖက်မှာ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ခွဲနှင့် ကျုပ်တို့ တပ်မတော်က ဗိုလ်အကြပ် ၃၀ လောက်ကြီးမှူးပြီး ပြောက်ကျား တပ်များ သီးခြားဖွဲ့ပြီးလဲ တိုက်ခဲ့တယ်။ ကျုပ်တို့ တပ်မတော်နှင့် ပြောက်ကျားတပ်တွေ တိုက်လိုက်တဲ့ အတွက်၊ ဂျပန်ပေါင်း နှစ်သောင်းထက် မနည်း ကျဆုံးခဲ့တယ်။ သုံ့ပန်းပေါင်း နှစ်ရာ သုံးရာခန့် ဖမ်းမိတယ်။ ဂျပန်သုံ့ပန်း ဒီလောက်ဖမ်းနိုင်တယ်ဆိုတာ တော်တော်ကို ထူးခြားတယ်။ တခြား လူမျိုးတွေနဲ့ စစ်တိုက်ရတဲ့ အခါ သုံ့ပန်းရဖို့ လွယ်သလောက် ဂျပန်ကိုသုံ့ပန်းရဖို့ မလွယ်ဘူး။ ဒီအချက်ကို မဟာမိတ်တွေ ကိုယ်တိုင်က အသိအမှတ် ပြုကြတယ်။ နောက် ကျွန်တော်တို့တပ်တွေ သိမ်းတဲ့ မြို့တွေ၊ ရွာတွေ၊ တိုက်ပွဲတွေ အကြောင်း အစုံ အလင်ကိုတော့ နောက်မှ စာအုပ် စာတမ်းကျကျ နန ထုတ်တဲ့ အခါ ခင်များတို့ သိကြမှာဘဲ။ ထူခြားတဲ့ အချို့အချက်တွေကို ဖော်ပြရယင် ဂျပန် လက်ဖတင်နင် ဂျင်နရယ် တယောက်၊ မေဂျာ ဂျင်နရယ် နှစ်ယောက်နှင့် အခြားအရေးကြီးတဲ့ ဂျပန် အရာရှိ အမြောက်အမြားကို သတ်ဖြတ်ခဲ့တယ်။ တောင်ငူနယ်မှာ ပြောက်ကျား တပ်များက ကူညီ တိုက်ခိုက်ခဲ့တဲ့အတွက် မဟာမိတ်တပ်များ ရန်ကုန် အရောက်မြန်ခဲ့တယ်ဆိုတာကိုလဲ မဟာမိတ်များက အသိအမှတ်ပြုခဲ့တယ်။ မှော်ဘီ လေယာဉ်ပျံကွင်းမှာ ဂျပန်လေယာဉ်ပျံ သုံးစင်းကို ဖျက်စီးခဲ့တယ်။ ဂျပန်တွေ သိမ်းထားတဲ့ စပါးအမြောက်အများ၊ ပစ္စည်းအမြောက် အမြားတွေကို အပြေးမြန်တဲ့အတွက် မီးမရှို့နိုင်ဘဲ ထားပစ်ခဲ့ရတယ်။ အဲဒါတွေထဲက အမြောက်အမြား ပစ္စည်းတွေကို စံနစ်ကျတဲ့ နယ်သူနယ်သားတွေကို ဝေပေးနိုင်ခဲ့တယ်။ ပေါင်းတည်ဖက်မှ ချွေးတပ်ရှစ်ထောင် လောက်ကို ဂျပန်တွေဆီက ထွက်ပြေးသွားနိုင်အောင် လုပ်ခဲ့တယ်။ ရန်ကုန်မှာဆိုယင်လဲ ထောင်ကိုဖောက်၊ ဖမ်းထားတဲ့ရဲဘော်တွေ လွှတ်ပစ် လုပ်ခဲ့တယ်။ ကျွန်တော်တို့ တိုက်လိုက်တဲ့ အတွက်ရန်ကုန်မြို့က ဂျပန်တွေအပြေးမြန်ပြီး ဂျပန်အဖျက်အဆီး နည်းသွားတယ်။ နောက်ဆုံး စစ်တောင်းမြစ်ဝှမ်း တလျှောက်မှာ ရွပ်ရွပ် ချွံချွံ တိုက်ခိုက်ခဲ့ ကြတယ်။

ဒီလို ကျွန်တော်တို့ တိုက်တာကို ဘိလပ်မှာရှိတဲ့ သတင်းစာကြီးတွေကရော၊ ဥရောပတိုက်၊ အမေရိက၊ အိန္ဒိယ၊ တရုပ်ပြည်မှာ ရှိတဲ့ သတင်းစာကြီးတွေကရော ချီးကျူးရေးသားရတယ်။ အထူးသဖြင့် ဘိလပ်မှာရှိတဲ့ နာမည်အကြီးဆုံး လန်ဒန်တိုင်းသတင်းစာကြီးက ခေါင်းကြီးပိုင်းကနေပြီး ကျကျနန ရေးသားရတယ်။ အရင်တုန်းက ဗမာပြည်ရဲ့ အကြောင်းကို ဒီသတင်းစာ ခေါင်းကြီးပိုင်းက သာမညလောက် ရေးသားဘူးရုံဘဲ ရှိတယ်။ ဒီတခါဘဲ ကျကျ နန ကျွန်တော်တို့ တပ်မတော်ကို ချီးကျူးရေးသားတယ်။ ဘိလပ် ပါလီမန်မှာရော၊ သူတို့ထုတ်တဲ့ စက္ကူပြာတို့ စက္ကူဖြူတို့မှာရော ကျုပ်တို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့် တပ်မတော်တို့အကြောင်းကို အရေးတယူ ပြောဆိုရေးသားရတယ်။ ဒါတောင် သူတို့ ကျုပ်တို့ တိုက်တာတွေ အကုန်မပြောသေးဘူး။ ထိမ်နိုင်သလောက် ထိမ်ထားသေးတယ်။

ဒါဖြင့် ကျုပ်တို့ ဘာအမြတ်ရသလဲဆိုယင် မူလအစ ကျုပ်တို့ ဂျပန်ကို ထချတုန်းက ဘာကတိမှ ဗြိတိသျှအစိုးရဆီက မရခဲ့ဘူး။ ဒါပေမဲ့ ကျုပ်တို့က ဘာစျေးမှ မဆစ်ဘဲ မှန်တယ်ထင်တဲ့ဖက်က ထွက်တိုက်ခဲ့တယ်။ ထင်တဲ့အတိုင်းလဲ ဟုတ်တယ်ဆိုတာ အခုဖြစ်တဲ့ အဖြစ်အပျက်တွေက သက်သေခံနေတယ်။

ကမ္ဘာကြီးတခုလုံး ဒီလိုကျုပ်တို့ဂျပန်ကို တိုက်တဲ့အကြောင်းသိတော့ ကမ္ဘာမှာရှိတဲ့ မဟာမိတ်နိုင်ငံပေါင်းစုံ အကြည်ညိုလဲမပျက်ရအောင်၊ ဘိလပ်တိုင်းသူပြည်သားတို့ကလဲ အပြစ်မတင်နိုင်အောင်၊ ပြီးတော့ ဗမာပြည်ကိုလဲ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာ သိတော့၊ ဗြိတိသျှအစိုးရက ခင်ဗျားတို့ချင်းသာ ညီညွတ်ပြီပြောကြ၊ လွတ်လပ်ရေးလိုချင်တောင် ပေးမယ် ဆိုတဲ့စကားမျိုး ပြောနေရပြီ။ အခု ကမ္ဘာကြီး အခြေအနေဟာ သိပ်ကောင်းနေတယ်။ ကမ္ဘာကြီးဟာ အများပြည်သူတို့ဆန္ဒအရ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း ကိုယ့်အရေးကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကို အရင်စစ်ကြီးပြီးစကထက် ပိုခရီးရောက်ရောက် နှင့် အသိအမှတ် ပြုနေရတယ်။ လမကြာခင် ဆန်ဖရန် စစ်စကို ကွန်ဖရင့်မှာ ရုရှားက လက်အောက်နိုင်ငံဟူသမျှ လုံးဝလွတ်လပ်ရေး ပေးရမယ်။ မပေးနိုင်သေးတဲ့ တိုင်းပြည်တွေကို နိုင်ငံပေါင်းစုံ သမာဓိအဖွဲ့တဖွဲ့က အုပ်ချုပ်ရမယ် အစရှိသဖြင့် ပြောခဲ့တယ်။ အင်္ဂလိပ်၊ အမေရိကန်တို့က ဒီလောက်မလုပ်ပါနှင့်၊ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေး လောက်ဘဲ လုပ်ပေးပါလို့ လိုက်လျောပြောရတယ်။

ဘာပဲ ဖြစ်ဖြစ် အရင် ကမ္ဘာစစ်ပြီးတုန်းက နိုင်ငံပေါင်းချုပ် အသင်းတုန်းက ဒီစကားမျိုးမပါဘူး။ အခု ပါလာရပြီ။ ဆန်ဖရန်စစ်စကို ကွန်ဖရင့်မှာ တရုပ်ပြည်က ကိုယ်စားလှယ်များက ဗမာပြည်ရဲ့ အရေးကိုထောက်ခံ အားပေးစကား ပြောကြားတယ်လို့လဲ သိရတယ်။ အရင်နိုင်ငံပေါင်းချုပ် အသင်းထက်၊ အခု နိုင်ငံပေါင်းချုပ် အသင်းက လုံးဝခိုင်မာတယ် မဆိုနိုင်အောင် ပိုခိုင်မာတယ်ဆိုတာ ကမ္ဘာသတင်းစာကြီးများက ရေးကြ၊ ပြောကြတယ်။ အရင်က အမေရိကန်ပြည်ဟာ နိုင်ငံပေါင်းချုပ် အသင်းမှာမပါဘူး။ အခုပါတယ်။ အရင်က ပဌမ ရုရှားကို ဝိုင်းပယ်ထားတယ်။ အခုမပယ်နိုင်တော့ဘဲ သူက လူစွာ တဦး အကြီးအကျယ် ဖြစ်နေတယ်။ အရင်က နိုင်ငံပေါင်းချုပ် အသင်းကို ပြင်သစ်နှင့် အင်္ဂလိပ်က အုပ်စားမယ်ဆိုတဲ့ သဘောလုပ်ထားတယ်။ အခု ဘယ်သူမှ အုပ်စားချင်ပေမဲ့ အုပ်မစားနိုင်အောင် အားချင်းမျှနေတယ်။ ရုရှားကလဲ အားတောင့်တာဘဲ၊ အမေရိကန်ကလဲ အားတမျိုး တောင့်တာဘဲ။ အင်္ဂလိပ်နှင့် အမေရိကန်ကပေါင်းပြီး အုပ်စားမယ်စိတ် ကူးတောင် ရုရှားနှင့် နိုင်ငံကလေးပေါင်းများစွာက ပေါင်းပြီးဖျက်လိုက်ယင် တဦးအပေါ်တဦး လွှမ်းမိုးဖို့ အင်မတန် ခဲယဉ်းမယ်။ ဘိလပ်မှာရှိတဲ့ လူတွေ၊ ဥရောပမှာရှိတဲ့ လူတွေ၊ ကမ္ဘာမှာ ရှိတဲ့လူတွေကလဲ အားလုံး နိုးကြားပြီး ရှေးကညာစားကြတဲ့ လူတွေ အကုန်ဖြုတ်ချပစ်ပြီး ဥရောပတိုက်မှာ ဆိုလျှင် ပိုလန်ပြည်မှာ ပိုလန်ပြည်သူ ပြည်သားများအတွက် တကယ်လုပ်တဲ့ လူတွေဟာ တွင်ကျယ် နေတယ်။ အစတုန်းကတော့ ဘိလပ်ကို ပြေးသွားတဲ့ ပိုလန်ပြည်သူ ပြည်သားတွေကို အုပ်စားတဲ့ လူညာ အစိုးရ (ပိုလန်ပြည်မှာ သည့်ပြင်လူတွေက တိုက်နေတုန်း၊ သူတို့ဘိလပ်မှာ ထိုင်နေပြီး၊ ညာနေကြတာဘဲ)။ အဲသည် လူညာအစိုးရကို ဖျက်ပြီး တကယ်လုပ်တဲ့ လူတွေနဲ့ ပူးပေါင်းပြီး အစိုးရ အဖွဲ့သစ် ဖွဲ့ရတယ်။ ဘဲလ်ဂျီယန်မှာ လူတွေဟာ ရှင်ဘုရင်ဆိုတဲ့ မျောက်ပြ ဆန်တောင်းတဲ့ စံနစ်ကို မကြိုက်တော့ဘဲ၊ အရေးကျတော့ ရှင်ဘုရင်တွေက ဘာမှ ခေါင်းဆောင် ခေါင်းရွက် မလုပ်နိုင်တော့၊ ရှင်ဘုရင် စံနစ်ကို ဖြုတ်ကြလိမ့်မယ်လို့ ယူဆတယ်။ ဂရိတ်ပြည်မှာ အဲသည် အတိုင်းဘဲ။ ယူဂိုစလပ်ပြည်မှာတော့ မုချ ပြုတ်မှာဘဲ။ အဲဒီမှာ မာရှယ်တီးတိုးဆိုတဲ့ ပုဂ္ဂိုလ်ကြီးက လူမျိုးပေါင်းစုံကို ခေါင်းဆောင်ပြီး ဂျာမန်တွေကို အင်မတန် အောင်အောင် မြင်မြင် တိုက်နိုင်တဲ့အတွက် ဒီပုဂ္ဂိုလ်ကြီးနှင့် အဖွဲ့တွေဘဲ တက်မှာဘဲ။ ပြင်သစ်မှာဆိုယင် လက်ဝဲဂိုဏ်းသားတွေ တက်နေကြပြီ။ မျူနီစီပယ် ရွေးကောက်ပွဲတွေမှာဆိုယင် သူတို့က အားများတယ်။

ဘိလပ်မှာတော့ခင်ဗျားတို့ သိပြီးတဲ့အတိုင်း လေဘာပါတီကတက်တယ်။ အရင်တုန်းက တိုင်းပြည်အုပ်စားပြီး သူတို့ ဖျင်းလို့ ဂျာမန် နာဇီဂိုဏ်းတို့၊ အီတလီ ဖက်ဆစ်ဂိုဏ်းတို့ အားကြီးသွားခဲ့တယ်။ နောက်ဆုံး သူတို့မွေးတဲ့မျောက် သူတို့ကို ပြန်ချောက်ခဲ့တယ်။ အဲဒီတော့ တောင် ပဌမ ကောင်းကောင်း မတိုက်ဘူး။ ဒါကြောင့် ပဌမ အကြီးအကျယ် ရှုံးခဲ့တယ်။ စစ် မရှေသင့်ဘဲ ရှေခဲ့တယ်။ အဲဒီလို ညာစားခဲ့တဲ့ ကွန်ဆာဗေးတစ် ပါတီ ပြုတ်သွားပြီး၊ လေဘာပါတီဟာ အင်္ဂလိပ်ရာဇဝင်မှာ ဒီတကြိမ်ဘဲ အပြတ်အသတ် ရွေးကောက်ပွဲ နိုင်ဘူးတယ်။ အရင်တုန်းက နှစ်ခါ နိုင်ဘူးပါရဲ့၊ ပြတ်ပြတ် သတ်သတ် မနိုင်လို့ ကောင်းကောင်း မလုပ်နိုင်ဘူး။ ကြာကြာမခံဘူး။ အခုတော့ အပြတ်အသတ်နိုင်တယ်။ ဒါတွင်မကဘူး၊ ရှေ့ကို လေဘာပါတီက လူကြီးတွေ သိပ်မရှော်ယင်၊ တတက်ထဲ တက်ဖို့လမ်းဘဲ မြင်တယ်၊ အလားအလာရှိတယ်။ အဲဒီလို ကမ္ဘာကြီးအခြေအနေက သိပ်ကောင်းတယ်။

ဗမာပြည်က အခြေအနေကတော့ ကျုပ်အခုနက ပြောခဲ့သလိုဘဲ၊ ကျုပ်တို့လုပ်ငန်း တွေဟာ ခြေရာ လက်ရာ အကောင်အထည်နှင့် ရှိပြီးသားဘဲ။ ကျုပ်တို့ဟာ ဘယ်သူ့မှ ပုတ်ခတ်တာလဲ မဟုတ်ဘူး၊ ကိုယ်ရည်သွေး ပြောတာလဲမဟုတ်ဘူး၊ ကျုပ်ပြောရဲတယ်။ ဒီဗမာပြည်မှာ တိုင်းပြည်အတွက် ကျုပ်တို့ထက် ပိုလုပ်တဲ့လူ၊ အနစ်နာခံတဲ့လူ မရှိဘူးဆိုတာ ကျုပ်ပြောရဲတယ်။ ကျုပ်ဆိုလို့ရှိယင် ဂျပန်လက်ထက်မှာ ဖြစ်ဖြစ်၊ အခု ဖြစ်ဖြစ် ကျုပ်လိုချင်ယင် လိုချင်တဲ့ ရာထူးရဖို့ မခဲယဉ်းပါဘူး။ ဂျပန်တွေတုန်းက မင်းတောင် ရှင်ဘုရင် ဖြစ်နိုင်သားဘဲဆိုတဲ့ စကားမျိုး အပြောခံရတာဘဲ။ ဒါပေမဲ့ ကျုပ်ဒီလို ရာထူးတွေကိုသာ ရည်ရွယ်ပြီး နိုင်ငံရေး လုပ်ချင်ယင် အစကတည်းက ဒီလောက် ခဲယဉ်း ပင်ပန်းတဲ့ နိုင်ငံရေး မလုပ်ဘူး မှတ်ပါ။ အခု ဒီလောက် ခဲယဉ်း ပင်ပန်း ဘေးများတဲ့ အလုပ် (အခုဟန်လို့သာ အသက်ရှင်နေတာ။ မဟန်ယင် ကြာလှပြီ ကျုပ်သေတာ။ အဲဒီလိုဆိုယင် ခင်ဗျားတို့ ကျုပ်နာမည်တောင် ကောင်းကောင်းပြောရဲမှာ မဟုတ်ဘူး။) ကို လုပ်တယ်ဆိုတာ တိုင်းပြည် လွတ်လပ်ရေး လိုချင်လို့ဘဲ။

ကျုပ်တွင်လား၊ ကျုပ်ခေါင်းဆောင်နေတဲ့ တပ်မတော်သားတွေကအစ ဒီလောက် အပင်ပန်းခံ တိုက်နေတာ။ လခလဲ တပြားမှ မရသေးဘူး။ အဝတ်အစားလဲ ချို့တဲ့တယ်၊ ဆေးဝါးလဲ ကောင်းကောင်း မလုံလောက်ဘူး။ လက်နက် ခဲယမ်းမီးကျောက်လဲ မပြည့်စုံဘူး။ အနားဆိုလို့လဲ မရဘူး၊ မဟာမိတ်တွေဆီက အကူအညီဆိုတာလဲ ရသင့်သလောက် မရဘူး။ ဒီပြင်ဆိုယင်လဲ လူငယ်တွေလုပ်ယင် အထင်သေးချင်တဲ့ အချို့လူကြီးတွေရဲ့ မသိမသာ နှောင့်ရှက်မှု၊ သိသိသာသာ နှောင့်ရှက်မှုကိုလဲ ခံရသေးတယ်။ အသက်လဲ စွန့်ရတယ်။ သေတဲ့ လူတွေ သေကုန်ပြီ။ လူစဉ် မမှီတဲ့ လူတွေရှိကုန်ပြီ။ အဲဒီလောက် အပင်ပန်းခံပြီး ကျုပ်တို့ တတပ်လုံး တိုက်နေတာဟာ တနေ့က ကျုပ်တို့ တပ်ခေါင်းဆောင်တွေရဲ့ ကြေညာချက်အတိုင်း၊ လူတစုတည်း ကောင်းစားဖို့လဲ မဟုတ်ဘူး။ ကျုပ်တို့ ကိုယ်ရေးကိုယ်တာ ကောင်းစားမှုအတွက်လောက်သာလဲ မဟုတ်ဘူး။ ကျုပ်တို့ တိုက်နေတာဟာ၊ တိုင်းပြည်ရဲ့လွတ်လပ်ရေးနှင့် တိုင်းပြည်၏ လူထုကြီးကောင်းစားရေးကိုသာ ရည်ရွယ်ပြီး တိုက်တယ်ဆိုတာကို တထစ်ချ သိစေချင်တယ်။ အခုကျုပ်တို့ တိုင်းမှူး တပ်မှူးတချို့လဲ စစ်မြေပြင်မှာ စစ်သားတွေ စိတ်ထားကို ကျုပ်တို့ထက် ပိုစုံစုံလင်လင် ပြောပြလိမ့်မယ်။ ကျုပ်တို့ တပ်မတော်တခုလုံးဟာ အခုအခါ ကြိမ်မီးအုံးသလို ပူပန်နေတယ်။ စစ်တိုက်တော့မဲ့ ဆဲဆဲစစ်တိုက်လို့ ကျည်ဆံသင့်သေမဲ့ဆဲဆဲ မှာ ဒို့တိုက်တာ လွတ်လပ်ရေး ရမှရပါ့မလားဟေ့။ ကျုပ်တော့ဖြင့်သွားပြီ၊ တိုင်းပြည်မှာ ကျန်ရစ်မဲ့ ခေါင်းဆောင်မဲ့ လူကြီးတွေကိုပြောလိုက်ပါ။ ကျုပ်တို့ တာဝန်ကျေပြီ၊ ခင်ဗျားတို့ တာဝန်ကျေအောင် လုပ်ပါ၊ မလုပ်ယင်တော့ ကျုပ်တို့ ဘဝအဆက်ဆက် တိုင်းက ဘာလုပ်မယ်၊ ညာလုပ်မယ် အစရှိသဖြင့် မြည်တမ်းသွားတာတွေဟာ ကျန်ရစ်နေတဲ့ ရဲဘော်တွေနှင့် ကျုပ်တို့ အားလုံးစိတ်ကို အင်မတန် ထိခိုက်အောင် ဖြစ်တယ်။

ဒါကြောင့် တနေ့က ပဲခူးနှင့် ရန်ကုန်မှာ လုပ်တဲ့ တိုင်းမှူးတွေနှင့် ကျုပ်တို့ ရန်ကုန် စစ်ဌာနချုပ်မှာ ရှိတဲ့ အရာရှိကြီးတွေ အစည်းအဝေးက ကျုပ်တို့ တိုင်းပြည် ညီညွတ်ရေးဟာ အလုပ်ထင်ရှား ဖြစ်နေပြီ။ ကမ္ဘာသိတဲ့ ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို ဗဟိုပြုပြီး ညီညွတ်ရေး ရအောင်လုပ်ပါ ဆိုတဲ့ အတိုင်း ဒီအဖွဲ့ချုပ်မှာလဲ အခု ကျုပ်ဥက္ကဌ ဖြစ်တဲ့ အတိုင်း အခုဒီအစည်းအဝေး ခေါ်တာဘဲ။ အင်္ဂလိပ်ကလဲ အလိမ္မာ စကားသုံးထားတယ်။ ခင်ဗျားတို့ကသာ ပြောကြ၊ (ပြောကြဆိုတာက ညီညီညွတ်ညွတ် ပြောဖို့ဆိုလိုတာ) ခင်ဗျားတို့ လွတ်လပ်ရေး လိုချင်သပဆိုယင်ရစေ့မယ်လို့ ဆိုထားတယ်။ ဒါဟာ အလိမ္မာ စကားဘဲ။ သူတို့ တိုးချင်ယင် တိုးနိုင်ပြီ။ ရော့ချင်ယင် ရော့နိုင်တဲ့စကားဘဲ။ ဒါကြောင့် အခု ဒီအစည်းအဝေးခေါ်ပြီး ဒီရန်ကုန်မြို့မှာရှိတဲ့ တိုင်းသူပြည်သားတွေက အစပြုပြီး၊ တိုင်းပြည်တပြည်လုံးကို ဘယ်သူကမှ ယုံမှားသံသယ မရှိအောင် ကမ္ဘာလဲသိ၊ အလုပ်အားဖြင့် ထင်ရှားနေတဲ့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို တညီတညွတ်တည်း ဝင်ရောက် လုပ်ကိုင်ပြီး ကျုပ်တို့ရဲ့ ပြင်းပြတဲ့ ဆန္ဒဖြစ်တဲ့ လွတ်လပ်ရေးနှင့် လူအများစု ကောင်းစားရေးကို ဖြစ်မြောက်အောင် ကူညီလုပ်ကိုင်ပေးပါလို့ တိုက်တွန်းတာပါဘဲ။

ဒီပြင်လဲ တိုင်းပြည်ကို လိမ်နေကြတဲ့ လူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေ ဟာ ကိုယ့်အစွမ်းကို အားမကိုးဘဲ လူတွေက ကြည်ညိုတန်ကောင်းရဲ့ ဆိုတဲ့ပုဂ္ဂိုလ်တဦးဦးကို ဗန်းပြပြီး လာစေကာမူ၊ ဘယ်နည်းနဲ့မှ အားမပေးကြပါနဲ့။ ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ချင်ယင် ဖြင့်ကျုပ်ဘာမှ မပြောလိုတော့ဘူး။ သို့သော်လဲ ခင်ဗျားတို့ဒါမျိုး အလုပ်မခံ ချင်ယင်၊ ခင်ဗျားတို့ အကျိုးဖြစ်စေချင်ယင် ဒီလူညာတွေ၊ အကျင့်ပျက်တွေ၊ သတ္တိကြောင်တွေ ကို ရှောင်ရှားကြပါ။ တိုင်းပြည် လွတ်လပ်ပြီး၊ ခင်ဗျားတို့ အကျိုးတွေကို ထင်ထင်ရှားရှား ဘယ်သူမှ လက်တလုံးခြား မလိမ်နိုင်အောင် စီမံနိုင်မှ ခင်ဗျားတို့ အကျိုးရှိနိုင်မှာဘဲ။ ကျုပ်နောက်ဆုံး သတိပေးချင်တာက တိုင်းပြည်မှာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် ဘယ်လိုလူမှစိတ်မချနဲ့။ မလိမ်နိုင်အောင် ကြိုးချည်ထားပါလို့ ပြောချင်တယ်။

နိဂုံးမချုပ်မီ တပ်မတော် ကိစ္စကိုလဲ ပြောပြချင်ပါသေးတယ်။ အခု ကျွန်တော်တို့ တပ်မတော်ကို နာမည်သာရှိတဲ့ ဗြိတိသျှ အစိုးရရဲ့ မြန်မာပြည်တပ်မတော်ဆိုတာထဲ သိမ်းသွင်းမယ်လို့သာမန်ဆိုထားတယ်။ အဲဒါကို ကျွန်တော်တို့ မရှင်းတဲ့အချက်တွေ အများကြီးရှိတယ်။ ဒါကြောင့်ကျွန်တော်တို့ လိုလားချက်များအတိုင်း၊ အဖွဲ့ချုပ်ကြီးက ဒီအစည်းအဝေးကြီးမှာ တပ်မတော်နှင့် ပတ်သက်ပြီး တောင်းဆိုချက်တွေ တင်ပြလိမ့်မယ်။ ဒီအတိုင်း တိုင်းပြည်က ထောက်ခံမယ်ဆိုယင် ကျွန်တော်တို့ တပ်မတော်သားတွေဟာ ကျိတ်မှိတ်ပြီး ဝင်ရောက် လုပ်ကိုင်နိုင်မဲ့ အခြေအနေကို ရနိုင်မယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ မလွတ်လပ်တဲ့ ဗမာပြည်ရဲ့ တပ်မတော်ထဲကို တပ်မတော်မှာရှိတဲ့ လူ ၁၀၀ မှာ ၉၉ ယောက်က ဖြစ်နိုင်ယင်၊ အမှုမထမ်းလိုကြဘူး ဆိုတာကိုလဲ လေးလေး နက်နက် ခင်ဗျားတို့ သိစေချင်တယ်။ ဒါကြောင့် လွတ်လပ်တဲ့ တိုင်းပြည်အောက် တပ်မတော် အမြန်ပြန်ရောက်နိုင် အောင် ခင်ဗျားတို့က လွတ်လပ်ရေးကို အေးအေး ချမ်းချမ်း ရယူပေးနိုင်တဲ့ တိုင်းပြည် ညီညွတ်ရေးကို ပြည့်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးမှာ ဝင်ရောက်ပြီး ရအောင် လုပ်ပေးကြပါ လို့ နောက်ဆုံးမှာချင်တယ်။။

 

Google