Aung San of Burma

မြန်မာများက စိုးမိုးလို၍ မဟုတ်

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ပင်လုံမြို့တွင် ကျင်းပသော တောင်တန်းဒေသ ညီလာခံ (ပင်လုံ ညီလာခံ) ၌ ပြောကြားသော မိန့်ခွန်း။

ပင်လုံ အစည်းအဝေးသို့ အကြောင်း နှစ်မျိုးကြောင့် လာရကြောင်း၊ ပဌမမှာ မြန်မာပြည်ရှိ လူမျိုးများ ညီညွတ်ရေးအတွက် ဖြစ်၍ အခြားအကြောင်းမှာ လန်ဒန် ဆွေးနွေးပွဲ၌ တောင်တန်းဒေသနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက် လုပ်ကိုင်ခဲ့သည်ကို ပြောဆို ရှင်းလင်းပြရန် ဖြစ်ကြောင်း။

ဗမာ လွတ်လပ်ရေး ရပြီ

ကမ္ဘာ့နိုင်ငံရေးအရ၊ မြန်မာပြည်ရှိ လူမျိုးအားလုံးမှာ ညီညွတ်ရန် လိုကြောင်း၊ တနည်းအားဖြင့် ဆိုလျှင် မြန်မာပြည် လွတ်လပ်ရေးမှာ ရပြီဟု ဆိုနိုင်ကြောင်း၊ ယခု ကျန်ရှိနေသော ပြဿနာမှာ တောင်တန်းနယ် ကိစ္စပင် ဖြစ်ကြောင်း။

ကိုယ့်နယ်ကိုယ် အုပ်ချုပ်

ဘိလပ်ဆွေးနွေးပွဲ၌ မြန်မာကိုယ်စားလှယ်များက တောင်တန်းနယ် လွတ်လပ်ရေးကို တချိန်တည်း မပေးခဲ့လျှင် မြန်မာပြည် လွတ်လပ်ရေးမှာလည်း တကယ့်လွတ်လပ်ရေး မဖြစ်နိုင်ဟု ပြောဆိုခဲ့ကြောင်း၊ တောင်တန်းနယ်ကို ဗြိတိသျှတို့က တိုက်ရိုက် အုပ်ချုပ်ခြင်းကို မြန်မာလူမျိုးများက မကြိုက်ကြောင်း၊ တောင်တန်းနယ်ကို တောင်တန်း လူမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်ကြောင်း ။

တန်းတူ ရစေလို၍

ဗြိတိသျှတို့က တောင်တန်းနယ် လူမျိုးများသည် အောက်ကျနောက်ကျ ဖြစ်နေသေးသဖြင့် လွတ်လပ်ရေးနှင့် မတန်ဟု ထင်ကြောင်း၊ ထိုသို့ ထင်မြင်ချက်ကို မြန်မာများက သဘောမတူကြောင်း၊ မြန်မာပြည် လွတ်လပ်ရေး ရသည်နှင့် တပြိုင်နက် တောင်တန်းနယ် လွတ်လပ်ရေး ရမည်ဟု မြန်မာများက ထင်မြင်ကြောင်း၊ မြန်မာများသည် တောင်တန်း ဒေသအတွက် ပြောဆိုခြင်းမှာ အုပ်ချုပ် စိုးမိုးလို၍ မဟုတ်၊ သို့ရာတွင် တောင်တန်းနယ်များသည် မြန်မာပြည်နှင့် တန်းတူ အဆင့်အတန်း အခွင့်အရေး ရစေလိုသောကြောင့်ပင် ဖြစ်ကြောင်း။

မြန်မာများသည် ဗြိတိသျှ၏ကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများလည်း ဗြိတိသျှ ကျွန်များအဖြစ် မရောက်စေလိုကြောင်း၊ ထို့ပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန် အဖြစ် မဖြစ်စေလိုကြောင်း။

တောင်တန်းနယ် စီမံအုပ်ချုပ်ရေး

တောင်တန်းနယ် စီမံအုပ်ချုပ်ရေးမှာ ကောင်စီ၏ လက်ထဲ ရှိနေလိမ့်မည် ဖြစ်ကြောင်း၊ ထိုကောင်စီ အဖွဲ့ထဲ၌ တောင်တန်းနယ်မှ ကိုယ်စားလှယ်တယောက် ရှိလိမ့်မည် ဖြစ်ရာ ၄င်းလက်ထဲမှာ ထိုအုပ်ချုပ်ရေး ရှိမည် ဖြစ်ကြောင်း။

ဗမာပြည်ကို စွန့်ရတော့မည်

ဗြိတိန်မှာ မြန်မာပြည် ကြာရှည်စွာ အုပ်စိုးရန် အခွင့်အခါ မရှိတော့ကြောင်း၊ စောစော သို့မဟုတ် အနည်းငယ် ကြာလျှင် ၎င်းတို့သည် မြန်မာပြည်ကို စွန့်လွှတ်ရတော့မည် ဖြစ်ကြောင်း။

ထို့ကြောင့် ကျွန်ုပ်တို့သည် အဆင်သင့် ရှိရမည့်အပြင် ကျွန်ုပ်တို့ကိုယ်ကို အားကိုးအားထား လုပ်ရမည် ဖြစ်ကြောင်း၊ ထိုနေရာ၌ ညီညွတ်ရေးမှာ လွန်စွာပင် လိုကြောင်း။

လွတ်လပ်ရေး ရပြီးသော အခါမှပင် အဆင့်အတန်းမြင့်နိုင်ကြောင်း၊ လွတ်လပ်ရေး မရလျှင် လက်ရှိ အောက်ကျနောက်ကျ ဖြစ်နေသော အဆင့်အတန်းကို မြှင့်တင်ရန် မဖြစ်နိုင်ကြောင်း။

ချောက်လျှင် မကြောက်ပါနှင့်

လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ မည်သူကိုမဆို မကြောက်ရွံ့နှင့်။ ၎င်းတို့က တောင်တန်းလူမျိုးများကို မေးခဲ့လျှင် တောင်တန်းလူမျိုးများက လွတ်လပ်ရေး လိုချင်တယ်ဟု ပြောရမယ် ဖြစ်ကြောင်း၊ ချောက်လျှင်လည်း မကြောက်ကြနှင့်၊ ချော့လျှင်လည်း မပြော့ကြနှင့်၊ တောင်တန်း လူမျိုးများသည် မြန်မာပြည်ကဲ့သို့ တူညီသော အဆင့်အတန်းကို လိုချင်သည်ဟု ပြောရမည် ဖြစ်ကြောင်း၊ ဒါကို ယနေ့ ပြောလိုက်လျှင် နက်ဖြန် အဆွေတို့ လွတ်လပ်ရေး ရမည် ဖြစ်ကြောင်း။ ။

 

Google