Aung San of Burma

ဘယ်သူ့လက်အောက်မှ မနေချင်ဘူး

၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ တိုင်းပြုပြည်ပြု လွှတ်တော်၌ လုံးဝလွတ်လပ်ရေး အဆိုကို တင်သွင်းစဉ်ပြောကြားသည့်မိန့်ခွန်း။

ကျွန်တော်ယခု ဒီအဆိုကိုတင်သွင်းရတဲ့ အကြောင်းကတော့ ကျွန်တော်တို့ အနယ်နယ် အရပ်ရပ်က လူမျိုးစုံတို့ရဲ့ ကိုယ်စားလှယ်များ လာရောက်စုဝေးလျက် တိုင်းပြုပြည်ပြုလွှတ်တော်ဆို၍ ကျွန်တော်တို့ဖွဲ့စည်းပြီးတဲ့နောက် ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုရေးဆွဲဖို့ လာ၍ တာဝန် ယူခြင်းဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲမယ်ဆိုတာ ကျွန်တော်တို့ရဲ့အခြေခံမူလကို ရှေးဦးစွာသိထားဖို့လိုတယ်။ ဒီလိုအခြေခံအချက်အလက်ကိုမှ မသိဘဲနှင့် ကျွန်တော်တို့ ရှေ့ဆက်လက်၍ ဗမာပြည်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေကိုရေးဆွဲမယ်ဆိုလျှင် တယောက်နှင့်တယောက် သဘောတမျိုးစီဖြစ်၍ ဘာမျှ အခြေခံမရှိ၊ လမ်းစဉ်မရှိဘဲ ညွှန်ကြားပြသမှုမရှိဘဲ၊ ကျွန်တော်တို့ လိုချင်ရာကို အမြန်ဆုံး ရောက်တော့မယ် မဟုတ်ဘူး။

ကော်မီတီဖွဲ့ရမယ်

တိုင်းပြုပြည်ပြု လွှတ်တော်အဖွဲ့ကြီး ဤတပတ် အစည်းအဝေးပြီးတဲ့နောက် ဒီတပတ်အစည်း အဝေးမှ ကော်မီတီအသီးသီး ခန့်ထားမယ်။ ဒီကော်မီတီများက ဆက်လက်၍ ဗမာပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေထဲမှာ ဘာတွေ ထည့်သွင်းသင့်တယ်၊ မသင့်ဘူးဆိုတာတွေ သေသေချာချာ ဆွေးနွေးတဲ့ အခါမှ အခြေခံအားဖြင့် ဘယ်အပေါ်မှာ မူထား၍ ဆွေးနွေးကြမယ်ဆိုတာ တဦးနှင့်တဦး ကျကျနန သိရှိမှဖြစ်မယ်။ အဲဒီလို တဦးနဲ့တဦး သိရှိနားလည်မှု မတူခဲ့လျှင် ကော်မီတီများရဲ့ လုပ်ငန်းများမှာ ခက်ခဲတယ်။

တဖွဲ့တမျိုးစီမဖြစ်ရန်

အဲဒီတော့ အခြေခံသဘောအားဖြင့် တိုက်ရိုက်သတ်မှတ် ဆုံးဖြတ်ချက်တခုကို တိုင်းပြုပြည်ပြု လွှတ်တော်မှ ပဌမ ဆုံးဖြတ်ဖို့လိုတယ်။ အဲဒီလို ဆုံးဖြတ်ပြီးမှ ရှေ့ဆက်လက် အလုပ်လုပ်တဲ့နေရာမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ သိနိုင်မယ်။ သို့မဟုတ်လျှင် ကော်မီတီအဖွဲ့များမှာ တချို့က သမ္မတသဘော မျိုးဆွေးနွေးမယ်။ တချို့ကလဲ ရှင်ဘုရင်သဘောမျိုး ဆွေးနွေးမယ်။ တချို့ကလဲ ပြည်ထောင်စုသဘော မျိုးအစရှိသဖြင့် ဆွေးနွေးကြတော့ အဖွဲ့အဖွဲ့ချင်း မတူကြတော့ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပြန်လှန် အစီရင်ခံကြတဲ့အခါမှာ ဆက်စပ်လို့မရအောင် ဖြစ်သွားမယ်။ အဲဒါကြောင့် အခြေခံအားဖြင့် ကျွန်တော် တို့ မူကို ပြဋ္ဌန်းဖို့လိုတယ်။

အဲဒီလို လုပ်ပြီးတဲ့နောက်မှ တိုင်းပြုပြည်ပြုလွှတ်တော်ကနေ၍ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ရေးဆွဲဖို့ အဖွဲ့အသီးသီးခန့်ထားတဲ့ နေရာမယ်၊ ရှေ့ဆက်လက်၍ အခြေခံရမယ်။ အဲဒီအခါမှာ ကျွန်တော်တို့ အခြေခံလိုတဲ့အတိုင်း ကျွန်တော်တို့အဆိုသွင်းတဲ့အခါမှာ ဒီအဆိုကို တော်တော်ဘဲ စစ်စစ်ဆေးဆေးရေးဆွဲပြီး တင်သွင်းခြင်းဖြစ်တယ်။ မူလပဌမဆုံး ကျွန်တော်တင်သွင်းရမဲ့ ဒီအဆိုဟာ ဖ-ဆ-ပ-လ အဖွဲ့ချုပ် ပဏာမ ပြင်ဆင်မှု ညီလာခံတုန်းက ဆုံးဖြတ်တဲ့ အဆိုဘဲ။ အဲဒီအဆိုကို ဖတ်ကြည့်တဲ့အခါမှာ အချို့အချက်အလက်တွေကို ကျွန်တော်တို့ စဉ်းစားပြီးတဲ့အတွက် ဖ-ဆ-ပ-လ ပဏာမ ညီလာခံသဘင်က ခင်ဗျားတို့ကို ပြင်ဆင်စေ၍ တိုင်းပြုပြည်ပြုလွှတ်တော်မှာ တင်သွင်းခြင်းဖြစ်ပါတယ်။

စုဝေးတိုင်ပင်ရုံမျှသာ

ကျွန်တော်တို့ဟာ ယခု ဒီလာ၍ အစုံအညီ စုဝေးရုံသာ ရှိပါသေးတယ်။ တောင်တန်းဒေသနှင့် ဗမာပြည်မ ကိုယ်စားလှယ်များဟာ တိုင်းသူပြည်သားတွေ၏ ဆန္ဒအားဖြင့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ အခြေခံရေးဆွဲဖို့ စုဝေးရုံဘဲရှိတယ်။ နိုင်ငံတော်ကြီး၏ အဖွဲ့အစည်း မဟုတ်သေးဘူး။ အဲဒီတော့ ဒီနိုင်ငံတော်မှာ ဘယ်နယ်တွေ ပါမည်ဆိုတာ ကျကျနန သတ်မှတ်ချက် မဖြစ်နိုင်သေးဘူး။ ကိုယ်စားလှယ်တွေ စုဝေး တိုင်ပင်ရုံသာ ရှိသေးတယ်။

ပြည်ထောင်စုသဘော

ကျွန်တော်တို့ တင်သွင်းတဲ့ အဆို (၁) အချက်နှင့် ပတ်သက်လို့ ကျွန်တော်တို့ ရေးဆွဲအပ်တဲ့ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေက ဘယ်လိုဖြစ်သင့်သလဲ ဆိုလျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် သမ္မတနိုင်ငံ ဖြစ်သင့်တယ်ဆိုတဲ့ အချက်နှင့် ကျွန်တော် ပဌမရှေးဦးစွာ ဗမာနိုင်ငံရဲ့ ပေါ်ဆဲ ပေါ်လတ္တံ့သော အခြေခံဥပဒေ သဘောများကို ဖော်ပြထားပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုတာက အထူးရှင်းပြစရာ မလိုပါဘူး။ နိုင်ငံတော် အတွင်းမှာ ပြည်ထောင်စုသဘောမျိုးအားဖြင့် ဖြစ်တယ်။ ပြည်ထောင်စုနိုင်ငံသဘောမျိုး အဖြစ် ဖွဲ့စည်းမည်ဆိုတာ ရည်ရွယ်ရင်း ဖြစ်ပါတယ်။

တောင်တန်း မစိုးရိမ်နှင့်

ဒီပြည်ထောင်စု နိုင်ငံတော်ကို ကျွန်တော်တို့ကနေ၍ တင်ပြထားခြင်းအားဖြင့် ယခု တိုင်းပြုပြည်ပြု လွှတ်တော်ကို ကြွရောက်လာကြတဲ့ တောင်တန်းဒေသဆိုင်ရာ ကိုယ်စားလှယ်အမတ်များဟာ ဒီပြည်ထောင်စုနိုင်ငံတော်ကို သူတို့ သက်ဆိုင်ရာ နယ်များက ပါဝင်ပြီးသား ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတဲ့ ကိစ္စနှင့် ပတ်သက်လို့ နည်းနည်း သံသယရှိတယ်လို့ ကျွန်တော် သိရတယ်။ ဒီကိစ္စနှင့် ပတ်သက်လို့ တိတိလင်းလင်း ရှင်းပြလိုတာက ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ ဒီအဆိုထဲမှာ တင်သွင်းထားခြင်း ဖြစ်ပေမဲ့၊ ဒီပြည်ထောင်စု နိုင်ငံတော်ထဲမှာ ဘယ်နယ်တွေ ပါတယ်လို့ သတ်မှတ်ထားခြင်း မရှိသေးဘူး။ အဲဒီတော့ တောင်တန်းဒေသမှနေ၍ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမျှ ဒီကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်စရာ မရှိဘူး။ ဒီပြည်ထောင်စုနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ပါနိုင်တယ်။

ကတိကို မဖောက်ဖျက်ဘူး

တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းတဲ့နေရာမှာ သဘောတူညီချက် စာချုပ်တဲ့အခါမှာ တောင်တန်း ဒေသကိုယ်စားလှယ်များနှင့် ကျွန်တော်တို့ ချုပ်ဆိုခဲ့သော ဆိုခဲ့တဲ့ စာချုပ်အရဖြစ်စေ၊ နောက် ဒီတောင်တန်းဒေသဆိုင်ရာ စုံစမ်းရေးအဖွဲ့ အစီရင်ခံစာမှာ ထောက်ခံချက်များကို လက်ခံရလာခဲ့သည့်အတိုင်း ဖြစ်စေ၊ အဲဒီလို လက်ခံထားတဲ့ စာချုပ် သဘောတူလိုတဲ့ အချက်တွေကို ကျွန်တော်တို့ အဖို့မှာဆိုလျှင် သဘောတူလာတဲ့ တကယ့်အရင်းခံ သဘောထားကို လက်ခံထားပြီး၊ ဒီအတိုင်းဘဲ တိုင်းပြုပြည်ပြုလွှတ်တော်မှာ လုပ်မှာဘဲဆိုတာ တောင်တန်းနယ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်တို့အား တိတိလင်းလင်း နားလည်စေချင်တယ်။ ကျွန်တော်တို့ဟာ ပေးပြီးသား ကတိ၊ နားလည်ပြီးသား သဘောတူညီချက်တို့ကို နယ်ချဲ့သမားလို ဖောက်ဖျက်ခြင်း မရှိဘူး။

စာတစောင် ရတယ်

တနေ့က ကျွန်တော့်ဆီ စာတစောင် ရောက်လာတယ်။ အမှန်စင်စစ်ကတော့၊ တောင်တန်း ကိုယ်စားလှယ်တွေ ပြောလို့လား၊ သို့မဟုတ် တောင်တန်းနယ်ဆိုင်ရာဌာန ညွှန်ကြားရေးဝန်က ဘဲလား မပြောတတ်ပါဘူး။ သိုသော်လည်း အဲဒီလို တဆင့်နေ၍ တောင်တန်းဒေသဆိုင်ရာကိစ္စနှင့် ပတ်သက်၍ တိုင်းပြု ပြည်ပြုလွှတ်တော်မှာ ဆွေးနွေးတဲ့အခါ အင်မတန် အစိုးရိမ်ကြီးတဲ့အကြောင်းတွေ စာတစောင် ရတယ်။ ဒီစာကို တိုင်းပြုပြည်ပြုလွှတ်တော် ရုံးကဘဲ ရမလား မပြောတတ်ဘူး။ ဘာပါသလဲဆိုလျှင် မှတ်မိသလောက်ပြောရလျှင် တောင်တန်းနယ်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို တိုင်းပြုပြည်ပြု လွှတ်တော်ကနေ၍ ဆုံးဖြတ်တဲ့အခါ ဆိုင်ရာဆိုင်ရာ နယ်ရဲ့ကိုယ်စားလှယ် လူများစု သဘော တူညီချက် မရဘဲ၊ တိုင်းပြုပြည်ပြု လွှတ်တော်မှ မဆုံးဖြတ်နိုင်ဘူး ဆိုတာ၊ တောင်တန်းနယ်ဆိုင်ရာ စုံစမ်းရေးအဖွဲ့တိုင်းက ထောက်ခံချက် ပေးထိုက်တယ်။

စိတ်ကူးလွဲလျှင်

ဆိုင်ရာကိုယ်စားလှယ်တွေ အချင်းချင်းမှာ လူများစု၊ လူနည်းစု မဖြစ်ဘဲ သဘောကွဲလွဲနေလျှင် တိုင်းပြုပြည်ပြုလွှတ်တော်က ဘာဆုံးဖြတ်မလဲ ဆိုတဲ့ မေးခွန်းကို တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တွေက လာတော့ မမေးဘူး။ တိုင်းပြုပြည်ပြုလွှတ်တော် ဥက္ကဋ္ဌကိုလဲ မမေးဘူး။ မဆိုင်တဲ့ တောင်တန်းဒေသဆိုင်ရာ ဌာနညွှန်ကြားရေးဝန်က နေ၍ စိတ်ပူပုံရတယ်။

ကျွန်တော့်သဘောမှာ စည်းကမ်းနည်းလမ်း မမှန်ဘူးလို့ ယူဆတယ်။ ကျွန်တော်တို့ အခု ပြောဆိုခြင်းဟာ တောင်တန်းဆိုင်ရာ ကိုယ်စားလှယ်များက နေ၍ အင်္ဂလိပ်ကို သွားကပ်တယ်လို့ မဆိုလိုဘူး။ သို့သော်လည်း ဒီ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်တဲ့ နေရာမှာ အင်္ဂလိပ်မှ ငါတို့ကိုးကွယ်ရာ ရမယ်လို့ ဆိုလျှင် ဒီလို စိတ်ဓာတ်ရှိတဲ့ လူတွေဟာ နောင်ကိုးကွယ်ရာ ဘယ်နည်းနှင့်မျှ မရှိနိုင်ဘူးဆိုတာ သတိပေးလိုတယ်။

ဖိနှိပ် ဆုံးဖြတ်ခြင်း မပြု

ဒီ တိုင်းပြုပြည်ပြု လွှတ်တော်နှင့် ပတ်သက်လို့ ပြောရလျှင် ဘယ်အင်္ဂလိပ်ရဲ့ အကူအညီနဲ့ ဒီတိုင်းပြုပြည်ပြု လွှတ်တော်ကို လာ၍ သြဇာပေးဖို့၊ အခွင့်အရေးကို ကာကွယ်ဖို့ သဘောမျိုး ရှိသင့်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် မဟုတ်ဘူး။ တောင်တန်းဒေသဆိုင်ရာ ကိစ္စကို စဉ်းစားတဲ့အခါမှာ ခင်ဗျားတို့ နယ်ဆိုင်ရာ အချင်းချင်း မဲချင်း တူနေကြလျှင် ဒီတိုင်းပြုပြည်ပြုလွှတ်တော်ထဲမှာ ဖ-ဆ-ပ-လ အမတ်များဟာ အများ ဆုံးဖြတ်တဲ့အတိုင်း၊ အများဆုံး အဖွဲ့ခေါင်းဆောင် အဖြစ်နဲ့ တိတိလင်းလင်း သတိပေးလိုတာက ခင်ဗျားတို့ အချင်းချင်း ဘယ်သူ ဘယ်သူမှ မဲမသာဘဲနှင့် မဲပြိုင်နေလျှင် ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်က ဝင်ရောက် အတင်းဖိပြီး မဆုံးဖြတ်ဘူးဆိုတာ သတိပေးလိုပါတယ်။

မပါချင်လျှင် မပါပါနှင့်

ကျွန်တော်တို့ဟာ တောင်တန်းနယ်ဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ စေတနာ အင်မတန် သန့်သန့်ရှင်း ရှင်းထားတယ်။ ကျွန်တော် တင်သွင်းတဲ့အဆို ပြီးသည့်နောက် ဆက်လက်၍ ပြည်ထောင်စု ဖွဲ့စည်းတဲ့ နေရာမှာ ဘယ်နယ်ပါလို့ ဘယ်အချက်အလက် ဘယ်အခွင့်အရေး အခြေခံတွေ ဘယ်လိုစုပေါင်းသင့်တယ် ဆိုတဲ့ကိစ္စကို ဆွေးနွေးတဲ့အခါ ကျွန်တော် တင်သွင်းတဲ့ အဆိုကို သဘောမကျလျှင် တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တွေက သဘောရှိ၊ ဗမာပြည်နှင့် မပေါင်းနိုင်လျှင် နေနိုင်တယ်။ ကျွန်တော်တို့ ယနေ့ ဒီ တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဒီစကားပြောခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်စေတနာကို ရှင်းရှင်း ပြတ်ပြတ် သားသား ထားတယ်ဆိုတာကို သိစေလို၍ ဖြစ်တယ်။

အတင်းမလုပ်ပါဘူး

ကျွန်တော့်အဖို့မှာ ကျွန်တော်တို့နှင့် အတူတူ ပေါင်းပြီး မလုပ်ချင်လျှင် ကျွန်တော်တို့ကလဲ (ဗမာ စကားတော့ မဟုတ်ပါဘူး။ ကရင် စကားဘဲ) ခင်ဗျားတို့ကို အတင်း နသားဘာယားနည်းမျိုး မသုံးပါဘူး။ တောင်တန်းက မိတ်ဆွေများ တိတိလင်းလင်း နားလည်စေချင်တယ်။ မိတ်ဆွေတယောက် ပြောသလို ခင်ဗျားက ရှင်းရှင်းပြောမှ သူတို့ ပိုရှုပ်သွားပြီလို့ ဆိုသလို မဖြစ်စေချင်ဘူး။

အချုပ်အချာအာဏာပိုင်

အဲဒီတော့ ပြည်ထောင်စုနိုင်ငံတော်မှာ ဘယ်နယ်တွေ ပါရမယ် မသိသေးဘူး။ ပါချင်တဲ့နယ် ပါကြ။ နယ်ကို သတ်မှတ်မထားဘဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ သာမည ထည့်ထားခြင်းမျှသာ ဖြစ်သေးတယ်။ အချုပ်အချာ အာဏာပိုင် သမ္မတနိုင်ငံ ဆိုတဲ့ နေရာမှာ လွတ်လပ်တယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းစရာမလိုဘူး။ အချုပ်အချာ အာဏာပိုင် ဆိုတာ အမျိုးမျိုးရှိတယ်။ အမှန်က နိုင်ငံ ဆိုတဲ့ သဘောကိုက အချုပ်အချာ အာဏာ အကျုံးဝင်ပြီးသား သဘောတရား ရှိတယ်။ နိုင်ငံတော် ဆိုရုံနှင့် အားမရ မကျေနပ်ဘဲ အချုပ်အချာအာဏာပိုင်နိုင်ငံမှ ပြည့်စုံလုံလောက်တယ်လို့ သဘောထားကြတယ်။

သမ္မတနိုင်ငံစံနစ်

အဲဒီတော့ ကျွန်တော်တို့ နိုင်ငံတော်မှာ သမ္မတစံနစ်အားဖြင့် ဖွဲ့စည်းပြီး ထူထောင်လိုတယ်။ သမ္မတစံနစ်ဆိုတာ ဒီခေတ်အခါမှာသာ ကျွန်တော်တို့ရဲ့ ဗမာစာမှာ ပေါ်ပေါက်လာတဲ့ စကားဘဲ၊ ဘာလဲဆို တနိုင်ငံလုံးကို အုပ်ချုပ်ရမဲ့ ပုဂ္ဂိုလ်ကို ၄နှစ်၊ ၅နှစ်၊ ၁၀နှစ်၊ အားဖြင့် တကြိမ်ကျ ရွေးကောက်တင်မြှောက်တဲ့ ထုံးစံ စံနစ်၊ ဒီခေတ်ကျမှ ပေါ်လာတဲ့ စံနစ်ဖြစ်တယ်။

ပါလီမန်ကချုပ်နေသေးတယ်

ဗမာပြည် တိုင်းပြုပြည်ပြုလွှတ်တော်ဟာ အဆင့်အတန်းအားဖြင့် အချုပ်အချာ အာဏာပိုင်သည်ဟု ယူဆရသော်လည်း အခွင့်အရေးအားဖြင့် ဆိုလျှင် အာဏာမရှိသေးဘူး။ ဘိလပ်ပါလီမန်က အုပ်ချုပ်နေသဖြင့် ပါလီမန်က အချုပ်အချာ စိုးမိုးအုပ်ချုပ်နေခြင်းမှ ရပ်စဲပြီးမှ ဥပဒေအရ အချုပ်အချာအာဏာ ရရှိမယ်။

ဒီလွှတ်တော်ဟာ အာဏာအရှိဆုံး

တိုင်းပြုပြည်ပြုလွှတ်တော်မှာ ပြောဆိုတဲ့ စကားတွေဟာ လွတ်လွတ်လပ်လပ်ပြောဆိုနိုင်တယ် လို့ယူဆတယ်။ သို့သော် ဥပဒေ အခွင့်အရေးအရ အာဏာရှိသလား ဆိုတော့ မရှိသေးပါ။ ဒီတိုင်းပြု ပြည်ပြုလွှတ်တော်မှာ ဆုံးဖြတ်လိုတဲ့ အဆုံးအဖြတ်များကို အနှောင့်အရှက်မရှိ ဆုံးဖြတ်နိုင်တယ်။ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များက လွဲလျှင် မည်သူမျှ မနှောင့်ရှက်နိုင်။ ဒီလွှတ်တော်မှာ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌဟာ ရှင်ဘုရင်ဘဲ။ သူ့ရဲ့အဆုံး အဖြတ် အစောင့်အရှောက်အတိုင်း လုပ်နိုင်တယ်။

မိတ်ဆွေသဘောနှင့် နည်းပါ

အကယ်၍ အထက်က ပြောဆိုခဲ့တဲ့အတိုင်း၊ အာဏာလွှဲပြောင်းမှုမှာ အေးအေးဆေးဆေး မဖြစ်ဘဲ အခက်အခဲများ ပေါ်ပေါက်လာမည်ဆိုလျှင် ဒီပြင် တနည်းကို စဉ်းစားရမှာဘဲ။ ဥပမာဆိုလျှင် တိုင်းပြု ပြည်ပြုလွှတ်တော်ဟာ အချုပ်အချာအာဏာပိုင် အဖွဲ့ဖြစ်တဲ့အတိုင်း အာဏာကို အတင်း ယူတဲ့နည်း ရှိတယ်။ သို့သော် ယခုအဆိုမှာ အတင်းယူတဲ့နည်းကို မတိုက်တွန်းဘဲ ကြည်ကြည်သာသာ မိတ်ဆွေသဘောမျိုးနှင့် ယူလိုတဲ့ သဘောမျိုးသာဖြစ်တယ်။

အတင်း ကြေညာမယ်ဆိုလျှင်

တကယ်လို့သာ တိုင်းပြုပြည်ပြုလွှတ်တော်က ဗမာပြည်ဟာ လွတ်လပ်တဲ့ပြည် ဖြစ်တယ်လို့ အတင်း ကြေညာပြီး ကြားဖြတ်အစိုးရ ဖွဲ့မည်ဆိုပြီး အတင်းလုပ်လျှင် အင်္ဂလိပ်အစိုးရနှင့် အကျယ်အကျယ် မငြိမ်း ဖွယ်ဖြစ်မှာဘဲ။ ဒီလိုဖြစ်လျှင် ပြင်ဆင်မှု လုပ်ငန်းများ လုပ်ထားဖို့လဲ လိုမယ်။ ဒီတော့ ဒီလိုမလုပ်ဘဲ အေးချမ်းတဲ့ နည်းနှင့်ဘဲ လုပ်လျှင်လဲ ခုကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အခြေနှင့် အင်္ဂလိပ်များဖြစ်ပျက်နေတဲ့ အခြေအရ ဖြစ်မယ်လို့လဲ ယူဆတယ်။ အနှေးအမြန် ဆိုတာက ကျွန်တော်တို့ဖက်ကလဲ အင်အားတောင့် တောင့်တင်းတင်းနှင့် စည်းစည်းလုံးလုံးရှိဖို့ လိုသလို တဖက်ကလဲ စေတနာရှိဖို့လိုတယ်။

လက်တွေ့သဘောမျိုးနှင့်

လုံးဝလွတ်လပ်ရေးကို ဒီမူထဲမှာ ထည့်ထားတဲ့အတွက် ရှေ့အဖို့ ဘယ်လို အနှောင့်အရှက်မျိုးတွေနဲ့ တွေ့မယ်ဆိုတာ မတွေးရဲလောက်အောင်ပါဘဲ။ သို့သော် အခုဆို အတည်ပြုပြီးနောက် အဆိုအတိုင်း လက်တွေ့ဖြစ်မြောက်အောင် လုပ်ဖို့ရန်မှာ အချုပ်အချာ အဆင့်အတန်းလို စကားသဘောမျိုးနှင့် မဟုတ်ဘဲ၊ ဥပဒေအားဖြင့် လက်တွေ့ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန် ရှိဖို့လိုတယ်။

ဖြောင့်ဖြောင့်ကြီးသွားဖို့ရာ

ဥပဒေ ရေးတဲ့အခါမှာ အာဏာလွှဲပြောင်းတဲ့နေရာမှာ အခက်အခဲဖြစ်ပေါ်အောင် ဖန်တီးဖို့ဆိုလျှင် ပြည်မမှာ ကရင်ကို မြှောက်ပြီး တောင်တန်းကိုယ်စားလှယ်များကို တဖက်က အသုံးချမှာဘဲဆိုတာ ပွင့်ပွင့်လင်းလင်း ဖော်ပြထားလိုပါတယ်။ သို့သော် အဲဒီအရေးများကို အကုန်လုံး ခြုံစဉ်းစားပြီး ကျွန်တော်တို့ဟာ ဘယ်သူက မြှောက်မြှောက်၊ ချောက်ချောက်၊ ချော့ချော့ ရည်မှန်းရာလမ်းကို ဖြောင့်ဖြောင့်တန်းတန်းကြီး ရောက်အောင်သွားရန် ဆုံးဖြတ်ပြီးပါဘဲ။

အမှောင်မှအလင်းသို့

သို့သော် တောင်တန်းဒေသဆိုင်ရာ ကိုယ်စားလှယ်များအား မိတ်ဆွေသဘောမျိုးသာမက သွေးချင်း သားချင်းများအနေနှင့် ပြောလိုတာက ကျွန်တော်တို့ဟာ တောင်တန်းဒေသများနှင့် ဆိုင်လို့ လွန်ခဲ့တဲ့ ၄-၅လကတည်းက အခြေအနေကျအောင် လုပ်ခဲ့ပြီး ကူညီခဲ့ပြီး အမှောင်က အလင်းရောက်အောင် ဝတ်တရားရှိတဲ့အတိုင်း ကျေပွန်အောင်လုပ်ခဲ့ပြီ။

ဘယ်သူ့အောက်မှ မနေချင်

အဲဒီအထဲမှာ နယ်တနယ်က အင်္ဂလိပ်လက်အောက် နေချင်တယ်လို့ကြားရတယ်။ ကျွန်တော်တို့ အဖို့မှာ အင်္ဂလိပ်လက်အောက်မှာလဲ မနေချင်၊ ဘယ်သူ့လက်အောက်မှလဲ မနေချင်။ လွတ်လွတ်လပ်လပ်ဘဲ နေချင်တယ်။ အဲဒီတော့ အလင်းရောင်ထဲက အမှောင်ထဲ သွားချင်တဲ့လူများရှိလျှင် ကျွန်တော်တို့ အဆိုကို မထောက်ခံဘဲ နေနိုင်ခွင့် ရှိပါတယ်။ ။

 

Google