၁၉၄၆ ခု၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသော မိန့်ခွန်း။
ရဲဘော်တို့….။
ရာဇဝင် စာတင်ရမည့် ဤပြည်သူ့ညီလာခံ သဘင်ကြီးသို့ ကျွန်ုပ်တို့သည် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် လာရောက်ခဲ့ကြပေသည်။ ဤသို့ စုဝေးရခြင်းမှာ ကမ္ဘာသူ ကမ္ဘာသားတို့ ရှေးရိုးစဉ်လာ ဥာဏ်မျက်စေ့ကျယ်စွာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသော နည်းနာနိသျအတိုင်း ဖြစ်ရကား လျော်ကန် သင့်မြတ်ဖြောင့်မတ်သော စုဝေးခြင်းပေတည်း။ ရှေးပဝေဏီကစ၍ ကမ္ဘာသူ ကမ္ဘာသားတို့သည် ပြဿနာတခုကို တွေ့ကြုံရလျှင်၊ ဤကဲ့သို့ပင် စုဝေးဆွေးနွေး ဖြေရှင်းခဲ့ကြပေသည်။ ကျွန်ုပ်တို့ စည်းဝေးရာ ဒေသသည်လည်း ကျွန်ုပ်တို့ရာဇဝင်တွင် ကြက်သရေရောင် တပြောင်ပြောင်ဖြင့် ကောင်းမြတ်သော မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောကြောင့် ကျွန်ုပ်တို့ ညီလာခံသဘင်သည်လည်း ကြက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါပေ၏။ ဤသိင်္ဂုတ္တရကုန်းသည်ကား လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ရှိရာ ဖြစ်၏။ စေတီတော်မြတ်ကြီးသည် ကျွန်ုပ်တို့လူမျိုး၏ ဝေဖြာသော စေတနာအလျောက် ကျွန်ုပ်တို့၏ အမွန်မြတ်ဆုံးသော ဆန္ဒကို ပေါ်လွင်စေခြင်းငှာ တည်ဆောက်ခဲ့သည်ဖြစ်ရာ ရွှေရောင်တဖိတ်ဖိတ်နှင့် ကျွန်ုပ်တို့ မြှော်မှန်းရာ အထွဋ်အထိပ်ဖြစ်သော နိဗ္ဗာန် အသင်္ခတသို့ ညွှန်ပြတော်မူရာ ဖြစ်သည့် ဆီမီး တန်ဆောင်ကြီး ဖြစ်ပေတော့၏။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ကို ကြည့်ပြန်သော် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ကျွန်ုပ်တို့၏ တိုင်းပြည်နှင့်လူမျိုးတို့၏ ကံကြမ္မာကို ဖန်တီးခဲ့သော အရေးတော်ပုံများ ဖြစ်ပေါ်ရာ ဌာန ဖြစ်ရကား၊ ဤဒေသသည် ကျွန်ုပ်တို့ အမျိုးသားအတွက် အလွန်ထူးခြားစွာ လေးစားကြည်ညိုရာ ဖြစ်သော ဒေသ ဖြစ်ပေ၏။ ဤမျှ မကသေး။ ဤနေရာ ဤဒေသသို့ ကျွန်ုပ်တို့ ရာဇဝင်တလျှောက်တွင် ကျွန်ုပ်တို့လူမျိုး၏ ရှေ့ဆောင်ရှေ့သွား ပုဂ္ဂိုလ်အများသည် ကျွန်ုပ်တို့လူမျိုးအတွက် အသက်ကို ပမာဏမထားဘဲ စွန့်စားရန် လာရောက်ခဲ့ကြဘူးပေပြီ။ အတိုချုပ်မှာ “မြန်မာအစ တကောင်းက”ဟု ဆိုသကဲ့သို့ ဤနေရာ ဤဒေသသည်လည်း ကျွန်ုပ်တို့ လူမျိုး၏ ရာဇဝင်တွင် အခါခါပင် စာတင်ခဲ့ရသော အရေးတော်ပုံများ စတင်ရာ ဒေသပင် ဖြစ်ပေ၏။ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ဆောက်ရာ အချိန်ကစ၍ ယနေ့အထိ နှစ်ပေါင်း ၂၅၀၀ ခန့်မျှ ရှိလေပြီ။ ဤမျှသော ကာလပတ်လုံး ကျွန်ုပ်တို့၏ ရာဇဝင်အဖြစ်အပျက် ကျွန်ုပ်တို့၏ လူမျိုးအတွက် သတ္တိ ဗျတ္တိနှင့် အံ့ဘွယ်ဘနန်း သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့ကြသည့် မရေမတွက်နိုင်သော သွားလေသူ မျိုးချစ်ပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွ ထိုပုဂ္ဂိုလ်တို့ ပေးအပ်ခဲ့သည့် အမွေအနှစ်တည်းဟူသော အာဇာနည်စိတ် စသည်တို့ကို ကျွန်ုပ်တို့ ယခုအချိန်အခါ၌ သတိရကြပေလိမ့်မည်။ သို့သတိရကြသည့် အားလျော်စွာ ထိုထိုသော အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ကျွန်ုပ်တို့သည် ခဏတာမျှ အရိုအသေ ပြုပြီးလျှင် ထိုထိုသော အာဇာနည် ပုဂ္ဂိုလ်တို့၏ အဆင့်အတန်းကို မှီအောင် အားထုတ်လုံးပမ်းမည်၊ ထိုထိုသော အာဇာနည် ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရွက်မည်ဟူ၍ သစ္စာပြုကြပါစို့။ ကျွန်ုပ်တို့၏ လူမျိုးသည် ဧကန်စင်စစ် ကြီးပွားတိုးတက် တန်ခိုးထွက်ပေတော့မည်။
ကျွန်ုပ်တို့သည် ဤကဲ့သို့ ရာဇဝင်သဘော အခြေခံကို နားလည်ကာ စုဝေးမိကြလေပြီ။ သို့ရာတွင် ဤစုဝေးခြင်းမှာ ပဌမအကြိမ် မဟုတ်ချေ။ ၁၉၂၀ ခုနှစ်က စ၍ ဤစိတ်ဆန္ဒမျိုးနှင့် စုဝေးခဲ့ကြသည်မှာ အကြိမ်ကြိမ် ရှိခဲ့ပေပြီ။ အဘယ်ကြောင့် စုဝေးခဲ့ကြသနည်း။ ယခုလည်း အဘယ်ကြောင့် စုဝေးကြသနည်း။ ကျွန်ုပ်တို့၏ လူမျိုးသည် ရာဇဝင်တလျှောက်တွင် နိုင်ငံခြားသားတို့ စိုးမိုးအုပ်ချုပ် ကျွန်သဘောက်လုပ်ခြင်းကို ပဌမဆုံး ခံခဲ့ကြရကား၊ ကျွန်ုပ်တို့ လူမျိုးမှာ အဖက်ဖက်တွင် နင်းပြား ဖြစ်ခဲ့ကြရသောကြောင့် လူချင်းမတူ သူချင်းမမျှ ကျွန်ုပ်တို့ ဆန္ဒအတိုင်း လူတန်းစေ့ဘဝကို မနေနိုင်ခဲ့ကြချေ။ သို့အတွက် ကျွန်ုပ်တို့လူမျိုးသည် ဤကာလ အတောအတွင်း တဗိုလ်လဲ တဗိုလ်တက်၊ တတပ်ပျက် တတပ်စု၊ လူထုနှင့် ချီ၍ ကျွန်ုပ်တို့၏ ဆန္ဒပြည့်ဝအောင် ကြိုးပမ်းစွန့်စားခဲ့ကြပေသည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေး လုပ်ငန်းသည် အတက်အဆုတ် အဖျက်အရှုတ် မည်မျှလောက်ပင် များစေကာမူ တဖြည်းဖြည်း အင်အား တိုးတက်လာခဲ့လေသည်။ အဆင့်ဆင့် အုတ်မြစ်ကစ၍ တည်ဆောက်ခဲ့ရာ ကျွန်ုပ်တို့ ယခု အခြေအနေသို့ ရောက်ရှိခဲ့ပေသည်။ ရှေးယခင်က ဆောင်ရွက်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်များ၏ နည်းနိသျ လုံ့လဥဿဟကို ယခုအချိန်တွင် ကျွန်ုပ်တို့အထင်သေး အမြင်သေး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ကမ္ဘာ့ ရာဇဝင်ကို ကြည့်မူ လွတ်လပ်ရေး လုပ်ငန်းကြီးကဲ့သို့သော တိုးတက်မှုသည် မျက်စိတမှိတ် လျှပ်တပြက်အတွင်းတွင် မဖြစ်နိုင်။ အဆင့်ဆင့် အခြေအနေကို ကြည့်ရှုပြီး လုံးပမ်းနိုင်မှ တိုးတက်အောင်မြင်မှု ရှိနိုင်မည်ကို သတိပြုကြရပေလိမ့်မည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ လွတ်လပ်ရေးလုပ်ငန်းကို တခေတ်နှင့်တခေတ် အဖြစ်သနစ် အခြေအနေမှန်ကို ဝေဖန်ပြီးမှသာလျှင် ဆောင်ရွက်ရမည်ကို ကျွန်ုပ်တို့ နားလည်ကြရပေမည်။ ဤကဲ့သို့ အမြင်မှန်မှသာလျှင် လွတ်လပ်ရေး အောင်ပန်း ဆွတ်လှမ်းနိုင်သော အချိန် ကျရောက်သောအခါ ကျွန်ုပ်တို့သာ မဟုတ်၊ ကျွန်ုပ်တို့လူမျိုး တမျိုးလုံး အစဉ်အဆက် သက်စွန့်ကြိုးပမ်းမှုကြောင့် ကျွန်ုပ်တို့ လူမျိုး လွတ်လပ်ရေးကို ပြန်လည် ရယူနိုင်ကြပေသည်ဟူ၍ သိရှိနားလည်နိုင်ကြပေလိမ့်မည်။
သို့သော်လည်း ယခုအခါ၌ လွတ်လပ်ရေးပန်းတိုင်သို့ မရောက်သေးချေ။ ပန်းတိုင်သို့အရောက် ကျွန်ုပ်တို့ အားခဲ၍ သွားကြရပေလိမ့်ဦးမည်။ ရဲဘော်တို့သည် ကျွန်ုပ်အား ဤခက်ခဲသော လမ်းခရီးတွင် ရှေ့ဆောင်စေလိုကြ၏။ ကျွန်ုပ်ကို ဤကဲ့သို့ ယုံကြည်အားထားမှုကြောင့် ကျွန်ုပ်ကျေးဇူး တင်ပါ၏။ သို့သော်လည်း မကွယ်မထောင့် ဖြောင့်မတ်စွာ ပြောရမည်ဆိုလျှင် ကျွန်ုပ်ရှေ့ဆောင် ပြုမှုကြောင့် မြန်မြန်ထက်ထက် လွတ်လပ်ရေးပန်းတိုင်ဖက်သို့ နီးကပ်လိမ့်မည်ဟူ၍ ကတိပေးခြင်းကို မပြုလိုပေ။ အဘယ်ကြောင့် ဆိုသော် လူတဦးတယောက်သည် မည်မျှလောက် စွမ်းပကား ရှိစေကာမူ လူထု၏ အားပေးယိုင်းပင်းမှု မရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ပေ၏။
ကမ္ဘာ့ရာဇဝင်တွင် အလွန်ထက်မြက်သော ပုဂ္ဂိုလ်ထူးများ ရှိခဲ့ဘူးပါ၏။ သို့ရာတွင် အနည်းငယ်သော လူတစုက ရာဇဝင်ကို မပြောင်းလဲ မပြုပြင်နိုင်ချေ။ အထက်၌ ရာဇဝင်၏ ပြောင်းလဲမှုသည် အဆင့်ဆင့် အခြေအနေကို ထောက်ချင့်လျက် တိုးမြင့်ခဲ့ကြောင်း ဖော်ပြပြီးခဲ့ပေပြီ။ ရာဇဝင်တလျောက် သတ္တိ ဗျတ္တိ ရှိသူကို ကြည်ညိုလေးစား အားကိုးအားထားပြုတတ်သော လူများ၏ စိတ်စေတနာကို သိရှိနားလည်ပါ၏။ လူတဦးတယောက်သည် မိမိ၏ သတ္တိ ဗျတ္တိကိုလည်းကောင်း သူတပါးတို့၏ သတ္တိ ဗျတ္တိကိုလည်းကောင်း ယုံကြည်အားကိုးမှသာလျှင် ကြီးကျယ်ခမ်းနား အကျိုးများအောင် ပြုလုပ်ဆောင်ရွက်နိုင်သည်ကိုလည်း သိရှိနားလည်ပါ၏။ သို့သော်လည်း သတ္တိ ဗျတ္တိရှိသူကို အားထား လေးစားပြုမှုကို အရမ်းမဲ့ ဘုရားတဆူ၊ ဂူတလုံးလုပ်ကာ ကိုးကွယ် မြှောက်စားသည့် အဖြစ် ရောက်စေခဲ့လျှင် ဘုရားအတုများ ပေါ်ပေါက်စေတတ် လေသည်။ ဒုက္ခမြားမြောင် ဤလူ့ဘောင်ကြီးတွင် ဤကဲ့သို့ ဘုရားအတုများကို ကျွန်ုပ်တို့ ထပ်မံ အလိုမရှိကြတော့ချေ။ သို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အားလုံးနှင့် သက်ဆိုင်သော လွတ်လပ်ရေးလုပ်ငန်းအတွက် ဒိုးတူဘောင်ဘက် လက်တွဲလျက် ဆောင်ရွက်ကြပါစို့။ ဤသို့ ဆောင်ရွက်မှ သာလျှင် သတ္တိ ဗျတ္တိ ရှိသူများကို အမြင့်မြတ်ဆုံးသော နည်းဖြင့် လေးစားကြည်ညိုရာ ရောက်ပေမည်။ ဤကဲ့သို့ ဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့၏ လုပ်ငန်းကြီး ပြီးစီး အောင်မြင်၍ ကျွန်ုပ်တို့၏ လွတ်လပ်မှုကို ရကြပေလိမ့်မည်။ သတ္တိ ဗျတ္တိ ရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်းပင် မိမိတို့ကိုယ်တိုင် သတ္တိ ဗျတ္တိ ရှိသော သူရဲကောင်းများ ဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျွန်ုပ်တို့အားလုံး လွတ်လပ်ရေး အစစ်ကို ခံစားခွင့် ရကြပေလိမ့်မည်။ ဤကဲ့သို့ လွတ်လပ်ရေး အစစ်ကို ခံစားနိုင်ရန် ကျွန်ုပ်တို့သည် လွတ်လပ်ရေးပန်းတိုင်သို့ ရှေ့ရှု၍ သွားကြပါစို့။
သို့ဖြစ်ရကား ရှေ့ဆောင်ရှေ့သွား ပုဂ္ဂိုလ်များက ကျွန်ုပ်တို့အား အလွန် ကြီးလေးသော တာဝန်ကို ဆက်လက် ဆောင်ရွက်ရန် ပေးအပ်ထားခဲ့သည် ဖြစ်ရာ ကျွန်ုတို့ကလည်း ဤတာဝန်ကို ကျေပြွန်စွာ ထမ်းရွက်ရ ပေလိမ့်မည်။ အဘယ်ကဲ့သို့ ထမ်းရွက်ကြမည်နည်းဟူ၍ ပြဿနာပေါ်လာပေ၏။ ဤပြဿနာကို မဖြေရှင်းမီ ပြဿနာကို ဖြေရှင်းရာ ပြေရှင်းကြောင်း သဲလွန်စအပေါင်းတို့ကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌ ရှာဖွေသင့်သည် ဟူ၍ ယူဆရပေမည်။ အဘယ်ကြောင့် ဆိုသော် ယခုခေတ် ယခုအခါ၌ ကမ္ဘာသူ ကမ္ဘာသားတို့ ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာအပေါင်းတို့သည် တခုနှင့်တခု ရောထွေးရှက်စပ် ခွဲခြားခြင်းငှာ မတတ်စွမ်းနိုင်သော အခြေအနေသို့ ရောက်ရှိလျက် နေပေသည်။ တနည်းအားဖြင့် ဆိုသော် ကမ္ဘာကြီးတခုလုံးသည် ရုန်းရင်းဆန်ခတ် နေရာမလပ်အောင် လှုပ်ရှား ပြောင်းလဲလျက် ရှိနေပေ၏။ အမျိုးသားရေး၊ လူမျိုးတမျိုးနှင့်တမျိုး ဆက်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကြီးပွားရေး၊ ယဉ်ကျေးရေး၊ ဘာသာရေး၊ အကျင့်ကောင်းရေး စသော ထိုထိုသော အရေးတို့သည် စင်စစ်မှာ ဤရောထွေး ယှက်သန်းလျက် ရှိသော ကမ္ဘာ့ပြဿနာကြီး၏ အစိတ်အပိုင်းများသာ ဖြစ်သည့် အားလျော်စွာ ခေတ်ကာလနှင့် လိုက်၍ အစဉ်တစိုက် သဘောသဏ္ဍာန် ပြောင်းလဲလျက် ရှိကြပေသည်။ သို့ပြောင်းလဲလျက် ရှိသောကြောင့် ကျွန်ုပ်တို့သည် ဤအရေး ဤကိစ္စများကို အသီးသီး အသက အသက တခုနှင့်တခု မဆိုင်ဘိသကဲ့သို့ စဉ်းစားခြင်းငှာ မဖြစ်နိုင်တော့ချေ။ ဤအရေး ဤကိစ္စဥဿုံ အလုံးစုံကို ဆင်ခြင်စဉ်းစားသော အခါ၌လည်း ကျွန်ုပ်တို့သည် ခေတ်မမှီသော အတွေးအဆ ခေတ်နောက်ကျ ကျန်ရစ်ခဲ့သော ဥပဒေသတို့ကို လှေနံဓားထစ် လိုက်နာခြင်းငှာ မဖြစ်နိုင်တော့ချေ။ ကျွန်ုပ်တို့ နိုင်ငံတွင် ယခုအချိန်အခါ၌ ခေတ်ပြောင်းခေတ်လွဲ ရှိကြောင်း အငြင်းမထွက်ဘဲလျက် သဲသဲမဲမဲ ရှေးက အတွေးအဆ ရှိသသူများ ရှိကြပေသေး၏။ အချို့သော သူများသည် ယခုထိပင် ယုတ်မာညစ်ထေး ရှေးက နိုင်ငံရေးမျိုးကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲလျက်နှင့် ဖြစ်စေ၊ လိုက်စားလျက် ရှိကြသေး၏။
နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည် မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်ပေ၏။ နိုင်ငံရေးဆိုတာ ဘာလဲဟု မေးဘွယ်ရာ ရှိပြန်၏။ ကျွန်ုပ်တို့သည် သာမန်ပုထုဇဉ်များ ဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်၊ နိုင်ငံရေးသည်အလွန်မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးဆိုသည်မှာ အချို့သော လူညာလူလိမ်တို့က တောအုံကနား ကျေးတောသား လူရိုးလူအတို့ကို အတိတ်၊ တပေါင်၊ စနည်း ဘဝေါတို့ကို တွင်တွင်ကြီး ဟောပြော၍ ထိုသူတို့၏ မနောအကြိုက်ကို လိုက်၍ အငိုက်ကိုဖမ်းပြီးနောက် စားပေါက်ထွင်ကြသည့်ကိစ္စ ဆိုရမည်လော။ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကန္တာရခရီးပမာ ကြောက်မက်ဘွယ်သော အန္တရာယ်များစွာ ရှိသော အရေးကိစ္စ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ်၊ နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထ ရှိသည့်အတိုင်း၊ အမျိုး-ဘာသာ-သာသနာရေးဟူ၍ပင် ဆိုရဦးမည်လော။
နိုင်ငံရေးသဘော အမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း မဟုတ်၊ နိမ့်ကျလွန်းသည်လည်း မဟုတ်၊ မျက်လှည့် ဗေဒင်လည်း မဟုတ်၊ အဂ္ဂိရပ်လည်း မဟုတ်၊ ကြောက်မက်ဘွယ် ကောင်းသော ကန္တာရ ခရီးလည်း မဟုတ်၊ ဘယ်သူသေသေ ငတေမာ ပြီးရော- စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်း မဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက် ဖြစ်ပွားလျက် ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။ အတိုချုပ် ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင် ဖြစ်ပေသည်။ တနည်းအားဖြင့် ဆိုသော် နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင် ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျက် ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားသည် အခကြေးငွေအတွက် အလုပ် လုပ်ရ၏။ တောင်သူလယ်သမားသည် ဝမ်းစာအတွက် လယ်ယာလုပ်ရ၏။ စာရေးစာချီ အမှုထမ်းသည်လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်၊ ပွဲစား စသည်တို့သည် အသီးသီး ဝင်ငွေ ရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေးအတွက်ပင် ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ရပြီးလျှင် စားသာသောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက် ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏။ စာရေးစာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တကုတ်ကုတ် လုပ်နေရသော ဘဝထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည် ရှိသော အခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူ တိုးချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်း လူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင် ဖြစ်၏။
သို့ရာတွင် ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင် စားသောက်မှုသည် ပြောင်းလဲလျက် ရှိသည့်အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက် ရှိ၏။ ကျွန်ုပ်တို့ အားလုံး သက်သက်သာသာ ချောင်ချောင်ချိချိ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမို ရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြပေသည်။ လွတ်လပ်ရေး ဆိုရာ၌ နေရေးထိုင်ရေး လွတ်လပ်မှု၊ လူတဦးတယောက်အနေနှင့်၄င်း၊ တမျိုးလုံးအနေနှင့်၄င်း တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဥာဏ၊ စိတ္တ အဆင့်အတန်းတိုးမြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေသည်။ ဤလွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေး ဖြစ်၏။ သို့ဖြစ်ရကား- နိုင်ငံရေးသည် လူမှု လူရေးမျှသာ ဖြစ်၏။ နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျက်နှင့် အချို့သောသူများသည် နိုင်ငံရေးအလုပ်ကို ယုတ်မာ ညစ်ထေးသည်ဟု ဆိုကြ၏။ အချို့ကလည်း နိုင်ငံရေးသည် ကိုးကွယ်ရာ ဘာသာတရားပင် ဖြစ်သကဲ့သို့ ဆိုကြပြန်၏။ ထိုသူတို့၏ အယူအဆတို့မှာ အလွဲလွဲ အမှားမှား ကွဲကွဲပြားပြား ရှိကြပေ၏။
နိုင်ငံရေးကို ဘာသာတရား ဖြစ်သကဲ့သို့ ပြောဆိုကြသော သူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လည်ဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကို ရှုတ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာ ဖြစ်ပေ၏။ အမှန်မှာ ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေး မဟုတ်။ မိမိတို့ အကောက်ဥာဏ်ကို သုံး၍ မိမိတို့ ကြီးပွားရေး တနပ်စားနိုင်ငံရေးပင် ဖြစ်ပေ၏။ ကိုးကွယ်သည့် ဘာသာရေးမှာ လူအသီးသီးတို့၏ သက်ဝင် ယုံကြည်မှု ဖြစ်၏။ နိုင်ငံရေးမှာကား၊ လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတတ်သာလျှင် ဖြစ်၏။ သိပ္ပံအတတ် အနေအားဖြင့် နိုင်ငံရေးသည် လူအသီးသီးတို့၏ အခွင့်အရေးကို စောင့်ရှောက်ရပေလိမ့်မည်။
အခွင့်အရေးများတွင် လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုလည်း ပါဝင်လေ၏။ ဤအခွင့်အရေး ပေးရာ၌ပင် ကျွန်ုပ်တို့သည် နိုင်ငံရေးနှင့် ကိုးကွယ်သည့်ဘာသာရေး နှစ်ဌာနစပ်ကြားတွင် စည်းတားရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော နိုင်ငံရေးနှင့် ဘာသာရေးမှာ သဘောမတူ အမူကွဲပြား တခြားစီ ဖြစ်သောကြောင့်တည်း။ ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာ ရောက်ပေ၏။ အကြောင်းမူကား၊ ဘာသာရေးသည် နောင်တမလွန် ဘဝများကို (ဝါ) လောကုတ္တရာကို ရှေ့ရှုသည်ဖြစ်သောကြောင့် လောကအရေးနှင့် များစွာ မသက်ဆိုင်ချေ။ နိုင်ငံရေးမှာမူကား လောကီရေးရာသာ ဖြစ်ပေ၏။
လုပ်ငန်းသဘောမှာ လူမှုတိုးတက်ရေးနှင့် ဘာသာရေးတို့သည် အခြေသဘောအားဖြင့် ဆန့်ကျင်စရာ အကြောင်းမရှိဟု ယူဆမိပေသည်။ ဘာသာတရားက သစ္စာ၊ မေတ္တာနှင့် သမ္မာအာဇီဝ၊ သမ္မာကမ္မန္တ စသည်တို့ကို ဓမ္မအနေနှင့် ဟောကြားခဲ့ရာ လူမှုတွင်လည်း ဤဓမ္မတို့ကို လေးစားကြပေသည်။ သို့ပါလျက်လည်း ဘာသာတရား၏ နာမကို အလွဲသုံးစား ပြုကြပြီးလျှင် လူတဦးသည် တဦး၏ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြု၍ မတရားသော အမှုတို့ကို ပြုသည် ရှိသော် ပတ်ဝန်းကျင်ရှိ လူစုသည် ထိုမတရားမှုကို လျစ်လျူရှုခြင်း ဘယ်နည်းနှင့်မျှ ပြုနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘာသာကို အမှီပြု၍ အသက်မွေးသူတို့သည် ဘာသာ၏ အမည်ကို သုံးလျက် တရားဓမ္မဖြစ်လေဟန် ဟောပြောချက်တခုကို ပြုလျှင် လူအများကို နစ်နာစေမည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် လူ့ချမ်းသာကို လိုလားသည့်အားလျော်စွာ တားမြစ်ရပေလိမ့်မည်။ ဤဥပဒေသသည် ကျွန်ုပ်က ထွင်လိုက်သော ဥပဒေသ မဟုတ်ချေ။ ကျွန်ုပ်တို့ ရာဇဝင်တွင် အလွန်ကျော်ကြား ထင်ရှားသော အနော်ရထာ ဘုရင်မင်းမြတ်သည် ဤဥပဒေသကို ထိထိရောက်ရောက် လိုက်နာ ဆောင်ရွက်ခဲ့ဘူးလေသည်။ ရာဇဝင်ကို ကြည့်မူ ဘာသာတရားကို မှီ၍ အသက်မွေးကြသောသူများကို ခွဲခြား၍ သိနိုင်ကြပေလိမ့်မည်။
ဘာသာတရားသည် ကျွန်ုပ်တို့ လူမှုကို ရှုပ်ထွေးစေသည် မဟုတ်။ ဘာသာတရားကို မှီ၍ အသက်မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေလိမ့်မည်။ သို့သော်လည်း အသီးသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သောသူများ ရှိခဲ့ဖူးလေပြီ။ ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်း ဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ် အရေး တွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွား လုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလ ဒေသ၌မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဘူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။
ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန် လိုပေသေး၏။ ဘုန်းကြီးပင် ခေါ်ခေါ်- ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စား ရှိ၏။ တမျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာ ဖြစ်၍ ဘာသာတရား ပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့် ဆန့်ကျင်သော အမှုမျိုးကိုပင် ပြုကြ၏။ တမျိုးမှာကား ဘာသာတရား တိုးတက် ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်း မရှိချေ။ ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သင်္ဃာတော် အရှင်မြတ်များသည် ရာဇဝင် တလျှောတ်လုံး ကျွန်ုပ်တို့ လူမျိုး၏ ရှေ့က မားမားမတ်မတ် ရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သင်္ဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့ တမျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သင်္ဃာတော် အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိကြသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေ တတ်မြောက်ကြပေ၏။ အချုပ်မှာ သင်္ဃာတော် အရှင်မြတ်များ၏ စေတနာ လုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ် မြင့်မြတ်မှု- အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သင်္ဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူး ဥပကာရများကို ခံတော်မူထိုက်ကြပါပေ၏။ ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည် ကိုးကွယ်ကြသည် ဖြစ်သောကြောင့် အခြား ဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်ခဲ့နိုင်ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည်ဟု ယူဆရပေမည်။
သို့ဖြစ်သောကြောင့် ယခု သင်္ဃာတော် အရှင်မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည်ဘုရား။ အရှင်သူမြတ်များ ဘုရား။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူ ကမ္ဘာသားတို့ မေတ္တာတရား ပွားများ၍ သမစိတ္တနှင့် ညီရင်းအစ်ကို - မောင်ရင်း နှစ်မကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ် ဆည်းကပ်ပါသည်။ တကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည်ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံတွင်သာမက တကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောတရားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤ စွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿ လူတမျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ ညီညွတ်ရေး တရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေး ဆိုရာ၌ လွတ်လပ်စွာ ဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလ ဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘဝမှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါသည်။ အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား သြဝါဒပေးတော်မူခဲ့သည့်အတိုင်း ‘အပ္ပမာ ဒေန၊ သမ္ပာ ဒေထ’ မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဘို့ တပည့်တော်တို့ ဗမာလူမျိုး တမျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့သော မွန်မြတ်သည့် တာဝန် ဝတ္တရားများ ရှိပါသည်။ ဤ မွန်မြတ်သော တာဝန် ဝတ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်း ကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဘို့ တာဝန်ကျေပြွန်မည် မကျေပြွန်မည်ဟူသော ပြဿနာမှာ အရှင်သူမြတ်များသာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။
အရှင်သူမြတ်များကို လျှောက်ထားပြီး၍ ကျွန်ုပ်သည် နိုင်ငံရေးကို ဆက်၍ ပြောရပေဦးမည်။ နိုင်ငံရေးကို ပြော၍ မဆုံးသေးချေ။ စင်စစ်မှာ နိုင်ငံရေးတို့မည်သည် ပြီးဆုံးခြင်း ရောက်ပြီဟူ၍ မရှိနိုင်ချေ. အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ လည်နေရပေ၍ ပဋိစ္စသမုပ္ပါဒ် တရားတော်မြတ်အတိုင်း အကြောင်းနှင့် အကျိုး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆက်စပ်၍ မရပ်မနား ရှည်လျားလှသော ခရီးကို တသွားတည်း သွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရား- အကျိုးတရား အမျိုးအစားကိုလိုက်၍ ဖြစ်ပျက်နေခြင်းသည်ပင်လျှင် နိုင်ငံရေး ဖြစ်၏။ ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် စစ်ဖြစ်ပွားသည်မှာ အကြိမ်ပေါင်း များလေပြီ။ စစ်သည် ဘာကြောင့် ဖြစ်ရသည်၊ စစ်ဖြစ်သော အကြောင်းကြောင့် ဘယ်ကဲ့သို့သော အကျိုးတရားများ ရှိသည်ကို ကျွန်ုပ်တို့ ဝေဘန်ကြပါစို့။ ကျွန်ုပ်တို့သည် မကြာမီက ဒုတိယကမ္ဘာစစ်ကြီးမှ လွန်မြောက်လာခဲ့ကြပေပြီ။ ကျွန်ုပ်တို့ နိုင်ငံတွင် ကြီးကျယ်စွာ သတ္တန္တရကပ် ဆိုက်ရောက်ခဲ့ပေပြီ။ အကြောင်းတရားကား အဘယ်နည်း၊ ဖက်ဆစ်ဝါဒသည် အကြောင်းတရား ဖြစ်၏။
ဖက်ဆစ်ဝါဒ ဆိုတာ ဘာလဲ ဟု မေးစရာ ရှိ၏။ ဖက်ဆစ်ဝါဒသည် လွန်ခဲ့သော ၂၅ နှစ်လောက်က အီတလီနိုင်ငံတွင် စတင် မွေးဖွားပြီးလျှင် နောက် ဂျာမနီနိုင်ငံတွင် ကြီးပြင်း၍ လာခဲ့ပေသည်။ ဤဝါဒသည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့၍ ဂျပန်ပြည်၌လည်း အစေ့အညှောက်မှ အပင်ကြီးပေါက်ခဲ့လေပြီ။ ကျွန်ုပ်တို့ နိုင်ငံသို့ပင် ဆက်လက်၍ ရောက်ပြန်ခဲ့လေသည်။ ဤဖက်ဆစ်ဝါဒ ဆိုသည်မှာ အရင်းရှင်ဝါဒ အဆိုးသွမ်းဆုံးသော ဘဝသို့ ရောက်ခြင်းပင် ဖြစ်၏။ အရင်းရှင်ဝါဒ ဆိုသည်မှာ ငွေပင်ငွေရင်း အမြောက်အများ စိုက်ထုတ်နိုင်သောသူတို့သည် ကမ္ဘာပေါ်တွင် ကြီးနိုင်ငယ်ညှဉ်းဆဲလိုသည့် ယုတ်မာညစ်ဆိုး အသားစား၊ ဘီလူးသဘောမျိုးနှင့် နယ်ချဲ့၍ နှိပ်စက်ကလူ ရန်မူသော တကိုယ်ကောင်းအယူဝါဒကို ယူသူများ၏ ဝါဒ ဖြစ်ပေသည်။ အဘယ်ကြောင့် ဤကဲ့သို့ ယုတ်မာ ညစ်ဆိုးဝါဒမျိုးသည် ကျွန်ုပ်တို့ လူလောကတွင် ပေါ်ပေါက်၍ လာရပေသနည်းဟု မေးဘွယ်ရာ ရှိ၏။ အဖြေမှာကား အရင်းရှင်တို့ ဝိသမလောဘ လှုံ့ဆော်မှုကြောင့် စီမံဖန်တီးသော အဓမ္မ မတရားမှုများကြောင့်ဟု ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောကတွင် ကမ္ဘာသူ ကမ္ဘာသားတို့ သက်သာချောင်ချိ လွတ်လပ်စွာ နေထိုင် စားသောက်နိုင်အောင် ပစ္စည်းဥစ္စာ ရတနာ အမျိုးမျိုး ရှိပါလျက်နှင့် ဝေနေယျတို့၏ ချမ်းသာသုခကို မထောက်မထား စီးပွားလာဘ်လာဘတို့တို့ မိမိတို့ချည်းသာ အဓမ္မ ကြုံးယူလိုကြသောကြောင့် ဆူကြုံ နိမ့်မြင့် အတန်အသင့်မဟုတ်ဘဲ မိုးနှင့် မြေထဲ ခြားနား ကွဲလွဲလျက် ရှိပေသည်။ နောက်ဆုံး၌ မှောက်ပြန်ဂျွမ်းထိုး အမျိုးမျိုးသော ပြဿနာများ ပေါ်ပေါက်လာပြီးလျှင် မရှူနိုင် မရှိုက်နိုင် ဟိုက်ယိုင်၍ ပြိုလဲလေတော့၏။ ဤအဓမ္မ ဝါဒကြောင့် ကမ္ဘာပေါ်တွင် လူတဦးနှင့်တဦး၊ လူမျိုးတစုနှင့် တစု၊ နိုင်ငံတဦးနှင့် တဦး မေတ္တာဓာတ် မကူးနိုင်ဘဲ လောဘ၊ ဒေါသ၊ မောဟတရားတို့ကိုသာ ပွားများ၍ လာခဲ့ကြလေသည်။
ဤဝါဒဆိုးကြောင့် တဖက်ကကြည့်ပြန်လျှင် လောကဓာတ်ပညာ တိုးတက်လာခဲ့၏။ လောကဓာတ်ပညာ တိုးတက်လေလေ ဤယုတ်မာသော ဝါဒကို လက်ကိုင်ထားသူတို့ အလွဲသုံးစားပြု၍ ယုတ်မာလာလေလေ ဖြစ်သည်ကို တွေ့ရှိရပေ၏။ အရင်းရှင် ဝါဒီသမားတို့သည် တဦးနှင့်တဦး တစုနှင့်တစု၊ တမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ၊ တုပယှဉ်ပြိုင်သောကြောင့် တဏှာ၊ မာန၊ ဒိဌိ၊ ပပဉ္စတရား သုံးပါး တွင်တွင်ကြီး နယ်ချဲ့လေတော့၏။ နောက်ဆုံး၌ အရင်းရှင်နှင့် အလုပ်သမား နယ်ချဲ့နိုင်ငံများနှင့် လက်အောက်ခံနိုင်ငံများ အရင်းရှင် အချင်းချင်း၊ နယ်ချဲ့သမားအချင်းချင်း ရန်သူခပင်း တိုးပွား၍ ကမ္ဘာတခုလုံး ကိုးယိုးကားယား ကမောက်ကမ ဖြစ်လာလေတော့၏
။ဤသို့သော အကြောင်းတရားကြောင့် ကျွန်ုပ်တို့ ကမ္ဘာပေါ်တွင် ဤခေတ်ဆိုးကြီး၌ မကြာခဏ လှုပ်လှုပ်ရှားရှား စစ်မက်များ ပွားများလျက် ရှိနေရပေ၏။ ဤ အရင်းရှင် ဝါဒ ကမ္ဘာပေါ်၌ ပြန့်နှံ့နေသရွေ့ ကာလပတ်လုံး၊ တနည်းအားဖြင့် ဆိုသော် ဤအရင်းရှင်းဝါဒ ပပျောက်ပြီးလျှင် ဗြဟ္မစိုရ တရားကို အခြေပြုသော ‘ဆိုရှယ်လစ်ဇင်း’ ခေါ် လူအများ ကောင်းစားရေးဝါဒ လူထုကောင်းစားရေးဝါဒ မပြန့်ပွား မစည်ကားသရွေ့ ကာလပတ်လုံး၊ ကျွန်ုပ်တို့ ကမ္ဘာမြေတွင် အထွေထွေသော ကပ်ကြီးများ ဆိုက်ရောက်လျက်ပင် ရှိကြပေလိမ့်ဦးမည်။ အရင်းရှင် ဝါဒီတို့သည် မိမိတို့တကိုယ်ကောင်းအတွက် တိုးတက်၍ အမြတ်များများ နည်းအမျိုးမျိုး ပရိယာယ်အသွယ်သွယ်တို့နှင့် ရယူဖို့ကိုသာ ရှေ့ရှု လုံးပမ်းနေကြရကား အများကောင်းစားရေး၊ ကမ္ဘာ့ကောင်းစားရေးကို မလိုလားနိုင်ကြချေ။ ထို့အတွက် မိမိတို့ ဝါဒ အဆောက်အဦ ယိုင်လဲပြိုပျက်လျက်ရှိသည်ကို ဥာဏ်နီဥာဏ်နက် တို့ဖြင့် ကျားကန်လျက် ရှိနေကြပေပြီ။ ဤသို့ စိုင်းပြင်းမှုကို ကျွန်ုပ်တို့က နယ်ချဲ့ဝါဒ ဟူ၍၄င်း၊ ဖက်ဆစ်ဝါဒ ဟူ၍၄င်း အမည်နှစ်မျိုးဖြင့် ခေါ်ရိုးရှိကြပေသည်။
သို့စဉ်လျက် ဤ ဒုတိယကမ္ဘာစစ်ကြီးတွင် အဘယ်ကြောင့် နယ်ချဲ့ဝါဒီတို့နှင့် ဖက်ဆစ်ဝါဒီတို့သည် ရင်ဆိုင်၍ ယှဉ်ပြိုင် တိုက်ခိုက်ကြပါသနည်းဟု မေးဘွယ်ရာ ရှိပေ၏။ ဤသို့ အချင်းချင်း စစ်မက်ဖြစ်ပွားခြင်းပင်လျှင် အရင်းရှင်ဝါဒ သဘောအတိုင်းပင် ဖြစ်ပေ၏။ လွန်ခဲ့သော နှစ် အနည်းငယ်အတွင်းက အဖြစ်အပျက်ကို စစ်တွက်ရမည်ဆိုလျှင်သော် ပဌမ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် အင်္ဂလိပ် ပြင်သစ် စသော နယ်ချဲ့နိုင်ငံတို့သည် ဖက်ဆစ်ဝါဒကို မြှောက်ကော်ပင့်ထိုး အမျိုးမျိုး အားပေးခဲ့ကြပေသည်။ ထို့ကြောင့်လည်း အီတလီနိုင်ငံသည် အဘီဆီနီးယား တိုင်းပြည်ကို သွားရောက် ကျူးကျော်သိမ်းပိုက် နိုင်ခဲ့၏။ ဂျပန်ပြည်သည် တရုတ်ပြည်ရှိ မန်ချူရီးယားနယ်ကို နှိပ်စက်ကလူ တိုက်ခိုက် သိမ်းယူနိုင်ခဲ့၏။ ထို့ပြင် ဖက်ဆစ်ဝါဒသည် စပိန်ပြည်၊ ဂျာမနီပြည် အစရှိသော ဥရောပနိုင်ငံများတွင် ပေါ်ပေါက်ပြန်ပြီးလျှင် ကမ္ဘာတခုလုံးသို့ ပြန့်နှံ့လေ တော့၏။ နောက်ဆုံး၌ ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုချောက်၊ သရဲမွေးသည့် အောက်လမ်းဆရာ သရဲ၏ အစာ ဖြစ်ရပြန်သကဲ့သို့ နယ်ချဲ့နိုင်ငံများသည် ဖက်ဆစ်နိုင်ငံများ၏ အံတုခြင်း ရန်ပြုခြင်းကို ခံရလေတော့၏။ ဤသို့ မလွှဲသာ၍ အချင်းချင်း ရန်ပြုရသော်လည်း ဆိုဗီယက်ရုရှား၊ တရုပ်ပြည် အစရှိသော အများကောင်းစားရေး ဒီမိုကရက် လုပ်ငန်း ကြီးပွားတိုးတက်လျက်ရှိသော နိုင်ငံများ၏ အကူအညီကို မယူဝံ့ဘဲ တိုက်ခိုက်ကြရာ သရဲနှင့်လူ အားချင်းမတူသကဲ့သို့ တရှုံးရှုံး၊ တကွဲကွဲ၊ တဘုံးဘုံး၊ တလဲလဲ ရှိကြသောကြောင့် ဥရောပတိုက်၊ အာရှတိုက်တလွှားတွင် ဖက်ဆစ်ဝါဒီများသာလျှင် အနိုင်ရကြလေတော့၏။
ကျွန်ုပ်တို့နိုင်ငံအတွက်ဆိုရမူ ဗြိတိသျှ နယ်ချဲ့သမားတို့သည် ကျွန်ုပ်တို့ လူမျိုး၏ ဆန္ဒကို မထောက်မထား ကျွန်ုပ်တို့၏ နိုင်ငံကိုလည်း ကာကွယ်နိုင်အား မရှိပါဘဲလျက် ကျွန်ုပ်တို့ လူမျိုးနှင့် ပူပေါင်း၍ ကာကွယ်နိုင်အောင်လည်း မဆောင်ရွက်ပါဘဲလျက် ဖက်ဆစ်ဂျပန်ကို ရန်ပြုလေတော့၏။ စစ်ကျေညာစဉ်အခါက ဗြိတိသျှ နယ်ချဲ့ဝါဒသမားတို့သည် ကျွန်ုပ်တို့လူမျိုးကို မိမိတို့နှင့် ပူးပေါင်းတိုက်ခိုက်လိုသော ဆန္ဒ ရှိလာအောင်လည်း မပြုလုပ်ခဲ့ကြချေ။ ထိုစဉ်အခါက ဗြိတိသျှ နယ်ချဲ့ဝါဒသမားတို့သည် အတ္တလန်တိတ် ချာတာစာချုပ်တွင် ပါရှိသော စစ်ရည်ရွယ်ချက်များ၊ ငြိမ်းချမ်းရေး ရည်ရွယ်ချက်များတို့သည် ဗြိတိသျှ လက်အောက်ခံနိုင်ငံ အိန္ဒိယပြည်၊ ဗမာပြည်တို့နှင့် မသက်ဆိုင်ချေ ဟူ၍ အတိအလင်း ငြင်းဆိုခဲ့ကြပေသည်။ ဗြိတိသျှ နယ်ချဲ့သမားတို့သည် စစ်တိုက်ရာတွင် လုံးဝ ဆုံးရှုံးခြင်းတမျှသော ဘဝသို့ ရောက်ခဲ့ကြရလေသည်။ သို့သော်လည်း နောက်ဆုံး၌ မိမိတို့၏ စေတနာကို ဆန့်ကျင်၍ ဆိုဗီယက် ရုရှားနှင့် မဟာမိတ် ပြုရလေတော့၏။ ဂျပန်ဖက်ဆစ်တို့ကို အနှစ်နှစ်အလလ တဦးတည်း ဆန့်ကျင်ခုခံ တိုက်ခိုက်လျက် ရှိသော တရုပ်ပြည်နှင့်လည်း ပူးပေါင်း ဆောင်ရွက်ရပေတော့၏။ ကမ္ဘာပေါ်တွင် ဖက်ဆစ်ဝါဒီတို့၏ လွှမ်းမိုးခြင်း၊ ခြိမ်းချောက်ခြင်းကို ခံကြရကုန်သော နိုင်ငံအသီးသီးရှိ လူထုကြီးများ၏ အင်အားကိုလည်း စုရုံးကြရလေတော့၏။ ဤသို့အားဖြင့် နယ်ချဲ့ဝါဒီ နိုင်ငံကြီးများသည် ကမ္ဘာပေါ်ရှိ ဒီမိုကရက် လူထုအင်အားကို ကြည်ညိုမှု မရှိဘဲလျက် အားကိုးအားထား မဟာမိတ် ပြုကြလေတော့၏။ သို့ လူထု၏ အကူအညီကို ယူကြရာတွင် ကျေးဇူးတင်သော အနေအားဖြင့် အခွင့်အရေး တန်ခိုး အာဏာများ ပိုမို ပေးကြရပြန်၏။ ဤနေရာ၌ အခွင့်အရေး ပေးကြသည်ကို ဗာရာဏသီ ချဲ့၍ ပြောရန်မလိုချေ။
မှတ်သားရမည့်အချက်မှာ နယ်ချဲ့ဝါဒသည် ဖက်ဆစ် ဝါဒကို လူထုအင်အားနှင့် ဖြိုဖျက်ခဲ့၏။ ထိုသို့ ဖြိုဖျက်ရာတွင် မိမိလည်း ယိမ်းယိုင်တော့၏။ လူထုများ၏ ဒီမိုကရက်အင်အားမှာကား ကမ္ဘာပေါ်တွင် တနေ့တခြား ဒီရေအလား တိုးတက် ကြီးမားလာပေတော့၏။ လူထုတို့သည် စစ်ကိုသာ နိုင်အောင် တိုက်ခိုက်သည် မဟုတ်။ ငြိမ်းချမ်းမှု အကျိုးကျေးဇူးများကို ခံစားရန် လုံးပမ်းလျက် ရှိကြပေသည်။ ဤသည်ကား ဒုတိယကမ္ဘာစစ်ကြီး ပြီးသော အချိန်တွင် တွေ့မြင်ရသော အခြေအနေပင်တည်း။
ဖက်ဆစ်ဝါဒီတို့သည် ဤ စစ်ကြီးတွင် ဆုံးရှုံးကြကုန်၏။ သို့သော်လည်း ဖက်ဆစ်ဝါဒသည် အမြစ်တွယ်လျက်ပင် ရှိသေးသောကြောင့် အသက်ရှင်လျက်ပင် ရှိသေး၏။ ဖက်ဆစ်ဝါဒသည် စပိန်ပြည်တွင် ခိုင်မြဲလျက်ပင် ရှိသေး၏။ အခြား အခြားသော နိုင်ငံများတွင်လည်း ဖက်ဆစ်ဝါဒ၏ အရိပ်နိမိတ်များသည် ပေါ်လျက်ပင် ရှိသေး၏။ ဒီမိုကရေစီ စတင်ပေါ်ထွန်းရာ ဗြိတိသျှ နိုင်ငံ၌ပင် ဆာအော်စဝယ်-မိုစလီ ခေါင်းဆောင်လျက်ရှိသော ဖက်ဆစ်ဝါဒသမားများ ရှိသေး၏။ အတိုင်းတိုင်း အပြည်ပြည်တွင် စီးပွားရေး လက်ဝါးကြီးအုပ်သော သူများအဖြစ်ဖြင့် လည်းကောင်း၊ မြောက်မြားစွာသော အသားညို အသားမဲလူမျိုးတို့ကို ဖိနှိပ် ချုပ်ချယ်သူများ အဖြစ်ဖြင့်လည်းကောင်း တွေ့ရပြန်လေသည်။ စင်စစ်မှာ ဖက်ဆစ်ဝါဒ၏ ရေသောက်မြစ်များကို လုံးဝ မသုတ်သင်နိုင်သရွေ့ ကာလပတ်လုံး (ဝါ) ကမ္ဘာပေါ်တွင် အားလုံးသော လူမျိုးတို့သည် လွတ်လပ်စွာ နေထိုင်ပူးပေါင်း ဆက်ဆံခြင်း မပြုနိုင်သရွေ့ ကာလပတ်လုံး ငြိမ်းချမ်းရေးကို တည်မြဲအောင် လုပ်ခြင်းငှာ စွမ်းဆောင်နိုင်ကြမည် မဟုတ်ချေ။
ယခုအခါ၌ နိုင်ငံပေါင်းစုံ ကုလသမဂ္ဂကို တည်ထောင်ပြီးသည်မှာ မှန်၏။ ၄င်း သမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းများမှာလည်း မွန်မြတ်၍ ထောပနာ သြဘာပေးထိုက်ပါပေ၏။ ပဌမ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် တည်ထောင်ခဲ့သော နိုင်ငံပေါင်းစုံ အသင်းကြီး ဆောင်ရွက်နိုင်သည်ထက် ငြိမ်းချမ်းရေးအတွက်ကို ဆောင်ရွက်နိုင်အောင် အလွန်အားကိုး အားထားပြုနိုင်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းပြီးလေပြီ၊ ရှေးအခါကနှင့် မတူ ယခုဖွဲ့စည်းပြီး နိုင်ငံပေါင်းစုံ ကုလသမဂ္ဂတွင် အလွန်အထူး တန်ခိုးအင်အားရှိသော ဆိုဗီယက် ရုရှားနှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံများသည်လည်း ဝင်ရောက် ဆောင်ရွက်လျက် ရှိကြ၏။ ထို့အပြင် တရုပ်ပြည်ကြီးသည်လည်း ခေါင်းဆောင်တဦးအနေနှင့် ပါဝင်ဆောင်ရွက်လျက် ရှိ၏။ စီးပွားရေး၊ ဘဏ္ဍာရေး ပြန်လည် ထူထောင်ရေးများအတွက်၊ ဘရက်တင်ဝု(ဒ်) ခေါ် ကွန်ဖရင့် အစည်းအဝေးကြီး၌ ထူးကဲစွာ စီမံပြီး ဖြစ်လေသည်။ ယခုအခါ၌ ဤမျှသာလျှင် ပြုလုပ်ဆောင်ရွက်နိုင်ပေသည်ဟု ကုလသမဂ္ဂ လိုလားသူတို့က ပြောကြပေလိမ့်မည်။ ကျွန်ုပ်တို့ မှတ်သားသင့်သည်မှာ ဤနိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် စစ်အောင်မြင်သော နိုင်ငံကြီးများ၏ လက်အောက်ခံ နိုင်ငံများရှိ လက်အောက်ခံ လူမျိုးများအတွက် မည်သို့မျှ မစီမံ မဆောင်ရွက်သေးသောကြောင့် ထိုထိုသော နိုင်ငံငယ်များရှိ လူမျိုးများ၏ နိုင်ငံရေး စီးပွားရေး မြော်လင့်ချက်သည် ရှေးကကဲ့သို့ပင် မသေမချာ မရေမရာပင် ရှိပေသေး၏။
ဤကဲ့သို့ ဝေဘန်ရာတွင် ကျွန်ုပ်ကို ယုံကြည်မှု နည်းသည်ဟူ၍ မယူဆစေလိုပါ။ ယခင် ပထမ ကမ္ဘာစစ်ကြီး ပြီးစက ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဗြိတိသျှ ရာဇဝင်ဆရာတဦးက ဤသို့ ထင်မြင်ချက် ပေးဘူးပါ၏။ ‘နိုင်ငံအသီးသီးတို့၏ ခေါင်းဆောင်တို့သည် အဖြစ်အပျက် ကြီးကျယ်သလောက် အလှမ်းကျယ်အောင် မလိုက်နိုင်ကြချေ။ ထိုသူတို့သည် ငြိမ်းချမ်းရေးကို ထူထောင်ကြ၏။ ငြိမ်ချမ်းရေးမှာကား၊ ငြိမ်းချမ်းရေးအစစ် မဟုတ်ချေ။ အမေရိကန် စေတနာရှင်တို့ပင်လျှင် အပြောအားဖြင့် လူမျိုးအသီးသီးတို့သည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ကြ၏ဟု ဆိုခဲ့သော်လည်း လုပ်ငန်းမှာမူ ရက်(ဒ) အင်ဒီယင်း လူမျိုးများ၊ အာဖရိက လူမျိုးများနှင့် ပတ်သက်သောအခါ ဤဝါဒကို ကျူးကျော်သော သူတို့ကို လျစ်လျူရှုခဲ့၏။ အိန္ဒိယနှင့် အီဂျစ်ပြည်တို့တွင် အင်္ဂလိပ်တို့ လွှမ်းမိုး ကြီးစိုးလျက်ရှိကြသည်ကို ကြောင်တောင်ကြည့်နေကြ၏။ လူတို့၏ မူလဓလေ့သည် မရွေ့ မပြောင်းသည်ကို တွေ့ရှိရ၏။ ဥရောပတိုက်မှာပင် ဒီမိုကရေစီ ဝါဒအတွက် စိုးရိမ်စရာ မရှိဟု မဆိုနိုင်သေးချေ။ စစ်အောင်မှုသည် ပပျောက်၍ စိတ်ပျက်ဘွယ်ရာ၊ မနှစ်မြို့ဘွယ်ရာသော အကြောင်းများသည် ပေါ်ပေါက်လျက် ရှိနေပေပြီ’ ဟူ၍ ထင်မြင်ချက် ပေးခဲ့ဘူးလေသည်။
သို့ဖြစ်ရကား၊ ယခုအခါ၌ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြီးလေးသော တာဝန် ဝတ္တရားသည် ဆိုဗီယက် ရုရှား -အမေရိကန် ပြည်ထောင်စုနှင့် တရုပ်ပြည်ကြီးပေါ်တွင် ကျရောက်လျက် ရှိနေပေသည်။ ၄င်းနိုင်ငံကြီးများသည် နိုင်ငံပေါင်းစုံ ကုလသမဂ္ဂကို တည့်တည့်မတ်မတ် ခေါင်းဆောင်လျက် ကမ္ဘာသူ ကမ္ဘာသားတို့ ယုံကြည်သက်ဝင် အားကိုး အားထားရာ ဖြစ်သော ငြိမ်းချမ်းရေးကို ဖန်တီးရပေလိမ့်မည်။ ဆိုဗီယက် ရုရှားတွင် လူမျိုးအသီးသီးတို့သည် အာဇာနည်စိတ်ဓာတ်နှင့် မသွေမဖယ် ရဲရင့်စွာ မိမိတို့နိုင်ငံတွင်းတွင် လူထု ကောင်းစားရေး ဆိုရှယ်လစ်ဇင်း ခေါ် ဝါဒအတိုင်း မဆုတ်မနစ်သော လုံ့လဥဿဟနှင့် လုံးပမ်းကြသည် သာမက၊ ဒုတိယကမ္ဘာစစ်တွင် ဖက်ဆစ်ရန်သူတို့ကို ညီညာဖြဖြ ဝိုင်းဝန်း၍ ခုခံဖျက်ဆီးကြသည်များကို စဉ်းစားမိသောအခါ ကျွန်ုပ်တို့သည် အားမတက်ဘဲ မနေနိုင်တော့ချေ။ ဆိုဗီယက် ရုရှားကို ကျွန်ုပ်တို့သည် ကြည်ညိုမိ၏။ အားထားမိ၏။ မြှော်ကိုးမိ၏။ လက်အောက်ခံနိုင်ငံများ၏ လွတ်လပ်ရေးအတွက် အရပ်ရပ်၌ အထူးသဖြင့် ဆန်ဖရန်စစ်စကို ကွန်ဖရင့်၌ ဆောင်ရွက်မှုများအတွက် ဆိုဗီယက် ရုရှားကို ကိုးစားစရာဟု ထင်မှတ်မိ၏။ ဆိုဗီယက် ရုရှားအတွင်း၌ မည်ကဲ့သို့ လူ၏ချမ်းသာသုခကို မည်ကဲ့သို့ စီမံဖန်တီးလျက်ရှိကြောင်း လူ၏ လွတ်လပ်မှုအတွက် ခုခံကာကွယ်တိုက်ခိုက်လျက် ရှိသည်များကို အမှတ်ရသောအခါ အံ့သြမိ၏။ ထိုနည်းတူစွာ နိုင်ငံကြီးငယ်တို့၏ လွတ်လပ်မှုအတွက် ရှေ့တန်းက မားမားမတ်မတ်ရပ်လျက် ပြောဆို ဆောင်ရွက်နေသော အမေရိကန် တိုင်းပြည်၏ စေတနာကြောင့် အားတက်မိ၏။ သမတ ရုစဘဲ့၏ အတ္တလန်တိတ် ချာတာ ဝေဖန်မှု သမတ ထရူးမင်း၏ နိုင်ငံခြားဝါဒ ၁၂ ချက်တို့ကို ဆင်ခြင်မိ၍ မြှော်ကိုးရာဟု ထင်မိ၏။ ပဌမ ကမ္ဘာစစ်ကြီး၊ ဒုတိယ ကမ္ဘာစစ်ကြီးကို ထားဘိဦး။ အဆက်ဆက်သော အမေရိကန် သမတကြီးများ၏ ပြောဆို ပြုလုပ်ချက်များကို ထောက်သော် ကမ္ဘာ့လွတ်လပ်မှုအတွက် ခေါင်းဆောင် ဒီမိုကရက်နိုင်ငံကြီးဟူ၍ ယူဆမိ၏။ ကျွန်ုပ်တို့ နိုင်ငံတွင် ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့ကိုယ်တိုင် ပြည်သူတို့အကျိုးအတွက် အုပ်ချုပ်သော အစိုးရဟု သမ္မတ လင်ကွန် ပြောဆိုချက်ကို မကြာခဏ ပြောဆိုခဲ့ကြဘူး၏။ ကျွန်ုပ်တို့၏ အိမ်နီးပါးချင်း တရုပ်ပြည်ကြီး၏ ကြီးမားသော တန်ခိုးအင်အားကို ကြည့်ပြီးလျှင် ဂုဏ်ယူမိ၏။ မိမိ၏ ရန်သူကို မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် နှစ်ပေါင်းများစွာ တဦးတည်း နှိမ်နင်း၍ အောင်မြင်မှုကို ရယူသည့်အတွက် တရုပ်ပြည်ကြီးကို ကျွန်ုပ်တို့ ချီးမွမ်း ထောပနာ သြဘာပေးရပေမည်။ ပမာမှာ တရုပ်ပြည်၏ အောင်မြင်မှုသည် အာရှတိုက်၏ လွတ်လပ်မှုသာမက ကမ္ဘာ၏ လွတ်လပ်မှုအတွက် တိုက်ခိုက် အောင်မြင်မှုဟူ၍ ယူဆရပေမည်။ တရုပ်ပြည်ကြီးတွင် ယခုအခါ၌ ညီညွတ်ရေးလမ်းတွင် ဖြောင့်တန်း တည့်မတ်စွာ သွားနေကြပြီ ဟူသော သတင်းကို ကြားသိရ၍ ကျွန်ုပ်တို့ အလွန် ဝမ်းမြောက်ရပေသည်။ သို့အတွက် ဤမည်သော နိုင်ငံကြီး သုံးနိုင်ငံသည် တဦးနှင့်တဦး ငြူစူခြင်း မရှိဘဲ အတူတူ ပေါင်းသင်းဆက်ဆံ၍ ကမ္ဘာပေါ်တွင် မတရားမှုတို့ကို ပပျောက်စေပြီးလျှင် အလင်းရောင် ပေး၍ လွတ်လပ်မှု ခံစားနိုင်သော ခေတ်သစ်ကြီး ထူထောင်နိုင်ကြပါစေ ဟူ၍ မြှော်လင့် အားထားရပေသည်။ ဤနိုင်ငံကြီး သုံးနိုင်ငံသည် နိုင်ငံပေါင်းစုံ ကုလသမဂ္ဂကို ကမ္ဘာ၏ ငြိမ်းချမ်းမှု၊ ကမ္ဘာ၏ လွတ်လပ်မှု ပေါ်ပေါက်တည်မြဲစေအောင် ခေါင်းဆောင်၍ ဤ ကုလသမဂ္ဂသို့ နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၏ ခေါင်းဆောင်အစစ်များကို ဖိတ်ကြားသင့်ကြပေသည်။ စကားအလျဉ်းသင့်၍ ပြောလိုသည်မှာ အရှေ့ဖျား ကော်မရှင်အဖွဲ့၌ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်များကို ဗြိတိသျှ အစိုးရက ရွေးချယ်ခန့်ထားခြင်းကို ကျွန်ုပ်တို့ ကန့်ကွက်ရပေမည်။ နိုင်ငံပေါင်းစုံ ကုလသမဂ္ဂသို့ ကျွန်ုပ်တို့၏ နိုင်ငံခေါင်းဆောင် ကိုယ်စားလှယ်များ အဖြစ်ဖြင့် ကျွန်ုပ်တို့ပင် တက်ရောက်သင့်ကြပေသည်။
နိုင်ငံပေါင်းစုံ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့ လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော အဖွဲ့ကြီး ဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဘွယ် ကောင်းသော အတန်းအစားခွဲခြင်းတို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြပေပြီ။ နိုင်ငံကြီး နိုင်ငံငယ် ဆိုရာ၌ ဘယ်အကြောင်းကို ထောက်၍ ဆုံးဖြတ်မည်နည်း။ အကျယ်အဝန်းကို လိုက်၍ ဆုံးဖြတ်မည်လော။ အကျယ်အဝန်းကို လိုက်၍ ဆုံးဖြတ်ခဲ့ပါမူ၊ အိန္ဒိယပြည်ကို အမြဲတစေ နိုင်ငံကြီးဟူ၍ ယူဆရပေမည်။ သို့ရာတွင် အိန္ဒိယကို နိုင်ငံကြီးဟူ၍ မယူဆဘဲ အိန္ဒိယထက် သေးငယ်သော ဂျပန်နိုင်ငံကို နိုင်ငံကြီးဟူ၍ အသိအမှတ် ပြုခဲ့ကြပေသည်။ လူဦးရေကို လိုက်၍ နိုင်ငံကြီးဟု ဆိုရမည်လော။ သို့ဆိုရမည် ဆိုလျှင် အိန္ဒိယ ပြည်သည် နိုင်ငံကြီး တခုပင်တည်း၊ လူဦးရေ နည်းသော အီတလီနိုင်ငံကို အဘယ်ကြောင့် နိုင်ငံကြီးဟူ၍ ယူခဲ့ပေသနည်း။ စင်စစ်မှာ နိုင်ငံကြီး ဆိုသည်မှာ ခေတ်မှီအောင် ကြီးပွားတိုးတက်သော နိုင်ငံကို ဆိုလိုပေသည်။
ရုရှားနိုင်ငံသည် အနှစ် ၃၀၀ ခန့်မျှ တာတာလူမျိုးတို့၏ လွှမ်းမိုးခြင်းကို ခံရ၍ အောက်ကျနောက်ကျ ဖြစ်ခဲ့ဘူး၏။ သို့သော်လည်း ယခုအခါတွင် နိုင်ငံရေး အမည်နှင့်သာ ကြီးကျယ်သည်မဟုတ်။ ကမ္ဘာပေါ်တွင် ဆိုရှယ်လစ်ဝါဒအတိုင်း စီးပွားရေး ကြီးပွားရေး တိုးတက် ပြန့်ပွားရာ ဖြစ်သည့် တဦးတည်းသော နိုင်ငံ ဖြစ်ပေ၏။ ယခုအခါ၌ ဂရိတ်ဘရစ်တိန် ခေါ် အင်္ဂလိပ်နိုင်ငံသည် ဘယ်ကဲ့သို့သော အခြေအနေသို့ ရောက်ရှိခဲ့သနည်းဟူ၍ မေးဘွယ်ရာ ရှိ၏။ ရှင်းရှင်း ပြောရလျှင် ဗြိတိသျှနိုင်ငံသည် နိုင်ငံကြီး မဟုတ်တော့ချေ။ ဗြိတိသျှ အင်ပါယာတွင် နေဝင်သည် ဟူ၍ မရှိဟု ဆိုရိုးရှိ၏။ ယခုအခါ၌ စုပ်စုပ် နေမဝင်သေးသော်လည်း နေဝင်စ ပြုလေပြီ။ ယခင်အခါက ဗြိတိသျှ အင်ပါယာသည် နိုင်ငံရေး မျက်စေ့၊ စစ်ရေးမျက်စေ့ အမြင်နှင့်သာ ကြီးကျယ်သည်မဟုတ်။ စီးပွားရေး ဘဏ္ဍာရေးတွင်လည်း အင်ပါယာတွင်းသာမက အင်ပါယာ ပြင်ပမှာပင် အမျိုးမျိုး ကြိုးကိုင်လျက် ရှိပေသည်။ ယခုအချိန်၌ ဤသို့မဟုတ်တော့ဘဲ မိမိ၏ လက်အောက်ခံ အိန္ဒိယ၊ အီဂျစ် စသော နိုင်ငံများ၏ ကြွေးမြီများ ရှိသောကြောင့် မြီစားဘဝသို့ နိမ့်လျောခဲ့ ပေပြီ။ ကံ ကံ၏ အကြောင်းတရား- အကျိုးတရားကြောင့်၊ (ဝါ) ဖြစ်ပြန် ပျက်ပြန် လောကဓံတရားကြောင့် ဗြိတိသျှ နိုင်ငံသည် ငွေကြေး အထောက်အပံ့ ရရန်အတွက် အမေရိကန် သမ္မတနိုင်ငံကို မကြာခဏ ချော့မော့၍ နေရပေသည်။ ယခင်က ဗြိတိသျှ နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့သည် စီးပွားရေး ဘဏ္ဍာရေးတွင် ဂုဏ်တု ဂုဏ်ပြိုင် ပြုသော်လည်း ယခုအခါ၌ ဗြိတိသျှ နိုင်ငံသည် အမေရိကန်နိုင်ငံအား လိမ္မာရေးခြား မျက်နှာချိုသွေး၍ ကြေးငွေများ ချေးငှါးပါမည့်အကြောင်း တောင်းပန် ခယလျက် ရှိပေ၏။ အမြင်အားဖြင့် ဗြိတိသျှ အင်ပါယာသည် တည်ရှိလျက်ပင်။ သို့သော်ငြားလည်း အင်ပါယာအတွင်းရှိ လက်အောက်ခံနိုင်ငံများသည် အင်အား ဖြစ်ရာသော အကြောင်းများ မဟုတ်။ အားယုတ်ရာသော အကြောင်းများ ဖြစ်ချေသည်။ ဗြိတိသျှ နိုင်ငံသည် ဤလက်အောက်ခံ နိုင်ငံများကို ပိုနေမြဲ - ကျားနေမြဲအတိုင်း တည်တံ့အောင် ထားခြင်းငှါ စွမ်းအား မရှိချေ။ ဗြိတိသျှ နယ်ချဲ့ဝါဒီသမားတို့သည် ရာဇဝင်သဘောကို နားလည်ပြီးလျှင် ခေတ်မီသော အတွေးအခေါ်နှင့် ဤလက်အောက်ခံ နိုင်ငံများကို လွတ်လပ်ရေး အစစ်ပေးကာ မိမိပါ တဦးနှင့်တဦး၊ အားလုံး စိတ်ရော ကိုယ်ပါ ပူးပေါင်း၍ အတ္တဟိတ ပရဟိတ အကျိုး နှစ်မျိုးအတွက် ဆောင်ရွက်မည်လော။ သို့တည်းမဟုတ်၊ ရှေးရှေးသော အင်ပါယာတို့၏ သွားလေရာ လမ်းသို့ ကောက်ကောက်ပါအောင် လိုက်ပြီးလျှင် ယိုယွင်းပျက်စီး တွင်းဆုံးကျသော ဘဝသို့ ရောက်မည်လော ဟူသော ပြဿနာကို ဗြိတိသျှနိုင်ငံက ပင်လျှင် ဆောလျင်စွာ ဆုံးဖြတ် ဖြေရှင်းရပေလိမ့်မည်။
ဤ ဒုတိယ ကမ္ဘာစစ်ကြီး၏ ထူးခြားသော အချက်မှာ နယ်ချဲ့ဝါဒ၏ အသက်ငင်ခြင်းပင် ဖြစ်၏။ အထူးသဖြင့် နယ်ချဲ့ဝါဒသည် အာရှတိုက်တွင် အသက်ထွက်လုနီးပေပြီ။ အာရှတိုက်သည် ယခင်ခေတ်ကနှင့် မတူ၊ အမူကွဲပြား အင်အား တိုးတက်၍ ကမ္ဘာ့နိုင်ငံရေး နယ်အတွင်းသို့ ထယ်ထယ်ဝါဝါ ချင်းနင်း ဝင်ရောက်လျက် ရှိပေပြီ။ နိုင်ငံပေါင်းစုံ အဖွဲ့ကြီးများ၌ အာရှတိုက် နိုင်ငံများကို လျစ်လျူရှု၍၊ မထည့်ဘဲ မနေနိုင်တော့ချေ။ အာရှ အသံသည် တဖြည်းဖြည်း ကျယ်လာခဲ့ပေသည်။ အင်ဒိုနီးရှားတွင်၄င်း၊ အင်ဒိုချိုင်းနားတွင်၄င်း ၊ဗမာပြည်တွင်၄င်း၊ အိန္ဒိယတွင်၄င်း အာရှအသံကို တွေ့လျက် ရှိကြပေပြီ။ အထူးသဖြင့် တရုပ်ပြည်တွင် အာရှအင်အားသည် တိုးတက်လျက် ရှိ၏။ အာရှ ညီညွတ်မှုနှင့် အာရှအင်အားကို ကမ္ဘာက အသိအမှတ်ပြုရပေမည်။ ကျွန်ုပ်တို့ အာရှတိုက်သားများကို အစဉ်ထာဝရ နှိမ်နင်း၍ သွေးခွဲခြင်း မပြုနိုင်ချေ။
ကျွန်ုပ်တို့သည် စုပေါင်း၍ အာရှခေတ်သစ်ကို ထူထောင်ကြရမည်။ ဤ အာရှခေတ်သစ်မှာ ဂျပန်၏ အရှေ့အာရှ သာတူညီမျှ စီးပွားရေး စနစ်နှင့် တည်ထောင်သည့် အမည်မျှသာ ဖြစ်သော ခေတ်သစ်ကဲ့သို့ မဟုတ်ချေ။ နိုင်ငံတဦးက နိုင်ငံတဦးအပေါ်တွင် ‘လိုက်နာရမည်’ ဟူသော စံနစ်နှင့် ခေတ်သစ်ထူထောင်ခြင်း မဟုတ်ချေ။ အာရှတိုက်သူတိုက်သားတို့၏ ညီညွတ်စွာ ပူးပေါင်း၍ အာရှလူမျိုးများ၏ လွတ်လပ်မှု၊ လုံခြုံမှု၊ တိုးတက်မှုကို အစပြု၍ ကမ္ဘာ၏ လွတ်လပ်မှု၊ လုံခြုံမှု၊ တိုးတက်မှုကို စီမံ ဖန်တီးနိုင်အောင် ထူထောင်သော ခေတ်သစ်ကြီး ဖြစ်၏။ ဤသို့ ခေတ်သစ် တည်ထောင်ရာ၌ ပထမဦးဆုံး အာရှတိုက်နိုင်ငံ အသီးသီးတို့သည် မိမိတို့၏ လက်ငင်း ပြဿနာများကို ဖြေရှင်းနိုင်အောင် လုံးပမ်း၍ တဖြည်းဖြည်း တစတစနှင့် အာရှတိုက် ပြောင်းလဲ တိုးတက်မှု၊ ကမ္ဘာတခုလုံး၏ ပြောင်းလဲ တိုးတက်မှုအတွက် ဆောင်ရွက်ကြရပေလိမ့်မည်။ သို့ဖြစ်ရကား ကျွန်ုပ်တို့ အာရှတိုက်တွင်သာမက အာရှတိုက် အပြင်၌ မှီတင်း နေထိုင်ကြသော ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေရသည့် လက်အောက်ခံ လူမျိုးများသည် လွတ်လပ်သော နိုင်ငံများရှိ စေတနာကောင်း ရှိသူများနှင့်အတူ ပူးပေါင်း ဆက်ဆံပြီးလျှင် ကျွန်ုပ်တို့၏ လက်ငင်းပြဿနာများကို ဖြေရှင်းရပေလိမ့်မည်။ ထိရောက်စွာ ပူးပေါင်း ဆက်ဆံခြင်း မပြုနိုင်လျှင် တဦးနှင့် တဦး ရင်းနှီးစွာ ဆက်ဆံ၍ အကြံဥာဏ် တောင်းယူသင့်ကြပေတော့သည်။ ဤထင်မြင်ချက်များကို အာရှတိုက်ရှိ လူမျိုးပေါင်းစုံတို့ သိစိမ့်သောငှါ ဖော်ပြရပေသည်။
အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနား မျိုးချစ်တိုင်းရင်းသားတို့သည် အမျိုးမျိုးသော အခက်အခဲများကို ကျော်နင်း၍ မိမိတို့ လွတ်လပ်ခြင်းအတွက် အားထုတ် လုံးပမ်းမှုများကို ပြုလျက် ရှိကြသောကြောင့် ကျွန်ုပ်တို့၏ လူမျိုးကိုယ်စား ကောင်းချီးသြဘာ ပြုလိုက်ပါသည်။ တောတောင်ရေမြေ ခြားနေသော်လည်း ကျွန်ုပ်တို့သည် ထိုအာဇာနည် လူမျိုးများ၏ လွတ်လပ်မှုလုပ်ငန်းကို ကျွန်ုပ်တို့၏ လွတ်လပ်မှု လုပ်ငန်းတည်း ဟူ၍ သဘောထားပါသည်။ အကြောင်းမှာ ကျွနိုပ်တို့သည်လည်း ထိုလူမျိုးများကဲ့သို့ပင် လွတ်လပ်ရေးအတွက် လုံးပမ်းလျက် ရှိကြရပေသောကြောင့်တည်း။ ထိုလူမျိုးများသည် မိမိတို့၏ လွတ်လပ်ရေးကို ပြန်လည် ရယူရန် အဓိဌာန်ပြုထားသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မသွေမစောင်း အဓိဌာန် လမ်းကောင်းအတိုင်း သောင်းသောင်းဖြဖြ သွားကြမည်။
အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနားရှိ အာဇာနည် လူမျိုးများတို့… ကျွန်ုပ်တို့ အသီးသီး လွတ်လပ်မှုအတွက် ကျွန်ုပ်တို့သည် ယခုအခါ၌ ရင်ဘောင်တန်း အားမထုတ်နိုင်သေးသော်လည်း မကြာမီ ကျွန်ုပ်တို့သည် သင်တို့နှင့် ပူးပေါင်းဆောင်ရွက်မည်။ သင်တို့ ကြိူးပမ်းမှုကို ဆက်လက် ဆောင်ရွက်ကြလော့။ သင်တို့သည် အောင်ခြင်း မင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေဟု ဆုတောင်းလိုက်ပါ၏။ မကြာမြင့်မီ သင်တို့၏ လိုအင်ဆန္ဒ တလုံးတဝတည်း ပြည့်စုံပါစေဟူ၍ ထပ်လောင်း၍ ဆုတောင်းလိုက်ပါသည်။ တရုပ်ပြည်ကြီး၏ အကျိုးအတွက်၄င်း၊ အာရှ၏ အကျိုးအတွက်၄င်း၊ ကမ္ဘာ၏ အကျိုးအတွက်၄င်း မြဲမြံစွာ ညီညွတ်ကြပါဟူ၍ တရုပ်ပြည်ကြီးရှိ ပေါက်ဖော်များ၊ မာရှယ် ချန်ကေရှိတ်၊ မော်စီဒုန်း၊ ဂျင်နရယ် ချူတေးနှင့် အခြားအခြားသော ခေါင်းဆောင်ကြီးများအား ကျွန်ုပ် တိုက်တွန်းလိုပါသည်။ တရုပ်ပြည်ကြီး၏ ရာဇဝင်အရ ဆက်ခံခဲ့ကြသော ကြီးလေးသော တာဝန် ဝတ္တရားများကို သတိရကြပြီးလျှင် တရုပ်ပြည်ကြီးအတွက်၄င်း၊ အာရှတိုက်အတွက်၄င်း ကမ္ဘာ့အတွက်၄င်း၊ ကျေပြွန်စွာ ဆောင်ရွက်နိုင်ကြပါစေသတည်းဟု နှိုးဆော်လိုပါသည်။ ဤသို့နှိုးဆော် တိုက်တွန်းရသည်မှာ အိမ်နီးချင်း ငြိမ်းချမ်းမှု၊ ကျွန်ုပ်တို့ နိုင်ငံ ငြိမ်းချမ်းမှု၊ အာရှ ငြိမ်းချမ်းမှု၊ ကမ္ဘာ့ငြိမ်းချမ်းမှုကို လိုလားသောကြောင့် ကောင်းမြတ်သော စေတနာရှေ့ထား၍ မင်္ဂလာစကား ပြောကြားခြင်း ဖြစ်ပေသည်။
ထိုနည်းတူစွာ အိန္ဒိယ တိုင်းသားများ၏ လွတ်လပ်စွာ ချမ်းသာ သုခကို ခံစားနိုင်စရာ အိန္ဒိယ တိုင်းရင်းသားများနှင့်တကွ မိမိတို့၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြကုန်သော မဟတ္တမဂန္ဒီ၊ မစ္စတာဂျင်းနား၊ ပန်ဒစ်ဂျဝါ ဟာလာနေရူး၊ မစ္စတာ အိုက်ဇတ် စသည်တို့ကို ညီညွတ်စွာ မိမိတို့၏ မျှော်မှန်းရာ ပန်းတိုင်းသို့ တက်လှမ်းနိုင်ကြပါစေဟု နှိုးဆော် တိုက်တွန်းရပေမည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ လာရောက် နေထိုင်ကြကုန်သော အိန္ဒိယတိုင်းရင်းသားများ၊ ပေါက်ဖော် တရုပ်များနှင့် ပတ်သက်၍ အနည်းငယ် ပြောလိုသည်။ ကျွန်ုပ်တို့သည် ထိုလူမျိုးတို့ အပေါ်၌သော်၄င်း၊ ကမ္ဘာပေါ်ရှိ အခြားအခြားသော လူမျိုးတို့အပေါ်၌၄င်း၊ ဣဿာ မစ္ဆရိယ ဗျာပါဒ အာဃာတ တရား သဘောထားများ မရှိချေ။ နိုင်ငံခြားသားတို့သည် ကျွန်ုပ်တို့ တိုင်းရင်းသားများနှင့် ဆိုးတူကောင်းဘက်၊ အေးအတူ ပူအမျှ နေထိုင်လိုကြလျှင် ကျွန်ုပ်တို့သည် ညီရင်းအစ်ကိုကဲ့သို့ သဘောထား၍ ကြည်ဖြူစွာ လက်ခံမည်။ နိုင်ငံခြားသားများသည် ကျွန်ုပ်တို့ကို မိတ်ဆွေအိမ်နီးချင်း သဘောထားနှင့် ကူညီယိုင်းပင်းရန် ဆန္ဒရှိပါက ကျွန်ုပ်တို့ကလည်း ကတီညုတ ကတဝေဒီ တရားကို ရိုသေစွာ စောင့်ရှောက်မည်။
ကုလား တရုပ် စသော နိုင်ငံခြားသားများကို သတိပေးလိုသည်မှာ ကျွန်ုပ်တို့၏ နိုင်ငံတွင်းရေး၌ သူတထူးက စစ်တုရင်အရုပ်လုပ်၍ ကစားခြင်းကို မခံကြရအောင် သတိထားဘို့ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောသူတို့သည် ယခုအခါ၌ ကုလား၊ တရုပ် စသော နိုင်ငံခြားသားများနှင့် ကျွန်ုပ်တို့ တိုင်းရင်းသားများကို ကတုံးကတိုက် လုပ်ကောင်း လုပ်ပေလိမ့်မည်။ ကုလား၊ တရုပ် နိုင်ငံခြားသားများကို ၎င်းတို့သည် မမှန်သော ကတိ၊ မမှန်သော ကမ်းလှမ်းခြင်း အမှုများကို ပြုပေလိမ့်မည်။ သို့အတွက် ၎င်းတို့၏ အလှည့်အပတ်ကို မခံရအောင် သတိထားသင့်ကြပေသည်။ ရှင်းရှင်းပြောရမည် ဆိုလျှင် ကုလား၊ တရုပ် စသော နိုင်ငံခြားသားတို့သည် ကျွန်ုပ်တို့ တိုင်းရင်းသားများ၏ မိတ်ဆွေများအဖြစ်ဖြင့် နေထိုင်ကြမည်လော၊ သို့တည်းမဟုတ် ရန်သူများအဖြစ်ဖြင့် နေထိုင်ကြမည်လော ဟူ၍ ဆုံးဖြတ်ရန် လိုပေသည်။ တချိန်တည်းတွင် မိတ်ဆွေနှင့် ရန်သူ နှစ်မျိုး ဟူ၍ မဖြစ်နိုင်။
ဥရောပတိုက်သားများအား ပြောလိုသည်မှာ ကျွန်ုပ်တို့သည် ယခုထက်ထိပင် သင်တို့အား မိတ်ဆွေ အနေနှင့် လက်လှမ်းလျက်ပင် ရှိကြသည်။ သို့ရာတွင် ရှေးကကဲ့သို့ သခင်နှင့် ကျွန်သဘော မဟုတ်ဘဲ တန်းတူသဘောနှင့် ပေါင်းသင်း ဆက်ဆံမှသာလျှင် ၎င်းတို့နှင့် ကျွန်ုပ်တို့ မိတ်ဆွေများ ဖြစ်နိုင်ကြပေလိမ့်မည်။
ယခု ကျွန်ုပ်တို့၏ ပြည်တွင်းနိုင်ငံရေးကို စီစစ်ကြပါစို့။ နိုင်ငံတွင်းရေးကို မစီစစ်မီ ကမ္ဘာတခုလုံးကို ခြုံ၍ ဝေဘန်ရသည့် အကြောင်းမှာ ကမ္ဘာ့အရေးနှင့် ဗမာ့အရေး မည်မျှလောက် ရှက်စပ်နေသည်ကို ကျွန်ုပ်တို့ လွန်ခဲ့သော ၃-၄ နှစ် အတွင်း တွေ့ကြုံခဲ့ကြသည့်အတိုင်း ကမ္ဘာ့အရေးကို ပဌမ ရှင်းလင်း၍ ပြခဲ့ရပေသည်။ ဤအချိန် ဤအခါ၌ ကမ္ဘာပေါ်တွင် လုံးဝ လွတ်လပ်သော အချုပ်အချာ အာဏာပိုင် သဘောရှိသော နိုင်ငံဟူ၍ ကမ္ဘာအရပ်ရပ်တွင် မရှိတော့ချေ။ ကျွန်ုပ်တို့ကဲ့သို့ နယ်ချဲ့ဝါဒီ နိုင်ငံကြီးတို့ လက်အောက်တွင် ရောက်နေသော ကျွန်သဘောက် နိုင်ငံကလေးကို မဆိုထားဘိ၊ လွတ်လပ်သော နိုင်ငံ ကြီးငယ် အသွယ်သွယ်တို့သည်လည်း အထီးတည်း လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ နေခြင်းငှါ မစွမ်းတော့ချေ။ ၁၉၄၀ ခုနှစ်တွင် ပြင်သစ်ပြည်ကြီး ပျက်စီးရပုံကို ထောက်ရှုသော် နိုင်ငံကြီးများသည် နိုင်ငံကလေးများနှင့် မခြား ကျုးကျော် ဝင်ရောက်ခြင်းဘေးမှ မကင်းနိုင်ချေ။ သို့ဖြစ်ရကား၊ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လုံခြုံရေးကို ယိုးမယ်ဖွဲ့၍ လွတ်လပ်ရေး မပေးလို မယူလိုကြသော အကြောင်းပြချက်များသည် အနည်းငယ်မျှပင် ခိုင်လုံသည်ဟု မဆိုနိုင်ချေ။ စင်စစ်မှာ ကျွန်ုပ်တို့ နိုင်ငံ လွတ်လပ်ခဲ့ပါမူ ကျွန်ုပ်တို့မှာလည်း မဟာမိတ်များ ရှိပေလိမ့်မည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ မဟာမိတ်များနှင့် ပူးပေါင်း ဆက်ဆံ၍ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့ အသီးသီးတို့၏ လုံခြုံမှု စီးပွားရေး၊ ကြီးပွားရေး စသည်တို့အတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်စိမ့်သောငှါ ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြ၏။ ရယူလိုကြ၏။ သိမ်းပိုက်ထားလိုကြ၏။ ကမ္ဘာပေါ်တွင် နိုင်ငံကြီးငယ်တို့ ဆက်သွယ် မှီခို အားထားရမည် ဆိုသော အချက်နှင့် မြန်မာပြည် လုံးဝ လွတ်လပ်ရေး ဆိုသော အချက်နှစ်ခုကို အဘယ်ကဲ့သို့ စပ်ဟပ်မည်နည်းဟု မေးဘွယ်ရာ ရှိပေသည်။ ထီးတည်း ကျံကျံ ရှိသော နိုင်ငံတဦးအနေနှင့် နေရခြင်းထက် ပြည်ထောင်စု တခုတွင် ပါဝင် ပူးပေါင်းနေရသော နိုင်ငံအဖြစ်က သာ၍ပင် မကောင်းဘူးလား ဟုလည်း မေးနိုင်ပါ၏။ ဤစကားသည် မှန်၏ဟု ဖြေရပေမည်။ သို့သော်လည်း ပြည်ထောင်စုတခု ဖွဲ့ရာတွင် တဦးသောနိုင်ငံက တဦးသောနိုင်ငံကို ပါဝင် ပူပေါင်းခြင်း ပြုရမည်ဟု အတင်း မပြုလုပ်ဘဲလျက် နိုင်ငံအသီးသီးတို့သည် မိမိတို့ သဘောအလျောက် လွတ်လပ်စွာ ပါဝင် ပူးပေါင်းခြင်းသာ ဖြစ်စေရမည်။ ဥပမာ အားဖြင့် ယခင်အခါက ဆိုဗီယက် ရုရှား၏ အင်အားကို ကြောက်ရွံ့မှုကြောင့် ဗြိတိသျှ နန်းရင်းဝန်ဟောင်း မစ္စတာ ချာချီ အကြံပေးသော ဥရောပတိုက် ပြည်ထောင်စုမျိုးသည် လွတ်လပ်စွာ ပါဝင် ပူးပေါင်းနိုင်သော ပြည်ထောင်စု မဟုတ်ချေ။
ပြင်သစ် အင်ဒိုချိုင်းနား ခေါ် ပြည်နယ်များ၊ ယိုးဒယားပြည်၊ မာလာယုပြည်နယ်များ၊ အင်ဒိုနီးရှား ပြည်နယ်များနှင့် ကျွန်ုပ်တို့ မြန်မာပြည် တို့ကို မကြာမြင့်မီ ပူးပေါင်း၍ ‘အင်ဒိုချိုင်းနား ပြည်ထောင်စု’ ဟူသော အမည်နာမဖြင့် ပြည်ထောင်စုတခု တည်ထောင်ရန် လိုကောင်း လိုလာပေလိမ့်မည်။ ဤကဲ့သို့ ပြောဆိုရာ၌ လေထဲ တိုက်အိမ်ဆောက်ခြင်း သဘောမျိုးနှင့် ပြောသည်မဟုတ်။ ထိုတိုင်းပြည်များသည် ဘာသာရေး၊ လူမျိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကြီးပွားရေး အဖက်ဖက်တွင် ရာဇဝင်သဘောအရ အလွန်နီးကပ် ဆင်တူသော တိုင်းပြည် နိုင်ငံများ ဖြစ်ကြရာ ၎င်းတို့သည် ပြည်ထောင်စုတခု ဖြစ်လာနိုင်ပေသည်။
သို့အတွက် မိမိ၏ အမျိုးသား ကိစ္စကိုသာမက၊ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့် တနိုင်ငံ နည်းလမ်းတကျ ပူးပေါင်း ဆက်ဆံကြခြင်းကိုလည်း ကျွန်ုပ်တို့ သတိမူရပေလိမ့်မည်။ ထိုသို့ ပူးပေါင်း ဆက်ဆံ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့ အသီးသီးတို့၏ အကျိုးယုတ်ဘို့ဝေးစွ၊ အမျိုးမျိုးသော အကျိုးထူးများ ခံစားရန်ပင် ရှိသည်ဟု ဆိုလိုပေသည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ပါလျှင် အလွန်မြင့်မြတ်သော ဝံသာနု ရက္ခိတ မိမိ၏ အမျိုးကို မိမိစောင့်သည့်တရားနှင့် ကမ္ဘာသူ ကမ္ဘာသားတို့နှင့် အကျိုးရှိအောင် နည်းလမ်းတကျ ဆက်သွယ် ပေါင်းသင်းရာလည်း ရောက်ပေသည်။ သို့မှသာလျှင် ကမ္ဘာတဝှမ်းလုံးတွင် ငြိမ်းချမ်းမှု လွတ်လပ်မှု ကြီးပွားမှု ရှိနိုင်ပေလိမ့်မည်။ ယခု လောကဓာတ်ဆရာကြီးတို့ တွေ့ရှိပြီး ဖြစ်သော အနုမြူဓာတ်အားကို ကမ္ဘာသူ ကမ္ဘာသားတို့ ချမ်းသာသုခ ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ ထို အချိန်အခါသို့ ရောက်လျှင် လူတို့သည် အနာရောဂါ ကင်းရှင်း၍ အသက်ရှည်ပြီးလျှင် လူ့စည်းစိမ်၊ လူ့ချမ်းသာကို ပျော်ပိုက် ချမ်းမြေ့စွာ ခံစားနိုင်ကြပေလိမ့်မည်။ ကမ္ဘာအရပ်ရပ်သည်လည်း တရပ်နှင့် တရပ် အိမ်ဦးနှင့် ကြမ်းပြင် ချစ်ခင်စွာ ပူးပေါင်းဆက်ဆံနိုင်သော အိမ်နီးချင်းများ ဖြစ်လာကြပေလိမ့်မည်။ ထိုအချိန်အခါ၌ ကမ္ဘာသူ ကမ္ဘာသားတို့သည် ကမ္ဘာဦးကကဲ့သို့ ကမ္ဘာ့အိမ်ထောင်စု တခုတည်း အနေဖြင့် အေးချမ်း လွတ်လပ်စွာ နေထိုင်နိုင်ကြပေလိမ့်မည်။ ဤသို့ ယူဆပြောဆိုချက်သည် အလွန် မြင့်မြတ်ပါပေသည်။ သို့သော်လည်း အကယ်စင်စစ် မဖြစ်နိုင်ဟု အချို့သော သူတို့က စောဒက တက်ကြပေလိမ့်မည်။ ကမ္ဘာ့ရာဇဝင်အလာ တိုးတက်မှု အဖြာဖြာကို ကြည့်ရှုလျှင် တဖြည်းဖြည်း ပူးပေါင်း ဆောင်ရွက်မှုကိုသာ အားပေးနေသည်ကို သတိပြုမိပါလျှင် ဤပြဿနာသည် မည်မျှလောက်ပင် ကြီးစေကာမူ မျက်မြင်ကိုယ်တွေ့ အဖြစ်သို့ မရောက်နိုင် ဟူ၍ မဆိုနိုင်ချေ။ ယခုအချိန်အခါ၌ တကမ္ဘာလုံး ဤအခြေအနေသို့ မရောက်နိုင်သေးသည်မှာ မှန်၏။ သို့ရာတွင် နီးစပ်ရာ နီးစပ်ရာ နိုင်ငံများ၊ လူမျိုးများ ပူးပေါင်းလိုကြသော ရည်ရွယ်ချက် စီမံချက်များကို ကျွန်ုပ်တို့ အမြဲတစေ ကြားသိနေရချေပြီ။ ဤသို့ ပူးပေါင်းဆောင်ရွက်နိုင်အောင် လောကဓာတ်ပညာ အဖြာဖြာတို့က အားပေးလျက် ရှိလေသည်။ သို့ရာတွင် လူတို့၏ စိတ်ထားသည် လောကဓာတ်ပညာ တိုးတက်သလောက် မမြင့်မြတ်သေးသောကြောင့် အဆင်ပြေအောင် မဆောင်ရွက်နိုင်ကြသေးရကား အထင်မှား အမြင်မှား စစ်ပွဲကြီးများပင် ဖြစ်ပွားလျက် ရှိသေး၏။ တနေ့သောအခါ အဇ္စျတ္တသဏ္ဍာန် မြင့်မြတ်မှုနှင့် ဗဟိဒ္ဓသဏ္ဍာန် တိုးတက်မှုတို့ ကိုက်ညီသောအခါ ကျွန်ုပ်တို့ မျှော်မှန်းရာ ဖြစ်သော ကမ္ဘာ့အိမ်ထောင်စု ဖြစ်လာမည်မှာ မလွဲဧကန်ဟု ဆိုရပေမည်။
သို့ဖြစ်ငြားသော်လည်း ဤမျှော်မှန်းရာသို့ မရောက်နိုင်မီ တနိုင်ငံနှင့် တနိုင်ငံ၊ လူမျိုးတမျိုးနှင့်တမျိုး သင့်တင့်နီးစပ်ရာ ပေါင်းသင်း ဆက်ဆံရပေလိမ့်မည်။ ဘယ်သူသေသေ-ငတေမာ ပြီးရော ဆိုသော သဘောမျိုးနှင့် ပြုလုပ်နိုင်သော အမျိုးသား ကိစ္စဟူ၍ မရှိနိုင်တော့ချေ။
ရာဇဝင်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ရှုမူ အမျိုး ဘာသာ သာသနာတို့သည် တည်တံ့၍ မနေ၊ ရောနှော ပြန့်နှံ့လျက် ရှိလေသည်။ ဘယ်နိုင်ငံတွင်မှ လူမျိုး တမျိုးတည်း မရှိချေ။ လူမျိုး တမျိုးတွင်လည်း အမျိုးမျိုးသော ဘာသာတရားတို့ကို အားထား ယုံကြည်မှု ရှိကြပြန်လေသည်။ ဥပမာ အားဖြင့် အမေရိကန်နှင့် ဗြိတိသျှ တို့သည် ဘာသာစကား တူ၏။ လူမျိုးတမျိုးတည်း မဟုတ်ချေ။ ဆိုဗီယက် ရုရှားမှာမူကား လူမျိုးချင်း တူ၏။ ဘာသာစကားချင်း မတူကြချေ။ သို့ဖြစ်ရကား လူမျိုးဆိုသည်မှာ သုခ ဒုက္ခ အတူ ခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်း ထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်း ပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည် ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူ ဆိုးဘက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနု ရက္ခိတ တရားသည် တည်နေပေ၏။
ယခုခေတ်တွင် လူမျိုးတမျိုးနှင့်တမျိုး ရင်းနှီးစွာ ဆက်သွယ်မှုကြောင့် အတိုင်းတိုင်း အပြည်ပြည်တွင် နိုင်ငံခြားသားတို့သည် မိမိတို့ရောက်ရှိနေထိုင်သော နိုင်ငံများတွင် အမျိုးသား လုပ်လိုသော ဆန္ဒရှိပါက လုပ်နိုင်သော အခွင့်အရေးကို ပေးထားပေသည်။ ရှေးအခါ၌ လူမျိုးရေးတရားကြောင့် တမျိုးနှင့် တမျိုး ကွဲပြား ခြားနားခဲ့ကြပေသည်။ ယခုအခါ၌ လူမျိုးရေး တရားသစ်ကြောင့် တမျိုးနှင့် တမျိုး ရင်းနှီး စုရုံးကြပြန်ပေသည်။ ဤသည်ကို ထောက်ခြင်းအားဖြင့် အမျိုးသား အရေးကိစ္စ၏ အဓိပ္ပာယ်သည် ခေတ်အားလျော်စွာ ပြုပြင်ပြောင်းလဲလျက် ရှိနေသည်ကို သိရှိသင့်ကြပေသည်။ တနည်းအားဖြင့် ကြည့်ပြန်မူ၊ မိမိ အမျိုးကို သာ တဖက်သတ် စိတ်ထားနှင့် ကြီးပွားစေလိုသော ဆန္ဒ ရှိ၍ ဖက်ဆစ်ဝါဒကြောင့် ဂျာမန်လူမျိုးတို့ ပျက်စီးရပုံကို မြင်ကြရပြန်၏။ ဂျာမနီပြည်တွင် ဂျာမန်တို့၏ ပြင်းပြသော မျိုးချစ်စိတ်ကို လမ်းကောင်းသို့ မပို့ဘဲ လမ်းမှားသို့ ပို့သော ဖက်ဆစ်ဝါဒီ လူစုကြောင့် အတိဒုက္ခ ရောက်ကြရပေပြီ။ သို့အတွက် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝံသာနုစိတ်ကို အလွဲသုံးစား မပြုဘဲလျက် (ဝါ) မျိုးချစ်စိတ်ကို အတိဒုက္ခ ရောက်အောင် အသုံးမပြုဘဲလျက် အမြင်ကျယ်ကျယ်နှင့် သဘောကြီးစွာ ဆောင်ရွက်သင့်ကြပေသည်။
ကျွန်ုပ်တို့၏ အမျိုးသား အရေးကို ကမ္ဘာ့အမြင် အာရှအမြင်နှင့် ကြည့်ရှုခဲ့ပြီးလေပြီ။ ကျွန်ုပ်တို့၏ အမျိုးသား လုပ်ငန်းများကို မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း။ အရေးကြီးသော လုပ်ငန်းမှာ အမျိုးသား လွတ်လပ်ရေးကို ပြန်လည် ရယူမှုအတွက် လုံးပမ်းရန် ဖြစ်ပေသည်။ မည်ကဲ့သို့ လုံးပမ်းကြမည်နည်း။
ယခုအချိန်အခါ၌ အသီးသီးသော နယ်ချဲ့ နိုင်ငံကြီးများသည် အထူသဖြင့် ဗြိတိသျှ နယ်ချဲ့နိုင်ငံသည် အင်အား ဆုတ်ယုတ်ခဲ့လေပြီ။ အာရှတိုက်မှာကား အင်အား ပြည့်ဖြိုးလာလေပြီ။ ဗြိတိသျှ နိုင်ငံသည် နိုင်ငံခြားရေးရာ ကိစ္စအဖြာဖြာတွင် အမေရိကန်၏ အကူအညီကို တောင်းယူလျက် ရှိနေပေသည်။ အမေရိကန် ပြည်ထောင်စုသည် ဗြိတိသျှ နိုင်ငံကို ကူညီယိုင်းပင်းခဲ့သော်လည်း စင်စစ်မှာ ကမ္ဘာအရပ်ရပ်တွင် တန်ခိုးလုရန် အမျိုးမျိုး အဖုံဖုံ ဤနိုင်ငံနှစ်ခုသည် စီမံဆောင်ရွက်လျက် ရှိကြသည်ကို တွေ့ရှိရပေသည်။ ဗြိတိသျှ နယ်ချဲ့သမားတို့သည် မိမိတို့ အကျိုးကို ကြည့်၍ စီးပွားရေး၊ ဘဏ္ဍာရေး နယ်များတွင် ရှေ့သွား လုပ်နိုင်ရန် စိုင်းပြင်းလျက် ရှိကြပေသည်။ ဤသို့ စိုင်းပြင်းမှုကို အမေရိကန်ပြည်ထောင်စုက ငွေချေးခြင်းနှင့် ပတ်သတ်၍ ဗြိတိသျှ ပါလီမန်တွင် ဆွေးနွေးစဉ်က တကြိမ်၊ ဘရက်တင်ဝု(ဒ်) ငွေကြေးစာချုပ် ချုပ်ဆိုစဉ်က တကြိမ် တွေ့မြင်ရလေသည်။ ဗြိတိသျှ နိုင်ငံသည် မိမိတို့၏ စီးပွားရေး၊ ဘဏ္ဍာရေး ခိုင်လုံရန် အတွက် လုံးပမ်းကြသည်ကို ကျွန်ုပ်တို့ အပြစ်ဆိုစရာ မရှိပေ။ ကျွန်ုပ်တို့ အပြစ်ဆိုရန် အချက်မှာ နိုင်ငံချင်း တခုနှင့်တခု ပေါင်း၍ အသီးသီး ဘဏ္ဍာရေး ချောင်လည် စီးပွားရေး တိုးတက်စေလိုသော ဆန္ဒ မရှိဘဲလျက် တကိုယ်ကောင်း ကြံသော စီးပွားရေး ဘဏ္ဍာရေး နယ်ချဲ့လိုသော စိတ်ဖြင့် ပြုလိုသော ဗြိတိသျှ နယ်ချဲ့ဝါဒသမားတို့၏ အပြုအမူများကိုသာ ရှုတ်ချလိုခြင်း ဖြစ်ပေသည်။ ဗြိတိသျှ နိုင်ငံတွင် ဆိုရှယ်လစ် ဝါဒီ အမည်ခံသော အချို့သော သူတို့ပင်လျှင် ခေတ်မှီအောင် မတွေးမမြင်နိုင်ဘဲ သမရိုးကျ ကျဉ်းမြောင်းသော စိတ်ဆန္ဒဟောင်း စိတ်ဆန္ဒဆွေးများဖြင့် ဆောင်ရွက်လျက်ပင် ရှိကြသေး၏။
အတိုချုပ်မှာ နယ်ချဲ့ဝါဒ၊ အရင်းရှင်ဝါဒ တို့ကို လိုက်နေသရွေ့ ကာလပတ်လုံး အလုပ်မဲ့ပြဿနာ၊ နေထိုင်စားသောက်မှု ချောင်ချိရေး ပြဿနာ၊ စသော စီးပွားရေး၊ ကြီးပွားရေး ပြဿနာတို့ကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့အတွက် စီးပွားရေး၊ ဘဏ္ဍာရေး နယ်တွင် နိုင်ငံအသီးသီး ကောင်းကျိုးအတွက် လွပ်လပ်စွာ ပူးပေါင်းဆက်ဆံမှုကို ကျွန်ုပ်တို့ အားပေးရပေလိမ့်မည်။ ၎င်းနှင့် ဆန့်ကျင်လျှင် ရှုတ်ချရပေလိမ့်မည်။ ဗြိတိသျှ နိုင်ငံသည် မိမိပြည်ထောင်စု အပါအဝင် နိုင်ငံများနှင့် သာတူညီမျှ စီးပွားရေး ကြီးပွားရေး တိုးတက်ကြဘို့ ဆောင်ရွက်မည်ဆိုလျှင် မိမိ၏ အကျိုးကျေးဇူး၊ ပြည်ထောင်စုအပါအဝင်ဖြစ်သော နိုင်ငံ ပြည်နယ် အသီးသီးတို့၏ အကျိုးကျေးဇူးကို ဖြစ်ထွန်းအောင် လုပ်နိုင်ပေလိမ့်မည်။ ဗြိတိသျှ လူမျိုးများက အလုပ်သမား အစိုးရကို လွန်ခဲ့သော ရွေးကောက်ပွဲတွင် မြောက်မြားစွာသော မဲဆန္ဒကို ပေး၍ တင်မြှောက်လိုက်ကြသောအခါ ကျွန်ုပ်တို့သည် ဤကဲ့သို့ စီမံ ဖန်တီးလိမ့်မည်ဟု မြှော်လင့်ခဲ့၏။ အလုပ်သမားအစိုးရသည် ဗြိတိသျှ နိုင်ငံတွင်သာမက အပြည်ပြည် အနယ်နယ်တွင် ဆိုရှယ်လစ်ဝါဒကို ထူထောင်လိမ့်မည်ဟု ယုံကြည်ခဲ့၏။ ဆိုရှယ်လစ်ဝါဒ ဆိုရာ၌ ဆိုရှယ်လစ် ဝါဒ တခုလုံးကို ဆိုလိုသည်။ ဆိုရှယ်လစ်ဝါဒအတိုင်း ကျပ်ပြည့် ဒင်ပြည့် ဆောင်ရွက်နိုင်အောင် ဗြိတိသျှ အလုပ်သမား အစိုးရသည် ရဲရင့် ဖြောင့်မတ် တည်ကြည်စွာ စီမံသင့်ပေသည်။ သို့သော်လည်း ကျွန်ုပ်တို့ အပြင်ပန်းမှ နေ၍ မြင်ရသည်မှာ အလုပ်သမား အစိုးရသည် စိတ်မပါ့ တပါ ကြောက်ရွံ့ရွံ့ ဆောင်ရွက်နေသည်ကို တွေ့မြင်ရပေသည်။ အချို့ကိစ္စများ၌ ဗြိတိသျှ ဆိုရှယ်လစ် အစိုးရသည် ကွန်ဆာဗေးတစ် အစိုးရထက်ပင် ခေတ်နောက်ကျပေသေး၏။ ဘရက်တင်ဝု(ဒ်) ငွေကြေးစာချုပ်နှင့် ပတ်သက်၍၎င်း၊ အမေရိကန်က ငွေချေးမှုနှင့် ပတ်သက်၍၎င်း၊ ဆိုရှယ်လစ် အစိုးရသည် ကွန်ဆာဗေးတစ် ဂိုဏ်းသားတို့နှင့် ဗြိတိသျှ နယ်ချဲ့ဝါဒီ အရင်းရှင်ဝါဒီသမားတို့၏ အလိုကိုလိုက်လျော၍ လုပ်ခဲ့ကြသည်ကို ဆင်ခြင်မိသောအခါ အလွန် ဝမ်းနည်းစရာ ကောင်းလှပေသည်။
ဤကဲ့သို့ ကြောက်ကြောက်ရွံ့ရွံ့ ဆုတ်ဆုတ်ကန်ကန် လုပ်နေကြလျှင် မိမိတို့ နိုင်ငံအတွက်၎င်း၊အခြား နိုင်ငံများအတွက်၎င်း၊ မိမိတို့ တသက်တာတွင် ရယူပြီးသော အခွင့်ကောင်းကြီးကို ဆိုရှယ်လစ်တို့သည် ဆုံးရှုံးကြပေလိမ့်မည်ဟု ဆိုရပေမည်။ မိမိတို့ အလုပ်သမား ပါတီ ပြိုပျက်မည်သာမက ဗြိတိသျှတို့၏ ဂုဏ်နှင့် အကျိုးကို ထိခိုက်ပေလိမ့်မည်။ မိမိတို့ ထိထိရောက်ရောက် မလုပ်နိုင်လျှင် မိမိတို့ နိုင်ငံတွင် ပေါ်ပေါက်လျက်ရှိသော ပြဿနာကြီးများသည် အထူးရှုပ်ထွေး၍ လာပေလိမ့်မည်။ ထိုသို့ ရှုပ်ထွေးလာသောအခါ ဗြိတိသျှ နိုင်ငံတွင် ပြည်တွင်းအရေးတော်ပုံ ပေါ်ပေါက်ကောင်း ပေါ်ပေါက်ပေလိမ့်မည်။ ထိုမျှလောက် အခြေအနေဆိုးဝါးလာလျှင် လက်အောက်ခံ နိုင်ငံများသည် မိမိတို့၏ လွတ်လပ်ရေးကို လက်ဝယ်သို့ သိမ်းယူကြရပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် လက်အောက်ခံနိုင်ငံများသည် ရာဇဝင်တွင် မကြုံစဖူး အင်အားအထူးရှိသော အခြေအနေသို့ ရောက်နေကြသည်သာမက ကမ္ဘာပေါ်ရှိ လူထုကြီးများ၏ စိတ်ကောင်းစေတနာနှင့် အားပေးအားမြှောက် ပြုခြင်းကိုလည်း ရယူနေကြသောကြောင့် ဖြစ်ပေသတည်း။ ထိုအခါ လက်အောက်ခံနိုင်ငံ ပြဿနာကြီးသည် ကမ္ဘာပေါ်တွင် အထူးသဖြင့် အာရှတိုက်တွင် ပြေရှင်းပေတော့မည်။ ဤသည်ကား ဗြိတိသျှ နိုင်ငံတွင် ဗြိတိသျှ အစိုးရနှင့် ဗြိတိသျှလူမျိုးတို့ ကြုံတွေ့ရမည် ဖြစ်သော အရေးကိစ္စကြီးပေတည်း။
သို့စဉ်လျက် ဗြိတိသျှ နယ်ချဲ့ဝါဒစနစ်သည် ကမ္ဘာပေါ်တွင် စီးပွားရေး ခေါင်းဖြတ်အလုပ်၊ လက်အောက်ခံနိုင်ငံများတွင် စီးပွားရေး ဒမြတိုက်မှု အလုပ်ကို ပြုဆဲပင် ရှိသည်ဟု ဆိုရပေမည်။ ဤသို့ ပြုခြင်းအားဖြင့် ဗြိတိသျှ နယ်ချဲ့စနစ်သည် မိမိ၏ သင်းချိုင်း မိမိကိုယ်တိုင် တူးခြင်းမျှသာ ဖြစ်ပေသည်။ ဤနည်းအားဖြင့် ဗြိတိသျှနိုင်ငံသည် ပြန်လည်တိုးတက်မှုကို မပြုနိုင်ချေ။ မိမိ၏ မူလအခြေအနေသို့ ရောက်ရန် လက်အောက်ခံ နိုင်ငံများ၏ အကျိုးကို ပိုမို ထိခိုက် နစ်နာစေသော အမှုမျိုးကို ပရမ်းပတာ ပြုလုပ်လျက် ရှိနေပေသည်။ ဤသို့ ပြုလုပ်သည်ကို အထက်၌ ဖော်ပြပြီးသော ဘရက်တင်ဝု(ဒ်) ငွေကြေး စာချုပ်နှင့် အမေရိကန်ထံမှ ငွေချေးရာတွင် တွေ့မြင်ရပေသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ ၌ ပြန်လည် ထူထောင်ရေး အမည်ဖြင့် ဆင်းမလားမြို့မှ လုပ်လာသော စီမံချက်များအတိုင်း အင်္ဂလိပ် နယ်ချဲ့ဝါဒီ အစိုးရသည် စီးပွားရေး ဒမြတိုက်မှုကို မသိမသာ ခိုးကြောင်ခိုးဝှက် လုပ်လျက်ရှိလေသည်။
ဤစီမံချက်များကို အသေးစိတ် ကျွန်ုပ် မရှင်းလို။ အကြမ်းအားဖြင့် အနည်းငယ် ထင်မြင်ချက် ပေးရပေလိမ့်မည်။ မြန်မာနိုင်ငံတွင် ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြုပြင် ထူထောင်ရေးဟူ၍ ပြဿနာကြီး သုံးခု ရှိ၏။ ဤပြဿနာကြီးများကို ဖြေရှင်းရန် ဗြိတိသျှ အစိုးရသည် မည်ကဲ့သို့ စီမံသနည်း။ မိမိတို့ စီမံချက်များအတွက် အတိုးမရှိဘဲ ဘိလပ်အစိုးရထံမှ ဘုရင်ခံက ရွှေဒင်္ဂါး ၈၇ သန်း ချေးယူပြီးသည်ဟု ကြားသိရ၏။ အတိုးမရှိ ဟူသော အချက်ကို သတိချပ်စေလိုသည်။ ဗြိတိသျှ အစိုးရသည် အမေရိကန်နိုင်ငံမှ ၂ိတိုးနှင့် ချေးယူနေရသည့်အခါတွင် ဗြိတိသျှ အစိုးရက မြန်မာပြည်အစိုးရကို အတိုးမယူဘဲ သဒ္ဓါဗလပွနှင့် မည်ကဲ့သို့ ချေးနိုင်ကြသနည်း။ ရှင်းရှင်း ပြောရလျှင် ဤမြောက်မြားစွာသော ရွှေဒင်္ဂါး ၈၇ သန်းသည် ချေးငွေလည်း မဟုတ်၊ အတိုးမရှိ သည်လည်း မဟုတ်၊ ဗြိတိသျှက ငွေချေးသည် ဆိုရာ၌ မြန်မာနိုင်ငံက ကြေးငွေကို ရသည် မဟုတ်၊ ကုန်ဝတ္ထုပစ္စည်းကိုသာလျှင် ရပေသည်။ ထိုကုန်ဝတ္ထု ပစ္စည်းတန်ဘိုးပေါ်တွင် အတိုးအမြတ် ငွေကို ထည့်ပြီးသည်မှာ ထင်ရှားပေသည်။ သို့အတွက် အတိုးမရှိဘဲ ချေးငှားသည် ဟူသော ပြောဆိုချက်ကို အရသာတွေ့အောင် ဆားကလေး မြက်မြက်ခပ်ပြီးမှ မျိုရပေလိမ့်မည်။ ဗြိတိသျှ ပါလီမန်နှင့် ဗြိတိသျှ လူမျိုးတို့က အမေရိကန်ထံမှ ငွေချေးမှုနှင့် ပတ်သက်၍ စဉ်းစား ဆွေးနွေးကြသောအခါ များသော စိုးရိမ်မကင်း ရှိသည့်သူများကို ဗြိတိသျှ အစိုးရက ချေးငွေကြောင့် အမေရိကန်တို့က ဗြိတိသျှတို့ကို ကြိုးကိုင်နိုင်မှု မရှိပါကြောင်း ထပ်တလဲလဲ ယုံကြည်အောင် ရှင်းလင်း ပြောပြရပေပြီ။ ဗြိတိသျှ နိုင်ငံတွင် အချို့က အမေရိကန်အစိုးရကို စိုးရိမ်လွန်းသည် စနစ်ကျလွန်းသည်ဟူ၍ အမျိုးမျိုး အပြစ်တင်ကြလေသည်။ ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကို ငွေချေးသော အခါ၌မူကား ငွေချေးခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် အကြောင်းအချက်တို့ကိုပင် မသိမသာ ပြုလုပ်ထားလေသည်။
ကျွန်ုပ်တို့ သတိပြုသင့်သည်ကား ပဌမအချက်၌ ရွှေဒင်္ဂါး ၈၇ သန်းကို ဗြိတိသျှနိုင်ငံ၌ပင် အသုံးပြု၏။ ဒုတိယ အချက်မှာကား မြန်မာလူမျိုးတို့အတွက် မြန်မာနိုင်ငံကို ပြုပြင်ထူထောင်ရန် မဟုတ်မူ၍ ဗြိတိသျှနယ်ချဲ့ ဝါဒီ အရင်းရှင် ဝါဒီတို့၏ အကျိုးစီးပွားကို ပြန်လည်ထူထောင်ရန် သုံးမည် ဖြစ်သော ငွေပင်ငွေရင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံ လက်ရှိအစိုးရ စီမံချက်များမှာ ဆိုရှယ်လစ်ဝါဒ စကားလုံးတို့ကို သုံးပြီးလျှင် အရင်းရှင်ဝါဒ၏ ရှေးထုံး ရှေးနည်းအတိုင်း ကွေ့လည်ကြောင်ပတ်နှင့် အမြတ်အစွန်းရဖို့ မြန်မာ့စီးပွားရေးကို လက်ဝါးကြီး အုပ်ဖို့ပင် ဖြစ်ပေ၏။ ဗြိတိသျှ အရင်းရှင်တို့ကို လျော်ကြေး ပေးဖို့ကား စီမံပြီးလေပြီ။ ကျွန်ုပ်တို့ နိုင်ငံ၌ တိုင်းသူပြည်သားတို့ အမျိုးမျိုး နစ်နာဆုံးရှုံးရသည့် အတွက် လျော်ကြေးပေးမည်။ အထောက်အပံ့ ပေးမည် ဖြစ်သော စီမံချက်များကိုကား မကြားရသေးချေ။
သတိပေးလိုသော အချက်တခုမှာ ကျွန်ုပ်တို့ တိုင်းပြည်၌ ပြာပုံတမျှ ပျက်စီးရသော အကြောင်းမှာ ဗြိတိသျှတို့ ၁၉၄၂ ခုနှစ်တွင် ထွက်ပြေးခါနီး၌ မီးရှို့ မီးတိုက် ဖျက်ဆီးခဲ့ကြသောကြောင့်၎င်း၊ စစ်အတောအတွင်းပင် ဗြိတိသျှ ဗုံးရန်ကြောင့်၎င်း ဖြစ်ပေသည်။ များသောအားဖြင့် ဤအကြောင်း နှစ်ကြောင်းကြောင့် ပျက်စီးကြပေသည်။ ထို့အပြင် ကျွန်ုပ်တို့နိုင်ငံနှင့် ကျွန်ုပ်တို့ လူမျိုး နစ်နာ ဆုံးရှုံးရသည်မှာ ဗြိတိသျှ အစိုးရသည် ကျွန်ုပ်တို့ တိုင်းပြည်ကို မကာကွယ်နိုင်ဘဲ ကျွန်ုပ်တို့ကို စွန့်ထားပြီးလျှင် ထွက်ပြေးသွားကြသောကြောင့် ဟု ဆိုရပေမည်။ ဤအချက်ကို ဗြိတိသျှ ပါလီမန်၌ပင် ဝန်ခံပြီး ဖြစ်လေပြီ။ ကျွန်ုပ်တို့ မှတ်မိသရွေ့ကို ပြောရလျှင် မြန်မာပြည် ကာကွယ်မှုသည် ဗြိတိသျှ အစိုးရက စရိတ်ကုန်ခံ၍ ပြုရမည့် တာဝန် ဟုပင် ဖော်ပြခဲ့ဘူးပေသည်။ သို့ဖြစ်ရကား ဗြိတိသျှ အစိုးရသည် မြန်မာန်ုင်ငံကို ၁၉၄၁ ခု အခြေအနေသို့ ရောက်အောင် ပြန်လည် ထူထောင်ရန်အတွက် ကုန်ကျမည် ဖြစ်သော ငွေကြေးများကို ပေးထိုက်ပေသည်။ အရပ်စကားနှင့် ပြောရလျှင် အလကားပေးသည့် အနေနှင့် ပေးထိုက်လေသည်။ ယခုကား ဤသို့မဟုတ်၊ ကျွန်ုပ်တို့ နိုင်ငံကို ချေးငှားသည့် အနေနှင့် ချေးငှားလေသည်။ ချေးငှားသည် ဆိုရာ၌ နောက်ဆုံးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ ထမ်းဆောင်ရမည်ဖြစ်သော အခွန်တော်ထဲမှ ပေးဆပ်ရမည် ဖြစ်၍ ကျွန်ုပ်တို့ လူထုထံမှ အခွန် ကောက်ခြင်းပင် ဖြစ်လေသည်။ လူထု၏ အကျိုးရှိလျှင် တော်ပါသေး၏။ ယခုမှာကား လူထု၏ အကျိုးအတွက် မဟုတ်၊ ဗြိတိသျှ အရင်းရှင်တို့၏ အကျိုးအတွက် သက်သက်လောက်ပင် ဖြစ်ပေ၏။ သို့အတွက် တိုက်ရိုက် ပြောရလျှင် ဤ ရွှေဒင်္ဂါး ၈၇ သန်းသည် ချေးငွေ မဟုတ်။ မြန်မာနိုင်ငံသူ နိုင်ငံသား (ဝါ) ဗမာလူထုထံမှ အတင်း တောင်းယူသော စစ်လျော်ကြေး ငွေသာလျှင် ဖြစ်၏။ ကျွန်ုပ်တို့ ပြည်သူပြည်သားတို့သည် မိမိတို့ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ရမည် ဝေးစွ၊ တန်ဆာဆင်ထားသော စစ်လျော်ကြေးငွေကိုပင် ပေးရတော့မည်။ ကျွန်ုပ်တို့ ပြည်သူ ပြည်သားများအတွက် လျော်ကြေးငွေ ပေးရန် အဘယ်ကြောင့် မစီစဉ်ပါသေးသနည်းဟု အစိုးရကို မေးရာ အစိုးရက ‘လွန်ခဲ့သည့် ၃ နှစ်အတွင်း မိမိတို့သည် တနိုင်ငံ မြိုင်ယံခြားတွင် ရှိသောကြောင့် လိုအပ်သော အချက်တို့ကို မစုဆောင်းရသေးပါ။ စုဆောင်းရအောင်လည်း ထိုစဉ်အခါက မြန်မာနိုင်ငံကို လာရောက်၍ လေထီးနှင့် ဆင်းပြီး ပြည်သူတို့နှင့် တွေ့ဖို့ မဖြစ်နိုင်ပါ’ ဟု အူကြောင်ကြောင်ပင် ပြန်၍ ဖြေလိုက်သေး၏။ ကျွန်ုပ်တို့ တိုင်းပြည် ပြန်လည် ထူထောင်ရန် ငွေပင်ငွေရင်း လိုသည်မှာ မှန်၏။ သို့သော်လည်း ကျွန်ုပ်တို့သည် တန်ဆာ ဆင်ထားသော စစ်လျော်ကြေးအဖြစ်ဖြင့် ပေးရမည် ဖြစ်သော ငွေများ၊ စီးပွားရေး လက်ဝါးကြီး အုပ်မှုများနှင့် တဖက်သတ် အကျိုးရှိမည် ဖြစ်သော ငွေပင်ငွေရင်း စိုက်ထုတ်မှုများကို အလိုမရှိချေ။
လယ်ယာစိုက်ပျိုးရေး စီမံချက်၊ သစ်စီမံချက် ဝယ်ယူ ဖြန့်ဖြူးရေး စီမံချက် စသည်တို့နှင့် ပတ်သက်၍ ပြောလိုသည်မှာ အစိုးရက မက်လောက်သော အဖိုးများကို ပေး၍ အားလုံးသော ပိုလျှံမည့် ကောက်ပဲသီးနှံများကို ဝယ်ယူမည်ဟု ဆိုထားပြန်၏။ မက်လောက်သော တန်ဖိုးများကို တောင်သူ လယ်သမားများအား ပေးမည်လော၊ အစိုးရ အတွက် အဝယ်တော် လုပ်မည့် နိုင်ငံခြား ကုမ္ပဏီကြီးများအား ပေးမည်လောဟု မေးရပေလိမ့်မည်။ အစိုးရက စျေးနှုန်း ကန့်သတ်မည် ဟု ဆိုပြန်၏ စျေးနှုန်း ကန့်သတ်ခြင်း စနစ်ကို ကျွန်ုပ်တို့ ကြိုက်နှစ်သက်၏။ သို့ရာတွင် စျေးနှုန်း မကန့်သတ်မီ အလွန်တန်ဖိုး ယုတ်လျော့လျက် ရှိသော ငွေကြေး ပြဿနာကို ဖြေရှင်းရပေလိမ့်မည်။ ဤငွေကြေး ပြဿနာကို မဖြေရှင်းရမီ စျေးနှုန်းကို ကန့်သတ်လျှင် ကျွန်ုပ်တို့ တောင်သူ လယ်သမားများ၏ လယ်ဇိကို ညှစ်သည်နှင့် အတူတူပင် ဖြစ်၏။ ကျွန်ုပ်တို့ တောင်သူလယ်သမားများ ကျပ်တည်း ကျဉ်းမြောင်းသော ဘဝသို့ ရောက်လျှင် နိုင်ငံတွင် ခိုးမှု၊ တိုက်မှု၊ ရာဇဝတ်မှုများ များပြားလာပေလိမ့်မည်။ လက်ရှိအခြေအနေပင် မည်မျှလောက် ဆိုးနေသည်ကို ဖော်ပြရန် မလိုချေ။ အစိုးရ စီမံကိန်းအရ ထွက်ကုန် ဝင်ကုန်ကို အစိုးရက အုပ်ချုပ်မည် ဟု ဆိုပြန်၏။ ဤသို့ အုပ်ချုပ်ရာ၌ ဆိုဗီယက် ရုရှားတွင် အစိုးရက အုပ်ချုပ်နည်းမျိုး မဟုတ်၊ အစိုးရကိုယ်စားလှယ် အဝယ်တော်များကို အသုံးပြုပြီးလျှင် အုပ်ချုပ်ရန် ဖြစ်လေသည်။ ဤ အဝယ်တော်များမှာ နိုင်ငံခြား ကုမ္ပဏီကြီးများ ဖြစ်၏။ မြန်မာလူမျိုးတို့သည် ထွက်ကုန် ဝင်ကုန် ကိစ္စတွင် ကျွမ်းကျင် လိမ္မာခြင်း မရှိဟု ဆိုထား၏။ အကြံဥာဏ် ပေးလျှင် မြန်မာလူမျိုးတို့ မလုပ်နိုင်စရာ အကြောင်း မရှိချေ။ အစိုးရက ပြန်လည်၍ စီမံသင့်ပေသည်။
ဤမျှ မကသေး။ ဂျပန်ငွေစက္ကူကို တန်ဘိုးမရှိဟု ကြေညာခဲ့သောကြောင့် တနိုင်ငံလုံးတွင် အတိဒုက္ခ ရောက်ကြရပေသည်။ အာရှတိုက် အရှေ့တောင်ဖက်ရှိ မဟာမိတ်များ သိမ်းပိုက်ထားသော နယ်များတွင် တန်ဘိုး ထားသင့်သလောက် ထားပါလျက်နှင့် မြန်မာနိုင်ငံတွင် အဘယ်ကြောင့် တန်ဘိုးလုံးလုံး မရှိဟု ကြေညာခဲ့ပါသလဲ။ ဗြိတိသျှက ထိုနယ်များကို အဘယ်ကြောင့် မျက်နှာလိုက်ပါသလဲ။ ဂျပန်ငွေစက္ကူ ထပ်ပြီး တိုးစရာ အကြောင်း မရှိသည်ဖြစ်၍ ထိုနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း တန်ဘိုး ပေးသင့်သည်။ မြန်မာ ပြည်သူပြည်သားတို့၏ ကိုယ်စားလှယ်များ နိုင်ငံပေါင်းစုံအဖွဲ့များတွင် ပါဝင်၍ ဂျပန်ပြည်မှ ဂျပန်ငွေ စက္ကူများအတွက် ရထိုက်ရစရာ ရှိသော တန်ဘိုးကို ရနိုင်အောင် ဗြိတိသျှ အစိုးရက စီစဉ်ပေးသင့်သည်။ ဤနှစ်ချက်ကို ဗြိတိသျှ အစိုးရက အဘယ်ကြောင့် စီစဉ်မပေးနိုင်သနည်းဟု မေးလိုသည်။
ဤသို့ ပရိယာယ်အမျိုးမျိုးဖြင့် ဗြိတိသျှ နယ်ချဲ့ဝါဒီသမားတို့သည် စီးပွားရေး ဖက်ဆစ်ဝါဒကို မြန်မာပြည်တွင် စိုက်ထူရန် စီစဉ်လျက် ရှိနေကြသည်။ ငွေကြေး တန်ဘိုး ယုတ်မှု ပြဿနာကြောင့် ကျွန်ုပ်တို့ တိုင်းပြည်တွင် အလုပ်မရှိသူ အမြောက်အမြား၊ ငွေသား ငွေစက္ကူ မကိုင်နိုင်သူ အမြောက်အမြား ရှိ၏။ သို့စဉ်လျက် ပြည်သူတို့ ချောင်ချိအောင် ဗြိတိသျှ အစိုးရသည် လွတ်လပ်စွာ ကုန်ကူးသန်းရောင်းဝယ်ရေးကို အားမပေးဘဲ၊ အခြားနိုင်ငံများကို ချုပ်ချယ်၍ ထားလေသည်။ မိမိတို့ နိုင်ငံကလည်း အချိန်မှီ လုံလောက်အောင် ကုန်စည်ဝတ္ထုပစ္စည်း မပေးပို့နိုင်ဘဲလျက် တကိုယ်ကောင်း ကြံလိုသော စိတ်နှင့် အခြားနိုင်ငံများက ကုန်စည် ဝတ္ထုပစ္စည်းများ ပို့ခြင်းကို ပိတ်ပင်ထားလေသည်။ ‘အန်းရား’ ခေါ် နိုင်ငံပေါင်းစုံ ကယ်ဆယ် ထောက်ပံ့ရေး၊ ပြန်လည် ထူထောင်ရေးအဖွဲ့ကိုပင် တားမြစ်ထားလေသည်။ ဤသို့သော စီမံချက်ဖြင့် ဗြိတိသျှ နယ်ချဲ့ဝါဒီတို့သည် မိမိတို့ အကျိုးကို ဖြစ်ထွန်းစေနိုင်လိမ့်မည်ဟု ပြုလုပ်၏။ နောက်ဆုံး၌ မိမိတို့ပင် အကျိုးယုတ်မည်မှာ သိသာနိုင်ပေ၏။
ဥပဒေနှင့် ပတ်သက်၍ အနည်းငယ် ပြောလိုပါသည်။ ဘုရင်ခံ၏ ကိုယ်စား တရားဝန်ကြီးတယောက်သည် ဥပဒေသစ်အချို့ကို ပြုထား၏။ ၁၉၄၃ ခု အထူးတရားသူကြီး အက်ဥပဒေ ၅ အရ၊ အထူးတရားသူကြီးတဦးသည် သက်သေထွက်ချက်တို့ကို အတိုချုပ် မှတ်သားရန်သာ လိုသည်။ တရားခံသည်လည်း ခေါ်လိုသော အရေးကြီးသည့် သက်သေများကို ခေါ်ပိုင်ခွင့်မရှိ၊ တရားသူကြီးကသာလျှင် ခေါ်ပိုင်ခွင့် ရှိသည်ဟု ဖော်ပြထား၏။ အချုပ်မှာ အထူးတရားသူကြီးတယောက်သည် သေးငယ်သော ပြစ်မှုများတွင် တချက်လွှတ် အမိန့် ချနိုင်သကဲ့သို့ လူသတ်မှု စသော အမှုကြီးများတွင် တချက်လွှတ် အမိန့်ချနိုင်သည်ဟု ဆိုရာ ရောက်ပေသည်။ နောက်တချက်မှာ အထူးတရားသူကြီး၏ အပြစ်ဒဏ် ပေးချက်ကို ခံယူရပြီးသည့်နောက် အယူခံပိုင်ခွင့် မရှိချေ။ အဆိုပါ အက် ဥပဒေ ပုဒ်မ ၆(၁) အရ တရားလွှတ်တော်ကပင်လျှင် ပြန်လည် စစ်ဆေးခွင့် မရှိချေ။ ပုဒ်မ ၆(၂) အရ သေဒဏ်ပေးသော အမှုတမှုတွင် တရားဝန်ကြီးတဦးသာ ပြစ်မှုကို စစ်ဆေးနိုင်သည်။ တနည်းအားဖြင့် ဆိုသော် သေဒဏ် ပြစ်မှုက လွဲ၍ အခြားသော ပြစ်မှုများ ရသော တရားခံတို့မှာ အယူခံပိုင်ခွင့် မရှိသော ဘဝသို့ ရောက်ကြရခြင်းပင် ဖြစ်၏။
၁၉၄၃ ခု တရားရုံးတော်များ အရေးပေါ် အက် ဥပဒေပုဒ်မ ၁၄ အရ တရားခံတဦးသည် ပဌမတန်း၊ ဒုတိယတန်း၊ တတိယတန်း အာဏာရှိသော တရားသူကြီးများက အပြစ်ပေးသောအခါ အယူခံပိုင်ခွင့် မရှိချေ။ တရားခံတဦးသည် အထူးအာဏာရ တရားသူကြီးက ပြစ်မှုပေးသော အခါ ထောင်ဒဏ် ငါးနှစ်က မကျော်လွန်လျှင် အယူခံပိုင်ခွင့် မရှိချေ။ တရားခံတဦးသည် စက်ရှင်တရားသူကြီး သို့မဟုတ် တွဲဘက် စက်ရှင်တရားသူကြီးက ပြစ်မှုပေးသောအခါ သေဒဏ်မဟုတ်လျှင် အယူခံပိုင်ခွင့် မရှိချေ။ အထူး အာဏာရ တရားသူကြီးရုံး၌ ငါးနှစ်ထက် ကျော်သော ထောင်ဒဏ် ပေးလျှင် တရားလွှတ်တော်သို့ မဟုတ်ဘဲ စက်ရှင်တရားသူကြီး ရုံးသို့သာ အယူခံနိုင်သည်။ ယခုအခါ စက်ရှင် တရားသူကြီးသည် အထူးတရားသူကြီးလည်း ဖြစ်နေပြန်သောကြောင့် အလွန် အလုပ်များရာ အယူခံမှုများကို သေချာစွာ စစ်ဆေးနိုင်လိမ့်မည် မဟုတ်ချေ။
အထက်ပါ အက်ဥပဒေ ပုဒ်မ ၁၄ အရ ပုလိပ်ကို ဖြောင့်ချက်ပေးခြင်းတို့ကို သက်သေထွက်ချက်ဟူ၍ တရားသူကြီးများက လက်ခံနိုင်သည်။ ထို့အပြင် အမှု စုံစမ်းရေး ပုလိပ်အရာရှိအား ထွက်ဆိုချက်တို့သည်လည်း တရားဝင်ပြန်လေသည်။ သို့အတွက် အမှု စုံစမ်းရေး ပုလိပ်အရာရှိသည် လူတယောက်ကို မဖမ်းမီ၊ မိမိတို့ အလိုရှိသော ထွက်ချက်ကို ရအောင် ပရိယာယ်အမျိုးမျိုးဖြင့် မေးတတ်လေသည်။ တရားခံတဦးသည် ပုလိပ်အရာရှိ၏ ခြိမ်းမှု ချောက်မှု စသည်တို့ကို ပေါ်အောင် လုပ်နိုင်ရန် အလွန် ခဲယဉ်းသည် ဖြစ်ရာ ပုလိပ်လက်ထဲ၌ ဤကဲ့သို့ တိုးချဲ့၍ အာဏာ ပေးထားခြင်းသည် အန္တရာယ်များစွာ ပေါ်ပေါက်ပေလိမ့်မည်။ တရားခံနှင့် ပုလိပ် နှစ်ဦး စကားကို တရားသူကြီးက ဆုံးဖြတ်ဖို့သာ ရှိပေသည်။
မကြာမီက ကျွန်ုပ်သည် ဗြိတိသျှ တရားစစ်ဆေးရေး စနစ်သည် ဂျပန် ကင်ပေတိုင်စနစ်နှင့် တူနေသည်ဟု ပြောခဲ့ဘူးပေပြီ။ ယနေ့ သည့်အတိုင်းပင် ထပ်၍ ပြောလိုသည်။ အချုပ်မှာ ဤ ဥပဒေသစ်များကြောင့် ကျွန်ုပ်တို့ ပြည်သူပြည်သားများကို ယုတ်မာသော ပုလိပ်မျိုးနှင့် လက်စားချေလိုသော တရားသူကြီးမျိုး လက်ထဲတွင် ဝကွက်၍ အပ်ခြင်းပင် ဖြစ်ပေတော့သည်။ ထိုမျှ မကသေး။ တရားစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေး အရာရှိများက ဝင်ရောက်စွက်ဖက်သည်များကိုလည်း ကျွန်ုပ်တို့ သိရှိကြ၏။ ဤ ဥပဒေသစ်များကို အရေးကြုံ၍ ယာယီသဘော လုပ်ရပါသည်ဟု ဆိုပြန်၏။ မြန်မာနိုင်ငံ၌ ဘာအရေး ရှိနေလို့ပါလဲ၊ စစ်အပြီးတွင် အခြားနိုင်ငံများ၌ လွတ်လပ်မှုများကို ပြန်လည် ရရှိပါလျက် အဘယ်ကြောင့် ကျွန်ုပ်တို့ နိုင်ငံတွင် မရနိုင်ပါသလဲ။ ဗြိတိသျှတို့သည် စိတ်ကောင်း စေတနာနှင့် မြန်မာများကို ဂျပန့်လက်တွင်းက ကယ်ဆယ်ဘို့ လာရောက်ပါသည်ဟု ဆိုကြသည်။ ဤ ဥပဒေသစ်များနှင့် စီးပွားရေး စီမံချက်များသည် ဗြိတိသျှတို့၏ မွန်မြတ်သော စေတနာ၏ ရှေ့ပြေးနိမိတ်များ ဖြစ်သလောဟု မေးလိုပါ၏။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့ နိုင်ငံရှိ လူ ၁၇ သန်းတွင် ၁၇ ယောက်မျှသာ ဥပဒေအကြောင်းကို ကောင်းကောင်း နားလည်သည်ဟု ပြောဆိုခြင်းသည် ဆင်သေကို သားရေဖြင့် ဖုံး၍ မရသကဲ့သို့ ရှိချေသည်။ ဤကဲ့သို့ ပြောဆိုမှုမျိုး ပြခဲ့သော “လေထီးနှင့် ဆင်းပြီးကာ မေးရမည်လော’’ ဟူ၍ မလောက်လေး မလောက်စား ပြောဆိုမှုမျိုးသည် အရာ မရောက်။ ကျွန်ုပ်တို့ တိုင်းပြည်တွင် ဗြိတိသျှတို့ကို မုန်းတီးသော စိတ်ကို မြှောက်ပင့်ပေးရာ ရောက်သည်သာလျှင် ဖြစ်သည်ဟု အာဏာပိုင်တို့အား ကျွန်ုပ်က သတိပေးလိုသည်။
အထက်၌ ဖော်ပြပြီးခဲ့သော နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ နိုင်ငံတွင် စီးပွားရေး စိုက်ထူနိုင်လိမ့်မည်ဟု မြှော်လင့်ကြ၏။ ဥပဒေအရဟု ဆိုနိုင်ရန် ဥပဒေကိုပင် မိမိတို့ အလိုကျ ပြင်လိုက်သေး၏။ ဤမျှ မကသေး။ ဘုရင်ခံကို လုံးဝ အာဏာပေး၍ အုပ်ချုပ်စေ၏။ ဥပဒေအရဆိုလျှင် ဘုရင်ခံသည် မြန်မာနိုင်ငံ၏ အာဏာရှင်ဖြစ်၏။ ဤသို့သော အကြောင်းများကြောင့် ဘုရင်ခံနှင့် ကျွန်ုပ်တို့ ယခုအခါ၌ သဘောကွဲလွဲနေကြ၏။ ကျွန်ုပ်တို့သည် မဖြစ်နိုင်သည်ကို မတောင်းဆိုခဲ့ကြချေ။ ဘုရင်ခံသည် မိမိ၏ မိန့်ခွန်းများတွင် အားလုံး နိုင်ငံရေး ပါတီကြီးများ၏ ကိုယ်စားလှယ်များဖြင့် မိမိ၏ အမှုဆောင် ကောင်စီကို ဖွဲ့လိုပါသည်ဟု အတန်တန် ဖော်ပြဘူးသည့်အတိုင်း ကျွန်ုပ်တို့သည် ဤကဲ့သို့သော ကောင်စီကို ဖွဲ့ရန်ကိုသာ တောင်းဆိုခဲ့၏။ ဥပဒေအရ အမှုဆောင် ကောင်စီဝင် လူကြီးများသည် ဘုရင်ခံကိုသာ လုံးဝ တာဝန် ရှိသော်လည်း ဒီမိုကရေစီ ဝါဒအတိုင်း ကောင်စီဖွဲ့သူများသည် တစုတပေါင်းတည်း တိုင်းသူပြည်သား (ဝါ) လူထုကိုသာ တာဝန် ရှိစေသင့်သည်ဟု တောင်းဆိုခဲ့၏။ စင်စစ်မှာ ကျွန်ုပ်တို့သည် မူလ ရည်ရွယ်ချက်ထက်ပင် တထစ်လျှော့၍ တောင်းဆိုခြင်း ဖြစ်၏။
မူလက ကျွန်ုပ်တို့သည် အားလုံးသော အာဏာများကို ပေးအပ်ခြင်း ခံရသည့် ဗမာလူမျိုးများပါဝင်သော ယာယီ အမျိုးသား အစိုးရကို တောင်းဆိုခဲ့ပေသည်။ သို့ရာတွင် အပေးအယူသဘောမျိုးဖြင့် ကာကွယ်ရေး၊ နိုင်ငံပ ရေးရာ၊ တောင်ရိုးနယ်များ ကိစ္စတို့ကို ဘုရင်ခံလက်ထဲ၌ ထားခြင်းကို သဘောတူသည်သာမက ကောင်စီတွင် အချို့အင်္ဂလိပ်တို့ကို ထည့်ခြင်းပင် လက်ခံသဘောတူခဲ့လေသည်။ ဘုရင်ခံ ခန့်အပ်သော အမှုဆောင် ဝန်ကြီးတဦး၏ လက်ထဲတွင် ဘဏ္ဍာရေးကို ထားခြင်းပင်လျှင် ကျွန်ုပ်တို့ လိုက်လျောခဲ့၏။ အချုပ်မှာ ကျွန်ုပ်တို့ တောင်းဆိုခြင်းသည် တခုတည်းပင် ဖြစ်၏။ ဘုရင်ခံသည် ဥပဒေအရ တိုင်းပြည်ကို အုပ်ချုပ်ရာတွင် တာဝန် ရှိသော်လည်း ဒီမိုကရေစီဝါဒအတိုင်း အုပ်ချုပ်ရန် တောင်းဆိုခြင်းမျှသာ ဖြစ်ချေသည်။ ဤသို့ တောင်းဆိုရာ၌ ကျွန်ုပ်တို့သည် ပြည်ထဲရေးဌာနကို ကျွန်ုပ်တို့ အုပ်ချုပ်လိုပါသည်ဟု ထည့်၍ပြောခဲ့၏။ ဤသို့ ပြည်ထဲရေးဌာနကို တောင်းခြင်းသည် မကောင်းသော အကြံနှင့် တောင်းခြင်း မဟုတ်။ ကျွန်ုပ်တို့သည် ဘုရင်ခံ၏ စေတနာကို ယုံကြည်မိသည်တကြောင်း၊ တိုင်းပြည်၏ အခြေအနေ အစဉ်အလာကို ထောက်၍၎င်း၊ တောင်းဆိုခြင်း ဖြစ်ပေသည်။ ရဲဘော်တို့ နားလည်သည့်အတိုင်း ဤတောင်းဆိုချက်သည် မဖြစ်နိုင်သော တောင်းဆိုချက် မဟုတ်၊ အသင့်အတင့်မျှ တောင်းဆိုခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဘုရင်ခံသည် မိမိသာလျှင် သိသော အကြောင်းများကြောင့် ကျွန်ုပ်တို့၏ တောင်းဆိုချက်ကို လက်မခံဘဲ ငြင်းဆိုခဲ့၏။
ကျွန်ုပ်တို့ အပေးအယူ သဘောမျိုးဖြင့် လျှော့ပေါ့၍ တောင်းဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ဓာတ် ညံ့ဖျင်း၍ မဟုတ်၊ ယခုလို အခါ၌ ကျွန်ုပ်တို့၏ နိုင်ငံနှင့် ကျွန်ုပ်တို့ လူမျိုး အကျိုးကို မြန်မြန်ထက်ထက် သည်ပိုးချင်သော ဆန္ဒအတွက် ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် အရေးကြီးသော ဌာနတို့ကို ဘုရင်ခံလက်ထဲ၌သော်၎င်း၊ ဘုရင်ခံကိုယ်တိုင် ရွေးချယ် ခန့်ထားသော လူကြီးများ၏ လက်ထဲ၌သော်၎င်း ထားခြင်း အားဖြင့် တန်ခိုးအာဏာ များစွာ မရှိသည်ကို သိလျက်နှင့်ပင် တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အကျယ်အကျယ် မငြိမ်းဘွယ် မဖြစ်စေရန် ပူးပေါင်းဆောင်ရွက်လိုသော ဆန္ဒနှင့် စကား ကမ်းလှမ်းခဲ့လေသည်။ သို့သော်လည်း ကျွန်ုပ်တို့ အလိုဆန္ဒအတိုင်း မဖြစ်ခဲ့ချေ။ ကျွန်ုပ်တို့ နိုင်ငံတွင် အာဏာပိုင်များသည် အလွန် သာယာနာပျော်ဘွယ် ကောင်းသော စကားလုံးများကိုသာ သုံးပြီးလျှင် စီးပွားရေး ဖက်ဆစ်ဝါဒ ထူထောင်မှုကို ကြိုးစားနေကြပေပြီ။ ထို့အတွက်ကြောင့်လည်း အာဏာပိုင်တို့သည် ယခုအခါ၌ တိုင်းပြည်၏ အခြေအနေ အဖြစ်သနစ် အကျိုးအကြောင်း အမှန်တို့ကို သိလျက်နှင့်ပင် မျက်စေ့စုံလုံး မှိတ်၍ ပြည်သူတို့၏ (ဝါ) လူထုဆန္ဒကို ပြောင်ပြောင်ကြီး ဆန့်ကျင်ကာ ဗြိတိသျှအစိုးရနှင့် ဗြိတိသျှလူမျိုးတို့ကို ကျွန်ုပ်တို့၏ လွတ်လပ်မှုအတွက် သွားရောက် ရှင်းလင်း ပြောဆိုဖို့ အခွင့်အရေးကိုပင် မပေးဘဲ နေသည်သာမက ကျွန်ုပ်တို့၏ ဂုဏ်သရေကို ပျက်စိမ့်သောငှါ (ဝါ) ကျွန်ုပ်တို့၏ အင်အားကို ယုတ်စိမ့်သောငှါ ဥာဏ်နီ ဥာဏ်နက် အမျိုးမျိုးနှင့် ပြောဆို ပြုလုပ်လျှက် ရှိကြပေပြီ။ ကျွန်ုပ်တို့ကိုလည်း မခံချင်အောင် အမျိုးမျိုး ဆွကြလေသည်။
သို့သော်လည်း ကျွန်ုပ်တို့ကို ဆွ၍ ရမည် မဟုတ်ပေ။ နောက်ဆုံး၌ ကျွန်ုပ်တို့ အနိုင်ရမည်မှာ သေချာသည်ကို ကျွန်ုပ်တို့ သိသည်။ ကျွန်ုပ်တို့ အင်အားကို ကျွန်ုပ်တို့ သိသည်။ ကျွန်ုပ်တို့ကို ခြေလှမ်းမှားအောင် ဆွ၍ မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့၏ အချိန်ကို ရွေး၍ ကျွန်ုပ်တို့ လူထု မကြိုးပမ်းသင့်သော နေရာတွင် မကြိုးပမ်းစေဘဲ ဖြောင့်ဖြောင့်တန်းတန်း လွတ်လပ်ရေး ပန်းတိုင်လမ်းသို့ ဆက်လက် ချီတက်မည်။ ကျွန်ုပ်တို့သည် လွတ်လပ်ရေး ရစေရန် ကြိုးစားရာ၌ ကျွန်ုပ်တို့ သတိပြုရမည်မှာ လွတ်လပ်ရေးသည် အကျိုးတရား မဟုတ်၊ လွတ်လပ်ရေးသည် ကျွန်ုပ်တို့၏ ဆန္ဒအတိုင်း ကျွန်ုပ်တို့၏ ကံကြမ္မာကို ဖန်တီးနိုင်သော အကြောင်းတရားသာ ဖြစ်ချေသည်။ ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို ဟန်ပြအနေနှင့် အလိုမရှိ။ ကျွန်ုပ်တို့ကိုယ်တိုင် တန်ခိုးအာဏာ အခွင့်အရေး မရှိသော (ဝါ) အနှစ်မရှိ အကာအတိသာ ဖြစ်သော လွတ်လပ်ရေးကို ကျွန်ုပ်တို့ကိုယ်တိုင် ကြုံ တွေ့ဘူးသည် ဖြစ်၍ ၎င်းလွတ်လပ်ရေး အတုမျိုးအတွက် ကျွန်ုပ်တို့ ထပ်မံ ကြိုးပမ်းလိမ့်မည် မဟုတ်ချေ။
ရဲဘော်တို့၊ လွတ်လပ်ရေး ဆိုသည့် ဝေါဟာရကိုသာ မကြည့်ရှုပါနှင့်။ ဤ လွတ်လပ်ရေးကို ရသောအခါ လွတ်လပ်ရေးကို အကြောင်းပြု၍ လွတ်လပ်မှု အကျိုးတရားများကို ခံစားနိုင်အောင် ယခုကပင် ဤ လွတ်လပ်ရေးကို ပရိယာယ်အမျိုးမျိုးဖြင့် မသိမသာ ချုပ်ချယ်မှုတို့ကို ကြီးစွာသော သတိနှင့် ကန့်ကွက်ရပေလိမ့်မည်။ ဤပြဿနာများကို ကျွန်ုပ်တို့ ယခုအခါ၌ တိုင်ပင် ဆွေးနွေး စဉ်းစားလျက် ရှိကြပေသည်။ သို့အတွက် ဘုရင်ခံသည် အဖြစ်သနစ် အစစ်ကို ရှောင်ရှား၍ ကျွန်ုပ်တို့ အဖွဲ့ချုပ်ကို နိုင်ငံရေး ပြောက်ကျား တိုက်ပွဲနည်း စံနစ်ဖြင့် စစ်ဆင်လိုက ဆင်ပါစေ၊ စီးပွားရေး ဖက်ဆစ်ဝါဒ တိုက်နည်းကို သုံးလိုက သုံးပါစေ၊ သို့သော်လည်း ကျွန်ုပ်တို့မှာ မတုန်မလှုပ် စိတ်ဓာတ် ခိုင်မြဲစွာနှင့် လွတ်လပ်ရေး ပန်းတိုင်သို့သာလျှင် ရှေ့ရှုပြီး ချီတက်လျက် ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရင်ခံ၏ ပြောက်ကျား တိုက်ပွဲများ ရှုံးမည်ကို သေသေချာချာ သိပြီး ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ပြောက်ကျားတိုက်ပွဲ နည်းစံနစ်ကို လူထုက သောင်းသောင်းဖြဖြ အားမပေးဘဲ အောင်မြင်စွာ အသုံးမပြုနိုင်ချေ။ ဘုရင်ခံ နောက်၌ လူထုမရှိ၊ ကျွန်ုပ်တို့ အဖွဲ့ချုပ်နောက်၌သာ လူထု ရှိသည်ကို သတိပြုကြလော့။
ဤသို့သော အကြောင်းကြောင်းများကြောင့် ကျွန်ုပ်တို့ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ကြမည်နည်း။ ကျွန်ုပ်တို့ အဘယ်ကဲသို့ ခြေလှမ်း လှမ်းကြမည်နည်း။
ရဲဘော်တို့၊ အကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်သည် ကျွန်ုပ်တို့ အမျိုးသားတို့၏ ကံကြမ္မာကို ကျွန်ုပ်တို့ ကိုယ်တိုင် ဖန်တီးနိုင်သော အခွင့်အရေးကို ရယူရန် ဖြစ်ပေသည်။ ဤ အခွင့်အရေးကို ရယူနိုင်ရန် ဗြိတိသျှ အစိုးရအား ကျွန်ုပ်တို့ အရေးဆိုထားသည်မှာ အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့် ရှိသော ရွေးကောက်ပွဲများကို ချက်ချင်း ကျင်းပပြီးလျှင် တိုင်းပြုပြည်ပြု လွှတ်တော်ကို အမြန်ဆုံး ခေါ်ပေးရန် ဖြစ်ပေသည်။ ဤသို့ တိုင်းပြုပြည်ပြု လွှတ်တော် မဖြစ်ပေါ်မီအတွင်း ဗြိတိသျှအစိုးရနှင့် ဆက်သွယ် ဆွေးနွေးနိုင်သော အမျိုးသား အစိုးရကို ဖွဲ့စည်းပေးရန်ကိုလည်း ကျွန်ုပ်တို့ အဆိုပြုခဲ့ပေသည်။ သို့မှသာလျှင် ကျွန်ုပ်တို့၏ ပြည်သူ့လက်ထဲသို့ လွတ်လပ်ရေး ရချိန်တွင် လုံးဝ တန်ခိုးအာဏာ ပြောင်းလွှဲပေးအပ်ရန်အတွက် ကျွန်ုပ်တို့ လိုသမျှသော အစီအစဉ်များကို ကျနစွာ လုပ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ဗြိတိသျှ အစိုးရသည် ကျွန်ုပ်တို့ အမျိုးသားများအား ဒိုမီနီယမ် အဆင့်အတန်းကို ပေးပါမည်ဟူ၍ မရေမရာသော ကတိပြုပြီးလျှင် စက္ကူဖြူစာတန်းကို ထုတ်ပြန်ခြင်းကိုသာ ပြုခဲ့လေသည်။ ဤ ဒိုမီနီယန် အဆင့်အတန်းကိုပင် ဘယ်အချိန် ဘယ်အခါ ပေးမည်ဟူ၍ တိတိကျကျ ဖော်ပြခြင်း မရှိပေ။
ကျွန်ုပ်တို့ အမျိုးသား တို့၏ လိုအင်ဆန္ဒကို ဗြိတိသျှအစိုးရတို့က မဖြည့်သည့်အတွက် ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း။ ရွေးကောက်ပွဲကို စောစော မပြုလုပ်ပေးလျှင် ဘယ်လို စခန်းသွားကြမည်လဲဟု မေးဘွယ်ရာ ရှိလေသည်။ စင်စစ်မှာ ဗြိတိသျှအစိုးရသည် ရွေးကောက်ပွဲများကို စောစော ကျင်းပလိုပါက ခဲယဉ်းစရာ အကြောင်း မရှိချေ။ ခြောက်လအတွင်းတွင် စီစဉ်၍ ပြုလုပ်နိုင်၏။ ခြောက်လအတွင်း မပြီးစီးနိုင်ဟု ဆိုလျှင် ဗြိတိသျှအစိုးရ၌ လုပ်ရည်ကိုင်ရည် မရှိဟု ဆိုရာ ရောက်ပေသည်။ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဘာများ အထူးအထွေ လုပ်စရာ ရှိပါသလဲ။ မဲပေးနိုင်ခွင့် ကိစ္စကို ဆုံးဖြတ်ဘို့နှင့် မဲစာရင်းများ လုပ်ရန်သာ ရှိပါသည်။ အသွားအလာ လမ်းပန်းခရီးကို ယိုးမယ် ဖွဲ့စရာ မရှိပါ။ ယခင်အခါက လမ်းပန်းခရီး မကောင်းသည့်အထဲမှာပင် ရွေးကောက်ပွဲများ ပြုလုပ်လာကြပါသည်။ မဲပေးနိုင်ခွင့် ကိစ္စကို လွယ်ကူစွာ ဆုံးဖြတ်နိုင်ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ထင်မြင်ချက်များကို ပေးပြီးပါပြီ။ ဤညီလာခံ သဘင်မှာလည်း ဤကိစ္စကို ထပ်မံတင်ပြ ရှင်းလင်းပါမည်။ ထို့အပြင် ဤကိစ္စနှင့် ပတ်သက်၍ အခြားအခြားသော အဖွဲ့များနှင့် ပုဂ္ဂိုလ်များကလည်း ထင်မြင်ချက် ပေးပြီး ဖြစ်ပါသည်။ မဲစာရင်းများကို ခြောက်လအတွင်း ပြီးအောင် လုပ်နိုင်သည်ကို ရှေးက သက်သေ သာဓက ရှိပြီး ဖြစ်ပါသည်။ သည့်အပြင် ဘာအကြောင်း ရှိသေးသလဲ။ လွတ်လွတ်လပ်လပ် မဲပေးနိုင်ဘို့ အခြေအနေ ရှိရမယ်လို့ ဆိုပြန်သည်။ ဤပြောဆိုချက်ကို ကျွန်ုပ်တို့ သဘောတူသည် ရွေးကောက်ပွဲ ကျင်းပသည့် အချိန်မှာ တိုင်းပြည်တွင် ငြိမ်းချမ်းမှု ရှိရပေလိမ့်မည်။ ကမ္ဘာအရပ်ရပ်နှင့် ဗြိတိသျှနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသကဲ့သို့ ကျွန်ုပ်တို့ နိုင်ငံမှာလည်း ခိုးသား ဓားပြမှုများ ဖြစ်ပွားလျက် ရှိသည်မှာ မှန်၏။ သို့ရာတွင် အရှေ့တလွှားတွင် ကျွန်ုပ်တို့ နိုင်ငံသည် အငြိမ်းချမ်းဆုံးသော တိုင်းပြည်ဟူ၍ ကျွန်ုပ် ဆိုလိုသည်။ ကျွန်ုပ် အကြောင်းပြချက်များကို ထောက်ထား၍ ရွေးကောက်ပွဲများကို စောစော ကျင်းပနိုင်ကြောင်း ထင်ရှား၏။
သို့သော်လည်း ရွေးကောက်ပွဲများကို ကျင်းပချင်မှ ကျင်းပပေလိမ့်မည်။ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ။ ကျွန်ုပ် ပြောချင်တာက ရာဇဝင် သဘောအရ၊ ခေတ်သဘောအရ ဖြစ်ပေါ်နေသည့် ကမ္ဘာ့ခြေလှမ်း၊ ဗမာ့ ခြေလှမ်းတို့သည် တလှမ်းတည်း လှမ်းပြီး သွားနေမှာဘဲ။ ကျွန်ုပ်တို့ လူထု အားပေးကူညီ ယိုင်းပင်းမှုနှင့် ကျွန်ုပ်တို့ တိုင်းပြည်ကို ကျွန်ုပ်တို့ ပြုပြင် ထူထောင်မည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေး ပန်းတိုင်သို့ ရှေ့ရှု၍ ချီတက်မည်။ လွတ်လပ်ရေး ပန်းတိုင်သို့ အဘယ်ကဲ့သို့ ချီတက်မည်နည်း။ ကျွန်ုပ်တို့၏ လုပ်ငန်း အစီအစဉ်ကို ဤညီလာခံသဘင်၌ တင်ပြမည်ဖြစ်၍ ကျွန်ုပ် အကျဉ်းအားဖြင့်သာ ပြောလိုသည်မှာ ဤလုပ်ငန်း အစီအစဉ်သည် အတော်အတန် ပြည့်စုံသော်လည်း ကျွန်ုပ်တို့သည် အလှမ်းမကျယ်ဘဲ အလယ်အလတ် အရေးကြီးသော လက်ငင်းပြဿနာများကို ဖြေရှင်းနိုင်အောင် ပဌမဆုံး စတင် ဆောင်ရွက်ရပေလိမ့်မည်။ အရေးကြီးဆုံးသော ကိစ္စများမှာ ကယ်ဆယ်ထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ငြိမ်ဝပ်ပိပြားရေး၊ ပညာရေး၊ အိမ်ဆောက်ရေး၊ ကျန်းမာရေး စသည်တို့ ဖြစ်ပေသည်။ ဤအရေး ဤကိစ္စများကို အောင်မြင်စွာ ပြီးစီးနိုင်အောင် ကျွန်ုပ်တို့သည် ပူးပေါင်း ဆောင်ရွက်ခြင်းသဘောနှင့် ဆောင်ရွက်ကြရပေလိမ့်မည်။
ရွေးကောက်ပွဲများ ကျင်းပစေကာမူ ကျွန်ုပ်တို့ အလိုရှိသော တိုင်းပြုပြည်ပြု လွှတ်တော်ကို ခေါ်ပေးချင်မှ ခေါ်ပေးလိမ့်မည်။ တိုင်းပြုပြည်ပြု လွှတ်တော်ကို ခေါ်ပေးမှ ဖြစ်နိုင်သည် မဟုတ်။ ကျွန်ုပ်တို့၏ လုပ်ငန်းသဘောအရ တိုင်းပြုပြည်ပြု လွှတ်တော် ဖြစ်ပေါ်လာလိမ့်မည်ဟု နားလည်သင့်ကြပေသည်။ ရွေးကောက်ပွဲများ ကျင်းပခဲ့ပါလျှင် လူထု၏ အားပေးမှုဖြင့် (ဝါ) လူထု၏ မဲဆန္ဒကြောင့် ကျွန်ုပ်တို့သည် ရွေးကောက်ပွဲများတွင် အနိုင်ရမည်မှာ မလွဲချေ။ ထိုအခါ ကျရောက်လျှင် ကျွန်ုပ်တို့သည် ဗြိတိသျှ အစိုးရကို တိတိလင်းလင်း ကျွန်ုပ်တို့၏ လိုအင်ဆန္ဒကို မရ ရအောင် တောင်းဆိုမည်။ ဤကဲ့သို့ ငြိမ်းချမ်းသောနည်းဖြင့် ကျွန်ုပ်တို့လူမျိုး၏ ကံကြမ္မာကို မဖန်တီးနိုင်လျှင် ကျွန်ုပ်တို့သည် နည်းလမ်းသစ် ထွင်၍ ကျွန်ုပ်တို့၏ တန်ခိုးအာဏာဖြင့် ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို ရယူရန် စိုင်းပြင်းမည်။ နည်းသစ်ဟု ဆိုရာ၌ စင်ပြိုင်အစိုးရ တည်ထောင်ခြင်းကို ဆိုလိုသည် မဟုတ်။ ၎င်းစင်ပြိုင် အစိုးရ တည်ထောင်ခြင်းထက်၎င်း၊ အနုမြူဗုံးထက်၎င်း အင်အားရှိသော ကျွန်ုပ်တို့ လူထုအားကို ကျနသေချာစွာ စည်းရုံး၍ အသုံးပြုမည်ဟု ဆိုလိုသည်။ ကမ္ဘာပေါ်တွင် လူထုအားကို မည်သည့်အားမျှ ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ချေ။
လူထုကို အဘယ်ကဲ့သို့ ကျနသေချာစွာ စည်းရုံးမည်နည်း။ အဘယ်ကဲ့သို့ ကျနသေချာစွာ အသုံးပြုမည်နည်း။ ပဌမဆုံး အမျိုးသား ညီညွတ်မှုကို ဆောင်ရွက်ရမည်။ အမျိုးသား ညီညွတ်မှု၏ ရှေ့ဆောင်ရှေ့သွားအဖြစ်ဖြင့် ကျွန်ုပ်တို့ ဖက်ဆစ်တိုက်ဖျက်ရေး- ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်နှင့် နယ်အဖွဲ့များကို ဖွဲ့စည်းပြီးခဲ့လေပြီ။ အဖွဲ့ချုပ်နှင့် နယ်အဖွဲ့များကို ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင်၊ ကျနသည်ထက် ကျနအောင် ပြုလုပ်ရပေလိမ့်မည်။ အဖွဲ့ချုပ်၏ စည်းမျဉ်းများကို ပြုပြင်နိုင်ရန် ဤညီလာခံကို တင်ပြပြီး ဖြစ်ပါသည်။
အမျိုးသား ညီညွတ်ရေးဆိုတာ ဘယ်ကဲ့သို့သော ညီညွတ်ရေးကို ခေါ်ပါသနည်းဟု မေးရပေလိမ့်မည်။ အမျိုးသား ညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို။ လူမျိုး ဘာသာ၊ ယောကျာ်း မိန်းမ၊ ဂိုဏ်းဂဏမရွေး တနိုင်ငံလုံး ပြည်သူပြည်သား၊ လူထုတခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်။
အချို့သော ပုဂ္ဂိုလ်များက ဤအမျိုးသား ညီညွတ်ရေးမျိုး ဖြစ်ထွန်းလာအောင် အားလုံးသော အဖွဲ့ဝင်များသည် အသီးသီး အသက အသက မိမိတို့ အဖွဲ့များကို အမျိုးသား အစည်းအရုံးကြီးနှင့် တလုံးတဝတည်း ပေါင်းပစ်သင့်ကြသည်ဟု ထင်မြင်ချက် ပေးကြသည်။ ဤပုဂ္ဂိုလ်များက ဤသို့ ထင်မြင်ချက် ပေးခြင်းမှာ အမျိုးသား လုပ်ငန်းကြီးကို လုပ်ရာတွင် အဖွဲ့များ အသီးသီး ရှိခြင်းသည် အင်အားကို ယုတ်လျော့စေသည်ဟူ၍ စိတ်ကောင်း စေတနာနှင့် စိုးရိမ်ပူပန်ခြင်းကြောင့် ဖြစ်လေသည်။ သို့သော်လည်း အဖွဲ့များကို ဖျက်ပစ်စေကာမူ၊ ပြဿနာ အမျိုးမျိုးပေါ်တွင် ရည်ရွယ်ချက်အားဖြင့် တူသော၊ ထင်မြင်ချက်အားဖြင့် တူသော၊ အကျိုးအားဖြင့် တူသော သူများသည် အသီးသီး ရှိကြပေလိမ့်ဦးမည်။ သို့အတွက် အဖွဲ့များ သီးခြားရှိသည် မရှိသည်မှာ ပဓာန မဟုတ်။ ၎င်းအဖွဲ့တို့သည် ဂုဏ်တုဂုဏ်ပြိုင် ပါတီစိတ်၊ ပါတီသဘောများနှင့် အလုပ် မလုပ်ကြခြင်းသာ အရေးအကြီးဆုံး အချက် ဖြစ်သည်ဟု ဆိုရပေမည်။
အမျိုးသား အကျိုးစီးပွားအတွက် အမျိုးသား ပြဿနာအားလုံးကို ဖြေရှင်းရန် စိုင်းပြင်းရာတွင် ပါတီစိတ်၊ ပါတီသဘောကို စွန့်၍ စည်းစည်းလုံးလုံး စိုင်းပြင်းသင့်ကြပေသည်။ မိမိတို့၏ ထင်မြင်ယူဆချက်များကို (ဝါ) မိမိတို့၏ ဝါဒကို အမျိုးသား အစည်းအရုံးဝင်များအား သာယာညှင်းပျောင်း ကောင်းသောနည်းလမ်း ဖြင့်သာ နားလည် လက်ခံအောင် ရှင်းလင်းပြောပြခြင်း အမှုကိုသာ ပါတီဝင်များ အနေနှင့် ပြုသင့်ပေသည်။ အတိုချုပ်မှာ ပါတီဝင်များ၏ လုပ်ငန်းသည် ပါတီသဘောနှင့် ပါတီကိစ္စ လုပ်ရန် မဟုတ်။ ဝါဒပြန့်ပွားမှုကိုသာ ပြုသင့်ပေ၏။ ဤအတိုင်းဆိုလျှင် ပါတီများ ရှိစေကာမူ ကျွန်ုပ်တို့၏ အမျိုးသား အစည်းအရုံး၏ အင်အားကို ယုတ်လျော့စေသည် မဟုတ်ချေ။ ဤသဘောသဏ္ဍာန်ကို အမှန်စင်စစ် နားလည်ပြီးလျှင် ရိုးသားဖြောင့်မတ်စွာ အားထုတ်ကြပါမူ ကျွန်ုပ်တို့ အမျိုးသား ညီညွတ်မှုသည် တဆင့်ထက်တဆင့် တိုးမြင့်ခိုင်ခံ့၍ မကြာမီ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တည်တံ့ပေလိမ့်မည်။ ဤကား ကျွန်ုပ်တို့၏ ပဌမ လုပ်ငန်းတည်း။
ကျွန်ုပ်တို့၏ ဒုတိယလုပ်ငန်းမှာ ဝါဒဖြန့်ဖြူးရေး ကိစ္စ အဖွဲ့ချုပ် အဖွဲ့ခွဲများ စည်းရုံးရေးကိစ္စနှင့် ပြုပြင် ထူထောင်ရေး ကိစ္စများ ဖြစ်လေသည်။ ဤကိစ္စများကို ကျေပြွန်အောင် ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့ စေတနာဝန်ထမ်းများ အလိုရှိပေသည်။ စေတနာ တခုနှင့် မပြီးသေး။ ဆိုင်ရာဆိုင်ရာ ကိစ္စများကို စီမံဖန်တီး သင်ကြားပြသနိုင်သော အရည်အချင်းများလည်း ရှိရပေလိမ့်မည်။ တနည်းအားဖြင့် ဆိုသော် အဖွဲ့ချုပ်၏ ဗဟိုဌာနတွင် ကျကျနန ဖွဲ့စည်းထားသော ရုံးကြီးတခု ရှိရပေလိမ့်မည်။ ဤဗဟိုရုံးက နိုင်ငံရေး စီးပွားရေး လုပ်ငန်းများကို စီမံညွှန်ပြ ဆောင်ရွက်ရပေလိမ့်မည်။ သို့အတွက် အမျိုးသား ဝန်ထမ်း အနေနှင့် အရည်အချင်းရှိသော ပုဂ္ဂိုလ်များစွာ အလိုရှိပါသည်။ ဤလုပ်ငန်းများအတွက် မိမိတို့ အရည်အချင်းကို ချင့်၍ ဆိုင်ရာ ဆိုင်ရာက ကူညီရိုင်းပင်း ဆောင်ရွက်ရန် အဆင်သင့် ရှိပါလျှင် ကျွန်ုပ်တို့၏ အဖွဲ့ချုပ် ဗဟိုရုံးသို့ အမြန်လာရောက်၍ စာရင်းသွင်းပြီးလျှင် အမြန်ဆုံး စတင်ဆောင်ရွက်ကြပါရန် ကျွန်ုပ် လေးနက်စွာ တိုက်တွန်းလိုက်ပါသည်။ ထိုထိုသော စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များကို အဖွဲ့ချုပ်နှင့်တကွ တနိုင်ငံလုံးက ကျေးဇူးတင်စွာနှင့် ဘယ်အခါမှ မေ့လိမ့်မည် မဟုတ်ချေ။
ဤမျှနှင့် မပြီးသေး။ အဖွဲ့ချုပ်ရုံးတွင် ခေတ်မှီစွာ ဝါဒ ဖြန့်နိုင်ဘို့ စက်ကိရိယာ တန်ဆာပလာများ ရှိရပေလိမ့်မည်။ အခြား အခြားသော လိုအပ်သည့် ဝတ္ထုပစ္စည်းများလည်း ရှိရပေလိမ့်ဦးမည်။ ဤကဲ့သို့ အလိုရှိအပ်သည်များကို ဖော်ပြပြီးနောက် ဆက်လက်၍ ပြောလိုသည်မှာ လိုအပ်သည်များကို ရနိုင်ရန် ရံပုံငွေ လိုကြောင်းပင် ဖြစ်၏။ ရံပုံငွေ မရှိလျှင် မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့သည် နောက်နောင်ကို ငွေဝင်လမ်း မှန်မှန် ရှိအောင် (ဝါ) အဝင်နှင့်အကုန်အကျ မျှတအောင် စီမံမည်။ သို့ဖြစ်၍ လူထုအစည်းအရုံးဖြစ်သော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကို လူထုကပင် ထောက်ပံ့ရမည့် တာဝန် ရှိပါသည်။
အထက်၌ ဖော်ပြပြီးသော လုပ်ငန်းများသည် ကျွန်ုပ်တို့ အမျိုးသားတို့၏ လုပ်ငန်းများ ဖြစ်ချေသည်။ ရဲဘော်တို့… အမျိုးသားတို့ကို စည်းရုံးပြီး စိုင်းပြင်းကြပါစို့။ ကျွန်ုပ်တို့၏ ကံကြမ္မာကို ကျွန်ုပ်တို့ ဖန်တီးဘို့အရေးသည် ကျွန်ုပ်တို့ လက်တွင်းမှာပင် ရှိ၏။
ကျွန်ုပ်တို့ အင်အားကို ကျွန်ုပ်တို့ ယုံကြည်လျှင် ကောင်းကင်တမွတ် ကြယ်ကိုပင် ဆွတ်နိုင်ကြပေမည်။ ကြယ်ကိုပင် ဆွတ်နိုင်ကြလျှင် ကမ္ဘာမြေပေါ်မှာ အဘယ်ကြောင့် လွတ်လပ်ရေး အောင်ပန်းကို မဆွတ်နိုင်ဘဲ ရှိအံ့နည်း။ ကျွန်ုပ်တို့သည် ညီညွတ်စွာ ကျွန်ုပ်တို့၏ ကာယဗလ-ဉာဏဗလ-သတ္တိဗျတ္တိနှင့် ကျွန်ုပ်တို့၏ ရာဇဝင်တွင် စာတင်နိုင်မည့် လွတ်လပ်ရေး အောင်မြင်မှုအတွက် ဆက်လက် ကြိုးပမ်းကြမည်။
ရဲဘော်တို့၊ ခြေလှမ်းမှန်မှန်နှင့် သွားနိုင်ရန် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြလော့။ ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို ကျွန်ုပ်တို့ မကြာမြင့်မီ ရရှိမည်ဟု တထစ်ချ ယုံကြည့်ကြလော့။ အပ္ပမာဒေန၊ သမ္ပာဒေထ။ ။