Aung San of Burma

သတ္တိရှိလျှင် ရွေးကောက်ပွဲ လုပ်ကြရအောင်

၁၉၄၅ ခု၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် မိန့်ကြားသည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။

ယနေ့ ပြည်သူ့အစည်းအဝေးကြီး ခေါ်ဆိုရသည့် အကြောင်းမှာ သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် နေသူရိန် ပြည်သူ့အစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များအတိုင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးက ဘယ်လို ဆောင်ရွက်ခဲ့သည်။ ဘယ်လောက် ထိရောက်ခဲ့သည်။ ရှေ့တွင် ဘာလုပ်ဖို့လိုသည် စသည်တို့ကို အစီရင်ခံရန်နှင့် ထိုအစီရင်ခံချက်များအရ ပြဌာန်းသင့်သော ဆုံးဖြတ်ချက်များကို ပြဌာန်းရန်ပင် ဖြစ်သည်။ အထူးသဖြင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနှင့် အင်္ဂလိပ်ဘုရင်ခံ နှစ်ဦးနှစ်ဖက်တို့သည် ယာယီ အမျိုးသားအစိုးရ တည်ထောင်ရေးကိစ္စတွင် သဘောကွဲလွဲခြင်းနှင့် စပ်လျဉ်း၍ တိုင်းသူပြည်သားများအား ရှင်းလင်းပြရန်နှင့် ရှေ့တွင် မည်သို့ စခန်းသွားသင့်သည်ကို ဆွေးနွေးရန်ပင် ဖြစ်ပါသည်။

ဤကိစ္စများနှင့် ပတ်သက်၍ အစီရင်ခံချက် အရပ်ရပ်ကို အထွေထွေ အတွင်းရေးမှုူးက ဖတ်ပြပါလိမ့်မည်။ ကျွန်တော် ပြောဆိုလိုသော အချက်များမှာ အောက်ပါအတိုင်းပင် ဖြစ်ပါသည်။

၁။ ဗမာ့တပ်မတော်ကိစ္စ။ ဗမာ့တပ်မတော်ကိစ္စနှင့် ပတ်သက်၍ သီးခြားအစီရင်ခံစာ တင်ပြပါလိမ့်မည်။ ထို့ကြောင့် ကျွန်တော် အကျယ်တဝင့် ဤကိစ္စတွင် မပြောလိုပါ။ တချက်နှစ်ချက်လောက်မျှသာ အစီရင်ခံလိုပါသည်။ ဗမာ့တပ်မတော်ကိစ္စနှင့် ပတ်သက်၍ အချို့ မလိုသော ပုဂ္ဂိုလ်များသည် ဗမာ့တပ်မတော်ကို အင်္ဂလိပ်အစိုးရ လက်အောက်ခံ တပ်မတော်အဖြစ် ထားရမလားဟု အပြစ်ပြောကြပါသည်။ ကျွန်ုပ်က ထိုကဲ့သို့ အပြစ်ပြောသူများကို အင်္ဂလိပ်အစိုးရ အုပ်ချုပ်လျက်ရှိသေးသော ဗမာပြည်တွင် အင်္ဂလိပ်အစိုးရ လက်အောက်ခံ စစ်တပ်အဖြစ် မထားလို့ရှိလျှင် ဘယ်လို လုပ်ထားရမှာလဲဟု မေးလိုပါသည်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့တိုင်းပြည်ကို ကျွန်ုပ်တို့ သဘောကျ ကျွန်ုပ်တို့ အကျိုးအတွက် စီမံဖန်တီးနိုင်သော လွတ်လပ်ရေးကို အလိုရှိကြ၏။ ထိုလွတ်လပ်ရေး ရရာ ရကြောင်း ကျွန်ုပ်တို့ ကြိုးစားခဲ့၏။ ဆောင်ရွက်ခဲ့၏။ ဤကဲ့သို့ ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့ပုံကို တိုင်းပြည်တပြည်လုံးအသိ ဖြစ်၏။ သို့သော် ကျွန်ုပ်တို့ အလိုရှိသော လွတ်လပ်ရေးသည် ကျွန်ုပ်တို့ လက်ဝယ် မရရှိသေး။ ထိုကဲ့သို့ ကျွန်ုပ်တို့ လွတ်လပ်ရေး မရရှိသေးသည်မှာ ကျွန်ုပ်တို့ တိုင်းပြည် လွတ်လပ်ရေး လုပ်ငန်းအင်အားသည် လွတ်လပ်ရေး ရနိုင်သည်အထိ မပြည့်စုံသေး၍သာ ဖြစ်ကြောင်း။

ဗမာ့တပ်မတော်ကိစ္စမှာ လက်ငင်းအားဖြင့် အဖျက်အသိမ်းခံမည်လော၊ သို့တည်းမဟုတ် စစ်တပ်အဖြစ် တည်ရှိရန် ကြိုးစားမည်လော ဟူသော အမေးနှစ်ရပ်ကို မူတည်၍ ကျွန်ုပ်တို့ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စမှာ လက်ငင်း အရေးဆို၊ လက်ငင်း ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သဖြင့် ဗမာနိုင်ငံ လွတ်လပ်ရေး ရသည်အထိ ရွှေ့ဆိုင်းနိုင်သော ကိစ္စမဟုတ်ပေ။ ထိုကဲ့သို့ လွတ်လပ်ရေး ရသည်အထိ ဗမာ့တပ်မတော်ကို အဖျက်အသိမ်း မခံလိုလျှင် အင်္ဂလိပ်နှင့် စစ်တိုက်ရန်သာ ရှိသည်။ သို့သော် စစ်တိုက်ခြင်း၊ နိုင်ငံလွတ်လပ်ရေးအတွက် ဆောင်ရွက်ခြင်း မည်သည်မှာ ကလေးကစားသလို စိတ်ထင်တိုင်း ပြုကျင့်အပ်သည့် အရာမျိုး မဟုတ်သဖြင့် အင်္ဂလိပ်လက်အောက်၌ ထားပင်ထားရစေကာမူ စစ်တပ်အဖြစ် တည်ရှိရန် ပဓာန ဖြစ်ရကား၊ မူလကပင် ကျွန်ုပ်တို့သည် ရှင်းရှင်းလင်းလင်း ဆိုထားခဲ့ပေသည်။ နေသူရိန် ပြည်သူ့အစည်းအဝေးကြီး၌ ကျွန်ုပ်၏ ဥက္ကဌမိန့်ခွန်းကို ဖြစ်စေ၊ တပ်မတော်နှင့် ဆိုင်သော ဆုံးဖြတ်ချက်ကို ဖြစ်စေ သေသေချာချာ ဖတ်ကြည့်က ဤအချက်များသည် ရှင်းလင်းသွား ပါလိမ့်မည်။ တပ်မတော်နှင့် ပတ်သက်သော သီးခြားအစီရင်ခံချက်ကိုလည်း ခင်ဗျားတို့ ကြားနာသည့်အခါ ရှင်းလင်းပါလိမ့်မည်။ အမှန်စင်စစ် ဤအစီရင်ခံစာကို အောက်တိုဘာလ ၆ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် တင်ပြသည့်အခါ သတင်းစာတိုက်များသို့လည်း ဝေငှခဲ့ပြီး ဖြစ်ကြောင်း၊ ဗမာ့တပ်မတော်သည် ဗမာပြည်လွတ်လပ်ရေး လုပ်ငန်းအတွက် မိမိစွမ်းအားရှိသမျှ ဆောင်ရွက်ခဲ့ပြီးလေပြီ။ ၄င်းတို့ ဆောင်ရွက်ခဲ့သည့်အတွက် ဗမာတိုင်းပြည်နှင့် ဗမာလူမျိုးတို့၏ ဂုဏ်ရည်သည်၄င်း၊ ဗမာ့လွတ်လပ်ရေး လုပ်ငန်းအဆင့်သည်၄င်း၊ ကမ္ဘာတခုလုံးက အသိအမှတ်အပြုခံရသည့် အခြေသို့ ရောက်ခဲ့ပြီ။ ဗမာ့တပ်မတော်၏ စစ်လုပ်ငန်းများသည် ပြီးဆုံးခဲ့ပြီ။ ဗမာ့တပ်မတော်သည် တာဝန်ကြေခဲ့ပြီ။ တပ်မတော် ပြင်ဖက်ရှိ နိုင်ငံရေးသမားများနှင့် တိုင်းသူပြည်သားများက ကျန်ရှိသေးသော လွတ်လပ်ရေးလုပ်ငန်းများကို ဆက်လက်၍သာ ပြုလုပ်ရန် ရှိတော့သည်။ ထိုကဲ့သို့ လွတ်လပ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရာတွင် ဗမာ့တပ်မတော်၏ ရည်ရွယ်ချက်အတိုင်း လျင်မြန်စွာ အောင်မြင်နိုင်ရန် ကျွန်ုပ် နိုင်ငံရေးနယ်တွင်းသို့ ပြန်လည် ဝင်ရောက်ရခြင်း ဖြစ်သည်။ ဤကား တပ်မတော်ကိစ္စနှင့် ပတ်သက်၍ ပြောဆိုလိုသော အချက်များပင်တည်း။

၂။ ယာယီ အမျိုးသားအစိုးရကိစ္စ ။ ဤကိစ္စနှင့် ပတ်သက်၍လည်း အထွေထွေ အတွင်းရေးမှူး၏ အစီရင်ခံစာတွင် ပါရှိပါလိမ့်မည်။ သို့သော် ကျွန်ုပ်တို့ အဖွဲ့ချုပ်ကြီးသည် ဤကိစ္စတွင်၄င်း၊ အခြားကိစ္စများတွင်၄င်း ဖက်ဆစ်ဆံသည်ဟု အင်္ဂလိပ်ဖက်နှင့် အင်္ဂလိပ်ရဲ့လူများက တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ ဝေဖန်ချက်ကို ချေပလိုပါသည်။ ကျွန်ုပ်တို့ အဖွဲ့ချုပ်ကြီး၏ ဝါဒ၊ စည်းမျဉ်း လုပ်ငန်းအရပ်ရပ်တွင် မည်သည့်အရာသည် ဖက်ဆစ်ဆံပါသနည်း။ သိုးသိုးသန့်သန့် ကြားရသော သတင်းတရပ်အရ နေသူရိန်အစည်းအဝေးကြီးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ တဖက်သတ် ချမှတ်ခဲ့သလို တချို့ ပြောသည်ဟု သိရပေသည်။ အဘယ်အကြောင်းများကြောင့် ဤကဲ့သို့ တဖက်သတ် ဆုံးဖြတ်ချက်များဟု ပြောနိုင်သနည်း။ ကန့်ကွက်သူ မရှိသဖြင့် ပြောဆိုခြင်းပင်လော။ ကန့်ကွက်သူ မရှိသည်မှာ ကန့်ကွက်ရန် အခွင့်အရေး မရှိ၍ မဟုတ်ဘဲ၊ ထိုကဲ့သို့ အခွင့်အရေး ရှိထားလျက် ထိုစဉ်အခါက ကန့်ကွက်လိုသူများသည် မကန့်ကွက်ခြင်းမှာ အဆိုပါ ကန့်ကွက်လိုသူများ၏ အပြစ်သာ ဖြစ်၍ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး၏ အပြစ်မဟုတ်။ ဘုရင်ခံ၏ ကိုယ်စား ကြေညာချက်တွင်၄င်း၊ အခြား အစိုးရပိုင်း သို့မဟုတ်…အစိုးရနှင့် မကင်းသူများထံမှ ပြောကြားချက်များတွင်၄င်း၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကပင် ဖက်ဆစ်ဆံသလို ရေးသားပြောဆိုကြ၏။

ဘုရင်ခံသည် သူ့စကားအရပင် ၁၉၃၅ ခု၊ ဗမာပြည် အုပ်ချုပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃၉ အရ အင်္ဂလိပ်ပါလီမံကို သူတဦးတည်း တာဝန်ခံအုပ်ချုပ်ရသဖြင့် သူ မတတ်နိုင်ပါဟူသော သဘောကို ပြောထားပြီး ဖြစ်ရာ ဤကဲ့သို့ အုပ်ချုပ်ခြင်းသည် တဦးတည်း အုပ်ချုပ်ခြင်း ဖြစ်သဖြင့် ဖက်ဆစ်ဆံခြင်း ဆံလျှင် ဘုရင်ခံသာလျှင် ဖက်ဆစ်ဆံကြောင်း ထင်ရှားလှပေသည်။ အင်္ဂလိပ်ဘုရင်ခံသည် တိုင်းပြည်မှ နောက်လိုက် ဘာမျှ မရှိသော လူပုဂ္ဂိုလ်များ စုပေါင်းထားသော အမှုဆောင်ကောင်စီ ဝန်ကြီးအဖွဲ့ကို ခန့်ထားခြင်းသည် ဘယ် ဒီမိုကရေစီစံနစ်နှင့် ကိုက်ညီလို့ ခန့်ပါသလဲ။ ဖက်ဆစ်စံနစ် မဟုတ်ပါဘူးလို့ အင်္ဂလိပ်ဘုရင်ခံက ဆိုရဲပါရဲ့လား။ ထိုဘုရင်ခံ၏ အလိုတော်ရိ ဗမာဝန်ကြီးသစ်များသည် ကျုပ်တို့တပြည်လုံးက အဖွဲ့စုံပါတဲ့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး ဆိုတာ သိပါလျက်နှင့် ပါတီတဖွဲ့တည်းသာလျှင်ရှိသော တိုင်းပြည်သည် ဖက်ဆစ်တိုင်းပြည် ဖြစ်သည်ဟု ဗြောင်လိမ်သောစကား၊ ယောင်ဝါးသော နိုင်ငံရေးသဘောကို ပြောဆိုလိုက်ရာ သူတို့ကတော့ ဘယ်လိုအကြောင်းတွေကြောင့် ဒီမိုကရေစီစံနစ်ကို လိုက်တယ်လို့ ပြနိုင်ပါသလဲ။ ရာထူးလိုချင်လို့ ရာထူးယူပါတယ် ဆိုယင် တိုင်းပြည်ကို မလိမ်မကောက်ဘဲ ပြောရာရောက်လို့ တိုင်းသူပြည်သားတွေကို ရိုသေလေးစားတဲ့သဘော ဖြစ်နိုင်သေးတယ်။ ဒီမိုကရေစီကို ကာယကံမြောက် မလိုက်နာနိုင်ပေမဲ့ ဒီမိုကရေစီစိတ် ရှိသေးတယ်လို့ ခေါ်နိုင်သေးရဲ့။ အခုတော့ ဒီမိုကရေစီ စံနစ်နဲ့လဲ ဘယ်လိုလုပ်လို့မှ သူတို့လုပ်တာ ညီညွတ်တယ်လို့ မပြောနိုင်၊ တိုင်းပြည်ကိုလဲ ထပ်လှည့်စားပြန် ဆိုတော့ ဒီလိုလူမျိုးတွေကိုမှ ဖက်ဆစ်မဟုတ်ဘူး ဆိုလို့ရှိယင် ဘယ်သူ့ကို ဖက်ဆစ်ခေါ် ရမှာလဲ။ နောက်ပြီး ဖက်ဆစ်ဝါဒဆိုတာ ဘာလဲ သိကြရဲ့လား။ ကျုပ်တို့ နားလည်သလောက်ဖြင့် ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလဲ တိုင်းသူပြည်သားလူထုအဖွဲ့များ ခေါင်းဆောင်များကို ဖိနှိပ်၊ အခြားလူမျိုးတွေကိုလဲ ငါတို့လောက် မမြတ်ဆိုပြီး အခြားလူမျိုးတွေအပေါ် လွမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ် နားလည်ဒါဘဲ။ နယ်ချဲ့ဝါဒနဲ့ ဖက်ဆစ်ဝါဒ ထူးခြားပုံဟာ နယ်ချဲ့ဝါဒကတော့ မိမိတိုင်းပြည်တွင်းမှာ ဒီမိုကရေစီ စံနစ် လုပ်တန်သလောက်လုပ်ပြီး မိမိပိုင် ကျွန်နိုင်ငံတွေမှာတော့ ဖက်ဆစ်ဆံသလောက် ဆံတယ်။ ဖက်ဆစ်ဝါဒကတော့ ကိုယ့်တိုင်းပြည်မှာရော သူများတိုင်းပြည်မှာရော ဘယ်နေရာမှာမဆို ဖက်ဆစ်နည်းကို သုံးတယ်။ စစ်မဖြစ်ခင်တုန်းက အင်္ဂလိပ်အစိုးရဟာ နယ်ချဲ့အစိုးရပင် ဖြစ်တယ်။ နယ်ချဲ့အစိုးရချင်းမှာတောင် ထိုစဉ်အခါက သူပိုပြီး ရက်ရောတဲ့ စိတ် ရှိတယ်။ ဒါ ဘာဖြစ်လို့လဲ၊ စီးပွါးရေး အခြေအနေကြောင့်ဘဲ။

ဟိုတုန်းက အင်္ဂလိပ်အစိုးရဟာ ကမ္ဘာပေါ် အကြီးဆုံး အင်ပိုင်ယာကြီးကို ပိုင်ထားတဲ့အတွက် စီးပွားရေးအခြေမှာ တခြားနယ်ချဲ့အစိုးရတွေထက် ပိုပြီး တောင့်တင်းတယ်။ မိမိတိုင်းပြည် အလုပ်သမားဆင်းရဲသားများကိုလဲ ဖြန့်ဖြူးပေးနိုင်တယ်။ လက်အောက်ခံ ကျွန်တိုင်းနိုင်ငံတွေအပေါ်မှာလဲ ရက်ရောခဲ့တယ်။ ပြင်သစ်ပိုင် အင်ဒိုချိုင်းနား၊ ဒတ်ချပိုင် အင်ဒိုနီးရှား စသော တိုင်းပြည်များတွင် တခြားနယ်ချဲ့ အုပ်ချုပ်ရေး စံနစ်တွေထက် ပိုပြီး ရက်ရောသလောက် ရက်ရောခဲ့တယ်။ သို့သော်လဲ ယခု ဗြိတိသျှနယ်ချဲ့ အစိုးရမှာ စစ်ကို နိုင်တယ်ဆိုပေမဲ့၊ စစ်ကြောင့် ၄င်း၏ အခြေများမှာ အင်မတန်ပင် ယိုင်လဲနေတယ်။ အထူးသဖြင့် ၄င်း၏ စီးပွားရေး အခြေမှာ အလွန်ပင် ချည့်နဲ့နေတယ်။ ရေနစ်အံ့ဆဲဆဲ ဖြစ်သော သူဟာ ရမိရရာ မြဲမြဲကြီး ဆုပ်ကိုင်သလို အင်မတန်ဇယားကောင်းပြီး ဘဝပြောင်းတော့မလောက် ဖြစ်နေတဲ့ ဗြိတိသျှနယ်ချဲ့စံနစ်ဟာလဲ ဖက်ဆစ်စံနစ်ကြီးကို စီးပွားရေးသဘော အိမ်နောက်ဖေးက သွင်းနေတယ်။ အဲဒီလို စီးပွားရေးသဘော ဖက်ဆစ်စံနစ်ကို လုပ်ဆောင်နိုင်အောင် နိုင်ငံရေးသဘောကိုလဲ ရမယ်အမျိုးမျိုး ရှာပြီး ဖက်ဆစ်စံနစ်ဘဲ လုပ်လာရပြီ။ ဥပမာ ဖက်ဆစ်ဆန့်ကျင်ရေးသမားများကို အကြောင်းအမျိုးမျိုး ဖန်တီးပြီး ဖမ်းဆီးလျက် ရှိသေးခြင်း၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် ဘုရင်ခံစေ့စပ်ရာတွင် နောက်ဆုံး အဖွဲ့ချုပ်ကြီးက လိုလားသော တင်းပြည့်ယာယီ အမျိုးသားအစိုးရ မပေးနိုင်ရုံတွင်မက ကုလားပြည်တွင် အင်္ဂလိပ်က ပေးသလောက်ကိုပင် မပေးငြားသော်လည်း၊ အဖျက်လုပ်ငန်းကို မလုပ်လိုသဖြင့် အဖွဲ့ချုပ်ကြီးက ဘုရင်ခံ တဦးတည်း အုပ်ချုပ်ရေးကို တိုင်းပြည်သို့ တာဝန်ခံ အုပ်ချုပ်နိုင်သော အစိုးရသဘော အုပ်ချုပ်စေရန် ကျွန်တော်တို့က လျှော့လျှော့ပေါ့ပေါ့ လုပ်တာတောင် ပရိယာယ်အမျိုးမျိုး သုံးပြီး ဘုရင်ခံသည် ထင်ရာကို လုပ်နေခြင်း၊ စစ်ပြီးသော်လည်း ဗမာပြည်ကာကွယ်ရေး ဥပဒေကို မရုပ်သိမ်းသေးခြင်း၊ ချောက် စသော မြို့များတွင် စစ်အုပ်ချုပ်ရေး ရှိသေးခြင်း၊ တနင်္သာရီနယ်ဖက်တွင် ဂျပန်များ လက်နက်ချပြီးပြီဟု သိရှိရသော်လည်း စစ်အုပ်ချုပ်ရေး မရုပ်သိမ်းသေးခြင်း၊ ပုလိပ်ထံ ဝန်ခံချက်များကို သက်သေခံအဖြစ် ဥပဒေ ဝင်သည်ဟု ဥပဒေ ပြောင်းလွဲထားသဖြင့် ဂျပန်ကင်ပေတိုင် စံနစ်အတိုင်း ဖြစ်နေခြင်း၊ ထောင် ခြောက်လအထိ ကျနေသော ထောင်ကျလူများကို အယူခံမရှိ ဆိုခြင်း…စသော အရာများသည် နိုင်ငံရေးသဘောအရ ဖက်ဆစ်ဝါဒပင် ဖြစ် သည်။ ဂျပန်ဖက်ဆစ် ဝါဒမှာ စစ်ဖက်ကအုပ်ချုပ်သော ဖက်ဆစ်ဝါဒဖြစ်၍ ဗြိတိသျှနယ်ချဲ့ဝါဒမှာ ယခုအခါတွင် စီးပွားရေး ဖက်ဆစ်ဝါဒအသွင်သို့ ပြောင်းလွဲရန် လွတ်လပ်ရေး ဗန်းပြလျက် နိုင်ငံရေး သံသရာရှည်နိုင်သမျှ ရှည်အောင် ကြိုးစားလျက် နိုင်ငံရေး ဖက်ဆစ်ဝါဒကို ရမယ်အမျိုးမျိုး ရှာကာ အသုံးပြုနေလေပြီ။ ဤကိစ္စနှင့် ပတ်သက်၍ ယနေ့တင်ပြမည့် စီးပွားရေးနှင့် ပတ်သက်သော အဆို၊ ပြစ်ဒဏ်ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အဆိုများ တင်သွင်းသည့်အခါ ပိုမို သိရှိနားလည်ကြပါလိမ့်မည်။

ဒုတိယ…ကျွန်တော်ပြောလိုသော အချက်မှာ ဘုရင်ခံကသော်လည်းကောင်း၊ အချို့သတင်းစာများကသော်လည်းကောင်း ကျွန်ုပ်တို့နှင့် ဘုရင်ခံသဘောကွဲလွဲခြင်းတွင် ပေါ်လစီကြောင့် ကွဲခြင်း မဟုတ်၊ ပုဂ္ဂိုလ်စွဲ ကွဲခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဤစကားမှာ လုံးဝ မှားသော အချက်ပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ထုတ်ပြန်ချက်များ၊ စာများ၊ ဆုံးဖြတ်ချက်များကို သတင်းစာတိုက်များအား ပေးထားရုံမက ကျွန်ုပ်တို့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆွေးနွေးချက်များကိုပင် နားထောင်ခွင့်ပြုထားပါလျက် ဤကဲ့သို့ မဟုတ်သော စကားကို ဘုရင်ခံက အင်္ဂလိပ်အစိုးရအဖို့ ပြောသည်ကို နားလည်နိုင်သော်လည်း အချို့သတင်းစာများက ရေးသားသည်ကို နားမလည်နိုင်အောင်ပင် ဖြစ်ရတော့ကြောင်း။ ကျွန်ုပ်တို့က နေသူရိန် စာချုပ်အရ ဆောင်ရွက်၍ ဘုရင်ခံက သူ့စက္ကူဖြူစာတန်းအရ ဆောင်ရွက်၏။ ကျွန်ုပ်တို့က ဘုရင်ခံတဦးတည်း အုပ်ချုပ်ရေးအစား အဖွဲ့နှင့် ကာကွယ်နိုင်သော အုပ်ချုပ်ရေးကို တောင်း၍ ဘုရင်ခံက သူထားရာ ကနေသော တဦးစီအနေဖြင့် ပါသော ဝန်ကြီးအဖွဲ့ကိုသာ အလိုရှိ၏။ ကျွန်ုပ်တို့ ပြုလုပ်ခြင်းကား ဘုရင်ခံက ဥပဒေအရ အာဏာရှင်စံနစ် သုံးမည့်အရေးကို လုပ်ငန်းစဉ်သဘောတွင် ဒီမိုကရေစီစံနစ် ဖြစ်အောင် လုပ်ချင်၏။ ဤအချက်များကို ကြည့်လျှင် ကျွန်ုပ်တို့သည် ဘုရင်ခံနှင့် သဘောကွဲလွဲရာတွင် ပုဂ္ဂိုလ်စွဲ သဘောနှင့်ချည်း ကွဲလွဲခဲ့သည်မဟုတ်၊ စံနစ်သဘော၊ ပေါ်လစီသဘောလည်း ကွဲလွဲသည်မှာ ထင်ရှားလှပေသည်။ ၄င်းပြင် ပုဂ္ဂိုလ်နှင့် ပတ်သက်၍ ဂရုမစိုက်ရဆိုသည်မှာ အရာရာတွင် မမှန်၊ တိုင်းပြည်တည်းဟူသော စက်ကြီးကို ထူထောင်ရာ၌ စက်ကလည်း ကောင်းရန်လိုသည်။ စက်မောင်းမည့်သူကလည်း ကောင်းရန်လိုသည်။ ဘုရင်ခံက အကြောင်း မလုံလောက်ဘဲ၊ အချို့ပုဂ္ဂိုလ်များကို ပယ်၏။

ဘာကြောင့် ပယ်သနည်း။ ဤကဲ့သို့ ကျွန်ုပ်တို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးက တညီတညွတ်တည်း လုပ်သည်ကို မရှုဆိတ်နိုင်၍ ပြုလုပ်ခြင်းသာ ဖြစ်၏။ ဘုရင်ခံက အင်္ဂလိပ်ဓနရှင်များ အကျိုးအတွက် ဤကဲ့သို့ လုပ်ခြင်းကို နားလည်နိုင်သော်လည်း ဗမာအချို့က ဘုရင်ခံ၏ လေကို ထောက်ခံခြင်းသည် တိုင်းပြည်ညီညွတ်ပြီး လွတ်လပ်ရေး မြန်မြန်ကောင်းကောင်း ရမှာ စိုး၍လော။ ဤကဲ့သို့သော လူမျိုးကို ရာဇဝင်တည်းဟူသော တရားသူကြီးသည် ကျုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ အကြီးဆုံးသော ရန်သူဟူ၍ ဖျက်မပစ်နိုင်သော အနာရွတ်ထင်အောင် တံဆိပ်ခတ်နှိပ်ပေးဖို့သာ ရှိတော့သည်။ ကျွန်ုပ်တို့အဖို့ကား မည်သို့မှ စိတ်မရှိပေ။ သို့သော် ရာဇဝင်တည်းဟူသော မညှာတမ်း တရားသူကြီး၏ မဖျက်နိုင်သော အပြစ်ပေးမှုကို ဤကဲ့သို့ လူမျိုးများ ရရှိပါက ကျွန်ုပ်တို့နှင့် မသက်ဆိုင်ဘဲ ဘယ်သူမပြုမိမိမှုဆိုသလို ထိုသူများ၏ အပြစ်သာ ဖြစ်တော့သည်။

တတိယ…. အချို့ပုဂ္ဂိုလ်များက ဘုရင်ခံနှင့် စကားဆိုရာတွင် တင်းလွန်းသည်ဟု ပြောကြရာ တဖက်တွင် ကျွန်တော် အတော်အတန် ရှင်းလင်းပြသခဲ့သည့်အတိုင်း မည်သည့်နေရာတွင် ကျွန်ုပ်တို့ တင်းပါသနည်းဟူ၍ ပြောဆိုသော သူများကိုသာ ပြန်လှန်မေးလိုလှပေကြောင်း။ ဤကား ယခုလက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ် ရှင်းလင်းလိုသည့် အချက်များပင်တည်း။

ယခုလက်ရှိ နိုင်ငံရေး အခြေအနေကို သုံးသပ်ပြီးသည့်နောက် ရှေ့နိုင်ငံရေး အလားအလာနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေးလိုပေကြောင်း။ ကမ္ဘာ့နိုင်ငံရေးအလားအလာမှာ ယခုအခါ ကမ္ဘာရှိ နိုင်ငံအသီးသီးသည် စစ်ပန်းကျနေချိန် ဖြစ်သဖြင့်တကြောင်း။ မိမိနိုင်ငံအသီးသီး ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းအားထုတ်နေရသည့် အချိန်ဖြစ်သဖြင့်တကြောင်း၊ တနိုင်ငံနှင့်တနိုင်ငံ အကျိုးချင်း ညှိနိုင်း၍ မလုပ်ဘဲ မိမိနိုင်ငံကို ထူထောင်ရန် ခဲယဉ်းနေသော အချိန်အခါဖြစ်ကြောင်း၊ အင်္ဂလိပ်အစိုးရသည် အလွန်ပင် အင်အားနည်းသော အချိန်အခါ ဖြစ်၍ ပြဿနာမြောက်များစွာနှင့် ရင်ဆိုင်တွေ့နေရသော အချိန်ဖြစ်နေသဖြင့် သူထင်ရာသူလုပ်ခြင်းငှာ မစွမ်းနိုင်၊ ကျွန်ုပ်တို့၏ လွတ်လပ်ရေး လုပ်ငန်းမှာလည်း အင်္ဂလိပ်အစိုးရ ဖုံးဖိမထားနိုင်အောင် ကမ္ဘာက သိခဲ့ပြီးလေပြီ။ မည်သည့်တိုင်းပြည်၏ ပြဿနာမဆို ကမ္ဘာ့ပြဿနာအထိ ဆိုက်ရောက်နိုင်သော အချိန်အခါမျိုးတွင် ဗမာပြည်သူပြည်သားများသည် မိမိတို့ လွတ်လပ်ရေး လုပ်ငန်းများတွင် မိမိတို့ချည်း မဟုတ်ဘဲ ကမ္ဘာနှင့်အဝှန်းမှ ကျွန်ုပ်တို့ ၏ လွတ်လပ်ရေးကို လိုလားသော အင်္ဂလိပ်လူထုကြီးအပါအဝင် ကမ္ဘာသူကမ္ဘာသား လူထုကြီးများနှင့် အထူးသဖြင့် ကျွန်နိုင်ငံ ဖြစ်နေကြသော လူမျိုးများ၊ ကျွန်ုပ်တို့ အာရှတိုက်များတို့သည် သွေးစည်းနိုင်သမျှ သွေးစည်း၍ ဆောင်ရွက်က ပိုမိုထိရောက်စွာ အောင်မြင် နိုင် မည်မှာ အထူး ရှင်းလင်းပြောပြစရာ မလိုပေ။

သို့ဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လွတ်လပ်ရေးကို အေးဆေးသောနည်းဖြင့် ရနိုင်ရန် ကမ္ဘာတွင် ဝါဒဖြန့်ခြင်း ဘိလပ်အစိုးရနှင့် တိုင်းသူပြည်သားများအား ဗမာပြည်လက်ရှိ အခြေအနေမှန်ကို အတိအကျ သိစေရန်နှင့် ကျွန်ုပ်တို့၏ လိုလားချက်များကို ထောက်ခံလာစေရန် ကိုယ်စားလှယ်များ စေလွှတ်၍ ဆောင်ရွက်စေခြင်း၊ ကျွန်ုပ် စတင်အကြံဥာဏ် ပေးခဲ့၍ အိန္ဒိယနိုင်ငံ ကွန်ဂရက် ဥက္ကဌ စသော ပုဂ္ဂိုလ်များက ထောက်ခံသော အာရှတိုက် ပေါ့စဒန် အစည်းအဝေးကြီးကို အမြန်ခေါ်နိုင်ရန် ကြိုးစားပြီးလျှင် ကျွန်ုပ်တို့အချင်းချင်း ကျွန်ုပ်တို့နိုင်ငံအသီးသီး လွတ်လပ်ရေးနှင့် ကောင်းစားရေးများကို ပူးပေါင်းဆောင်ရွက် နိုင် ရန် ကြိုးစားခြင်းအစရှိသော လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် လိုပေလိမ့်မည်။ ကျွန်ုပ်တို့နိုင်ငံအတွင်း၌လည်း ယခုရရှိပြီး ညီညွတ်ရေးကို ခိုင်မာသည်ထက် ခိုင်မာစေရန် ကြိုးစားရပေမည်။

ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် ဒီဇင်္ဘာလအတွင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီးကို ခေါ်ဆိုထားပေသည်။ ၄င်းပြင် ကျွန်ုပ်တို့တိုင်းပြည်၏ ဆန္ဒနှင့်သဘောကို အလျင်အမြန် ပြနိုင်သော တိုင်းပြုနိုင်ငံပြုလွှတ်တော်ကြီးအတွက် ရွေးကောက်ပွဲကို အလျင်အမြန် ခေါ်ဆိုစေရန် အနယ်နယ်အရပ်ရပ်တွင် ယခုကဲ့သို့ ပြည်သူ့အစည်းအဝေးများ ခေါ်ဆိုပြီးလျှင် ယနေ့ ကျွန်ုပ်တို့ ဆုံးဖြတ်သည့်အတိုင်း လိုက်နာ ဆုံးဖြတ်ပြီးလျှင် ဘုရင်ခံနှင့်တကွ ဗမာပြည်အစိုးရ ဘိလပ်အစိုးရ ကမ္ဘာအရပ်ရပ်သို့ သိရှိရန် ပေးပို့ခြင်း၊ ထိုကဲ့သို့ ရွေးကောက်ပွဲ ပြုလုပ်မည့် အရေးတွင် အင်္ဂလိပ်အစိုးရက ရက် မဆွဲနိုင်အောင် မဲစာရင်း ပြုလုပ်ခြင်း စသော ရွေးကောက်ပွဲ ပြင်ဆင်ရေး လုပ်ငန်းအရပ်ရပ်တွင် ကျွန်ုပ်တို့တိုင်းသူပြည်သားများက အဖွဲ့ချုပ်ကြီး၏ ညွှန်ကြားချက်အတိုင်း ဝင်ရောက်ကူညီခြင်း ပြုရန် လိုပေလိမ့်မည်။

ထိုကဲ့သို့ တရားသဖြင့် ကျွန်ုပ်တို့၏ တောင်းဆိုချက်များကို တရားသဖြင့် ဆောင်ရွက်ရာတွင် ကျွန်ုပ်တို့သည် အေးဆေးစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ အေးဆေးစွာ ဆောင်ရွက်လိုသည့် အကြောင်းမှာလည်း စစ်ဒုက္ခ အမျိုးမျိုး ကျရောက်ခဲ့သော ကျွန်ုပ်တို့တိုင်းသူပြည်သားများကို ထောက်ထားညှာတာသဖြင့်သာ ဖြစ်ကြောင်း၊ ကြောက်ရွံ့၍ မဟုတ်ကြောင်း ရှင်းလင်းစွာ သိစေလိုပေကြောင်း၊ သို့သော် ကျွန်ုပ်တို့နိုင်ငံအတွင်း အေးဆေးစွာ ကျွန်ုပ်တို့ အလိုရှိသော လွတ်လပ်ရေးသို့ နိုင်ငံရေးပြောင်းလွဲတိုးတက်မှုသည် ကျွန်ုပ်တို့ နိုင်ငံရေးခေါင်းဆောင်များအပေါ်၌သာ တာဝန်ရှိရုံမဟုတ်ဘဲ၊ အင်္ဂလိပ်အစိုးရနှင့်တကွ ၄င်းတို့နောက်ပါ အခြွေအရံတို့အပေါ်တွင်လည်း တာဝန်ရှိပေသည်။ ကျွန်ုပ်တို့ အေးဆေးစွာ လုပ်ကိုင်ခြင်းကို အင်္ဂလိပ် အစိုးရပိုင်းက အနှောင့်အရှက်အမျိုးမျိုး ပြုလုပ်လျှင် ကျွန်ုပ်တို့၏ အပြစ်မဟုတ်ဘဲ အင်္ဂလိပ်အစိုးရ၏အပြစ်သာ ဖြစ်မည်ဖြစ်ကြောင်း ယခုကပင် ကြိုတင်သတိပေးရပေကြောင်း။ ယခုအခါ အစိုးရပိုင်းမှ၄င်း၊ ၄င်းတို့နှင့်မကင်းရာမကင်းကြောင်း လူများမှ၄င်း၊ မဟုတ်သတင်းများကို လူအများချောက်ချားအောင် လွှင့်နေပေကြောင်းကို တိတိလင်းလင်း ကြေညာလိုပေကြောင်း၊ ဘုရင်ခံမှ အစပြုသော အင်္ဂလိပ်အရာရှိများသည် ရွေးကောက်ပွဲကို လွတ်လပ်စွာ မလုပ်နိုင်သလို ပြောဆိုနေပေကြောင်း။ ကျွန်ုပ်တို့ကလည်း အခြိမ်းအချောက် အနှောင့်အရှက် အမျိုးမျိုးမှ ကင်းလွတ်သော ရွေးကောက်ပွဲကို အလိုရှိသည် ဖြစ်ရာ အင်္ဂလိပ်အစိုးရ သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကျွန်ုပ်တို့ပါ ရှင်းလင်းစွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာနိုင်ငံပေါင်းစုံအသင်းကြီးမှ ကိုယ်စားလှယ်အဖွဲ့ကြီးကို ဖိတ်ခေါ်၍ ကျွန်ုပ်တို့ဗမာနိုင်ငံတွင် ရွေးကောက်ပွဲကို ကြည့်ကြပ်စီမံစေက အားလုံးအဖို့ ကျေနပ်စရာ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာ၏ အစစ်အဆေးကို ခံရန် အသင့်ရှိသည့်အပြင် ထိုကမ္ဘာ့အစစ်အဆေးအရ လွတ်လပ်သော ရွေးကောက်ပွဲကို အမြန်ကျင်းပလော့ဟု ဗြိတိသျှ အစိုးရအား အရေးဆိုလိုက်ပေကြောင်း။

နိဂုံးမချုပ်မီ တိုင်းသူပြည်သားအပေါင်းအား အထူးသဖြင့် ကျွန်ုပ်တို့နှင့် စိတ်တူကိုယ်ပါ ဆောင်ရွက်နေသူအပေါင်းတို့အား သတိပေးလိုသည်မှာ ကျွန်ုပ်တို့၏ ရန်သူများသည် ကျွန်ုပ်တို့လမ်းမှားစေရန် အစည်းအဝေးများတွင်၄င်း၊ စီတန်းလမ်းရှောက်ရာတွင်၄င်း ကျွန်ုပ်တို့ အဖွဲ့အစည်းများတွင်၄င်း၊ သူသျှိုဒလန်များသွင်း၍ တာဝန်ရှိသော ခေါင်းဆောင်မှုကို ပယ်ကာ လူအများ အထင်ကြီးအောင် ပရိယာယ်အမျိုးမျိုး၊ ဆူပူခြင်း အမျိုးမျိုး အသုံးပြုပေလိမ့်မည်။ ဗမာ ကုလား အဓိကရုဏ်းများ၊ ဗမာ ကရင် အဓိကရုဏ်း စသော လူမျိုးရေးအဓိကရုဏ်းများ၊ ကို ဖြစ်စေရန် သတင်းအမျိုးမျိုးလွှင့်ခြင်းဖြင့်၄င်း၊ ပရိယာယ်အမျိုးမျိုး ဆင်ခြင်းဖြင့်၄င်း လှုံ့ဆော်ပေးလိမ့်မည်။ ၄င်းအပြင် မဟုတ်မမှန် လုပ်ကြံသော သတင်းများကို ရွေးကောက်ပွဲ နီးချိန်တွင် အနှံ့အပြား ရိုက်ဝေခြင်း၊ အရေးပါ အရာရောက်မည်ဟု ထင်ရသော ပုဂ္ဂိုလ်များကို ဆင်လုံးအမျိုးမျိုးနှင့် ဖမ်းဆီးခြင်း၊ နယ်သူနယ်သားများကို မှန်ကန်ရာ မဲမပေးဝံ့အောင် နိုင်ရာမှကိုင်၍ အမျိုးမျိုး ခြိမ်းချောက်ခြင်း စသည်တို့ကို ပြုလုပ်ကောင်း ပြုလုပ်ပေလိမ့်မည်။ ဤကိစ္စမျိုးနှင့် ပတ်သက်၍ တိုင်းသူပြည်သားအပေါင်းတို့သည် လမ်းမမှားကြရန် ယခုကပင် ကျွန်ုပ်တို့ ကြိုတင်သတိပေးရပေကြောင်း၊ ဤကိစ္စမျိုးနှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် တသီးတခြား ညွှန်ကြားချက်များကို ထပ်မံ ထုတ်ပြန်ဦးမည် ဖြစ်ကြောင်း။

တိုင်းပြည်သားအပေါင်းအား ဘာသတင်းကြားကြား အရမ်းမယုံပါနှင့် အရမ်းမကြောက်ပါနှင့် အရမ်းမလန့်ပါနှင့်၊ အရမ်းမလုပ်ပါနှင့် ဘယ်အခါမဆို သတိဝိရိယ ကြီးစွာထားပြီး အမှုဆင် မခံရအောင် နေ့စဉ် မိမိနေထိုင်ပြောဆိုပုံနှင့်တကွ တွေ့ဆုံသော လူအပေါင်း၏ မှတ်တမ်းများကို သေချာစွာ မှတ်သားထားပြီးလျှင် အပြစ်လွတ်အောင် စီစဉ်ထားကြရန် ကျွန်တော် တိုက်တွန်း နှိုးဆော်ခဲ့ပါကြောင်း။။

 

Google