Aung San of Burma

ပညာရေးသည် နိုင်ငံရေး ဖြစ်သည်

၁၉၄၆ ခု၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ကန်တော်ကလေး မြူနီစီပယ်ကျောင်း၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ ညီလာခံတွင် ပြောကြားသော မိန့်ခွန်း။

ဗမာပြည် ဗမာတိုင်း၏ အစည်းအဝေးတိုင်းတွင် အချိန်မမှန်ကြသည်ကို တွေ့ရကြောင်း။ ဤကဲ့သို့ ဖြစ်ရခြင်းမှာလည်း ကျွန်နိုင်ငံ ဖြစ်နေသည့်အတွက် ပညာရေးစံနစ် ညံ့ဖျင်းခဲ့ရာ အချိန်နှင့် စည်းကမ်းကို ရိုသေရမည့် အလေ့အထများ၊ အသိဥာဏ်များ မဝင်စားခဲ့ကြရကြောင်း။

စည်းကမ်းစံနစ်ကို လူတိုင်း သဘောပေါက်၍ လိုက်နာခြင်းသည် လွတ်လပ်သော တိုင်းပြည်နှင့် ကောင်းသော ပညာရေးစံနစ်များ ထွန်းကားသည့် တိုင်းပြည်များတွင်သာ ရှိကြရကြောင်း။ ဗမာပြည်မှာတော့ အရင်းစစ် အမြစ်မြေက ဆိုသကဲ့သို့ ဗမာတမျိုးလုံး ကျွန်ဖြစ်သည့် နေ့ကစ၍ ဗမာ့ပညာရေး ဆုတ်ယုတ်ခဲ့သလောက်၊ စည်းကမ်း စံနစ်သဘော နားလည်မှုများလည်း ခေါင်းပါးခဲ့ရကြောင်း။

ဗမာရှင်ဘုရင်များ လက်ထက်က ဗမာတိုင်း ပညာရေး အထက်တန်း ကျသဖြင့် စည်းကမ်းလည်း ရှိခဲ့ကြကြောင်း။ ယခု ပညာတတ်များ မဲ့၍ စည်းကမ်းများ မဲ့လာခဲ့ရာ ဗမာပြည် မလွတ်လပ်၍သာဟု မှတ်ယူရမည်ဖြစ်ကြောင်း။

ကျွန်ဖြစ်ရတဲ့ တိုင်းပြည်များအဖို့မှာ အုပ်စိုးသူများက ခိုင်းနိုင်ရုံလောက် ပညာရေးကိုသာ သင်ပေးကြကြောင်း။ သို့သော်… တချို့ပုဂ္ဂိုလ် အနည်းငယ်ခန့်က သင်ပေးတာထက် ပိုပြီး တတ်ကြလို့ သူတို့ရဲ့ ထင်းခွေရေခပ် ပညာရေးစံနစ် စံချိန်ကို ချိုးပြီး ထွက်ခဲ့ကြခြင်းသာ ဖြစ်ကြောင်း ။

ဆင်ခြေပေးနေတယ်

ကျွန်နိုင်ငံတွင် ကျွန်စံနစ်လောက် သင်ပေးကြသော်လည်း ခေတ်ကို ကျော်၍ တက်ခဲ့ကြသူများ ရှိသဖြင့်လည်း ကမ္ဘာ့အခြေအနေသည် ပြောင်းလဲခဲ့ရကြောင်း။ ယခု ဗမာပြည်တွင် အလယ်တန်းပညာကို မသင်မနေရ စံနစ်တခုကို လုပ်မည်ဆိုက အထူးသင့်လျော်ကြောင်း။ သို့သော်လည်း ဆိုင်ရာ အစိုးရက လူတိုင်း စာတတ်ကြမှာကို စိုးရိမ်နေသည့်အတွက် ကျောင်းအဆောက်အဦ မရှိဘူး၊ ဆရာ မရှိဘူး၊ ငွေကုန်တယ်၊ အချိန်ကုန်တယ် စသည်ဖြင့် အမျိုးမျိုး ဆင်ခြေပေးနေကြောင်း။

ငွေလည်း မကုန်၊ ကျောင်းအဆောက်အဦလည်း ဘုန်းတော်ကြီးကျောင်းတွေ ရှိပြီးသား ဖြစ်သည်။ ဆရာများလည်း လိုသလောက် ရနိုင်ပါသည်။ သို့သော် ဆရာဖြစ်လက်မှတ် ရသူကိုတော့ များများ မရနိုင်ခြင်း အကြောင်းက အစိုးရကိုယ်တိုင် ဆရာဖြစ်သင်ကျောင်း အနည်းငယ်မျှသာ ထားခဲ့ခြင်း၊ ပညာရေးတွင် ဝါသနာ ပါကြသော ဆရာ၊ ဆရာမများအားလည်း အဝတ်အစား လုံလောက်အောင်၊ ရနိုင်သည့် လစာများ မပေးသဖြင့် လက်မှတ်ရဆရာများ ယခုကဲ့သို့ နည်းပါးရကြောင်း၊ ဖြစ်အောင် လုပ်မည်ဆိုလျှင် အစိုးရကိုယ်တိုင်လည်း လုပ်နိုင်ကြောင်း၊ အစိုးရက လုပ်မပေးလျှင် ကျုပ်တို့ဟာ ကျုပ်တို့ လုပ်နိုင်ကြောင်း၊ ဘိလပ်မှာ သူတို့ လုပ်ချင်တာဆိုလျှင် အထက် အောက် လွှတ်တော် နှစ်ရပ်စလုံးမှာ သဘောတူ အတည်ဖြစ်အောင် လုပ်ကြကြောင်း၊ ယခု သူတို့ လုပ်နိုင်ရက်နှင့် မလုပ်ဘဲနေတာကို မလုပ်ပေးချင်လို့သာ နေကြကြောင်း။

အစိုးရကို သိပ် အားမကိုးနဲ့

နောက်ဆုံး အစိုးရကိုချည်း အားမကိုးဘဲ ကျောင်းဆရာဆိုလျှင် ဗမာပြည်က ကျောင်းဆရာတွေ အားလုံး တစုတရုံးတည်းနဲ့ ဗမာပြည်၏ လွတ်လပ်ရေး ပညာရေးစံနစ်ကို တီထွင်ကြရမည် ဖြစ်ကြောင်း၊ ကျုပ်တို့ကြိုက်တဲ့ ပညာရေးစံနစ်မှန်ကို ရဖို့ရာတော့ တိုင်းပြည် လုံးဝ လွတ်လပ်မှပင် ဖြစ်မည် ဖြစ်၍ ဆရာများလည်း ထိုအချိန်ကျမှ လခ ပိုရမည်မှာ သေချာကြောင်း၊ ယခုအချိန်တွင် အတတ်နိုင်ဆုံး ကျောင်းဆရာနှင့် ကျောင်းသား အင်အားကြီးစုပြီး မိမိတို့ ရည်မှန်းသော ပညာရေးစံနစ်ကို လုပ်ကြရမည် ဖြစ်ကြောင်း။

ဝန်ကြီးများနှင့် တွေ့ပြီး စကားနှင့် ပြောလိုက်သည်နှင့် ကတိများကို ဘယ်အခါမျှ မယုံကြည် ကြစေလိုကြောင်း၊ ပညာရေးသည် နိုင်ငံရေး ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ်မှ ပညာရေး လွတ်လပ်မည်ဖြစ်သဖြင့် နိုင်ငံရေး လွတ်လပ်အောင် ကြံဆောင်ကြရန် တိုက်တွန်းလိုက်ပါကြောင်း။ ။

လွတ်လပ်ရေး သတင်းစာ

၃၀-၄-၁၉၄၆။

 

Google