Aung San of Burma

ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး

၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်း။

ကနေ့ လူကြီးများ အစည်းအဝေးခေါ်ရခြင်း အကြောင်းမှာ နိုင်ငံအတွင်း နိုင်ငံရေး ညီညွတ်မှုကို ရှေ့ရှု၍ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ အရင်ကလဲ ခေါ်ခဲ့တယ်။ မူလကလဲ ရည်ရွယ်ခဲ့တယ်။ နိုင်ငံရေး ညီညွတ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာလဲဆိုယင်၊ အခု ကျွန်တော်တို့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို တနိုင်ငံလုံးရဲ့ နည်းလမ်းတကျ အတည်ပြုတဲ့အဖြစ်ကို (Formal Sanction) အမြန်ရောက်အောင်လုပ်ပြီး၊ ဒီအဖွဲ့ချုပ်ကြီးရဲ့ ဝါဒ ရည်ရွယ်ချက် စည်းမျဉ်းများအတိုင်း နိုင်ငံအတွက် ဖက်ဆစ်ဝါဒ ကမ္ဘာကြီးတလျှောက် ပပျောက်သွားရေး၊ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ထူထောင်ရေး လုပ်ငန်းစဉ်များကို အများပြည်သူတို့ ဆန္ဒနှင့် လျော်ညီစွာ တညီတညွတ်တည်း လုပ်ကိုင်ခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များအဖြစ် အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

က။ ဖက်ဆစ်ဝါဒ ကမ္ဘာတွင် လုံးဝ ပပျောက်သည်အထိ ဆောင်ရွက်ရန်၊

ခ။ အတ္တလန္တိတ် ကြေညာချက်၊ တီဟီရန်ကြေညာချက် စသောကြေညာချက်များအတိုင်း ဗမာပြည်သူပြည်သားတို့သည် မိမိတို့ ကံကြမ္မာကို မိမိတို့ဖာသာ ဖန်တီးနိုင်ရန်၊

ဂ။ ဗမာပြည်ကြီးကို ပြည်သူတို့ဆန္ဒအတိုင်း ပြန်လည် ထူထောင်ရန်၊

ဃ။ ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ဖာသာ ဖန်တီးနိုင်ပြီး အားလုံး၏ သဘောနှင့် ညီညွတ်စွာ ထူထောင်သော နိုင်ငံ တည်ထောင်ရန်။

ဒါတွေဟာ အဖွဲ့ချုပ်ကြီးရဲ့ ရည်ရွယ်ချက်များ ဖြစ်ပါတယ်။

ဒီအဖွဲ့ချုပ်ကြီးရဲ့ ရည်ရွယ်ချက်တွေရဲ့ သဘောတရားအကျယ်ကို ရှင်းပြပါအုံးမယ်။ အခု ကမ္ဘာကြီးမှာ လူတဦးထဲကဖြစ်စေ၊ သို့မဟုတ် လူတစုက ဖြစ်စေ နိုင့်ထက်ကလူပြုကာ နိုင်ငံအတွင်းမှာရော ၊ နိုင်ငံ အပမှာရော ဖက်ဆစ်ဝါဒဟာ ပြည်တွင်း လွတ်လပ်ရေး၊ ကမ္ဘာ့လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့တယ်။ ဒီလို ဖက်ဆစ်ဝါဒဟာ ဆိုးသွမ်းတယ်ဆိုတာကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေကိုယ်တိုင် အဲဒီဝါဒလက်ကိုင်ထားတဲ့ ဂျပန်အောက်မှာ သုံးနှစ်သုံးမိုးလောက် နေခဲ့ရလို့ လက်တွေ့ သိရှိခဲ့ပြီးဘဲ။ အခုအခါ ပြည်တပြည်မှာ ဒီလိုဝါဒမျိုး ရှိယင် သူတို့ဖာသာသူတို့ ဖြစ်နေကြတာ ငါတို့နှင့် ဘာဆိုင်သလဲလို့ စောဒက တက်ချင်ကြတဲ့ လူတွေ ရှိချင် ရှိမယ်။ အဲဒီလို စောဒကကို အဖြေကတော့ ဒီလိုဘဲအရင်က အချို့တိုင်းပြည်ကြီးတွေ၊ လူတွေ သဘောထားကြလို့ ဖက်ဆစ်ဝါဒ လွှမ်းမိုးတဲ့ တိုင်းပြည်တွေက တဖြည်းဖြည်း နယ်ချဲ့ပြီး ရမ်းကားလာတဲ့အတွက် အခု စစ်ကြီးဖြစ်ခဲ့ရတာဘဲ။ ဒီ ဖြစ်ခဲ့တဲ့ စစ်ကြီးဟာလဲ ကျွန်တော်တို့ နိုင်ငံပါမကျန် မီးကူးခဲ့တယ် မဟုတ်ဘူးလားဆိုတဲ့ လက်တွေ့ အဖြေကိုဘဲ ပေးရမှာဘဲ။ အခုခေတ်မှာ စစ်ဟာ တနိုင်ငံထဲမှာလဲ မဖြစ်နိုင်ဘူး။ ဖြစ်ပြန်ယင်လဲ စစ်မီးကူးစက်တတ်တယ်၊ စစ်မီးကူးယင် တကမ္ဘာလုံး ဒုက္ခရောက်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ကျွန်တော်တို့ဟာ အမြဲတမ်း ရနိုင်သလောက်ရအောင် ကြိုးစားရမယ်။

ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံး ဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာ ဖြစ်ဖြစ် ရှိနေယင် စစ်ဖြစ်အုံးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့ လိုတယ်။ ဒီတွင်လားဆိုယင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလဲ တိုင်းသူပြည်သားတွေကို ချုတ်ချယ်တယ်။ ကမ္ဘာမှာလဲ အင်မတန် ရိုင်းစိုင်းသေးနုတ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုတ်ချယ်ဖို့ ရည်ရွယ်ချက် ရှိတယ်။ ကမ္ဘာမှာ ကမ္ဘာ့ လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ ရှိယင်၊ ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ယင် ဗမာ့လွတ်လပ်ရေးဆိုတာလဲ မရှိနိုင်ဘူး။ အခုတချို့က ပြောကြမယ်။ စစ်ကြီးဟာ ပြီးသွားပြီ၊ ဖက်ဆစ်တွေလည်း ကျသွားပြီ မဟုတ်လားလို့ မေးကြမယ်။ အခု ဖက်ဆစ်ဝါဒဟာ စစ်အားဖြင့် ရှုံးသွားပေမဲ့ ဒီဝါဒ သို့မဟုတ် ဆင်တူယိုးမှား ဝါဒလက်ကိုင်ထားတဲ့လူတွေ အဖွဲ့တွေ၊ နိုင်ငံတွေ ရှိသေးတယ်။ ဥပမာ စပိန်ပြည်နှင့် တရုပ်ပြည်မှာ ဒီဝါဒမျိုးတွေ ကြွင်းကျန်နေတုန်းဘဲ။ ဒီဝါဒမျိုးကို အားပေးတဲ့နိုင်ငံပေါင်းများစွာ တည်ရှိပြီး ပေါင်းစည်းထားတဲ့ စီးပွါးရေးအဖွဲ့အစည်းကြီးမျိုးတွေ (International Trusts, Cartels, Combines) တွေလဲ ရှိသေးတယ်။ လက်အောက်ခံ တိုင်းနိုင်ငံတွေ၊ အုပ်စိုးချင်တဲ့ တိုင်းပြည်တွေ ရှိသေးတယ်။ ဒါတွေ ရှိနေသမျှ ကမ္ဘာ့ငြိမ်းချမ်းရေးဟာ မတည်မြဲနိုင်ဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးဟာ လှုပ်လှုပ် လှုပ်လှုပ်နှင့် နက်ဖြန် စစ်ပြန်ဖြစ်အုံးမလား။ သဘက်ခါ စစ်ပြန်ဖြစ်အုံးမလား ဆိုပြီး ကမ္ဘာမှာ ရှိတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေနှင့် တခြားတိုင်းသူပြည်သားတွေဟာ အေးအေးဆေးဆေး နေခွင့် ရကြမှာ မဟုတ်ဘူး။

ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျွန်တော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီ ဝါဒမျိုးကို တိုက်ဖျက်မဲ့လူတွေနှင့် အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။

အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝ မရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင် ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေး ဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စံနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စံနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ်မြို့စား ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရမဟုတ်ဘဲ၊ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေခြယ်လှယ်တဲ့ စံနစ်ဆိုးတမျိုး ရှိနေယင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်လာယင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုး မလုပ်နိုင်ယင် ကျွန်တော်တို့ ဗမာပြည်က လူတွေဟာလဲ နစ်နာမယ်။ ကျွန်တော်တို့ ပြည်ကိုလဲ ကမ္ဘာက ကြည့်နေလို့ မရတဲ့တနေ့၊ ဂျပန်နှင့် ဂျာမနီ ဝိုင်းပြီး အနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာကို သတိချပ်ကြရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။ ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာကိုလဲ ရှင်းပြချင်သေးတယ်။

ကျွန်တော်တို့ အမြင်အရဆိုယင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲနှင့် အဖွဲ့နှင့် ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ရဲ့ဆန္ဒ မဟုတ်ဘဲ ငါ့ဆန္ဒ ငါ့သဘော လုပ်တဲ့ ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲ၊ အဖွဲ့ရဲ့ ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှု အောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။

လူမျိုးရေး တရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်။ ငါ့လူမျိုးသာ ကမ္ဘာကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လဲ တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည် အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးလဲ ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီး အုပ်ပြီး၊ တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင်၊ စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။

နောက် လွတ်လပ်စွာ ဖော်ပြခွင့် စည်းရုံးခွင့် အစည်းအဝေး ခေါ်ခွင့်နှင့် စီတန်း လမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ်လိုရာ ဘာသာကိုးကွယ်ခွင့်၊ တရားနှင့် မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေး လွတ်လပ်ခွင့်၊ ကိုယ့်အိမ်ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုတ်ချယ်မှုများမှ လွတ်ကင်း ချမ်းသာခွင့်၊ အလုပ်သမား၊ လယ်သမားများရဲ့ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ လူနည်းစုတိုင်းရင်းသားများ၏ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာ နာစာ၊ အထိအခိုက် လျော်ကြေးရံပုံငွေ အစရှိသည်တို့ကို အစိုးရက ထားပြီး အိုမင်း၍၄င်း၊ နာဖျား၍၄င်း၊ ထိခိုက်နာကျင်၍၄င်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍သော်၄င်း အသက်မွေးဝမ်းကျောင်း မပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်၊ ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလဲ ရှိရမယ်။

အထက်ပါ အချက်တွေဟာ ဒီမိုကရေစီ ဝါဒတွေရဲ့ အခြေခံတွေဘဲလို့ ယူဆတယ်။ ဒီလို အခြေခံ တရားတွေကို ရည်ရွယ်ရင်း ရှိတဲ့ အဖွဲ့အစည်းဟာလဲ ဒီတရားတွေနှင့် ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်း စတဲ့ နည်းစံနစ်မျိုးသာ သုံးရပေလိမ့်မယ်။

အဲဒီလို အခြေခံအချက်များအရ ကျွန်တော်တို့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို တည်ထောင်ခဲ့တယ်။ ဒီလို ရည်ရွယ်ချက်တွေ ရအောင် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးဟာ ဂျပန်လက်ထက် အတွင်းမှာဘဲ ၁၉၄၄ ခု၊ သြဂုတ်လက စပြီး ပုန်းရှိုးကွယ်ရှိုး လုပ်လာရပြီး ဗမာ့တပ်မတော်နှင့် ပြောက်ကျားတပ်များက တပ်ဦးအနေဖြင့် ဂျပန်ဖက်ဆစ်များကို မဟာမိတ်များဖက်က တိုက်ခိုက်ခဲ့ဒါကို အားလုံးအသိဘဲ။ အခုအခါ ဗမာ့တပ်မတော်နှင့် ပြောက်ကျားတပ်များက သတ်ဖြတ်ခဲ့တဲ့ ဂျပန်ဦးရေဟာ နှစ်သောင်းထက် နဲမှာ ဟုတ်ဘူး။ ဒီလို ကျွန်တော်တို့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးက ဦးစီးခေါင်းဆောင်ပြီး ဗမာ့တပ်မတော်နှင့် ပြောက်ကျား တပ်များက တိုက်ခိုက်ခဲ့တာကိုလဲ ကမ္ဘာ တခုလုံးက အသိအမှတ်ပြုကုန်ကြပြီ။ ဘိလပ်မှာ ရှိတဲ့ တကယ့်သတင်းစာကြီးတွေကရော၊ ဘိလပ်ပါလီမန်ကရော၊ ဘိလပ်မှာ ထုတ်ဝေတဲ့ စက္ကူပြာ စက္ကူဖြူ စာတမ်းတွေမှာရော၊ ဒီအဖွဲ့ချုပ်ကြီးနှင့် ဗမာ့တပ်မတော်တို့အကြောင်းကို အရေးတယူ ပြောကြ၊ ဆိုကြတယ်။ အမေရိကန်ပြည် သတင်းစာတွေမှာရော၊ အိန္ဒိယပြည်၊ တရုပ်ပြည် သတင်းစာတွေမှာရော၊ ဥရောပတိုက်မှာ ရှိတဲ့ ပြင်သစ်နိုင်ငံ အစရှိတဲ့ တိုင်းပြည်တွေမှာရော ကျွန်တော်တို့ အဖွဲ့ချုပ်ကြီးရဲ့ ကြိုးပမ်းမှုတွေကို ရေးသားလာရကုန်ပြီ။

ဒါတောင် ဗြိတိသျှတို့ဟာ ကျွန်တော်တို့ လုပ်သမျှကို ဖုံးနိုင်သမျှ ဖုံးထားသေးတယ်။ အခု ကျွန်တော်တို့ တပ်မတော်က တိုက်ခိုက်တာတွေဟာ သတင်းစာတွေထဲမှာ ပါသင့်သလောက် မပါဘူး။ တချို့နေရာတွေမှာ ကျွန်တော်တို့ ပါဝင်ပြီး တိုက်ပေမဲ့ ကျွန်တော်တို့ မပါဘဲ တိုက်သလို ဂျပန် ကျဆုံးသမျှတွေဟာ သူတို့ချည်း တိုက်လို့ ကျဆုံးသလို သတင်းပေးတယ်။ တချို့နေရာတွေမယ် ကျွန်တော်တို့ချည်း တိုက်ရတယ်။ ဒါတွေကို သတင်းလဲ မပေးဘူး။ ပေးပြန်ယင်လဲ တခြားတပ်တွေ တိုက်သလို သတင်းပေးတယ်။ အဲသည်လို သတင်းတွေ ထိမ်ထားတဲ့ အထဲက ကမ္ဘာက ကျွန်တော်တို့ လုပ်ငန်းတွေကို အသိအမှတ် မပြုဘဲ မနေနိုင်အောင် အခု ဖြစ်ခဲ့တယ်။ ဒီလို ကမ္ဘာက ဗမာပြည်ကို ထင်ထင်ရှားရှား အသိအမှတ်ပြုလာခဲ့တာဟာ ဗမာပြည်ရဲ့ ရာဇဝင်မှာ ဒီတကြိမ်ဘဲ ရှိသေးတယ်။

အခု စစ်ကြီးလဲ ပြီးသွားပြီ၊ တိုက်ခိုက်မှုတွေဟာလဲ မကြာခင် ပြီးဆုံးတော့မှာဘဲ။ သို့သော်လဲ ကျွန်တော်တို့ ဗမာပြည်ရဲ့ အရေးက မပြီးသေးဘူး။ ကျွန်တော်တို့ ဗမာပြည်ရဲ့ အရေးဟာ ဗမာပြည်သူတွေပြည်သားတွေ၊ ခေါင်းဆောင်တဲ့လူတွေ၊ ညီညွတ်စွာနှင့် လုပ်တတ်မယ်၊ လုပ်မယ်ဆိုယင် အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် ခေါင်းဆောင်နေတဲ့ တပ်မတော်ကလည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းပြည်မှာ ညီညွတ်ရေးဟာ အခု အဓိကလုပ်ငန်းဘဲ။ ညီညွတ်ရေး ဆိုပေမဲ့ တိုင်းပြည်လွတ်လပ်ရေးနှင့် ထူထောင်ရေးကို အထက်ပါ အခြေခံ အချက်တွေအရ ဆောင်ရွက်မဲ့ ညီညွတ်ရေးမျိုးကိုသာ ဆိုလိုပါတယ်။ ရာထူး ဝေစားရုံသာဖြစ်တဲ့ ညီညွတ်ရေးမျိုး၊ ရွေးကောက်ပွဲ ချိန်ပြီး ငြမ်းဆင်တတ်ရုံလောက် တတ်နိုင်အောင် ညီညွတ်ရေးမျိုး ဆိုယင်တော့ ဘယ်နည်းနှင့်မှ ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ အဖို့ ပြောရယင် အရင် ပဌမ လူကြီးများ အစည်းအဝေးမှာ ပြောခဲ့သလို ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုကို၄င်း၊ ရာထူးဌာနန္တရ ကိစ္စများမှာ၄င်း ကျွန်တော်တို့ မူပိုင်ရေစစ္စကြီ လုပ်မထားဘူးဆိုတာ တိတိလင်းလင်း သိစေချင်ပါတယ်။ အခု ကျွန်တော်တို့ဆိုယင် တပ်မတော်တခုလုံးက ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးအတွင်းမှာ တနိုင်ငံလုံး ညီညွတ်စွာ လွတ်လပ်ရေး ရအောင်လုပ်ရန် တာဝန်ပေးလိုက်တယ်။

ဒီလို တာဝန်ပေးလိုက်တာဟာ ဘာပြုလို့လဲ ဆိုယင် တပ်မတော်သားတွေဟာ ဂျပန်လက်ထက်ကလဲ အမျိုးမျိုး ဆင်းရဲခဲ့တယ်။ အခုဆိုယင်လဲ လခ တပြားမှ မရသေးဘဲနှင့် အဆင်းရဲ အပင်ပန်းတွေ အမျိုးမျိုး ခံပြီး အသက်ကို စွန့်၍ တိုက်ခဲ့ကြတယ်။ အဲဒီလို တိုက်ခဲ့ပြီးတော့ ငါတို့ တိုက်ကျိုးနပ်မှ နပ်ပါ့မလားလို့ တချို့များ တိုက်ရင်းခိုက်ရင်း ကျဆုံးခါနီးမှာ စိတ်အလွန်စောပြီး ဗမာပြည်က လူတွေ ညီညွတ်ပြီး လွတ်လပ်အောင် လုပ်ပါ။ ကျုပ်တို့တော့ လွတ်လပ်ရေးအတွက်ဆိုပြီး တိုက်လို့ သေတော့မယ်လို့ မှာကြားသွားကြသေးတယ်။ အဲဒါတွေ ကြားပြီး တနေ့က ပဲခူးနှင့် ရန်ကုန်မှာ တိုင်းတပ်မှူးတွေနှင့် ကျွန်တော်တို့ တပ်မတော် အရာရှိကြီးတွေ အစည်းအဝေးက တပ်မတော်တခုလုံး လွတ်လပ်ရေးကိစ္စနှင့် ပတ်သက်ပြီး စိတ်တထင့်ထင့် ဖြစ်နေကြတာကို မဖြစ်ရလေအောင် တိုင်းပြည်က ညီညီညွတ်ညွတ်နဲ့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးမှာ လုပ်ကြပါဆိုတာ ကျွန်တော်တို့ ကြေညာခဲ့တယ်။

အခု ကျွန်တော် ပြောနေတာဟာ ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ် ဥက္ကဌ အနေနဲ့လဲ ဖြစ်တယ်။ တပ်မတော် သေနာပတိ အဖြစ်နဲ့လဲ ဖြစ်တယ်။ ကျွန်တော် ပြောခဲ့တဲ့ စကားတွေဟာ တပ်မတော်မှာ ရှိတဲ့ စစ်သားတွေက အစ စိတ်ထဲမှာ ရှိတဲ့ စကားတွေဘဲ။ ဒါတွေကို ခင်ဗျားတို့ ပိုပြီး အကောင်အထည်နှင့် မြင်ချင်ယင် ခင်ဗျားတို့ ကျုပ်တို့ စစ်သားတွေ ရှိတဲ့နေရာကို လိုက်ပြီး ကြည့်လို့ရှိယင် ပိုပြီး သဘောပေါက် ထင်မြင်ကြမယ်။ ဒီစကားကို ကျွတ်တော် အပိုပြောတာ မဟုတ်ဘူး။ တကယ် ခင်ဗျားတို့ လိုက်ကြည့်ချင်တယ်ဆိုယင် ကျွန်တော်တို့ လိုက်ပို့မယ်။ စစ်သားတွေကို ခင်ဗျားတို့ ကိုယ်တိုင် တွေ့ပြီး မေးကြည့်စေချင်တယ်။ အဲဒါကြောင့် ကျွန်တော် လေးလေးနက်နက် ပြောချင်တာက ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို အခြေခံထားပြီး အထက်ပါသဘောတရားများ အချက်အလက်တွေအရ ကျွန်တော်တို့ လုပ်ထားတဲ့ စည်းမျဉ်းဝါဒတွေကို ညှိနှိုင်းပြုပြင်ယူပြီး၊ ခိုင်မြဲတောင့်တင်းတဲ့ အဖွဲ့ချုပ်ကြီး ဖြစ်အောင် ဝင်ရောက် လုပ်ကိုင်ကြပါ။ မကြာခင်လဲ ကျွန်တော်တို့ဟာ ပြည်လုံးကျွတ် အစည်းအဝေးကြီး ခေါ်တော့မယ်။ အဲ့ဒီ ပြည်လုံးကျွတ် အစည်းအဝေးခေါ်တဲ့အခါ အဖွဲ့ချုပ်ကြီးရဲ့ စည်းမျဉ်းဝါဒတွေကို အတည်ပြုပြီး ရှေ့ဆက်လက် အလုပ် လုပ်ရလိမ့်မယ်။ ဒီကြားအတွင်းမှာလဲ မြို့လုံးကျွတ် အစည်းအဝေးကြီးကို ၁၉ ရက်နေ့မှာ ကျင်းပမယ်။ နောက်လဲ နယ်တိုင်းနယ်တိုင်းမှာ ဒါမျိုးတွေ ကျင်းပပြီး အဖွဲ့ချုပ်ကြီးကို ပြန်လည် ဖွဲ့စည်းရ လိမ့်မယ်။

အခုအထိလဲ ကျုပ်တို့ အဖွဲ့ချုပ်ကြီးဟာ နေ့စဉ်နှင့်အမျှ ဖမ်းဆီးထားတဲ့ လူတွေ ကိစ္စ၊ စစ်ပြေးဒုက္ခသယ်တွေကိစ္စ၊ ဖက်ဆစ်တိုက်ဖျက်ရေး ကိစ္စ၊ ပြန်လည် ထူထောင်ရေးကိစ္စတွေမှာ အပြောသာ မဟုတ်ဘဲ၊ အလုပ်နဲ့ လုပ်နေကြတယ်။ ကျွန်တော်တို့ဟာ အသီးသီး လက်ငင်း အလုပ်တွေနှင့် အားတယ်ရယ်လို့ မရှိဘူး။ ကျွန်တော်ကိုယ်တိုင်ဆိုယင်လဲ တပ်တွေ ရှိရာ သွားကြည့်နေရတယ်။ မကြာခင်ကဘဲ ပြန်ရောက်တယ်။ သို့ပေမဲ့ ကျုပ်တို့ ဘယ်လောက် ပင်ပင်ပန်းပန်း ခေါင်းဆောင်မှုကို ငါတို့ချည်း အုပ်စားမယ်ဆိုတဲ့ မူပိုင်ထားချင်တဲ့စိတ် အလျဉ်းမရှိဘဲ။ ဒီအဖွဲ့ချုပ်ကြီး ကြီးပွားတည်တံ့နိုင်အောင် အခု လာကြတဲ့ လူကြီးများက အစပြုပြီး၊ တိုင်းပြည်ရဲ့ လက်ထဲကို အပ်လိုက်ပါတယ်။ အခု အဖွဲ့ချုပ်ကြီး အတွင်းမှာ ဗမာ့တပ်မတော်၊ လူငယ်များအစည်းအရုံး၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံအဖွဲ့၊ မျိုးချစ်ပါတီ၊ ရခိုင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား အစည်းအရုံး အပြင် အခြား ပုဂ္ဂိုလ်များလဲ ပါဝင်ပြီး ဖြစ်တယ်။ ကျန်တဲ့ အဖွဲ့များ ပုဂ္ဂိုလ်များကိုလဲ ဒီအဖွဲ့ချုပ်ကြီး အတွင်း ဝင်ရောက်ရန် ဖိတ်မန္တက ပြုပါတယ်။ အဲဒီလို ဝင်ရောက်လာတဲ့ အဖွဲ့တွေ ပုဂ္ဂိုလ်တွေကို ယခု ပြန်လည် ဖွဲ့စည်းမဲ့ ဗဟိုဦးစီးအဖွဲ့က စဉ်းစားပြီး လက်ခံရပါလိမ့်မယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး အဖွဲ့ချုပ်ထဲ ပါတဲ့ အဖွဲ့အချင်းချင်း ဆက်သွယ်ရမဲ့ စည်းကမ်းတွေကို လောလောဆယ် စည်းမျဉ်းတွေ အဲဒါတွေကို အထွေထွေ အတွင်းရေးမှူးက ရှင်းလင်းပြောပြပါလိမ့်မယ်။

ထို့နောက် အထက်ပါကိစ္စနှင့် ပတ်သက်ပြီး ကျကျနန ဆွေးနွေးပြီးတော့ ကျွန်တော်တို့ဟာ အခု စစ်ကြီးပြီးတာနှင့် ပတ်သက်ပြီး လက်ငင်းလုပ်ငန်းများ ပေါ်လာပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ စစ်အုပ်ချုပ်ရေး အမြန်ရပ်စဲစေဖို့နှင့် အမျိုးသား အစိုးရ တည်ထောင်ရေး ဖြစ်တယ်။ အမျိုးသားအစိုးရတည်ထာင်ရေး ဆိုဒါဟာ ဘုရင်ခံပြောတဲ့ အမှုဆောင်အဖွဲ့မျိုး မဟုတ်ဘဲ၊ တိုင်းပြည်တပြည်လုံး ပြည်တွင်းပြည်ပ ကိစ္စ အရပ်ရပ်တို့ အာဏာပိုင်ပြီး၊ တိုင်းရင်းသားများသာ ပါတဲ့ အမျိုးသား အစိုးရကို ဆိုလိုပါတယ်။ အဲဒီလို အဖွဲ့ ဖွဲ့နိုင်မှသာ နောက်လာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်တို့ ဗြိတိသျှ အစိုးရတို့နှင့် ချုပ်ဆိုရမဲ့ စာချုပ်တွေဟာ စီစဉ်လို့ ဖြစ်မယ်။ ဒီလို အမျိုးသားအစိုးရဆိုဒါ မဖြစ်ဘဲနဲ့ ကျုပ်တို့ဟာ ဒီမိုနီယံ အုပ်ချုပ်ရေးတောင် ကောင်းကောင်းနှင့် မြန်မြန် ရချင်မှ ရမယ်။ ဒါကြောင့် အခု ဘုရင်ခံ ပြန်လာယင် ဖွဲ့မဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဟာ အခရာ ဖြစ်နေတယ်။ ဒီအစိုးရနဲ့ ဒီလွှတ်တော်က လာမဲ့ ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်ပြီး တိုင်းပြု ပြည်ပြု လွှတ်တော်က ရွေးကောက်ပွဲမျိုး ဖြစ်အောင် မလုပ်ဘဲ၊ တော်အောင် ရော်အောင် မလုပ်နိုင်ရအောင် ဒီအစိုးရကလဲ ကျွန်တော်တို့ သဘောကျ အမျိုးသား အစိုးရ ဖြစ်ရမယ်။ လွှတ်တော်မှာလဲ ကျွန်တော်တို့ သဘောကျ လူတွေ ဖြစ်နိုင်ရမယ်လို့ အဲဒီလို တညီတညွတ်တည်း ပြုလုပ်ဖို့ လိုတယ်။ ဒီလို တညီတညွတ် စီမံတာကို ဘုရင်ခံက လက်မခံယင် ကျွန်တော့်သဘောပြောရယင် တဦးစီ တဦးစီ ဘုရင်ခံကခေါ်ပြီး ရာထူးပေးပေး၊ နေရာပေးပေး လက်မခံစတမ်းလို့ ဆုံးဖြတ်စေချင်တယ်။

အားလုံး ဒီမှာ ကြွရောက်လာတဲ့ လူကြီးတွေဟာ ပညာရှင်တွေဘဲ။ ဘုရင်ခံ ပြောသွားတဲ့ စကားတွေဟာ အလိမ္မာသုံးတဲ့ စကားတွေ အများကြီးပါတယ် ဆိုတာလဲ သတိထားမိပါလိမ့်မယ်။ ခင်ဗျားတို့က သဘောတူညီကြတယ်ဆိုယင် ကျုပ်တို့က လုံးဝလွတ်လပ်ရေးတောင် ခွင့်ပြုဖို့ အဆင်သင့်ဘဲဆိုတဲ့ သဘောကို ဘုရင်ခံပြောသွားတယ်။ ဒါကြောင့် တိုင်းပြည် ညီညွတ်ရေးကို အဓိက ထားတဲ့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်မှာ ပါပြီး၊ ဒီကိစ္စ အရပ်ရပ်တွေမှာ တညီတညွတ်တည်း လုပ်ကြရန် ထပ်လောင်း၍ တိုက်တွန်းလိုက်ပါတယ်။

နိဂုံး မချုပ်မီ တပ်မတော်ကိစ္စကို အစီရင် ခံလိုပါတယ်။ အခု ကျွန်တော်တို့ တပ်မတော်ကို နာမည်သာ ရှိတဲ့ ဗမာပြည်တပ်မတော်ဆိုဒါထဲ သိမ်းသွင်းမယ်လို့ သာမန်သာဆိုတယ်။ အဲသလို သိမ်းသွင်းမယ်ဆိုဒါဟာလဲ ကျွန်တော်တို့ တပ်မတော်ကို မူပြုပြီး သိမ်းသွင်းမယ်ဆိုတဲ့ သဘော မဟုတ်သေးဘူး။ပြီးတော့ ကျွန်တော်တို့ တပ်မတော်ကို မူပြုပြီး ဗမာပြည် တပ်မတော် တည်ထောင်တောင် ပဌမဆုံး ရှင်းရှင်းလင်းလင်း သဘောတူရမဲ့ အချက်တွေ ရှိပါသေးတယ်။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး အခုထိ ဟောပြောတဲ့ အနေမျိုးနှင့် တချို့ အချက်တွေ ရှင်းလင်းပြီး တချို့အချက်တွေ မရှင်းလင်းသေးဘူး။ ဒါကြောင့် အခု အဖွဲ့ချုပ်က တပ်မတော်နှင့် ပတ်သက်တဲ့ အဆိုကို ဆုံးဖြတ်ဖို့ တင်ပြထားပါတယ်။

အခု ကမ္ဘာစစ်ကြီး အတွင်းမှာရော ၊ အပြီးမှာရော ကမ္ဘာကြီးဟာ အင်မတန် ပြောင်းလွဲနေတယ်။ ဗမာပြည်မှာလဲ ပြောင်းလွဲနေတယ်။ ရှေးနည်း ရှေးစံနစ် အယူမျိုးတွေနှင့် လုပ်လို့ ရမယ်လို့ ထင်တဲ့ လူတွေဟာ ကမ္ဘာကြီးမှာလဲ ပပျောက်ကုန်ပြီ။ ဗမာပြည်မှာလဲ ပပျောက်မှာဘဲ။ ကမ္ဘာ့တံတိုင်းကြီးမှာ ရှိတဲ့ ဒီသင်္ခန်းစာတွေကို ကျွန်တော်တို့ဟာ အလေးဂရုပြုပြီး တညီတညွတ်တည်း နိုင်ငံ၏ လွတ်လပ်ရေးကို အမြန်ရအောင် ကြိုးစားကြပါ။ အဲဒီလို ထိထိရောက်ရောက် လုပ်နိုင်အောင် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးအတွင်းသို့ ဝင်ရောက်ကြပါ ဆိုတာကို နောက်ဆုံး ထပ်လောင်း၍ တိုက်တွန်းပါတယ်။။

 

Google