Aung San of Burma

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း

၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။

ရဲဘော်တို့-

ယခုလို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ပြဿနာတွေ၊ အထူးသဖြင့် ကျွန်ဘဝကနေပြီး သခင်နိုင်ငံ ဘဝသို့ လက်ငင်း တက်လှမ်းနိုင်အောင် စီစဉ်ရမဲ့ ပြဿနာတွေကို ဆွေးနွေးတိုင်ပင် နှီးနှောရအောင် ဆိုပြီး ကျွန်တော်တို့ တခါ တွေ့ဆုံ စည်းဝေးကြရတယ်ဆိုတာ အင်မတန် ကောင်းတာဘဲ။ ခင်ဗျားတို့ ဒီရောက်လာတာ သိတဲ့အတိုင်း တိုင်းပြုပြည်ပြု လွှတ်တော် ရှေ့ပြေး၊ ပဏာမ ပြင်ဆင်မှု ညီလာခံကို လာတက်တဲ့ ကိုယ်စားလှယ်တွေ အဖြစ်နဲ့ ရောက်လာကြတာဘဲ။ ဒီညီလာခံမျိုးဟာ ဒီဗမာပြည်မှာ ဒီတခါဘဲ လုပ်ဘူးသေးတယ်။ ဒီလို ညီလာခံရဲ့ ကိုယ်စားလှယ်တွေ အဖြစ် ခင်ဗျားတို့ရဲ့ တာဝန်တွေဟာ အင်မတန် ကြီးမားလှပေတယ်။ ခင်ဗျားတို့ လုပ်ငန်းဆောင်တာတွေဟာလဲ တော်တော်ဘဲ ကျယ်ဝန်းလိမ့်မယ်။ ခင်ဗျားတို့ နောက်ဆုံး အလုပ်က ထွက်ပေါ်မဲ့ အကျိုးတရားတွေဟာလဲ ရာဇဝင် တွင်ကျန်ရစ်နိုင်တယ်။ ဒါကြောင့် အခု ခင်ဗျားတို့ ဒီညီလာခံကို လာတက်တဲ့အတွက် ခင်ဗျားတို့ကို ဝမ်းပန်းတသာ ခရီးဦးကြို ပြုတယ်ဆိုတာလောက်ဘဲ လောကွတ်စကားပြောပြီး ပြောသင့်ပြောစရာ ရှိတဲ့ အချက်တွေကို တန်းပြီး ပြောပြချင်တယ်။

လုံးဝ လွတ်လပ်ရေးသာ လိုချင်တယ်

ဒီပဏာမ ညီလာခံဟာ ဖ၊ဆ၊ပ၊လ က လုပ်တဲ့ ညီလာခံဘဲ။ တိုင်းပြုပြည်ပြု လွှတ်တော်ရဲ့ လုပ်ငန်းတွေကို အစားထိုးဖို့ မဟုတ်ဘဲ ဖြည့်စွက်ဖို့သာ ဖြစ်တယ်။ ဒီညီလာခံဟာ ဖ၊ဆ၊ပ၊လ အဖွဲ့ချုပ် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေအရ လုပ်တာ မဟုတ်ဘူး။ အမှန် ကျုပ်တို့ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ဖ၊ဆ၊ပ၊လ နှစ်စဉ် ညီလာခံသဘင် ကျင်းပပြီး နည်းလမ်းတကျ ရွေးတဲ့ တတိုင်း တနိုင်ငံလုံးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖ၊ဆ၊ပ၊လ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေကနေပြီး ဗမာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေစည်းမျဉ်း အခြေခံတွေကို စဉ်းစားဖို့ဘဲ။ သို့ပေမဲ့ အချိန် မရတာနဲ့ ဒုတိယ လူစုံစုံ ရတဲ့နည်းကို ထွင်ပြီး သုံးရတာဘဲ။

ဗမာပြည် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ စည်းမျဉ်း အခြေခံတွေကို စဉ်းစားမယ်ဆိုတော့ ရှေးဦးစွာ တချို့ သတင်းစာတွေ လူတွေ ရှုတ်တုတ်တုတ် လုပ်နေတဲ့ အချက်ကြီးကို တခါထဲ ရှင်းပစ်လိုက်ချင်တယ်။ ဒီအချက်ကြီးဟာ ဘာလဲဆိုယင် ဖ၊ဆ၊ပ၊လ က လုံးဝ လွတ်လပ်ရေး ဆုံးဖြတ်မလား၊ ဒိုမီနီယံ အုပ်ချုပ်ရေး ဆုံးဖြတ်မလားဆိုတဲ့ မရှုပ်သင့်ဘဲ ရှုပ်နေတဲ့ မေးခွန်းဘဲ။ ၁၉၄၆ ခု၊ ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ ဖ၊ဆ၊ပ၊လ ညီလာခံ သဘင်ကြီးက ဘာဆုံးဖြတ်ခဲ့သလဲ။ ဒီ ညီလာခံ သဘင်ဟာ ကျုပ်တို့ ဖ၊ဆ၊ပ၊လ အဖို့မှာ ဆိုယင် ယခုအထိ အာဏာအပိုင်ဆုံး အဖွဲ့ကြီးဘဲ။ ဒီအဖွဲ့ကြီးက နေပြီး ဘယ်လို ဒိုမီနီယံ အမျိုးအစားမှ မလိုချင်ဘူး။ လုံးဝ လွတ်လပ်ရေးကိုသာ တောင်းဆိုမယ်ဆိုပြီး အတိအလင်း ဆုံးဖြတ်ထားတာ ရှိနေတာ၊ ဘာမှ ထပ်ပြီး နားရှုပ်စရာ မလိုပါဘူး။ ကျုပ်တို့ဟာ မှန်တာ မမှန်တာ၊ ကောင်းတာ မကောင်းတာတွေ အပထားပြီး အဲဒီ ညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်ကို ပယ်လဲ မပယ်နိုင်ဘူး။ ပြောင်းလဲ မပြောင်းနိုင်ဘူး။ ဒီတော့ ဒီကိစ္စဟာ ဘာမှ ထပ် ပေါ်စရာ မလိုတော့ဘူး။ သို့သော်လည်း ဗမာပြည် လုံးဝ လွတ်လပ်တော့ အချုပ်အချာ အာဏာပိုင်တဲ့ နိုင်ငံ လူမျိုးပေါင်းစုံ (Commonwealth of Sovereign Nations) ကို မြန်မာပြည်က မတည်ထောင်ဘူးလား၊ မဝင်ဘူးလားဆိုတဲ့ မေးခွန်းကတော့ တခြားဖြစ်တယ်။ အဲဒီ မေးခွန်းဟာတော့ ဗမာပြည်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲတဲ့နေရာမှာ စဉ်းစားဖို့ မဟုတ်ဘူး။ ဒီကိစ္စကိုတော့ ကျွန်တော် နောက်မှ ဆွေးနွေးပါအုံးမယ်။

သမ္မတနိုင်ငံ ထူထောင်မယ်

ကိုင်း… လွတ်လပ်တဲ့ ဗမာပြည်ဆိုတော့ ဘယ်လို ဗမာပြည်မျိုးလဲ။ သမ္မတနိုင်ငံလား၊ ရှင်ဘုရင် စံနစ်နဲ့ အုပ်ချုပ်မဲ့ နိုင်ငံလား။ ဒီမေးခွန်း ပေါ်လာတယ်။ ဒီတော့ ဒီမေးခွန်းကို တိုတိုဘဲ ဖြေပါဆိုယင် သမ္မတနိုင်ငံ လိုချင်တယ်လို့ တိုတိုဘဲ ဖြေရုံဘဲ။ ဒါပေမဲ့ ကျွန်တော်က ဒီလောက်တိုတို မဖြေချင်ဘူး။ လိပ်ပတ်လည်အောင် အစိုးရ (State) ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်။ ဒီ “အစိုးရ” ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်။ ဒီ “အစိုးရ” ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး ရှေးက တရုပ်၊ အိန္ဒိယ၊ ခေါမ၊ ရောမ ခေတ်က စပြီး ကနေ့အထိ သဘောအမျိုးမျိုး ပေါ်ခဲ့တယ်။ အခုခေတ်မှာတော့ ကားလ်မတ် ဆိုတဲ့ ပုဂ္ဂိုလ်က စတဲ့ မတ်ဝါဒတွေရဲ့ သဘောတရားဟာ တဖြေးဖြေး ခေတ်စားလာတယ်။

ရှင်ဘုရင် အုပ်စိုးတဲ့ စံနစ် မလိုချင်

အဲဒီဝါဒဟာလဲ အဆုံးစွန် တရား မဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းဘဲ။ အဲဒီလို သဘောအမျိုးမျိူး ဆိုပေမဲ့ နိုင်ငံရေးဟာ စီးပွားရေး အုတ်မြစ်ပေါ်မှာ တည်တယ်ဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။ လူရယ်လို့ ဖြစ်လာယင် လူဟာ စားရမယ်၊ ဝတ်ရမယ်၊ နေရမယ်။ အဲဒီ အစား၊ အဝတ်၊ အနေ အထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ လိုတဲ့ ဝတ္ထုပစ္စည်း အသုံးအဆောင်တွေကို ရှာကြံတဲ့ အခါကျတော့ လူသုံးပစ္စည်း လုပ်ငန်း စံနစ်တွေ ပေါ်လာတယ်။ အဲဒီ ပစ္စည်း စံနစ်တွေ ပေါ်လာတဲ့အခါ လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းမှု စံနစ်ဟာလဲ ပေါ်လာတယ်။ လူတန်းစား ခြားနားလာကြတယ်။ အဲဒီလို ခြားနားလာကြရာက အကျိုးချင်း ကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီ ပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ ဆိုပြီး အစိုးရ ဆိုတာကို လူတွေက တင်မြှောက်တယ်။ တင်မြှောက်တုန်းကတော့ လူတွေကဘဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ်ဘဝ ရောက်သွားတယ်။ အဲဒီ ဘဝက စပြီး အစိုးရဆိုတာ လူတွေ အာဏာ အပ်လို့ ဖြစ်တာပါလားဆိုတဲ့ သဘာဝဟာ လုံးလုံး ပျောက်သွားတာဘဲ။ အဲဒီ ရှင်ဘုရင် စံနစ်လို သားစဉ် မြေးဆက် ဆက်ခံတဲ့ အစိုးရမျိုးကျတော့လဲ ဘာ ပြောစရာ ရှိတော့မလဲ။ တခါတည်း အစိုးရဆိုတာ ဘုန်းကံကြောင့် (Divine Rights of King) ဆိုပြီးတောင် တခါတုန်းက အယူဖြစ်တဲ့အထိ အစိုးရရဲ့ မူလ ဘဝဟာ ပျောက်ခဲ့တာဘဲ။

အဲဒီမှာ ပြောချင်ကြလိမ့်အုံးမယ်။ ဒါက ရှေး ရှင်ဘုရင်တွေပါ။ အခု ရှင်ဘုရင်တွေကတော့ အာဏာလဲ မရှိတော့ပါဘူး။ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေအတိုင်း အုပ်ချုပ်ရတာပါလို့ ပြောကြလိမ့်မယ်။ ကောင်းပြီ။ ရှင်ဘုရင် ဆိုယင် သားစဉ်မြေးဆက် ဆက်ခံရလိမ့်မယ်။ အဲဒီလို မှူးတွေ မတ်တွေ ရှိရလိမ့်မယ်။ အင်္ဂလန်မှာ ဆိုယင် ဒီအတိုင်းဘဲ မဟုတ်လား။ မှူးတွေ မတ်တွေဆိုပြီး အချောင် ပွနေသလောက် ပွနေကြတာ (House of Lords) မှူးတွေ မတ်တွေ လွှတ်တော်ဆိုပြီး အဆာကျယ်နေကြတာ သူတို့တတွေဘဲ။ အာဏာ ရှိတာ မရှိတာကို အပထားပြီး သူတို့တတွေကို ဒီလို ရှိတာဟာ လူလူချင်းအတူတူဘဲ ဆိုတဲ့ သဘောတရားကို ဖုံးလွှမ်းနိုင်သမျှ ဖုံးလွှမ်းနိုင်အောင် လုပ်ပြီး၊ နောက်ဆုံးကျတော့ လူတွေက ပေးထားတဲ့ အစိုးရ အာဏာကို အချောင် ကော်နိုင်အောင် စီစဉ်ထားတာတွေဘဲ။ အာဏာဆိုတာလဲ မရှိဘူး မဟုတ်ပါဘူး။ ဗြောင်သာ သိပ် မရှိတယ်။ သွယ်ဝိုက်တဲ့ နည်း၊ စီးပွားရေးနည်း၊ ဟိတ်လုံး ဟန်လုံး နည်းတွေနဲ့ အများကြီးဘဲ။ သူတို့ အာဏာ ရှိနေကြတာဘဲ။ ပြီးတော့ ဒီ ရှင်ဘုရင် စံနစ်ဆိုတာမျိုးဟာ အချောင် တိုင်းပြည် ပိုက်ဆံ ကုန်တဲ့ ရာထူးတွေ တော်တော်ဘဲ ရှိတယ်။ ဒီတော့ လူတွေက တင်မြှောက်တဲ့ “အစိုးရ” ဆိုတာဟာ လူတွေရဲ့ အစိုးရ၊ ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေနှင့် အလှမ်းမဝေးဘဲ အမြဲ လက်တွဲနေတဲ့ အစိုးရ ၊ ဖြစ်မှသာလျှင် သဘောတရားအတိုင်း ကိုက်ညီမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီ သဘောတရားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ သားစဉ်မြေးဆက် ဆက်ခံသွားတဲ့ ရှင်ဘုရင်စံနစ်ကို မလိုချင်ဘူး။

ဒီမိုကရေစီ ဝါဒအစစ်ကိုသာ ဖန်တီးမယ်

အဲဒီတော့ သမ္မတ စံနစ်ကို လိုချင်တယ်။ သမ္မတ စံနစ်ဟာ တိုင်းသူ ပြည်သားတွေသာလျှင် အရင်းခံ မူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်းအတူတူဘဲ ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ ဒါပေမဲ့ အတု သတိပြုရမယ်။“အစိုးရ” ဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန် အသုံးဝင်တယ်။ အဲဒီ အာဏာကိုလဲ ပစ္စည်း အင်အားကောင်းတဲ့ လူတွေ အချင်းချင်း လုကြတယ်။ ရယင်လဲ လက်မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီထဲမှာ ဒုတ်လုပ်ပြီး အရိုက်ခံရမဲ့ အခါကျမှ ပါရတာဘဲ။ ဒီလို အာဏာ လုကြတဲ့ အခါမှာ “ဒီမိုကရေစီ” ဆိုပြီး “ပြည်သူ့ဆန္ဒ၊ ပြည်သူ့ အာဏာ”လို့ ကြွေးကြော် ဟစ်အော်ပြီး ၊ ညာတဲ့ စံနစ်တွေလဲ ရှိတယ်၊ လူတွေက တိုင်းသူပြည်သားတွေက “အစိုးရ” အာဏာ အပ်လိုက်တုန်းက ကျုပ်တို့အတွက် ကောင်းအောင် လုပ်ပေးပါ ဆိုပြီး အာဏာ အပ်လိုက်တာဘဲ။ ဒါပေမဲ့ ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့ လူတွေအတွက် နှိပ်ကွပ် အုပ်ချုပ်ပါဆိုတဲ့ အချက်သာ ဖြစ်နေတာဘဲ။ လူတွေက တင်မြှောက်ပြီး လူတွေရဲ့ အကျိုးကို လုပ်တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီ အစစ် မဖြစ်နိုင်ဘူး။ အတုတွေသာ ဖြစ်တယ်။

ဒီမိုကရေစီ ဆိုတာ ဘာလဲ

အဲဒီလို စံနစ်မျိုးနဲ့ သမ္မတ အစိုးရမျိုးမှသာ ကျုပ်တို့ တိုင်းသူပြည်သားတွေကို အကျိုး ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဘဲ။ ဒီမိုကရေစီတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံဖမ်း ပြောကြတာတွေလဲ အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာ ဘာလဲ။ လူလူချင်း၊ လူတန်းစား အချင်းချင်း။ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေး တန်းတူ ကျပ်ပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။

ဒီမိုကရေစီတုတွေ

အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့် ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး တပဲလောက်ဘဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ ပစ္စည်းရှင် အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စံနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စံနစ် အုပ်ချုပ်ရေး၊ ဒီမိုကရေစီ ဆိုတဲ့ ဗန်းပြထားတဲ့ အုပ်ချုပ်ရေးဘဲ။

ဒီမိုကရေစီ အစစ်ကတော့

ဗမာပြည် လွတ်လပ်ရေး ရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး တိုင်းပြည် ထူထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စံနစ်အရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံဘဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီ စစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်။

ဒီတော့ ဒီမိုကရေစီ ဆိုတာ ဘယ်လို အင်္ဂါမျိုးနဲ့ ညီညွတ်ရမလဲ။ အဲဒီလို ကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျုပ်တို့ ဘယ်လို တည်ဆောက်ရမလဲ။ ချက်ချင်း ဖြစ်မလား။ ဘယ်လောက် ကြာမလဲ။ ဘယ်နည်းအကောင်းဆုံးလဲ ဆိုတာတွေကို အခု ကျုပ်တို့ တိုင်းပြည် တည်ထောင်ရမဲ့အခါ အထူး စဉ်းစားရမဲ့ အချက်တွေဘဲ။

နိုင်ငံရေးဟာ စီးပွားရေး အခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေတွေကလည်း စီးပွားရေး သဘောတရားတွေနှင့် ကင်းလို့ မဖြစ်နိုင်ဘူး။ အရင်းရှင် ဒီမိုကရေစီသမား သက်သက် မျက်စိနဲ့ ကြည့်ပြောယင်တော့ ဒါ မမှန်ဘူးလို့ ပြောရမှာဘဲ။ ဒါပေမဲ့ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ နိုင်ငံ အသီးသီး ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေတွေကို အတွင်းကျကျ လေ့လာယင် စီးပွားရေး သဘောတရားတွေ မူတည်ပြီး လုပ်ကြတယ်ဆိုတာ တွေ့ရလိမ့်မယ်။ အရင်းရှင် ဒီမိုကရေစီသမားတွေအဖို့ ဆိုယင် အရင်းရှင် စံနစ်သာလျှင် စီးပွားရေး စံနစ်မှန် ဖြစ်တယ်။ ဒီ စံနစ်သာလျှင် တည်တံ့ရမယ်။ အဲဒီစံနစ်ဟာ အမြဲတမ်း တည်တံ့သလိုလို ယူဆပြီး အလုပ် လုပ်ကြတယ်။ အမှန်မတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေး စံနစ်မှာမှ အမြဲ တည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေလိုက် ဖြစ်လာကြတာဘဲ။

ဒီတော့ ကျွန်တော်တို့ ဗမာပြည် အဖို့မှာ အရင်းရှင်စံနစ်ထက်တောင် အောက်ကျနောက်ကျ ဖြစ်နေတဲ့ ကျွန်ဘဝက လှမ်းတက်ရမယ်ဆိုတော့ အလယ်အလတ် အဆင့်မှာ ရှိတဲ့ ဒီအရင်းရှင် စံနစ်ကို ကျော်မသွားနိုင်သေးပေမဲ့ အဲဒီ စံနစ်တင်သာ မလုပ်နိုင်ဘဲ ဒီစံနစ်ကို အမြန်ဆုံး ကျော်သွားနိုင်ပေမဲ့ စီးပွားရေး သဘောတရားတွေကို အခြေခံ ထားပြီး တိုင်းပြည် တည်မှသာလျှင် တကယ့် ဒီမိုကရေစီ နိုင်ငံကို ရောက်အောင် သွားနိုင်လိမ့်မယ်။

တကယ့် ဒီမိုကရေစီ ဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရ ဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီ အစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေးအဆင့်အတန်းကို အခွင့်အရေး တန်းတူ ရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီ အထိ တက်လှမ်းနိုင်မယ်။ ဒါဖြင့် အဲဒီလို ဒီမိုကရေစီ အဆင့်အတန်း ရောက်အောင် ဘယ်လို အခြေခံတွေ ချရမလဲ။

ဒီမိုကရေစီ အခြေခံများ

၁။ အရေးကြီးတဲ့ စက်မှု လက်မှု ပစ္စည်းလုပ်ငန်းတွေကို အစိုးရ သိမ်းနိုင်ရမယ်။ သို့မဟုတ် သိမ်းနိုင်အောင် အခြေခံပျိုးထားရမယ်။

၂။ အလုပ်သမားတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ စည်းရုံးရေး၊ အိုနာစာ အရေး အစရှိသည်ဖြင့် အခွင့်အရေးတွေ ရှိရမယ်။

၃။ လယ်လုပ်တဲ့ လူတွေရဲ့ လက်ထဲ လယ်ရောက်အောင် စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမြားကို တသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့ စံနစ်ကို ပယ်ဖျက်နိုင်ရမယ်။

၄။ လူမျိုး အသီး အသီး ဟာလဲ သူတို့ ရထိုက်တဲ့ အခွင့်အရေးတွေ ရအောင် စီစဉ်ထားရမယ်။

၅။ တိုင်းသူပြည်သားတွေသာလျှင် အာဏာပိုင် အစစ် ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာ ဖြစ်အောင် စီစဉ်တတ်ရမယ်။

၆။ လူမျိုး ဘာသာ လိင် မရွေး တိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါရမယ်။

၇။ တိုင်းပြည် ကာကွယ်ရေးဟာ ပြည်သူ့အစိုးရ တာဝန် ဖြစ်တယ်။ အခု ကျွန်ဘဝမှာလို ရှေးကလို အပျော်တမ်း ရဲအဖွဲ့ အစရှိတဲ့ အခု ပြည်သူ့ရဲဘော်တပ်ဖွဲ့ ဆိုတဲ့ အဖွဲ့မျိုးတွေကို တသီးတခြား တည်ထောင်ရတဲ့ အခြေအနေမျိုး မရှိစေရဘူး။

၈။ တိုင်းပြည် ဥပဒေတရားရုံး စံနစ်ဟာလဲ ပြည်သူတွေရဲ့ အကျိုး ရှေ့ရှုမဲ့ ပြည်သူ့ တရားရုံး စံနစ်မျိုး ဖြစ်ရမယ်။

အဲဒီလို အချက်တွေ ပါမှသာလျှင် တကယ့် ဒီမိုကရေစီ အခြေခံတွေ ချ,ရာ ရောက်မယ်။ ဒါမှ သာလျှင် သူ့အချိန်အခါ ရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့ အဆောက်အအုံကြီးကို မားမားမတ်မတ် တည်ဆောက်နိုင်မယ်။

ဒီအချက်တွေကို ထပ်ပြီး ကျွန်တော် ရှင်းပြပါအုံးမယ်။ ပဌမ အချက် သဘောကတော့ ကုန်ပစ္စည်း လုပ်နည်း (Means of Production) များတွင် အချက်အချာ ဖြစ်တဲ့ သစ်တော၊ သတ္တု အစရှိတဲ့ မြေပေါ်ပစ္စည်း၊ မြေတွင်း ပစ္စည်းများ၊ ရေတွင်း ရေပေါ် သက်ဆိုင်ရာများ၊ သဘာဝအား၊ လျှပ်စစ်အား၊ မီးရထား၊ လေကြောင်း သွားလာရေး၊ စာပို့တိုက်၊ သံကြိုး စကားပြော ကြေးနန်း၊ အသံလွှင့်ရုံတို့ဟာ တိုင်းပြည်ရဲ့ ကိုယ်စား အစိုးရပိုင် ဖြစ်ရလိမ့်မယ်။ တခြား ပစ္စည်း လုပ်ငန်းတွေကိုလဲ တတ်နိုင်သမျှ ပြည်သူ့ သမဝါယမ အသင်းများက ပိုင်ဆိုင်အောင် ကြိုးစားရလိမ့်မယ်။ အစိုးရ သိမ်းသမျှ ပစ္စည်း လုပ်ငန်းများကို အစိုးရကိုယ်တိုင် လုပ်နိုင်ယင် လုပ်၊ မလုပ်နိုင်သေးယင် အခြား လူတွေကို ငှားရမ်းတဲ့ သဘောသာ ဖြစ်ရလိမ့်မယ်။

နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေး ကိစ္စ ဆိုယင် အစိုးရ အုပ်ချုပ်နိုင်အောင် စီစဉ်ရမယ်။ ဒီဟာတွေကို ဘာပြုလို့ အခြေခံ ချရမလဲ ဆိုယင် ပြည်သူတွေ အများ အကျိုး ရှိနိုင်ဖို့ဘဲ။ ဒီလို မဟုတ်ယင် အရင်းရှင်တွေက ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်တဲ့ အဖြစ်မျိုး ရောက်ပြီး တိုင်းသူပြည်သားတွေအပေါ် အရင်းရှင်တွေက လက်ဝါးကြီးအုပ်၊ သွေးစုတ်နိုင်တဲ့ အခြေအနေမျိုး ရောက်သွားမယ်။ အဲဒီလို အရင်းရှင်တွေ ကြီးစိုးရုံတွင် မက၊ တသီးပုဂ္ဂလ အရင်းရှင်ပိုင် ကုမ္ပဏီကြီးတွေ (Monololy) တဦးတည်းပိုင် သဘောမျိုး ဖြစ်သွားပြီး စျေးနာ အရပ်ရပ်နဲ့ နိုင်ငံစီးပွားရေး အရပ်ရပ်ကို သူတို့ စီမံရာ ခံရမယ်ဆိုတဲ့ စံနစ်မျိုး ရှိလာမယ်ဆိုယင် ကျွန်တော်တို့ ဒီကမ္ဘာကြီးဟာ မနေ့တနေ့က အလွန် အော့နှလုံးနာပြီး ရွံမုန်းစရာ ဖြစ်တဲ့ ဖက်ဆစ် စံနစ်ကြီး ဖြစ်ပေါ်လာဖို့ စီးပွားရေး အခြေခံကြီးကို ခွင့်ပြုရာ ကျတယ်။ ဒါကြောင့် အဲဒီလို (Monololy) လက်ဝါးကြီးအုပ် အရင်းရှင် ကုမ္ပဏီကြီးများ ဖြစ်တဲ့ (Cartels, Syndicates, Trusts) အစရှိတဲ့ တသီးပုဂ္ဂလ ပစ္စည်း လုပ်ငန်းကြီးတွေကိုတော့ ကျုပ်တို့ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမှာ အတိအလင်း ပိတ်ပင်ထားရလိမ့်မယ်။

အခုကျွန်တော်တို့ ပြောနေတဲ့ အချက်အလက်တွေဟာ ဆိုရှယ်လစ်ဝါဒ အရလားလို့ မေးချင် မေးကြလိမ့်မယ်။ မဟုတ်သေးဘူး။ အမှန်ကတော့ ကျွန်တော်တို့ ဗမာပြည်မှာ ဆိုရှယ်လစ် စံနစ်ကို ကျွန်တော်တို့ ဘယ်လောက်ဘဲ ထူထောင်ချင်ပေမဲ့ အခု ဗမာပြည်မှာ ဖြစ်နေတဲ့ စီးပွားရေး အခြေအနေအရ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သေးဘူး။ ကျုပ်တို့ ပြည်မှာ အရင်းရှင်စံနစ်ဆိုတာတောင် ကောင်းကောင်း မရှိသေးဘူး။ အရင်းရှင်စံနစ်ထက် နောက်တဆင့်ကျတဲ့ စီးပွားရေးစံနစ်မှာ ကျုပ်တို့ ရောက်နေတယ်။ ဒီတော့ ကျုပ်တို့ဟာ အရင်းရှင် စံနစ်ကို မလွှဲမရှောင်သာလို့ ခွင့်ပြုသင့်သလောက် ခွင့်ပြုရမှာဘဲ။ အရင်းရှင် စံနစ်ကို ခွင့်ပြုထားတော့ ကိုယ်ပိုင် တသီးပုဂ္ဂလပစ္စည်း၊ ကိုယ်ပိုင်လုပ်ငန်းတွေ ရှိအုံးမှာဘဲ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အရင်းရှင်စံနစ်ကို မတတ်သာလို့ ခွင့်ပြုရပေမဲ့ တတ်နိုင်သမျှ ချုတ်ချယ်ရလိမ့်မယ်။ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်လုပ်ငန်းတွေ ဆိုယင် အများအကျိုးကို မထိခိုက်စေရဘူး။ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်လုပ်ငန်းတွေကို လိုတဲ့အခါ အစိုးရက တိုင်းပြည်ကိုယ်စား သိမ်းနိုင်မဲ့ အခြေခံမျိုးတွေ ဖွင့်ထားရလိမ့်မယ်။

အလုပ်သမား အခွင့်အရေး ကာကွယ်မယ်

အရင်းရှင်စံနစ်ကို ခွင့်ပြုထားတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကောင်းကောင်း သတ်မှတ်ပြီး သူများ သွေးစုတ်ချင်တိုင်း မခံရအောင် စီမံဖန်တီးပြီး အခြေခံ တရားတွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ထားရလိမ့်မယ်။

လယ်လုပ်သူသာ လယ်ပိုင်ရမယ်

လယ်ယာမြေ ပိုင်ဆိုင်မှု ကိစ္စမှာဆိုလဲ လယ်ယာမြေ လုပ်တဲ့ လူတွေ လယ်ယာမြေ ရအောင် အခြေခံတွေ ချရလိမ့်မယ်။ လယ်မြေ ဧက အမြောက်အများ ပိုင်တဲ့ လယ်ရှင်ကြီး စံနစ်ကိုတော့ ဥပဒေအရ ကန့်သတ် ချုတ်ချယ် ဖျက်ပယ်ပစ်ရလိမ့်မယ်။ နောက်ပြီး ဘယ်လို ကိုယ်ပိုင် လယ်ယာမြေမျိုး ဖြစ်ဖြစ်၊ ဘယ်နှစ်ဧကထက် မပိုစေရ အစရှိသည်အားဖြင့် ဥပဒေအရ ကန့်သတ်ရလိမ့်မယ်။ ဒီလိုမှ မလုပ်ယင် လယ်ပိုင်ရှင် စံနစ်ကြီးဟာ ရှိနေတာကို မဖျက်နိုင်ရုံတင် မဟုတ်ဘူး၊ ပြန်ဖြစ်အောင် လုပ်တာ ဖြစ်လိမ့်မည်။ လယ်ယာမြေများကို အမှန်အားဖြင့်ဆိုယင် နောက်ဆုံး တိုင်းပြည်ပိုင် (အစိုးရနှင့် သမဝါယမအဖွဲ့ပိုင်) လုပ်နိုင်ယင် ကောင်းမှာဘဲ။ သို့သော်လဲ အဲဒီဟာ မလုပ်မီ လယ်ယာမြေ လုပ်သူတိုင်း မြေလက်ရှိ ရအောင် လုပ်နိုင်ရမယ်။ ဒီအခါမျိုးမှာ အစိုးရက အလယ်အလတ်တန်းနှင့် အောက်တန်းကျတဲ့ တောင်သူ လယ်သမားတွေကို တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ အဲဒီလို စီးပွားရေး အခြေခံတရားတွေကို ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ဖို့ လိုလိမ့်မယ်။

အခုန ပြောခဲ့တဲ့ စီးပွားရေး အခြေခံ သဘောတရားတွေဟာ အရင်းရှင်စံနစ်နဲ့ မကင်းသေးပေမဲ့ အမှန်ကတော့ အရင်းရှင်စံနစ်လဲ မကဘူး။ ဆိုရှယ်လစ်စံနစ်လဲ မကျသေးဘူး။ နိုင်ငံရေးဆိုတာ စီးပွားရေး အခြေခံသဘောတရားတွေကို ခေါင်ချုပ် သရုပ်ဆောင်တဲ့အတိုင်း ဒီလို စီးပွားရေး အခြေခံတဲ့ အရင်းရှင် ဒီမိုကရေစီ နိုင်ငံရေးဟာ အရင်းရှင် သက်သက် ဒီမိုကရေစီလို အရင်းရှင်တွေရဲ့ အာဏာရှင်စံနစ်ကို ကာဆီးမထားဘဲ ပဒေသရာဇ်စံနစ် (Feudalism) ကို တွန်းလှန် ဖြိုဖျက်ပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ဆောင်ရွက်မဲ့ ပြည်သူ လူတန်းစားပေါင်းစုံ အာဏာရှင်စံနစ် ပုံသဏ္ဍာန်ဆောင်ထားတဲ့ ဒီမိုကရေစီသစ် နိုင်ငံရေး ဖြစ်ရမယ်။

အခု အချို့နိုင်ငံတွေမှာ ကျုပ်တို့ ကြားသိ တွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့ အရင်းရှင် ဖြစ်ဖြစ်၊ အရင်းရှင်လို လူတန်းစားတွေ ဖြစ်ဖြစ်၊ လူတစုလောက်က ကြိုးကိုင်ထားတဲ့ အာဏာရှင် လုပ်နေတဲ့စံနစ်တွေ ဖြစ်တယ်။

လူအများဆုံး အကျိုးရှိမှု ရှေ့ရှုတယ်

ကျုပ်တို့ လုပ်ချင်တာကတော့ (Greatest Happiness of the Greatest Number) လူအများဆုံး အကောင်းဆုံး ချမ်းသာသုခ ရအောင် အဲဒီလို လူအများဆုံးက ကြိုးကိုင်တဲ့ အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာဘဲ။ အကုန်လုံး အကျိုးရှိတဲ့ ဒီမိုကရေစီ ဆိုတာတော့ ခုလို အရင်းရှင်၊ အလုပ်သမား၊ လယ်ရှင် အစရှိတဲ့ လူတန်းစား ကွဲပြားမှုတွေ ရှိနေသမျှ ကာလပတ်လုံး မဖြစ်နိုင်သေးဘူး။ လယ်ရှင် အကျိုး ရှိတိုင်း လယ်သမား အကျိုး မရှိနိုင်ဘူး။ အလုပ်ရှင် အကျိုးရှိတိုင်း အလုပ်သမား အကျိုး မရှိနိုင်ဘူး။ သူတို့ အချင်းချင်း အကျိုးတွေဟာ တခါတခါ စေ့စပ်လို့ မရနိုင်ဘဲ တဦးအကျိုးရှိယင် တဦး ထိမယ် ဆိုတဲ့ အခြေမျိုး ဖြစ်လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှ ဖြစ်နိုင်မယ်။ အဲဒီတော့ ဒီမိုကရေစီသစ် ဆိုတာ အစိုးရက လူအများစု ဖြစ်တဲ့ လူဆင်းရဲတွေဖက်က ထုံးစံတော့ ပင်းမယ်ဆိုတဲ့ သဘောဘဲ။

လူများစု အာဏာပိုင် အုပ်ချုပ်ရေး

ဒီမိုကရေစီသစ်အရ လုပ်မဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လို ဖြစ်ရမလဲ ဆိုယင် တိုင်းသူပြည်သား လူအများစုတွေ အာဏာပိုင် အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေပြီး ထိပ်အထိ တိုင်းပြည် အုပ်ချုပ်ရေး ၊တိုင်းပြည် အစိုးရ အာဏာကို ကိုင်ထားရမယ်။ သူတို့ ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကို မကြိုက်လို့ရှိယင် ပြန်ခေါ်နိုင်ရမယ်။

ဒီတော့ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူး။ တိုင်းပြည်သစ္စာ မဖောက်တဲ့ တိုင်းကြီး ပြည်ကြီးသားတွေဟာ ပြည်သူ့ လွတ်လပ်ခွင့်တွေကို အများအကျိုးအတွက် လုပ်မဲ့နေရာတွေမှာ ရရှိလိမ့်မယ်။ ဒီနေရာမှာ လူများစုလို့ ဆိုတာဟာ ပစ္စည်း အခြေအနေ၊ ရာထူးအခြေအနေကို အကြောင်းပြုပြီးသာ လူများစု၊ လူနည်းစု ဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစု လူမျိုးစုက လူနည်းစု လူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရ အခွင့်အရေး ခွဲခြားမှု၊ နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလို နှိမ်နင်းတာတွေမျိုး တွေ့ယင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်။ လူမျိုးရေးနှင့် ပတ်သက်၍ ထပ်မံပြီး ကျွန်တော် ဆွေးနွေးပါအုံးမယ်။

ဗျူရိုကရက် အုပ်ချုပ်ရေး ဖျက်ရမယ်

အထက်မှာ ပြောခဲ့တဲ့အထဲမှာ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူးဆိုတာဟာ ဘာဆိုလိုတာလဲ။ ကျွန်တော် ရှင်းပြလိုပါသေးတယ်။ လွတ်လပ်မဲ့ ဗမာပြည်ကြီးမှာ အခု အစိုးရ အရာထမ်း အမှုထမ်းတွေ၊ လောကဓာတ်ဆရာ၊ ပညာသည်၊ စက်ဆရာ၊ ဆေးဆရာ အစရှိတဲ့ လူတွေကို မလိုတော့ဘူးလားဆိုယင် သူတို့ကို လိုလိမ့်မယ်။ သူတို့အထဲက (Technicians) ခေါ်တဲ့ အထူး သင်ကြားမှု တတ်တဲ့လူတွေ ဆိုလို့ ရှိယင် အစိုးရက ကောင်းကောင်း မြှောက်စားရမှာဘဲ။ ဒါပေမဲ့ သူတို့ဟာ ပြည်သူ့ အစိုးရ၊ ပြည်သူ့ မိတ်ဆွေတွေဘဲ ဖြစ်ရမယ်။ ပြည်သူတွေကို ဂရုမစိုက်ဘဲ အထက်လူကြီး ကြိုက် ပြီးရော လုပ်တဲ့ လူစားတွေ မဖြစ်ရဘူး။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ သစ္စာကို စောင့်ထိန်းတဲ့ လူတွေ ဖြစ်ရလိမ့်မယ်။ အဲဒီလို လူတွေ အမှန်မတော့ တချို့ လခတွေ ဘာတွေမှာ နည်းချင် နည်းလာပေမဲ့ လွတ်လပ်မဲ့ ဗမာပြည်မှာ ပိုပြီးအခွင့်အရေးတွေ ပေးလာနိုင်ပါလိမ့်မယ်။ အခုအခါ အင်္ဂလိပ်တွေသာ လုပ်နေရတဲ့ နေရာမျိုးတွေ ကျွန်နိုင်ငံ ဖြစ်နေလို့၊ သခင်နိုင်ငံ လုပ်ရတဲ့ နေရာမျိုးတွေမှာ သူတို့ ဝင်ခွင့်၊ လုပ်ခွင့် ရှိလာကြမှာဘဲ။ သို့သော်လဲ ရှေးက အရာရှိ စံနစ်အတိုင်း ပြည်သူတွေနှင့် တခြားစီတော့ နေလို့ မဖြစ်နိုင်ဘူး။

တိုင်းပြည်ကာကွယ်ရေး အစိုးရတာဝန်

ပြီးတော့ ဂျပန်ပြည်မှာလို စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးမှာ ခြယ်လှယ်တာမျိုး၊ ဂျာမနီမှာ ဟစ်တလာတို့ တက်လာတာမျိုးကို စီးပွားရေး၊ နိုင်ငံရေးအရ နှိမ်နင်းတဲ့ နေရာမှာ လွတ်လပ်တဲ့ ဗမာပြည်တွင် တိုင်းပြည် ကာကွယ်ရေးဟာ အစိုးရရဲ့ တာဝန်၊ တတိုင်းပြည်လုံးရဲ့ တာဝန် ဖြစ်လာတဲ့အတိုင်း ကာကွယ်ရေး လုပ်ငန်းမှန်သမျှ အစိုးရသာလျှင် လုပ်နိုင်ရမယ်။ တသီးတခြား ကိုယ်ပိုင်အဖွဲ့တွေက လုပ်ဖို့လဲ မလိုဘူး။ အခွင့်လဲ ပြုနိုင်မှာ မဟုတ်ဘူး။ အခုလို ကျွန်ဘဝမှာတော့ တိုင်းပြည်ကာကွယ်တဲ့ တာဝန်က သခင်လူမျိုး အစိုးရ တာဝန်လို ဖြစ်ပြီး သူတို့ကလဲ ကောင်းကောင်း မလုပ်တော့ ကျွန်တော်တို့ဖာသာ ကျွန်တော်တို့ တက်သမျှ၊ မှတ်သမျှ၊ ဖြစ်သမျှ၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အစရှိတဲ့ အဖွဲ့မျိုးတွေ ဖွဲ့ပြီး လုပ်နေရတယ်။

စစ်သဘော နိုင်ငံရေးပါတီများ မရှိရ

ဒီလိုအဖွဲ့တွေဟာ လွတ်လပ်တဲ့ ဗမာနိုင်ငံမှာ မရှိနိုင်တော့ဘူး။ သို့မဟုတ်ယင် လွတ်လပ်တဲ့ ဗမာပြည်မှာ ဒီလို အဖွဲ့မျိုးဟာ စစ်သဘောနိုင်ငံရေးပါတီမျိုး ဖြစ်တတ်ပြီး၊ ဖြစ်လာတဲ့အခါ ဖက်ဆစ်ဝါဒတွေ မွေးမြူလာတတ်တယ်။ ဒါကိုလဲ ကောင်းကောင်း သတိပြုရမယ်။ အထူးသဖြင့် ဖက်ဆစ်ဝါဒ ဗမာပြည်မှာ မပေါ်နိုင်အောင် စီးပွားရေး၊ နိုင်ငံရေးအရ အဖက်ဖက်ကနေပြီး တားရလိမ့်မယ်။ ဖက်ဆစ် စံနစ် ဖက်ဆစ်ဝါဒဆိုလို့ ဗမာပြည်မှာ ယောင်ဝါးဝါးတွေ အများကြီး ဖြစ်နေကြတယ်။ ဖက်ဆစ် စံနစ်ဆိုတာ ဘာလဲ။ ကြမ်းသင့်လို့ ကြမ်းတာကို ဖက်ဆစ်စံနစ် ခေါ်တာ မဟုတ်ဘူး။ ကိုယ်နှင့်စိတ်မသင့်တာ လုပ်သမျှကို ဖက်ဆစ်စံနစ်လို့ ခေါ်တာ မဟုတ်ဘူး။ ငွေပင်ငွေရင်းရှင် (Financial Capitalists) ကြီးတွေက လက်ကိုင်ဒုတ် လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်းမြောင်း မှားယွင်းတဲ့ လူမျိုးရေးတရား၊ လက်ကိုင်ထားတဲ့ ဝါဒဟာ ဖက်ဆစ်ဝါဒဘဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးရေးတရားတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ဟာ ဖက်ဆစ်အားပေးတရားတွေ မပေါ်အောင် တိုင်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ လုပ်ကတည်းက စီမံထားရလိမ့်မယ်။

လူမျိုးကြီးဆိုတာ ဘာလဲ

ဒီနေရာမှာ လူမျိုးရေး ကိစ္စကို ကျွန်တော် ဆွေးနွေးလိုတယ်။ အင်္ဂလိပ်လိုမှာ (Nation or Nationality, Race, Tribe) အစရှိသည် အားဖြင့် လူမျိုးရေးတွေကို အသီးသီး ခေါ်ထားတာ ရှိတယ်။ (Nation or Nationality) ဆိုတာမျိုးကတော့ ဗမာလို တိတိကျကျ ဘယ်လို ပြန်ရမယ်ဆိုတာ ဗမာ့အဘိဓာန် ကျကျနန ထွက်မှဘဲ ဖြစ်နိုင်မှာဘဲ။

အဓိပ္ပာယ်ကတော့ ဥပမာ ဗြိတိသျှ လူမျိုးဆိုယင် အင်္ဂလိပ်၊ စကော့၊ ဝေလ၊ အိုင်းရစ်လူမျိုးတွေ ပေါင်းထားတာကို ခေါ်တာဘဲ။ အမေရိကန်လူမျိုး ဆိုယင်လဲ ဥရောပက လူမျိုးစုံ၊ အမေရိကန်မှာ လာနေပြီး အမေရိကန်လူမျိုးလို နေတဲ့လူ အားလုံးကို ခေါ်တာဘဲ။ ဒီတော့ (Nation) သို့မဟုတ် (Nationality) ခေါ်တဲ့ လူမျိုးကြီးကို ဆိုကြပါစို့၊ အဲဒီ လူမျိုးကြီးဆိုတာ ဘယ်လို အခြင်းအရာတွေနဲ့ ပြည့်စုံမှ လူမျိုးကြီးလို့ ခေါ်မလဲ။ အဲဒီလူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး အခု ကမ္ဘာကျော် ဆိုဗီယက် ယူနီယံ ခေါင်းဆောင်ကြီး ဖြစ်တဲ့ စတာလင်က ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုယင် …

A nation is a historically evolved stable community of language, territory, economic life, and psychological make-up manifested in a community of culture:

လူမျိုးကြီးဆိုတာ

လူမျိုးကြီးဆိုတာ ရာဇဝင်အရ ဖြစ်ပွားလာပြီး တည်တည်တံ့တံ့ နေလာတဲ့ သူ့ဘာသာစကားနဲ့၊ သူ့နယ်မြေနဲ့၊ သူ့ စီးပွားရေးနဲ့၊ သူ့ယဉ်ကျေးမှု ပညာထုံးစံ ဓလေ့တွေနဲ့ ညီညွတ် စည်းရုံးထားတဲ့ လူပေါင်းစုဘဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။ ဒီနေရာမှာ လူပေါင်းစု ဆိုတာဟာ ( A nation is not a racial or tribal community of people) လို့ အတိအလင်း ဖော်ပြထားတယ်။ အဓိပ္ပာယ်ကတော့ လူမျိုးကြီးဆိုတာ အသွေးအဆင်း တူတဲ့ (Race) တို့၊ (Tribe) တို့ ခေါ်တဲ့ လူမျိုးစုမျိုး မဟုတ်ဘူး။ အဲဒီ (Race) များ ပေါင်းစပ် ထားခြင်း ဖြစ်တယ်လို့ ရှင်းလင်းပြန်တယ်။

အဲဒီမှာလဲ စကားတူ ရှိရုံနဲ့ လူမျိုးကြီး မဖြစ်နိုင်ဘူးတဲ့။ စကားတမျိုးထဲ ပြောကြတဲ့ အင်္ဂလိပ် အမေရိကန်ဟာ လူမျိုးကြီး နှစ်မျိုး ဖြစ်နေတာ အထင်အရှားဘဲ မဟုတ်လားတဲ့။ လူမျိုးခြားတိုင်း စကားမခြားဘူး။ စကားတူတိုင်း လူတမျိုးတည်း မဟုတ်ဘူး။ အကြောင်းအားလျော်စွာ ဆုံစည်းခွင့် မရှိလို့ရှိယင် တမျိုးစီ ဖြစ်တယ်။ အဲဒီလို ဆုံစည်းတဲ့နေရာမှာ တမြေတည်းနေ၊ တရေတည်း သောက်တဲ့ လူတွေမှ လူတမျိုးတည်း ဖြစ်လာနိုင်သတဲ့။ နောက် စီးပွားရေးမှာလဲ တဦးနဲ့ တဦး ကျောထောက်နောက်ခံ သဘောမျိုး မှီခိုပြီး ပေါင်းစည်းထားမှ ဖြစ်သတဲ့။ ပြီးတော့ လူတမျိုးရဲ့ စိတ်ဓာတ် (National Character) လို့ ဆိုတဲ့ လူ့ယဉ်ကျေးမှု ထုံးစံ ဓလေ့ဆိုတာကို မထားလို့ မဖြစ်ဘူးတဲ့။ အခု ဒီအချက်တွေထဲက တခုနှစ်ခု ရှိရုံနဲ့ လူမျိုးကြီး တမျိုး မဖြစ်နိုင်ဘူးတဲ့။ ဒီအချက်တွေထဲက တခုလောက် မရရုံနဲ့ဘဲ လူမျိုးကြီး ဆိုတဲ့ ဂုဏ်အင်္ဂါကို မထိုက်တန်ဘဲ ဖြစ်သွားနိုင်သတဲ့။ အဲဒီတော့ ဒီအခြင်းအရာတွေ အားလုံး ပြည့်စုံမှ လူမျိုးကြီးတမျိုး ဖြစ်တယ်ဆိုဘဲ။ ဒီနေရာမှာ (Common Language) ဆိုတဲ့ စကားတူလို့ ဆိုတာမှာလဲ ဥပမာ ဗြိတိသျှ လူမျိုးကြီးများ အင်္ဂလိပ်စကား အားလုံး ပြောကြတယ်။ နားလည်ကြတယ်။ ဒါပေမဲ့ အိုင်းရစ်တို့ ဘာတို့မှာ သူတို့ စကား သတ်သတ် ရှိတယ်။ အဲဒါကိုလဲ သတိပြုမိဖို့ လိုတယ်။

နိုင်ငံတော်

နောက်ပြီး (State) (ဒီနေရာမှာတော့ လက်နက် နိုင်ငံတော်လို့ဘဲ ဆိုကြပါစို့။) အဲဒီ လက်နက် နိုင်ငံတော်ဆိုတဲ့ (Political Community) နိုင်ငံရေး လူပေါင်းစုံနဲ့ လူမျိုးကြီး ပေါင်းစုံ (National Community) ကို နားမရှုပ် စေလိုဘူးလို့ စတာလင်က ရှင်းထားတယ်။ ဘယ်လိုလဲ ဆိုယင် တူတာတွေထဲမှာ စကားတူမှ လူမျိုးကြီး တမျိုး ဆိုတာ ဖြစ်နိုင်မယ်။ သို့သော်လည်း လက်နက်နိုင်ငံတော်ဆိုတဲ့ နိုင်ငံရေး လူပေါင်းစုထဲမှာတော့ စကား မတူပေမဲ့ တနိုင်ငံတည်း ဖြစ်နိုင်တယ်ဆိုတာ ဖော်ပြထားတယ်။

လူမျိုးရေး လူနည်းစု

ကောင်းပြီ။ ဒီအချက်တွေကို အခြေပြုပြီး စဉ်းစားယင် ကျွန်တော်တို့ ဗမာပြည်မှာ (Nation or Nationality) လူမျိုးကြီး အဖြစ်နဲ့ ဘယ်နှစ်မျိုး ရှိသလဲ ဆိုယင် စင်စစ် ပြောရယင်တော့ အားလုံး တမျိုးတည်းဘဲ ရှိနိုင်မယ်။ (Race, Tribe) ဆိုတဲ့ဟာမျိူးတော့ ရှိသပေါ့။ ဒါမျိုးတွေကော (Nation or Nationality) ထဲမှာ မရှိဘူးလား ဆိုတော့ ရှိသတဲ့။ သူတို့ကို (National Minority) လို့ ခေါ်တယ်။ လူမျိုးရေး လူနည်းစုတွေလို့ ခေါ်တယ်တဲ့။ အဲ အခုန ကျွန်တော်တို့ ဗမာပြည်မှာ လူမျိုးကြီးလို့ စင်စစ် ခေါ်နိုင်တာ အားလုံး ပေါင်းခေါ်မှ ဖြစ်နိုင်တယ်လို့ ကျွန်တော် ဘာပြုလို့ ပြောရသလဲ ဆိုယင် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ လူပေါင်းစုဆိုလို့၊ ရှမ်းလူမျိုးကို ပြောမယ် ဆိုယင်တော့ စင်စစ် မဟုတ်ဘဲ ခပ်လျော့လျော့ သဘောမျိုး ဆိုယင် လူမျိုးကြီးလို့ ခေါ်နိုင်ပါလိမ့်မယ်။ တခြား လူမျိုးတွေ ဆိုယင် မခေါ်နိုင်ဘူး။

ကွဲပြားချက်တွေ

ဥပမာ ဂျိန်းဖောလူမျိုး၊ သူတို့မှာ အထက်ပါ လူမျိုးကြီး အင်္ဂါ ပြည့်ပြည့်စုံစုံ မရှိဘူး။ အထူးသဖြင့် စီးပွားရေးမှာ သူ့ချည်း မဖြစ်နိုင်ဘူး။ ဥပမာ ချင်း၊ ချင်းကျတော့ ပိုတောင် ဆိုးသွားသေးတယ်။ ဘာပြုလို့လဲ ဆိုယင် သူတို့မှာ စကားတူကို မရှိဘူး။ အချင်းချင်းကျတော့ ဗမာစကားယင်လဲ သုံး၊ အင်္ဂလိပ်တွေ စီမံခဲ့လို့ ကုလားစကားယင်လဲ သုံးနေရတာဘဲ။ ကရင်နီကို ကြည့်။ လူဦးရေကလဲ မိုးဗြဲနယ်ဆိုတာ ထည့်ပါမှ ရှစ်သောင်းလောက်ဘဲ ရှိတယ်။ အဲဒီ ရှစ်သောင်းလောက်က အချင်းချင်း ဘာစကား သုံးနေရသလဲ ဆိုယင် ဗမာစကားကို သုံးရတယ်။ ကရင်လူမျိုး ကြည့်အုံးမလား။ အမျိုး ၁၂ မျိုးလောက် ကွဲပြီး စကားဆိုယင်လည်း (Principal Languages) အဓိက စကား နှစ်မျိုးတောင် ရှိနေတယ်။ အချင်းချင်းကျတော့ ဗမာစကားဘဲ သုံးရတာဘဲ။ ရှမ်းဆိုတာလဲ အမှန်ကတော့ ဗမာစကား အများ အားဖြင့် နားလည်ကြတာဘဲ။ ယဉ်ကျေးမှု ဆိုယင် ဗမာ့ယဉ်ကျေးမှုနဲ့ တူတာတွေ အများကြီးဘဲ။ လူမျိုးကြီး အချင်းချင်း ဆိုယင်တော့ (Nations are sovereigns and all nations are equal) လို့ လူမျိုးကြီးတွေဟာ အချုပ်အချာ အာဏာ ရှိတယ်။ အတူတူဘဲ၊ တန်းတူဘဲ လို့ စတာလင်က ဆိုထားတယ်။

ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့်

ဒါဖြင့် ဒီအဓိပ္ပာယ်က ဘယ်လို သဘောလဲ။ လူမျိုးကြီးဆိုတာ အချင်းချင်း ပေါင်းသင်းနေယင် (Regional Autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရပြီး ခွဲထွက်ခွင့်ပါ ရထိုက်သတဲ့။ ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့် လုံးဝ ရထိုက်သတဲ့။

The right of self-determination means that a nation can arrange its life according to its own will. It has the right to arrange its own life on the basis of autonomy.

It has the right to enter into federal relation with other nations. It has the right to complete secession. လို့ ဆိုထားတယ်။ ဒါပေမဲ့ ဆက်ပြောထားတာ ရှိသေးတယ်။

This of course does not mean that Social Democrats will support every demand of a nation. A nation has the right even to return to the order of things; but this does not mean that Social Democrats will subscribe to such a decision if taken by any institution of the said nation …. ပြီးတော့.…

In fighting for the right of nations to self-determination, the aim of the Social Democrats is to put an end to the policy of national oppression, to render it impossible, and thereby to remove the grounds of hostility and reduce it to a minimum.

ကိုယ်ပိုင် ပြဌာန်းနိုင်ခွင့်ကို လူမျိုးကြီး ဆိုတာတိုင်း ရထိုက်တယ်ဆိုပေမဲ့ နေရာတကာ အမြဲတမ်း မဟုတ်ဘူး။ ကောင်းကျိုး လုပ်ဖို့သာ ဖြစ်တယ်။ ဆိုးကျိုး လုပ်ဖို့ မဟုတ်ဘူးဆိုတာ ပြောထားတယ်။ လူမျိုး အချင်းချင်း ချယ်လှယ် လွှမ်းမိုးမှု၊ နှိပ်စက်မှု မဖြစ်ရအောင် ဒီအခွင့်အရေးမျိုးကို လူမျိုးကြီးတိုင်းကို ပေးတာဘဲ။ ပီးတော့ “မတ်ဝါဒ” ဋီကာ ဆရာတဦးကလဲ

It would be wrong to say that Marxists must support every national movement and that they have to apply the principle of national self-determination as a dogma in every simple case. Also the right of self-determination of this or that national group has to be definitely denied if under the given conditions it would serve reactionary purposes and do a disservice to the general cause of democracy.

ကွယ်လွန်သွားတဲ့ လီနင် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကလဲ ဆိုထားတယ်။

The various demands of democracy, including self-determination, are not absolute, but a small part of the general democratic (now general socialist) world movement. Possible in individual concrete cases, the part may contradict the whole, if so it must be rejected.

နောက်ပြီး…

The question of the right of a nation freely to secede must not be confused with the question of whether it would be expedient for any given nation to secede at any given moment.

ဒါတွေ အားလုံး ခြုံလိုက်တော့ ဘာအဓိပ္ပာယ် ထွက်သလဲဆိုယင် လူမျိုးကြီးဆိုတာ အချင်းချင်း ပေါင်းကြယင် ကိုယ်ပိုင် ပြဌာန်းခွင့်အရ ပေါင်းကြ။ ဒါပေမဲ့ နေရာတကာ အချိန်အခါတိုင်းမှာ အခြေအနေ အကျိုးအကြောင်းကို မထောက်ဘဲ အရမ်း ကိုယ်ပိုင် ပြဌာန်းခွင့် မဟုတ်ရဘူးဆိုတဲ့ အဓိပ္ပာယ်ပါဘဲ။ ဒါက (Nation or Nationality) ဆိုတဲ့ လူမျိုးကြီးနှင့် ပတ်သက်ပြီး သိသင့် သိထိုက်သော သဘောတရားတွေဘဲ။ ပီးတော့ …. ၊

Of course, not one of the regions constitutes a compact homogeneous nation for each is interspersed with national minorities. Such are the Jews in Poland, the Latvians in Lithuania, the Russians in Caucasus, the Poles in the Ukraine, and so on. It may be feared, therefore, that the minorities will be oppressed by the national majorities. But there will be grounds for this fear only if the old order continues to prevail in the country. Give the country complete democracy and all grounds for this fear will vanish.

What is it that particularly agitates a national minority? A minority is discontented because it does not enjoy the right to use its native language. Permit it to use its native language and the discontent will pass of itself. A minority is discontented because it does not possess its own schools. Give it its own schools and all grounds for discontent will disappear. A minority is discontented because it does not enjoy liberty of conscience, etc., Give it these liberties and it will cease to be discontented. Thus “national equality in all forms (languages, schools etc.) is an essential element” in the solution of the national problem.

A state law based on complete democracy in the country is required, prohibiting all national privileges without exception and all kinds of disabilities and restrictions on the rights of national minorities.

ဒီဟာကတော့ လူမျိုးရေး လူနည်းစု အခွင့်အရေးတွေနှင့် ပတ်သက်ပြီး သိသင့် သိထိုက်တဲ့အချက်တွေဘဲ။ ပီးတော့ လူမျိုးရေး လူနည်းစု ဆိုတာ လူဦးရေ ဘယ်လောက် ရှိမှ လူမျိုးရေး လူနည်းစု ခေါ်မလဲ ဆိုတာကိုလဲ သိဖို့ လိုတယ်။ အရင် စစ် မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ နိုင်ငံပေါင်းစုံ အသင်းချုပ်ကြီးက သရုပ် ပြဌာန်းထားတာကတော့၊ လူမျိုးရေး လူနည်းစုဆိုတာ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံလောက် ရှိမှ လူမျိုးရေး လူနည်းစုလို့ ခေါ်နိုင်မယ်လို့ ဆိုထားတယ်။ ဘာပြုလို့လဲဆို ရှမ်းပြည်မှာ လူမျိုးပေါင်း ၂၀၊ ၃၀ လောက် ရှိတယ်။ အဲဒီလိုသာ လူမျိုးကွဲတိုင်း ရှောက်ခေါ်နေရယင် ဆုံးမှာ မဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်ရတာဘဲ။ သို့ပေမဲ့ ဗမာပြည်အဖို့မှာ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံ ဆိုတာတော့ များလွန်း အားကြီးတယ် ထင်တယ်။ ဆယ်ပုံတပုံလောက် ရှိယင်ဘဲ လူမျိုးရေး လူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျွန်တော် ယူဆတယ်။ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံ ရှိမှ လူမျိုးရေး လူနည်းစု ဆိုယင်တော့ ဗမာပြည်မမှာ လူမျိုးရေး လူနည်းစုကို မရှိနိုင်တော့ဘူး။

ကရင်လူမျိုးရေး လူနည်းစု

ဒါပေမဲ့ ဥပမာ ကရင်လူမျိုး ဆိုလို့ရှိယင် လူမျိုးရေး လူနည်းစုအဖြစ်နဲ့ အခွင့်အရေးတွေ ရသင့်သလောက် မရဘဲ ရှိနေတယ်ဆိုတာ ငြင်းလို့ ကျုပ်တို့ ရမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့တတွေဟာလဲ ဗမာတွေရဲ့ ဆယ်ပုံတပုံလောက် အဖျင်းဆုံး ရှိလိမ့်မယ်။ အဲဒါကြောင့် သူတို့ကိုတော့ လူမျိုးရေး လူနည်းစု အခွင့်အရေးတွေကို ပေးဖို့ တောင်းတယ်။ မွန်လူမျိုး ကိစ္စ ဆိုယင်တော့ သူတို့မှာ အခုလူမျိုးရေး လူနည်းစုအဖြစ်နဲ့ မွန်စာပေ၊ မွန်ကျောင်းတွေ ကိစ္စလောက်က လွဲယင် တခြား နစ်နာချက်တွေ မရှိပါဘူး။ မွန်ရယ်၊ ဗမာရယ် ခွဲခြားပြီး ကရင်လို သဘောထားသလို ထားစေချင်လို့တော့ မဖြစ်နိုင်ဘူး။

ပြည်ထောင်စုနိုင်ငံ ထူထောင်ကြစို့

ဒီတော့ လူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော် တော်တော် စုံစုံလင်လင် ပြောပြပြီးတဲ့နောက်၊ ကျွန်တော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စု သဘော တည်ထောင်မလား။ လူမျိုးကြီး တမျိုးတည်းဘဲ ဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျွန်တော့် အမြင်အရ ဆိုယင်တော့ အထက် လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်း သတ်မှတ်ပေးပြီးတော့ (Unitary State) လူမျိုးကြီးတမျိုးတည်း ဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့ မဖြစ်ဘူး။ ပြည်ထောင်စု သဘောမျိုးဘဲ ဖြစ်ရမှာဘဲ။ ဒါပေမဲ့ ပေါင်းခါမှ ဆေးအတွက် လေးတဲ့ ပြည်ထောင်စုမျိုး၊ လီနင်ပြောသလို တစိတ် တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ (The part contradicting the whole) ပြည်ထောင်စုမျိုး ဆိုယင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေး တိုးတက်မှုကို စုပေါင်းပြီး စံနစ်တကျ စီစဉ်နိုင်မဲ့ ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး၊ တိုင်းသူ ပြည်သား အများဆုံး တိုးတက်မှုကို လုပ်နိုင်မှာဘဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုး ရှိအောင် ပေါင်းကြတာ ဖြစ်ပြီး ဆိုးကျိုး ရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလူမျိုးရေး ပြဿနာနဲ့ ပတ်သက်ပြီး နောက် အကြောင်းပေါ်ယင် ပေါ်သလို ဆွေးနွေးသင့်ယင် ဆွေးနွေးပါအုံးမယ်။ အခု ဒီမိန့်ခွန်းမှာတော့ ဒီလောက်နဲ့ဘဲ တော်လောက်ပြီလို့ ကျွန်တော် ယူဆပါတယ်။

ကိုင်း- ကျုပ်တို့ လာမဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဘယ်လို ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေများ ရေးဆွဲ ဆုံးဖြတ်သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အခြေခံတရားတွေကို ကျွန်တော် ပြောပြခဲ့ပြီးပြီ။ ဒိပြင် ကျွန်တော်တို့ ဘာတွေ လုပ်ကြဦးမလဲ ဆိုတာတွေ စဉ်းစားကြအုံးစို့။

ပဌမ ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ကနေပြီး ဘယ်လို ဘယ်လို ဆုံးဖြတ်သင့်တယ်ဆိုတာတွေ စဉ်းစားတာကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ကျုပ်တို့ ဆုံးဖြတ်တာ အတည် ဖြစ်ပါ့မလား။ ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အချုပ်အချာ အာဏာ ရှိရဲ့လားဆိုတဲ့ မေးခွန်းကို ကျွန်တော် ဖြေပြလိုတယ်။ အိန္ဒိယပြည်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ အဖွဲ့လို့ ယူဆပြီး စီစဉ်ကြတယ်။ ဘယ်လို စီစဉ်ကြသလဲဆိုယင် တိုင်းပြုပြည်ပြု လွှတ်တော် စတဲ့နေ့က စပြီး တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ ဆိုင်သမျှ ကိစ္စ မှန်သမျှ တိုင်းပြုပြည်ပြု လွှတ်တော်သာလျှင် အာဏာပိုင် ဆုံးဖြတ်နိုင်တယ်။ အစိုးရနဲ့ မဆိုင်ဘူးဆိုပြီး စီစဉ်ကြတယ်။ ကျုပ်တို့ ဘိလပ် အစိုးရနဲ့ သဘောတူထားတဲ့အတိုင်းကတော့ တိုင်းပြုပြည်ပြု လွှတ်တော်က ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်ပါဆိုတဲ့ အချက် ပါခဲ့တယ်။ သို့သော် အချုပ်အချာ အာဏာဆိုတာ ဥပဒေသဘော၊ ပါးစပ်သဘော ဖြစ်ရုံနဲ့ မပြီးသေးဘူး။ ကျုပ်တို့ တိုင်းပြည် နောက်က၊ ကျုပ်တို့ တိုင်းပြုပြည်ပြု လွှတ်တော်နောက်က (Popular mass sanction) ခေါ်တဲ့ တိုင်းပြည်လူထုရဲ့ အားပေးထောက်ခံမှု ရမှ အချုပ်အချာ အာဏာဆိုတာ သေသေချာချာ အကောင်အထည် ဖော်နိုင်မယ်။

ကျွန်တော်တို့လို အခြေအနေမျိုး မပြောနဲ့။ လွတ်လပ်နေတယ်ဆိုတဲ့ နိုင်ငံတွေရဲ့ အချုပ်အချာ အာဏာတွေတောင် ကိုယ့်တိုင်းပြည်နောက်က (Sanction) အားမကောင်းလို့ ရှိယင် အချုတ်အချယ် ခံရတယ်ဆိုတာ ကျွန်တော်တို့ သတိပြုကြရမယ်။ အဲဒါက ဥပဒေ သဘော၊ ဥပဒေစကား မဟုတ်ဘူး။ နိုင်ငံရေးသဘော၊ နိုင်ငံရေး စကားဘဲ။ ကျွန်တော်တို့ တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာရခြင်းဟာ တော်လှန် ထကြွပြီး အာဏာသိမ်းပိုက်ပြီးတဲ့ နိုင်ငံ အခြေအနေမျိုးမှာ ပေါ်ပေါက်တာမျိုး မဟုတ်ဘဲ တဝက်တပျက် တော်လှန်ရေး အခြေအနေ ( Semi-revolutionary situation) မျိုးမှာ နှစ်ဦးနှစ်ဖက် စေ့စပ်ပြီး ပေါ်ပေါက်လာရတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မျိုး ဖြစ်တော့ သူ့အခြေအနေအတိုင်း ထူးဆန်းတဲ့ အကြောင်းခြင်းရာတွေ တွေ့ရတယ်။ အမှန်ကတော့ တိုင်းပြုပြည်ပြု လွှတ်တော် မကျင်းပမီ လွတ်လပ်တဲ့ ယာယီအမျိုးသား အစိုးရ (Previsional National Government) ဆိုတာမျိုး ပေါ်ပေါက်ပြီး လုပ်နိုင်ယင်တော့ ပိုပြီးကောင်းတာဘဲ။ ဒါပေမဲ့ ကျုပ်တို့ဟာ ဘဝ အခြေအနေမှန်အတိုင်း ကောင်းတာကို စိတ်ကူးသန်သလို ပြောမနေဘဲနဲ့ ဖြစ်သလိုကနေပြီး ကိုယ်လိုရာ ကိုယ်ရောက်အောင် ဆွဲဆောင်သွားနိုင်မှ ခေါင်းဆောင်တွေ စစ်မယ်။ တော်လှန်ရေးသမား စစ်မယ်။ နေပါအုံး။ တော်လှန်ရေးဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ကျွန်တော်မေး၊ ကျွန်တော် ဖြေချင်သေးတယ် ဘာပြုလို့လဲဆိုယင် ကျုပ်တို့တိုင်းပြည်မှာ လူငယ်တွေ တော်လှန်ရေးစကား တော်တော် ပြောကြတယ်။ ဒါကြောင့် ဒီအရေးကို ကျွန်တော် အခု ဆွေးနွေးရတာဘဲ။

တော်လှန်ရေးဆိုတာ ဘာလဲ

ဘာလဲ တော်လှန်ရေး။ အကြမ်းပတမ်း လုပ်တာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ အဖျက် လုပ်ငန်းဆိုတာတိုင်း တော်လှန်ရေးလား။ မဟုတ်ဘူး။ လုပ်ချင်တိုင်း လုပ်လို့ ရသလား။ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်နဲ့လဲ။ ဘယ်လိုလဲ။ လဲ လဲ လဲ။ အဲဒီလို “လဲ” တွေ အမျိုးမျိုးနဲ့ ကျွန်တော်တို့ စဉ်းစားကြစို့။ တရံရောအခါက ဒီမေးခွန်းကို ကျွန်တော် ဒီလို ဖြေခဲ့တယ်။

Revolution is direct participation of masses themselves to shape their own destiny fundamentally by all possible means; historically inevitable and necessary, and inadmissible of all forms of dry schematization unrelated to given historical conditions, and of blind, negative, spontaneous, destructive character; and therefore creative in the highest degree. Its fundamental objective is the emancipation of all toilers; its basis mass participation, its guarantee of victory mass consciousness. (in other words, the degree to which the toiling mass is organized and thus conscious of its role and power.)

တော်လှန်ရေးဆိုတာ

တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုဘဲ ဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇဝင်ကြောင်းအရ မလွှဲမရှောင်သာလို့လဲ လိုတယ်။ ဖြစ်ပျက် ပေါ်ပေါက်နေတဲ့ ရာဇဝင် အခြေအနေအချက်အလက်တွေနဲ့ အခြားတလမ်းဖြစ်တဲ့ အခြောက်တိုက် စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိ စုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တဖက်တွင်သာ လုပ်တဲ့ အလုပ်၊ အလိုအလျောက် လူထု ထကြွမှု ဖျက်ဆီးရုံ အလုပ်ကိုလဲ လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင် ဖန်တီးတတ်တဲ့ သတ္တိ ရှိပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံ အုတ်မြစ်ကတော့ လူထု ပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြား ထကြွမှု၊ တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်း ရှိလို့ ဘယ်အထိ မိမိရဲ့ တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိ နားလည် နိုးကြားသလဲ ဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ အဲဒီလို ကျွန်တော် ဖြေခဲ့တယ်။

ဒီနေ့လဲ ဒီလိုဘဲ ဖြေရမှာဘဲ။ ကျွန်တော်တို့ အခု လုပ်နေတာ အားလုံးတွေဟာ ဘာကို လုပ်နေတာလဲ။ ကျုပ်တို့တိုင်းပြည်ကြီးကို တော်လှန် ပြောင်းလဲ နေကြတာဘဲ မဟုတ်လား။ အဲဒီလို တော်လှန် ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်တဲ့အခါလဲ ကြမ်းခဲ့တယ်။ ကြမ်းစရာ လိုသေးယင်လဲ ကြမ်းရအုံးမှာဘဲ။ သို့သော်လဲ အရမ်း ကြမ်းရမယ်ဆိုတာတော့ ကျွန်တော် နားလည်သလောက် တကယ့် တော်လှန်ရေး သဘောတရား မဟုတ်ဘူး။ အမိဝမ်းက ဖွားမြင်လာသော ကလေးဟာ မမွေးခင် ပဋိသန္ဓေ တည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီ မတိုင်မီ မွေးဖွားယင် သေယင်လဲ သေမယ်။ လျှောယင်လဲ လျှောမယ်။ ချည့်နဲ့ယင်လဲ ချည့်နဲ့မယ်။ အင်မတန် ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလဲ ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာ ရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာ ရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သယ်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာဘဲ။ အခုလဲ အဲဒီအတိုင်း တော်လှန်ရေးကို စဉ်းစားမယ် ဆိုယင် တချို့ လူတွေက ကြမ်းမှ အာဏာ သိမ်းရမယ်ဆိုပြီး ပြောကြတယ်။ ကိုင်း- ရုရှားပြည်မှာ တော်လှန်ရေး ဖြစ်တုန်းက အာဏာ သိမ်းယူတဲ့အခါ ကြမ်းခဲ့ရသလား။ ခြုံကြည့်ယင် မကြမ်းခဲ့ရဘူး။ သိမ်းပြီး အာဏာကို နောက်ကျတော့ ပြန်ကာကွယ်တဲ့အခါမှာ ကြမ်းတာတွေ လုပ်ရတယ်။ ဘာပြုလို့ အာဏာသိမ်းတဲ့ နေရာမှာ မကြမ်းခဲ့ရသလဲ။

အာဏာ ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်

တော်လှန်ရေး လုပ်တဲ့ လူတွေက ကြမ်းချင်လို့လဲ မဟုတ်ဘူး။ မကြမ်းချင်လို့လဲ မဟုတ်ဘူး။ ကြမ်းစရာကို မလိုလို့ မကြမ်းရတာဘဲ။ တော်လှန်ရေးရဲ့ နောက်ဆုံးအဆင့်ဟာ အာဏာ လက်ရ သိမ်းပိုက်မှုဘဲ။ အာဏာ လက်ရသိမ်းပိုက်မှုဆိုတာလဲ ကနေ့ အာဏာ ရပြီး နက်ဖြန် ပြန်လွတ်သွားတာမျိူး မဟုတ်ဘူး။ ရပြီးတဲ့ အာဏာကို ထိန်းထားနိုင်အောင် စီစဉ်ပြီး သိမ်းပိုက်မှ တကယ့်အာဏာ သိမ်းပိုက်ရာ ရောက်မယ်။ အရင် စစ်ကြီး ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ အခု စစ်ကြီးပြီးခဲ့တဲ့ အခြေအနေ ခြားနားမှုကိုလဲ ကျွန်တော်တို့ မြင်ရမယ်။

အရင် စစ်ကြီး အပြီးတုန်းက နယ်ချဲ့စံနစ်ဟာ အခုလို မယိုင်လဲသေးဘူး။ ဆိုဗီယက် ယူနီယံ၊ ဥရောပ အရှေ့၊ တရုပ်ပြည် မြောက်ပိုင်းတို့မှာလို တော်လှန်ရေး အောင်မြင်ထားတဲ့ နိုင်ငံတွေ မရှိသေးဘူး။ ပြီးတော့ အရှေ့အာရှ တောင်ပိုင်းအခြေအနေကို သုံးသပ်ရမယ်။ အင်ဒိုနေးရှားမှာ လက်နက်နဲ့ တော်လှန်ခဲ့တယ်။ လုံးဝ လွတ်လပ်ရေး ရပလား။ မရသေးဘူး။ ပီးတော့ ကျုပ်တို့ တော်လှန်ရေး လုပ်ယင် ဘယ်အထိ အလွန်ဆုံး လုပ်နိုင်မလဲ။ အမျိုးသား ဒီမိုကရေစီ တော်လှန်ရေး ဆိုတာထက် ပိုမသွားနိုင်ဘူး။ ဒါ အလွန်ဆုံးဘဲ။ တခုန်တည်းနှင့် လှေကား အဆင့်ဆင့် ကျော် ရောက်ချင်လို့ မဖြစ်ဘူး။

There are in the meantime, another kind of people, who though they may not be malicious, often got taken in by the so-called “theory of one state Revolution” and the entirely subjective thesis which purports to “complete the political and social revolution in one stroke” in utter disregard of the development of the revolution, i. e. the necessity of a period of transition between one revolution and another; and then permit themselves the nonsense of the talk referred to, viz., “to complete the political and social revolutionin one stroke.”

သူ့နည်းနှင့်သူ ကိုယ်နည်းနှင့်ကိုယ်

အဲသလို တရုပ် ကွန်မြုနစ် ခေါင်းဆောင် မော်စီတုန်းက ပြောခဲ့တယ် မဟုတ်လား။ နောက်ပြီး စတာလင်က မတ်ဝါဒသမားတွေဟာ အရင်းရှင် စံနစ်ကို တော်လှန် ပြောင်းလွှဲပြီး ဆိုရှယ်လစ်ဝါဒ ထူထောင်တဲ့နေရာမှာ တလမ်းတနည်းတည်းသာ ရှိတာလို့ မယူဆဘူး။ ရုရှားပြည်ရဲ့ နည်းဟာ ရုရှားပြည်ရဲ့ အခြေအနေအရဖြစ်တယ်။ အင်္ဂလန်ပြည်မှာ အင်္ဂလန်ပြည်ရဲ့ အခြေအနေအရ အင်္ဂလိပ်နည်းအရ ဖြစ်တယ်။ ရုရှားနည်းက ပိုကြမ်းတယ်။ အင်္ဂလိပ်နည်းက ပိုခရီးရှည်တယ် အစရှိသည်အားဖြင့် ပြောခဲ့တယ်။ နောက်ပြီး စတာလင်ကဘဲ (Revolution does not come of itself. It must be prepared for and won.) တော်လှန်ရေးဆိုတာ အလိုအလျောက် မဖြစ်ဘူး။ ပြင်ဆင်ပြီး လုပ်မှ အောင်မြင်နိုင်မယ်လို့ ဆိုခဲ့တယ်။

လွတ်လပ်ရေးစခန်းကို ဘယ်လို လှမ်းမလဲ

အဲသလို အချက်တွေ စဉ်းစားပြီး ကျုပ်တို့ လွတ်လပ်ရေးစခန်းကို ဘယ်လို လှမ်းရမလဲ။ ကျွန်တော့် အမြင်အရ ပြောရယင် ဗမာပြည်ရဲ့ တော်လှန်ရေးဟာ အရှေ့အာရှတောင်ပိုင်း တော်လှန်ရေးရဲ့ တစိတ်တဒေသ အဖြစ် ပူးပေါင်းသွားနိုင်မှ လုံးဝ အောင်မြင်မယ်။ အဲဒီ မတိုင်မီ ကျုပ်တို့ အရှေ့အာရှ တောင်ပိုင်းမှာ ရှိတဲ့ တိုင်းပြည်တွေ တသီးတခြားစီ ကိုယ့်လမ်း ကိုယ်သွားတဲ့ အခြေအနေမျိုးတွေ ရှိနေအုံးမှာဘဲ။ အဲဒီ အခြေအနေ မျိုးမှာ လွတ်လပ်ရေးဆိုတာ ရသလောက်တော့ ရမှာဘဲ။ လုံးဝ ပြည့်စုံမယ်လို့ တထစ်ချ မဆိုနိုင်ဘူး။ အရှေ့အာရှ တောင်ပိုင်း ပြည်ထောင်စုသာလျှင် အဲဒီအပိုင်းမှာ ရှိတဲ့ နိုင်ငံတွေရဲ့ အစွမ်းကုန် လွတ်လပ်ရေးကို ရယူနိုင်မယ်။ ထိန်းသိမ်းနိုင်မယ်။ တိုးချဲ့နိုင်မယ်။ ဒီအပိုင်းမှာ ကမ္ဘာရဲ့ နယ်ချဲ့နိုင်ငံတွေ အများဆုံး စုပြီး စိုးမိုးနေကြတယ်။ အဲဒီ နယ်ချဲ့နိုင်ငံတွေဟာ တသီးတခြားစီအားဖြင့် အင်အားနဲပေမဲ့ စုပေါင်းလိုက်ယင် အားမသေးသေးဘူး။ သူတို့ဟာလဲ တဦးကိုတဦး အကူအညီ ပြုသလောက် ပြုနေကြတယ်။ ကျုပ်တို့ နိုင်ငံအချင်းချင်းကလဲ မိတ်တောင်မှ ကောင်းကောင်း မဆက်နိုင်ကြသေးဘူး။ ကျုပ်တို့ရဲ့ အသီးသီး အင်အားတွေဟာလဲ လုံးဝ ခိုင်မာ တောင့်တင်းနေတယ်လို့ မဆိုနိုင်သေးဘူး။

ပြင်ဆင်မှုတွေ လုပ်ကြစို့

အဲဒီလို စကောစက ဖြစ်နေတဲ့ အခြေမျိုးမယ် ကျုပ်တို့ စကောစကဘဲ ရှိနေအုံးမှာဘဲ။ ကျုပ်တို့ရဲ့ နိုင်ငံ အသီးသီးဟာ အိန္ဒိယပြည်နှင့် မတူဘူး။ အိန္ဒိယပြည်မှာသာ ဟိန္ဒူနှင့် မူဆလင် ညီညွတ်နိုင်ယင် အိန္ဒိယ လွတ်လပ်ရေးဟာ ကျပ်ပြည့်တင်းပြည့် ဖြစ်နိုင်တယ်။ သို့သော်လဲ ဖြစ်သမျှထဲက အကောင်းဆုံး ဖြစ်အောင် ကျုပ်တို့ တိုင်းပြုပြည်ပြုလွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေး ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ဆုံးဖြတ်လိုက်တဲ့အခါ တိုင်းပြည် လူထုအုံကြွ ထောက်ခံမှုကို နိုင်ငံရေး၊ စည်းရုံးရေး၊ စီးပွားရေး ပြင်ဆင်မှုတွေက တဖက်။ အိန္ဒိယ၊ တရုပ်ပြည်၊ အရှေ့အာရှ တောင်ပိုင်း အခြားနိုင်ငံတွေနှင့် ဆက်သွယ်မှု အရပ်ရပ် လုပ်ပြီး ပြင်ဆင်မှုတွေက တဖက်။ ကျုပ်တို့ တိုင်းပြည်ရဲ့ ကာကွယ်ရေး အင်အားစုတွေကို စုနိုင်သမျှ ပြင်ဆင်မှုတွေက တဖက်။ အစိုးရလုပ်ငန်းနဲ့ ပြည်သူ့လုပ်ငန်းတွေကို တွဲဖက်ပြီး ပြင်ဆင်မှုတွေက တဖက်။ အဲဒီလို အဖက်ဖက် ပြင်ဆင်မှုတွေ လုပ်ပြီးတော့ တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကို စကားသဘော အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ အဖွဲ့က နေပြီး လက်တွေ့သဘော အချုပ်အချာ အာဏာနှင့် ပြည့်စုံတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဖြစ်အောင် ကျုပ်တို့ တိုင်းပြည်၊ ကျုပ်တို့ အခြေအနေအရ ကျုပ်တို့ နည်းတွေနဲ့ ဖန်တီးရလိမ့်မယ်။ အဲဒီလို ဖန်တီးတဲ့နေရာမှာ ကျုပ်တို့ ဘာတွေ လုပ်ရမလဲ။

သွေးပုပ်တွေ ဖောက်ပစ်ကြ

၁။ ။ ဖ၊ဆ၊ပ၊လ နဲ့ ဆက်သွယ်တဲ့ လူထု အစည်းအရုံး (ပြည်သူ့ရဲဘော်တပ်ဖွဲ့ပါ) တွေက မိမိတို့ အတွင်း အင်အားစုတွေ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ကိုယ့်တပ် လုံနိုင်သမျှ လုံအောင် သွေးပုပ်တွေ ဖောက်ပစ်တဲ့ စံနစ်ကို တနိုင်ငံလုံးချီပြီး လုပ်ရလိမ့်မယ်။

၂။ ။ နိုင်ငံရေး သင်တန်းတွေကို စံနစ်တကျ ဖွင့်ပြီး နိုင်ငံရေး လုပ်နေတဲ့ လူငယ်တွေကို နိုင်ငံရေး ထပ်ပြီး အပြင်းအထန် သင်ပေးကြရလိမ့်မယ်။

၃။ ။ သမဝါယမ လုပ်ငန်းကို အစိုးရ အကူအညီ ရသမျှ ယူပြီး အကောင်အထည် ဖြစ်သွားအောင် လုပ်ကြရလိမ့်မယ်။

၄။ ။ ဖ၊ဆ၊ပ၊လ လွတ်လပ်ရေး ရံပုံငွေကို ဆက်ပြီး ကောက်ခံကြရလိမ့်မယ်။

၅။ ။ အစိုးရနဲ့ ပြည်သူ ပူးပေါင်းပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေးကို ဖ၊ဆ၊ပ၊လ က အင်တိုက် အားတိုက် ညွှန်ကြားခေါင်းဆောင်ပြီး လုပ်သွားရမယ်။

လွတ်လပ်ရေးသည် လမ်းဆုံး မဟုတ်

ဖ၊ဆ၊ပ၊လ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်တွေဟာ ဖ၊ဆ၊ပ၊လ အစိုးရကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ အကြံပေး ဥာဏ်ပေး ကူညီဆောင်ရွက် ချဲ့ထွင်ပေးရုံတင်မကဘဲ မိမိတို့ ဆိုင်ရာ မဲဆန္ဒနယ်တွေနဲ့ အဆက်မပြတ်ဘဲ လွတ်လပ်တဲ့ ဗမာပြည်အတွက် တိုင်းပြည်လူထုကို အမြင်မှန်အတိုင်း ပြင်ဆင်ထားဖို့ လိုတယ်။ အထူးသဖြင့် တိုင်းပြည် လူထုဟာ လွတ်လပ်ရေးရဲ့ တာဝန်များကိုလဲ ထမ်းဖို့ အဆင်သင့် ဖြစ်အောင် ဟောပြော ပြင်ဆင်ထားဖို့ လိုတယ်။ လွတ်လပ်ရေး ရတယ်ဆိုတဲ့ ကိစ္စဟာ လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ လွတ်လပ်ရေး ရရုံနှင့် ကျုပ်တို့ ပြဿနာတွေ ပြေရှင်းသွားကြမှာ မဟုတ်ဘူး။ အဲဒီအခါကျမှ တကယ့် ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံး မဟုတ်ဘဲ လူတွေရဲ့ ကောင်းစားရေးကို ရောက်စေမဲ့ လမ်းကြောင်းသာ ဖြစ်တယ်။

ခြိုးခြံ ဇွဲသန်ကြပါ

တိုင်းပြည် ပြန်လည်ထူထောင်ရာမှာ အခု ရုရှားပြည်သစ် တည်ခါစကလို အခု ဘိလပ်မှာ ဖြစ်နေသလို လူတွေဟာ အင်မတန် ခြိုးခြံ သည်းခံပြီး ဇွဲနဘဲနဲ့ စီစစ် ဆောင်ရွက် လုပ်ကိုင်နိုင်မှ လောင်စာ ကျပြီး ပြာပုံအတိ ဖြစ်နေတဲ့ ဗမာပြည်ကြီကို စည်ပင် သာယာ ဝပြောအောင် မနည်း ကျုပ်တို့ လုပ်ရလိမ့်မယ်။ ကျုပ်တို့ဟာ လူထုခေါင်းဆောင်တွေ ဆိုလို့ ရှိယင် လူထု နားလည်အောင် ရှေ့ဆောင် ဟောပြော ညွှန်ပြပြီး သတ္တိ ရှိရှိ လုပ်ပြရလိမ့်မယ်။

လွတ်လပ်ရေးအတွက် ချသင့်က ချရမယ်

အဲဒီတော့ကာ အင်္ဂလိပ်တွေနဲ့ စာရင်း ရှင်းကြတဲ့နေရာမှာလဲ ဗမာပြည် လွတ်လပ်ယင် ဘယ်သူတွေနဲ့ ပေါင်းရမလဲ။ ဘယ်သူတွေနဲ့ ပေါင်းလို့ ကောင်းမလဲ။ ကျုပ်တို့ဟာ နိုင်ငံခြား အကူအညီ ကင်းလို့ မဖြစ်နိုင်ဘူးဆိုတာတွေ ထောက်ပြီး အမြော်အမြင် ကြီးကြီးနဲ့ လုပ်တတ်ရလိမ့်မယ်။ အကြမ်းပတမ်း ဖြစ်ယင်လဲ ဒီလောက်ဘဲ။ ဒီအတိုင်းသွားလဲ ဒီလောက်ဘဲ ဆိုတဲ့ အခြေအနေမျိုး ဆိုယင်တော့ ကျွန်တော်တို့ အဖို့မှာ ဘယ်သူ ဘာပြောပြော၊ အကြမ်းမကိုင်ဘဲနဲ့ လွတ်လပ်ရေး အာဏာ သိမ်းနိုင်အောင် လုပ်မှာဘဲ။ သို့ပေမဲ့ ဒီလို မဖြစ်နိုင်ဘူး ဆိုယင်တော့ ချရမှာဘဲ။ အဲဒီလို လုပ်ရမဲ့ ကိစ္စတွေမှာ ဖ၊ဆ၊ပ၊လ မှာ ရှိတဲ့ လက်ဝဲသမားတွေရဲ့ ညီညွတ်မှုဟာ အခြေခံ ပင်မ အချက်ကြီး ဖြစ်တယ်ဆိုတာ တုမှေ- သင် ပရိသတ် အပေါင်းတို့သည်၊ ဂဏှထ- မမေ့ မလျော့ မပေါ့သတိနှင့် မှတ်သား သွားကြကုန်လော့ဟူ၍ တိုက်တွန်းလိုက်ရပေသတည်း။ ။

 

Google