Aung San of Burma

တောင်းတဲ့အတိုင်း ရလို့ လက်ခံလာတယ်

၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဘိလပ်တွင် ဗြိတိသျှအစိုးရနှင့် ဆွေးနွေး ဆောင်ရွက်ခဲ့သော ကိစ္စများကို ဖဆပလ ဦးစီး အမှုဆောင် အဖွဲ့ သို့ တင်ပြသော အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း၏ တင်ပြချက်။

ယနေ့ ဒီအစည်းအဝေးနှင့် ပတ်သက်လို့ဆိုယင်၊ ဘိလပ်သွား၍ အက်တလီနှင့် ချုပ်ဆိုတဲ့ စာချုပ်နှင့်တကွ ဖြစ်ပေါ်လာတဲ့ ကိစ္စ အရပ်ရပ်ကို အစီရင်ခံပြီး ရှေ့ ဘယ်လို ဖြစ်၍ နောင် ဘယ်လို ဖြစ်မယ်၊ နောင် အလားအလာ ဘယ်လို ဆိုတာ အစီရင်ခံဖို့ ရှိတယ်။

အစိုးရအဖွဲ့ထဲ ဝင်ပြီး တလအကြာမှာ ဦးစီးအဖွဲ့ကို ခေါ်ပြီး အစီရင်ခံရတယ်။ ဒီကြားမှာ သပိတ်မှောက် ကိစ္စနှင့် ကွန်မြူနစ်ကိစ္စ ဖြေရှင်းတာနှင့် အချိန် ကုန်ခဲ့တယ်။ နောက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လကျမှ ကျုပ်တို့ ဆက်လက် အလုပ် လုပ်ကြတာ ပြီးတဲ့ ကိစ္စလဲပြီး၊ မပြီးပြတ်တဲ့ကိစ္စလဲ မပြီးဘူး။ ပြီးတဲ့ ကိစ္စမှာ ကာကွယ်ရေးဥပဒေ ပယ်ဖျက်ပြီးနောက် စစ်ဖြစ်နေစဉ် အတောအတွင်းမှာ ဖြစ်တဲ့ကိစ္စတွေကို ပလပ်ဖို့ ဥပဒေတွေလုပ်၊ လတ်တလော ဥပဒေတွေပြင်၊ အတော်အတန် ပြီးစီးခဲ့ပါတယ်။ ဒါအပြင် စစ်ကြီးပြီးတဲ့ ဥပဒေလဲ လုပ်ခဲ့ပါတယ်။ နောက် ဓားပြ ခိုးသားများကိစ္စ၊ တိုင်းပြည်မှာ ဆူပူထကြွမှုတွေကိုလဲ လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ ကြေညာစာတန်းတွေ ထုတ်ခဲ့တယ်။

အပေးအယူလုပ်ပုံ

နေ့စဉ် လုပ်ငန်းအပြင် ဗမာနိုင်ငံ တခုလုံး၏ တောင်းဆိုချက်များကို ဘိလပ်အစိုးရထံ အကျယ်တဝံ့ တင်သွင်းခဲ့တယ်။ အဲဒီအချိန်နဲ့ တပြိုင်နက် ဗမာပြည် အစိုးရဝန်ကြီး အဖွဲ့ရဲ့ ကြေညာစာတန်းများကို ကြေညာခဲ့တယ်။ အဲဒီ အခါမှာ အခြေအနေကို ကြည့်ပြီး၊ ကျုပ်တို့ရဲ့ တောင်းဆိုချက်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ အဖြူနှင့်အမဲ ထင်ရှားအောင် ပြန်ကြားရမယ်။ မပြန်ကြားခဲ့လျှင် ၃၁ ရက်နေ့မှာ ဝန်ကြီးအဖွဲ့က နှုတ်ထွက်ဖို့ ဖ-ဆ-ပ-လ ၏ ညွှန်ကြားချက်ကို ထုတ်လိုက်တယ်။ အဲဒီအခါ ဘိလပ် အစိုးရနှင့် ဘုရင်ခံဟာ စာပေးစာယူ အမြောက်အမြားလုပ်၊ ကိုယ်စားလှယ်တွေ လွှတ်ကြည့်၊ နောက် ဘိလပ်အစိုးရက ဆွေးနွေးဖို့ ဖိတ်ကြား၊ ကျုပ်တို့က ဖိတ်တိုင်း မလာနိုင်ဘူး။ အကျိုးအကြောင်း စုံစုံလင်လင် သိမှ၊ ခင်ဗျားတို့ရဲ့ ပါလီမန်က ကြေညာသင့်တာတွေ ကြေညာပြီး အခြေခံရမယ်လို့ ပြောလိုက်မှ မစ္စတာ အက်တလီက ဒီဇင်ဘာလ ၂၀ ရက်နေ့က အခြေခံတွေ လုပ်တယ်၊ အဲဒီ အခြေခံတွေရမှ ကျုပ်တို့ သွားကြတယ်။ ဇန်နဝါရီလ တလလုံးမှာဘဲ ဒီကိစ္စနဲ့ ပြီးခဲ့တယ်။

နယ်ချဲ့ အားနည်းသွားပြီ

အခု ဖြစ်ပျက်နေတဲ့ အခြေအနေနှင့် ပတ်သက်ပြီး ကျုပ်တို့ သေသေချာချာ နားလည်ဖို့ လိုတယ်၊ နယ်ချဲ့စံနစ် အင်အားဟာ နည်းသွားပြီ၊ သို့သော် လုံးဝ အလိုလို ပျက်ပြားသွားမယ်လို့ မဟုတ်ဘူး။ နောက် သူတို့ရဲ့ နယ်ချဲ့ အင်ပါယာဟာ ကုန်တော့မယ်လို့ မြင်သော်လဲဘဲ ဇွဲနဲ့ မကုန်အောင် ကြိုးစားနေတယ်။

ရှုပ်ထွေးအောင် လုပ်မယ်

အခု နယ်ချဲ့သမားဟာ ပရိယာယ်အားဖြင့် ကြိုးစားငြားသော်လဲ တကယ် ထိထိရောက်ရောက် ဖြစ်ဖို့ မရှိဘူးလို့ ယူဆတယ်၊ ဘယ်လို လုပ်မလဲ ဆိုတာ ဥပမာ ဗမာပြည်နှင့် အိန္ဒိယပြည်မှာ တိုင်းပြည်အတွင်းရေး ရှုပ်ထွေးအောင် လုပ်မယ်။ နယ်ချဲ့ဟာ ဘယ်လိုမှ လက်မလွှတ်သေးဘူး၊ တတ်နိုင်သမျှ ကြိုးစား ကုပ်တွယ်နေတယ်။

ရလို့ လက်ခံတယ်

ကျုပ်တို့ အစိုးရအဖွဲ့ထဲ ဝင်ကတည်းက ဒါ- အမျိုးသား ကြားဖြတ်အစိုးရ မဟုတ်ဘူး ပြောခဲ့တယ်။ နောက်ဆုံး ဘိလပ်အစိုးရနှင့် စေ့စပ်ကြတယ်။ အဲဒီအခါမှာ ဖ-ဆ-ပ-လ ညွှန်ကြားချက်အတိုင်း သွားတောင်းတယ်။ ဒီအတိုင်း ရလို့ လက်ခံလာတယ်။ အလုပ် အမှုဆောင် အဖွဲ့ကလဲ လက်ခံတယ်။ ဒီကိစ္စမှာ နေသူရိန် ဆုံးဖြတ်ချက်နဲ့ မကိုက်ဘူး စသဖြင့် ပြောကြတယ်။ အဲဒါ ပြန်ကြည့်ယင် သိကြမယ်။ နောက်ဆုံး ဆွေးနွေးပွဲ ပျက်ယင်လဲ ဝေဖန်မှု ရှိမှာဘဲ။ စေ့စပ်ပွဲမှာ ၁၀၀ မှာ ၁၀၀ ရလဲ (န)ငယ် အမြီး တိုတယ်လို့ ပြောဦးမယ်။

တိုင်းပြုပြည်ပြု လွှတ်တော်နှင့် ပတ်သက်လို့ ၃၅ ခုနှစ် ရွေးကောက်ပွဲမျိုး မလိုချင်ဘူး။ ၃၅ ခုနှစ် ရွေးကောက်ပွဲက ဥပဒေအရ လုပ်လျှင် အောက်လွှတ်တော် ဖြစ်မယ်။ အမတ် ၁၃၂ ယောက်မှာ အိန္ဒိယ၊ ဥရောပနှင့် အခြား လူမျိုးပါတယ်။ အဲဒါ ဥပဒေပြုအဖွဲ့၊ အဲဒီက ဗမာပြည် အုပ်ချုပ်ရေး ဘယ်လို ရေးဆွဲမလဲ စဉ်းစားရမှာ၊ အဲဒီတော့ အမျိုးသားလို့ မခေါ်နိုင်တဲ့လူတွေ ပါနေတယ်။ ကျုပ်တို့က ဒါတွေ မကြိုက်လို့ ဥပဒေ ပြင်လျှင် ကြာမယ်။ ဒါကြောင့် တိုက်ရိုက် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ဖို့ တောင်းထားရတယ်။

အဲဒီ တိုင်းပြုပြည်ပြု လွှတ်တော်က ကျုပ်တို့ မြန်မြန် လုပ်လျှင် မြန်မြန် ရမယ်။ မြန်မြန် လုပ်မှ တနှစ်အတွင်း ရဖို့ ဖြစ်မယ်။ ဒါ ၃၅ ခုနှစ် ဥပဒေနှင့် ဘာမှ မဆိုင်ဘူး။။ တနည်းအားဖြင့် နည်းအဖြစ် သုံးခြင်းမျှသာ ဖြစ်ပါတယ်။

အချုပ်အချာ အာဏာ

တိုင်းပြုပြည်ပြု လွှတ်တော်နှင့် ပတ်သက်လို့ အချုပ်အချာ အာဏာပိုင် ပြည့်စုံတဲ့ အဖွဲ့လား မေးယင် မဟုတ်ဘူး။ ဥပဒေသဘော ကြည့်ယင် မဟုတ်ဘူး။ အချုပ်အချာ အာဏာပိုင် လိုချင်လျှင် ဘိလပ် သွားဆွေးနွေးဖို့ မလိုဘူး။ တော်လှန်ရေး လုပ်လို့ ကြားကာလမှာ ဆွေးနွေး စေ့စပ်ဖို့ ပြောမှ စာချုပ်ပေချုပ်နဲ့ အသိအမှတ်ပြုပြီးမှ ရမဲ့ တိုင်းပြုပြည်ပြုလွှတ်တော်မျိုးမှ အာဏာပိုင် လွှတ်တော် ဖြစ်နိုင်မယ်။

အယူအဆ အမျိုးမျိုး

အခု သွားတာ တော်လှန်ရေးလဲ ဘာမှ မရှိဘူး။ အချုပ်အချာ အာဏာပိုင်ဆိုလျှင် ပဌမဆုံး အင်္ဂလိပ်တွေ မောင်းထုတ်ရမယ်။ လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ကြေညာပြီးမှ ဖြစ်မယ်။ သွားကတည်းက တိုင်းပြုပြည်ပြု လွှတ်တော် အချုပ်အချာ အာဏာ ရှိသလားဆိုတာ လူထုအင်အားပေါ်မှာ တည်တယ်ဆိုတာ သိလို့ အဲဒီအတိုင်း သွားတာဘဲ။ ဒီကိစ္စမှာ သူတို့လဲ ဘာမှ မပြောနိုင်ဘူး၊ သွားတာက အယူအဆ အမျိုးမျိုး ရှိတယ်။ ပြုပြင် ပြောင်းလဲရေးသမားက အယူအဆတမျိုး၊ တော်လှန်ရေးသမားက အယူအဆ တမျိုး ရှိတယ်။

တောင်းတယ် - ရတယ်

ပြုပြင် ပြောင်းလဲရေးသမားက စေ့စပ်ရေးကို အဓိက လုပ်ထားတယ်။ ကျုပ်တို့က စေ့စပ်တဲ့ ကိစ္စကို အဓိက အဖြစ်နဲ့ မလုပ်ဘူး။ ကျုပ်တို့က လုပ်ငန်းမှ အကူအပံ့ ဘယ်လောက် ပေးနိုင်တယ်ဆိုတာကို ကြည့်တယ်။ အစိုးရအဖွဲ့ထဲ ဝင်တာ လွတ်လပ်ရေး ပန်းတိုင်ကို အားပေးနိုင်သလား ကြည့်ပြီး လုပ်တယ်။ ကျုပ်တို့လုပ်တာ ဖြစ်သလား၊ မဖြစ်ဘူးလား၊ ကားချပြမယ်။ ဟိုမှာ ၉၁ ဌာန အုပ်ချုပ်ရေး မလိုချင်ဘူး၊ တိုင်းပြုပြည်ပြု လွှတ်တော် လိုချင်တယ် ၊ ဒါဘဲ တောင်းတယ်၊ ဒါဘဲ ရတယ်။

ရွေးကောက်ပွဲ ဝင်ရမယ်

အခု ဧပြီလ ရွေးကောက်ပွဲ လုပ်မယ်။ ကျုပ်တို့ ဝင်ရမယ်။ အဲဒီမှာ သန်စွမ်းတဲ့ လူကောင်းတွေ ရအောင် လုပ်ရမယ်။ အဲဒီက အုပ်ချုပ်ရေး ဥပဒေသစ် ရေးဆွဲမယ်။ အဲတာ အင်မတန် ခက်တယ်လို့ ဥပဒေသမား ပါရဂူများက ပြောမယ်။ မခဲယဉ်းဘူး။ အုပ်ချုပ်ရေး ဥပဒေ ရေးဆွဲပြီးလျှင် တိုင်းပြုပြည်ပြု လွှတ်တော်ဟာ အင်္ဂလိပ်အစိုးရ သဘောတူပြီးသား။ သူတို့ သဘောတူတဲ့ လွှတ်တော်က ရေးဆွဲတာ ဒီလို ရှိတယ်၊ အာဏာ လွှဲပြောင်းပေးဖို့ ပြောရမယ်၊ အဲဒီအခါ တနှစ်အတွင်း နေ့ကောင်းရက်သာ ရွေးချင်ယင် ဦးဘချိုတို့ ရွေးကြတော့ (ရယ်သံများ)။

လိုတဲ့ ရက်မှာ ရမယ်

အဲဒီအခါ တွေးနွေးဖို့ ကိစ္စ ရှိမယ်၊ ဆွေးနွေးလို့ သဘောတူကြတဲ့အခါ သူတို့က ပါလီမန်တင်တာဟာ သူတို့ကိစ္စဘဲ။ ကျုပ်တို့ သတ်မှတ်တဲ့ ရက်ချိန်းအတွင်း ရယင် ကျုပ်တို့ ပြီးတာဘဲ၊ စကားများဖို့ မလိုဘူး။ သတ်မှတ်တဲ့ နေ့ရက်မှာ မရယင် စကား များရမယ်။ ကျုပ်တို့အဖို့ မဆူမပူ မတိုက်မခိုက်ရဘဲ ရလျှင် ပါလီမန် တင်တာ အရေးစိုက်စရာ မရှိဘူး၊ မရယင်သာ ကျုပ်ပြောတဲ့အတိုင်း လုပ်ကြဖို့။ ဒါကြောင့် လွတ်လပ်ရေး တိုက်ပွဲ မပြီးသေးဘူးလို့ ပြောတာ၊ ဒါကြောင့် ကျုပ်တို့ ပြင်ဆင်မှုတွေဟာ လုပ်မြဲ လုပ်နေရမယ်။

သဘောမကျယင် တော်လှန်

ကြားဖြတ် အမျိုးသား အစိုးရနှင့် ပတ်သက်လို့ လက်တွေ့ ပြောရလျှင် ဘယ်သူ့ လက်အောက်မှာလဲ၊ ခံချင်ယင် ခံ၊ မခံချင်ယင်နေ ကျုပ်တို့ ဗမာပြည်ဟာ အင်္ဂလိပ် အစိုးရလက်အောက်မှာ မဟုတ်လား၊ အဲဒါ သဘောမကျလျှင် တော်လှန်သွားဖို့ဘဲ၊ လုပ်တဲ့ နေရာမှာသာ လုပ်သွားနိုင်ယင် ကျေနပ်ပြီ၊ ဥပဒေအတွင်းမှာ လုပ်လို့ရလျှင် ဘယ်အထိ လုပ်နိုင်သလဲဆိုလျှင် ဒိုမီနီယံ အဆင့်အတန်းသာ လုပ်ကြဖို့ ပြောလိုက်တယ်၊ ကျုပ်တို့ လိုချင်တာနဲ့ နီးစပ်တယ်ဆိုတာနဲ့ လက်ခံလာခြင်းဘဲ၊ ဒီထက်လဲ ပို မရနိုင်ဘဲကိုး၊ ကျုပ်တို့လက်တွေ့ အခြေအနေ ကြည့်လျှင် အင်ဒိုနီးရှားတို့လို သံအမတ်တွေ မလွှတ်နိုင်သေးဘူး။

ဘုရင်ခံလား - သမ္မတလား

တိုင်းပြုပြည်ပြု လွှတ်တော် ထားပြီးသည့်နောက် ဘုရင်ခံ ထားမလား၊ သမ္မတ ထားမလား မပြောနိုင်သေးဘူး၊ သတင်းစာတစောင်က အင်္ဂလိပ် ဆွေးနွေးပွဲမှာ တိုင်းပြုပြည်ပြု လွှတ်တော် မရဘူး ရေးတယ်၊ နောက် ရလာတော့ တမျိုး ပြန် ရေးတယ်၊ အဲဒါတွေဟာ ရာဇဝင် ပြန်ကြည့်ဖို့ လိုတယ်၊ ရာဇဝင် ရေးတဲ့နေရာမှာ ကျုပ် သစ္စာဖောက် မဖြစ်နိုင်ဘူးဆိုတာ ယုံကြည်တယ်။

သူတို့က ပေါင်းချင်အောင် လုပ်ပြမှ ဖြစ်မယ်

နောက် ဖ-ဆ-ပ-လ အဖွဲ့ထဲ ကွန်မြူနစ်တွေ ရှိတုန်းက အရေး မယူဘူးလား ရေးတယ်၊ မဖြစ်နိုင်လို့ ထုတ်ပစ်တော့ မြွေမသေ တုတ်မကျိုး ပြန်ပေါင်းဖို့ ရေးကြတယ်၊ အဲဒါ မရိုးဘူးလို့ ယူဆတယ်၊ ပြန်ပေါင်းဖို့က ပြန်ပေါင်းအောင် လုပ်ယင် ကောင်းတယ်၊ ကျုပ်ပြောလိုက်မယ်၊ ပေါင်းချင်ယင် အခြားအဖွဲ့တွေကိုတော့ ကျုပ် မပေါင်းချင်ဘူး၊ အဲဒီ သိန်း-သန်းထွန်း ကွန်မြူနစ်တော့ ပေါင်းနိုင်တယ်၊ သို့သော် သူတို့က ပေါင်းချင်အောင် လုပ်ပြမှ ဖြစ်မယ်။ ပါးစပ်က ပြော နောက်ကျော ဓါးနဲ့လှည့်ထိုးတာ မခံနိုင်ဘူး၊ မပေါင်းချင်ယင် မလိမ်မာရာ ကျတယ်လေးနဲ့၊ ဘာမလိမ်မာတာလဲ (စားပွဲကို ထုသည်) ကြိုက်ယင် ထောက်ခံ ၊ မကြိုက်ယင် မထောက်ခံနဲ့။ ။

 

Google